အခန်း ၂၀၃
Vol. 21 Ch. 203
203 01
အပိုင်း ၂၀၃ ရူးကြောင်ကြောင်နဲ့ ချိုမြိန်တယ်
အခန်းထဲမှ အရှုပ်အထွေးကို မြင်သောအခါ အမျိုးသား လေးယောက်က မည်သည့်နေရာသို့ သွားရမှန်း မသိတော့ပေ။
“ရှင်းပေါင် မင်း တာ့ပိုင်တို့ကို ခေါ်ပြီး အိမ်ကို ဖျက်ဆီး ထားတာလား”
ယန်မော့က အသက်ကို ပြင်းပြင်းရှူရင်း ခက်ခက်ခဲခဲ ပြောလိုက်ရသည်။
သူတို့ မထွက်သွားခင်က အိမ်က အရမ်းကို သန့်ရှင်းနေတာပါ၊ အခုတော့ ဘာမှန်းတောင် မသိတော့ဘူး။
ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်း မူလအရောင်ကိုပင် မသိနိုင်တော့သည်အထိ သူတို့ အရောင်က အမျိုးမျိုးသော အရောင်များဖြင့် ပြည့်နှက်နေ၏။ ရောင်စုံ အမွှေးလုံး လေးလုံးနှင့်ပင် တူသေးသည်။
“ဟေး ငါ ပြောတာ နားထောင်”
ရှုရှင်း၏ အခြေအနေကလည်း သိပ်မကောင်းပါပေ။ မျက်နှာက မဲမှောင် နေသည်။ သူမက အတတ်နိုင်ဆုံး ဖြူဖွေးသော သွားများကို ထုတ်ဖော်၍ ပြုံးလိုက်၏။
“ကောင်းလိုက်တဲ့ သွား”
“ငါ အစက သူတို့ရဲ့အမွှေးအရောင်ကို ပြောင်းချင်တာ၊ ဆိုတော့ ငါက သူတို့ကို ကြိုက်တဲ့အရောင် ရွေးခိုင်းမယ် ဆိုပြီးတော့ ဆံပင်ဆိုးဆေး အမြောက်အမြား ထုတ်လိုက်တယ်၊ မမျှော်လင့်ထားဘဲ သူတို့က ရေနဲ့ ဆော့မယ်လို့ ထင်ပြီး အချင်းချင်း စပြီး ရန်ဖြစ်ကြပြန်ရော အဲ့ဒီလိုနဲ့ ဒီလို ဖြစ်သွားတာပဲ”
ရှုရှင်း၏အသံက တိုးသထက် တိုးသွားသည်။ သိသာစွာပင် အပြစ်မကင်းစိတ် ခံစားနေရပုံရ၏။
စတင်သည်နှင့် ရပ်တန့်ရမည့် အချိန် ရောက်လာသည်။ သူမသည်လည်း ရုတ်တရက် တာ့ပိုင်တို့ တိုက်ပွဲထဲ ဝင်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် အခြေအနေများက ထိန်းချုပ်မှု လွတ်သွားကြောင်း သိလိုက်ချိန်တွင် အားလုံးက ရူးသွပ် ကုန်ကြပြီး တား၍ မရတော့ပေ။
သူမသည် အစပိုင်းတွင် စိတ်လိုလက်ရ ဝင်ပါခဲ့ခြင်းဆိုလျှင် နောက်ပိုင်းတွင်မူ မတတ်နိုင်သော ပူးပေါင်းရခြင်းဟုပင် ခံစားရပေမည်။
“….”
တိတ်ဆိတ်မှုကသာ ကြီးစိုးသွားသည်။
ဆိုးသွမ်းသော အကောင်လေး လေးကောင်က ယန်မော့ပြန်လာကြောင်း မြင်လိုက်သည်နှင့် အခြားလူများထက်ပင် ပို၍လိမ္မာနာခံသွားပြီး ယခုလေးတင် သောင်းကျန်းခဲ့သော သူက သူတို့ဟုပင် ပြောရန် ခက်သွားသည်။
“ငါ နင်တို့ကို အရင် ကူညီပြီး သန့်ရှင်းပေးရမလား”
ရှုရှင်းက ရေချိုးခန်း တံခါးနားတွင် ကြောက်လန့်တကြားလေး ရပ်နေသည်။
“မလိုဘူး။ မင်းဘာသာမင်း အရင်သွားပြီး သန့်ရှင်းလိုက်၊ ဒီဆိုးဆေးတွေနဲ့ အချိန်အကြာကြီး ထိထားရင် အသားအရေအတွက် မကောင်းဘူး၊ အလဂျစ်ဖြစ်တဲ့ လက္ခဏာတွေ ရှိမရှိသတိထား ကြည့်အုံး”
သူဟာ တစ်ဖက်သူကို ရေချိုးခန်းထဲသို့ တွန်းထည့်လိုက်ပြီးနောက် တစ်ဖက်သူကို စကားပြောခွင့် မပေးဘဲ တံခါး ပိတ်လိုက်သည်။
ဆိုးသွမ်းသော အကောင်လေးများ မရှိတော့သောအခါ အမျိုးသား လေးယောက်က တည်ငြိမ်သွားပြီး အမှိုက်ပုံဖြစ်နေသော အခန်းကို ခပ်မြန်မြန် သန့်ရှင်းရသည်။ ထိုလေးယောက်က ခပ်မြန်မြန် လှုပ်ရှားကြ၏။ အသုံးမလိုသော အရာများကို လွှင့်ပစ်လိုက်ပြီး အသုံးပြု၍ ရသော အရာများကို နဂိုနေရာအတိုင်း ပြန်ထားသည်။
ထိုကစားသော ဆိုးဆေးများက ဆေးကြော၍ ရသည်။ ထို့ကြောင့် အများကြီး စွန်းထင်းပြီး အရောင်ပင် ပျောက်နေသော ကြမ်းပြင်ကလည်း ရေဖြင့် အကြိမ်အနည်းငယ် ဆေးလိုက်ရုံဖြင့် နဂိုအရောင် ပြန်ပေါက်လာ၏။
အချိန်တစ်ခဏခန့် ကြာသောအခါ ရှုရှင်းက ရေချိုးခန်းထဲမှ ထွက်လာသည်။ ထိုအခါ အခန်းက သန့်ရှင်းနေကြောင်း မြင်ရ၏။ သူမက အံ့ဩသွား၏။
“ဒါက ဒဏ္ဍာရီလာ တရုတ်နိုင်ငံရဲ့ အရှိန်နှုန်းလား”
203 02
တရားခံများထဲမှ တစ်ယောက်အနေဖြင့် အခန်းက မည်မျှအထိ ပျက်စီးနေကြောင်း ကောင်းကောင်း နားလည်သည်။ ယန်မော့ကလည်း သူမကို ကူညီကာ အဟောင်းတိုင်း ဖြစ်နေသည့် မေးရိုးကို ပြန်ပိတ်ပေးသည်။
“ရှင်းပေါင် ဘာတွေ တွေးနေပြန်ပြီလဲ၊ နေရာလပ် နယ်မြေထဲက စားစရာ များများ ထုတ်လိုက်၊ ဒီနေ့က ငါတို့ တော်တော် ပင်ပန်းသွားတယ် မဟုတ်လား၊ ငါ့ရဲ့ဗိုက်က တစ်မြို့လုံးကိုတောင် အပြောင်အစင် စားနိုင်နေပြီ”
ထိုအမျိုးသား၏လက်ဖြင့် လှုပ်ခါခံရသောအခါ ရှုရှင်းကလည်း အသိပြန်ဝင်သွားပြီး ဟင်းပေါင်းများစွာကို ထုတ်လိုက်သည်။ ထမင်းပန်းကန်လုံးကြီး တစ်လုံးအပြည့် ထုတ်ပြီး အားလုံးကို အဝစားစေသည်။
အားလုံးက ဗိုက်အလွန်ဆာနေသောကြောင့် ဖြစ်လောက်သည် ပထမပိုင်းက စတင်ပြီး စကားသံကိုပင် မကြားရတော့ဘဲ တူနှင့် ပန်းကန်အသံများသာ ကြားရတော့သည်။
တစ်ယောက်ပြီး တစ်ယောက်က ခေါင်းကို မြှုပ်ထားကြသည်။ သူတို့၏ ဗိုက်ကလည်း တစ်ဝက်ခန့် ပြည့်မှသာ တဖြည်းဖြည်း ရပ်တန့်ပြီး စကား ဆက်ပြောနိုင်၏။
“ဒီနေ့ ယန်ချွယ်ရဲ့ နေရာမှာ ငါ စိတ်စွမ်းအားကို သုံးပြီး စံအိမ် တစ်ခုလုံးကို စုံစမ်းထားတာ၊ စံအိမ်ရဲ့အောက်မှာ လျှို့ဝှက်ဝင်ပေါက် ရှိတာကို တွေ့ရတယ်၊ အဲဒီ လျှို့ဝှက်ဝင်ပေါက်က စိတ်စွမ်းအား ထောက်လှမ်းမှုကို တွန်းလှန်တဲ့ အထူးပစ္စည်းတွေနဲ့ လုပ်ထားတာ၊ ဒါကြောင့် ဦးတည်ရာကို ခန့်မှန်းဖို့က မဖြစ်နိုင်ဘူး”
“ဒီလို စိတ်စွမ်းအားနဲ့ ထောက်လှမ်းမှုကို တားနိုင်တယ်ဆိုတဲ့ အထူးပစ္စည်းတွေက တအား ဈေးကြီးတာ၊ ယန်ချွယ်က ဒါကို တတ်နိုင်ပေမယ့် အလကား နေရင်းတော့ ဖြုန်းလိုစိတ်ရှိမှာ မဟုတ်ဘူး၊ ဆိုတော့ ဒီလောက်အမြောက်အမြားနဲ့ တည်ဆောက်ပေးနိုင်စွမ်းရည်ရှိတဲ့ လူက တုရွှယ်ဖုန်း ဖြစ်လိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် သူက ဒီလို ပစ္စည်းတွေကို သယ်ဆောင် ထားနိုင်တဲ့သူလေ”
ပုယွမ်ကျိုးက ပါးစပ်ထဲမှ စားစရာကို အကုန်မြိုချရင်း ပြော၏။
“ကောင်းတာပေါ့၊ သူက ဒီလောက်အထိ ရက်ရောတာ မြင်တော့ ငါ စိတ်အေးသွားပြီ၊ သေချာပေါက် အများကြီး ယူနိုင်မှာပဲ”
ရှုရှင်း “!!!”
သူမက သူ့ကို တအံ့တဩ ကြည့်သည်။
သွားပြီ ဒီလူတွေ လုံးဝ လမ်းလွဲကုန်ပြီ။
ငါ ပုယွမ်ကျိုးနဲ့ စတွေ့တုန်းက သူက တုံးတုံးအအနဲ့ ရူးကြောင်ကြောင် ကောင်စုတ်လေးပါ။
အခု ဒီလောက် ဘဝင်မြင့်တဲ့ လေသံမျိုးနဲ့ အခြားလူတွေရဲ့ ပစ္စည်းတွေကို လုမယ့်အကြောင်း ပြောနေတယ်။
ဆိုတော့ လူ့သဘာဝရဲ့ အကျင့်ပျက် ခြစားမှုများလား။
အာရုဏ်ဦး အသင်းရဲ့ စာသင်ခန်းကနေ ကြိုဆိုပါတယ်။
******