← Chapters

လူသားနှင့် နတ်ဆိုးကြားက အခန်းဆက်ချစ်ခြင်း

Vol. 6-10 Ch. 146

လူသားနှင့် နတ်ဆိုးကြားက အခန်းဆက်ချစ်ခြင်း

Vol. 6-10 Ch. 146

အခန်း (၁၄၆) : လူသားနှင့် နတ်ဆိုးကြားက အခန်းဆက်ချစ်ခြင်း

ထိုအကြံဉာဏ်က ရှန်ထျန်းကို အထိတ်တလန့် ဖြစ်သွားစေသည်။

သေစမ်း…ငါ့ရောင်ဝါစက်ဝန်းက အနက်ရောင်လည်း မဟုတ်တော့ဘဲနဲ့ ဘာလို့များ ဒီလောက်ထိ ကံဆိုးနေရသေးတာလဲ …

မဖြစ်ဘူး … သတိမထားမိသေးခင် မြန်မြန်ထွက်ပြေးမှ ဖြစ်မယ်

ထိုသို့တွေးရင်း ဂူထိပ်တွင် အပေါက်ဖောက်ကာ ထွက်သွားလိုက်သည်။ ဝိညာဉ်မြူခိုးက အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို မတားမြစ်နိုင်သည့်အတွက် သူလည်း ဓားပျံစီးနင်းပျံသန်းမှုကို အသုံးမပြုရဲချေ။

ရှန်ထျန်းသာ ဓားပျံစီးနင်းလိုက်ပါက လမ်းတစ်ဝက်၌ အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ ဆွဲချခြင်းကို ခံရနိုင်ချေ များပြားသည်။

ဤနေရာကသာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေ၏ ပုန်းအောင်းရာနေရာ ဖြစ်နေခဲ့လျှင် နွယ်ပင်များ၏ ချည်နှောင်ခြင်းကို ခံရပြီး ဆိုးရွားစွာ အဆုံးသတ်သွားနိုင်ချေ ရှိသည် မဟုတ်ပါလော။

ရှန်ထျန်းက ဇာမဏီငှက်မွှေး မျက်နှာဖုံးကို မျက်နှာမှာ တင်းကြပ်စွာ ချည်နှောင်ထားလိုက်ပြီး တည်ရှိမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ဖို့ ကြိုးစားနေသည်။ လူသားအရှိန်အဝါကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားပြီး တိတ်တဆိတ် ထွက်သွားနိုင်ရန် အစွမ်းကုန် ကြိုးစားနေရှာသည်။

တောင်ကြားထဲမှ လျင်မြန်စွာ ထွက်ပြေးလွတ်မြောက်ချင်နေသည့်အတွက် သူ ခါးကို ကုန်းထားကာ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။

ထိုအခိုက်အတန့်လေး၌  ကျီစယ်သော အသံတစ်သံ ထွက်ပေါ်လာလေ၏။

“ ဟား…ဟား…ဟား… ရှင် နောက်ဆုံးတော့ ရောက်လာပြီပဲ”

အသံက နူးညံ့သိမ်မွေ့လွန်းသည့်အတွက် ကြားရသူအဖို့ ကြည်နူးစေသည်။ ထိုအသံကား တောင်ကြားတစ်ခုလုံး ကြားနိုင်လောက်သည်အထိ ဟိန်းထွက်နေသည်။

ဟုတ်တာပေါ့ ဒါက မာတာနွယ်ပင်ရဲ့ အသံပဲ။ အရင်တစ်ခေါက်က ရှန်ထျန်း ကြားခဲ့ရတဲ့အသံနဲ့ အတူတူပဲ

ရှန်ထျန်း ချက်ချင်း တုန်လှုပ်သွားရသည်။

ငါ ဒီလောက်ထိ သတိထားနေတာကို ဘယ်လိုလုပ်ပြီးတော့ ရှာတွေ့သွားရပြန်တာလဲ။ သူက ခွေးနှာခေါင်းများလား …  ငါ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ မာတာနွယ်ပင်ရဲ့ ချည်နှောင်စုပ်ယူခြင်းကို တကယ်ကြီး ခံရတော့မှာလား …

ရှန်ထျန်းက ကံကြမ္မာကို သေသည့်အထိ လက်မလျော့ဖို့ ဆုံးဖြတ်လိုက်သည်။

မထင်မှတ်ထားသည့်အချိန်တွင် ဝိညာဉ်မြူခိုးများ ဖုံးလွှမ်းနေသော တောင်ကြားမှ တောက်ပသော နေတစ်စင်းထွက်ပေါ်လာသည်။ ထိုနေမင်းက ပြိုင်ဘက်ကင်းစွာ တောက်ပနေပြီး စူးရှသော အလင်းတန်းနှင့် အပူချိန်ကို ထုတ်လွှတ်နေသည်။

နေမင်းဆီမှ ဒေါသစွက်နေသော အသံတစ်ခု ပဲ့တင်ထွက်လာသည်

“လုကျီ … မင်း ငါတို့ရဲ့ သဘောတူညီမှုကို ဖျက်တယ်။ မင်းက ငါနဲ့ တိုက်ခိုက်ချင်တယ်ဆိုတာ ဖြစ်နိုင်လို့လား”

နေမင်းဆီမှ အသံကို ကြားပြီးမှ ရှန်ထျန်း သက်ပြင်းချလိုက်နိုင်တော့သည်။

ဒါဆို ဒီ မာတာနွယ်ပင်က ငါ့ကို စကားပြောနေတာ မဟုတ်ဘူးပေါ့ …

မာတာနွယ်ပင်နှင့် ယှဉ်လိုက်လျှင် ရှန်ထျန်း၏ ကျင့်ကြံရေးအဆင့်က အားနည်းလွန်းသည့်အတွက် သူ့ဖြစ်တည်မှုက မာတာနွယ်ပင်အတွက် ပုရွက်တစ်ကောင်အဆင့်သာ ရှိသည်။

ထို့အပြင် သူ၏ အရှိန်အဝါကို ဇာမဏီငှက်မွှေးမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသည့်အတွက် တခြားသူများ သူ့ကို ရှာတွေ့ရန် အင်မတန် ခက်ခဲလှချေသည်။

ယခုလက်ရှိ အားပြိုင်နေကြသော အင်အားကြီးသူနှစ်ယောက်၏ အားကောင်းသော အရှိန်အဝါကလည်း တောင်ကြားတစ်ခုလုံးကို လွှမ်းမိုးသွားလေသည်။

သူ့ကို ရှာတွေ့သွားပါက အမြစ်ပြတ် သုတ်သင်ခံရမည် ဖြစ်သောကြောင့် ရှန်ထျန်းအနေနှင့် အလောတကြီး မလုပ်ရဲပေ။

သူ ကျောက်တုံးနောက်တွင် ပုန်းကာ တည်ရှိမှုကို ဖုံးကွယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားရင်း စိတ်ထဲမှာလည်း ‘ငါဟာ ကျောက်တုံးတစ်တုံးပဲ။ ငါဟာ ကျောက်တုံးတစ်တုံးပဲ’ ဟု ရေရွတ်နေသည်။

သိပ်မကြာခင် တောင်အောက်တွင် စပါးအုံးမြွေကြီးတစ်ကောင် တွန့်လိမ်သွားလာနေသလိုမျိုး မြေပြင်တစ်ခုလုံး တုန်လှုပ်လာသည်။

တုန်ခါသွားသောအသံကို ရှင်းလင်းစွာကြားရပြီး တောင်ပေါ်မှ ကျောက်စရစ်ခဲများစွာလည်း ပြုတ်ကျလာသည်။

သူ့အောက်တွင် ကြီးမားသော တစ်စုံတစ်ခုက တွန့်လိမ်သွားလာနေသည်ကိုပင် ရှန်ထျန်း ခံစားနေမိသည်။

ကြီးမားသော နွယ်ပင်များကြောင့် သူ့ခန္ဓာကိုယ်သည်လည်း နိမ့်လိုက်မြင့်လိုက်ဖြင့် ရွေ့လျားနေသည်။

မာတာနွယ်ပင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တောင်အောက်ခြေတစ်ခုလုံးကို ဖုံးလွှမ်းထားတာ သေချာသလောက် ဖြစ်သွားလေပြီ။ သူမ၏ နွယ်များဖြင့် တောင်အောက် မြေသားတစ်ခုလုံး ဖုံးလွှမ်းထားကာ ဝိညာဉ်မြူခိုးတောင်ကြားကို သူမ၏ ပိုင်နက်နယ်မြေအဖြစ် အပိုင်သိမ်းလုနီးပါး ဖြစ်နေသည်။

ကြည်နူးစရာကောင်းသော အသံလေးက နောက်ထပ်တစ်ကြိမ် တောင်ကြားမှာ ပဲ့တင်သံထွက်သွားပြန်သည်

“ ချန်းယန် … ရှင် ဘာလို့ ဒီလောက်ထိ စိတ်တိုနေရတာလဲ။ အဲလောက်အထိ စိတ်တိုဖို့မှ မလိုအပ်တာလေ ”

သူမ စကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် တောင်၏ အလယ်တွင် ၃၀၀မီတာ ရှည်လျားသော အနက်ရောင် နွယ်ကျောက်တိုင်တစ်ခု ထိုးထွက်လာကာ ထိုကျောက်တိုင်ပေါ်တွင် ကျက်သရေရှိသော မိန်းမလှလေးတစ်ဦး မတ်တပ်ရပ်နေသည်။

ထိုအမျိုးသမီးက အဓိက နေရာများကိုသာ ဖုံးကွယ်ထားသော အစိမ်းပုတ်ရောင် နွယ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်အတွက် သူမ၏ ဖြူစွတ်သော အသားရည်ကို ထုတ်ဖော်ပြသထားသလို ဖြစ်နေသည်။

သူမ၏ ပုံစံက အရမ်းဆွဲဆောင်မှုရှိပြီး ခါးကလည်း သေးသွယ်သလို ညင်သာစွာ လှုပ်ယမ်းနေပုံကလည်း နတ်သမီးနှင့် တူသယောင်ယောင် ဖြစ်စေသည်။

လူများအနေဖြင့် သူမ၏ စုပ်ယူခြင်းကို ကိုယ်တိုင် ခွင့်ပြုချင်လာအောင် လုပ်နိုင်သည်အထိ ညှို့ဓာတ်ပြင်းလှသည်။

သူမက နွယ်ကျောက်တိုင်ပေါ်တွင် ကျက်သရေရှိစွာ မတ်တပ်ရပ်နေရင်း နေမင်းကို မျက်လုံးတစ်ဖက်မှိတ်ပြကာ ပြောလိုက်သည်

“ကျွန်မတို့ အရမ်းနီးကပ်နေပြီမလို့ အလင်းတန်းကို ရုတ်သိမ်းလိုက်ပါဦး”

နွယ်ကျောက်တိုင်ဆီမှ သစ်သားစားပွဲလေးတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး စားပွဲပေါ်တွင် ထူးကဲသော ရနံ့ရှိသည့် နို့နှစ်ရောင် အရည်ပါရှိသော ခွက်နှစ်ခွက်ကို တင်ထားသည်။

“ ဒါက ကျွန်မ နှစ်ငါးရာလောက် အချိန်ယူပြီး ပြုလုပ်သန့်စင်ထားတဲ့ အံ့ဖွယ်သေရည်လေ။ ရှင် ဒါကို အကြိုက်ဆုံးမလား ”

လုကျီက ခွက်နှစ်ခွက်ကို ယူကာ တစ်ခွက်ကို သောက်လိုက်ပြီး ကျန်တစ်ခွက်ကို ပစ်ပေးလိုက်သည်။

ကောင်းမွန်သော သေရည် ထည့်ထားသည့် ခွက်က ကြီးမြတ်သော နေမင်းဆီသို့ ပျံသန်းသွားသည်။ သို့သော် ထိုခွက် ကြီးမြတ်သော နေမင်းဆီသို့ မရောက်ခင် လေထဲမှာတင် လောင်ကျွမ်းသွားသည်။

တောက်လောင်နေသော မီးတောက်များက သေရည်ခွက်ကို အစအနမကျန်အောင် လုပ်လိုက်သည်။ ထို့နောက် နေမင်းက ဖြည်းဖြည်းချင်း အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ကျုံ့ဝင်သွားသည်။ ထိုအမျိုးသားက အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ မုတ်ဆိတ်မွှေးလည်း ပါရှိသည်။ သူ့ကျောပေါ်တွင် တစ်မီတာရှည်လျားသည့် ဓားရှည်တစ်လက်ကို သယ်ဆောင်ထားသည်။

ယခုလက်ရှိတွင် သူ့ဆံပင်တွေက လေထဲတွင် လွင့်မြောနေပြီး မျက်နှာမှာလည်း ဒေါသနှင့် အေးစက်မှုတို့ဖြင့် ပြည့်နှက်နေသည်

“လုကျီ…ငါ့ကို ဒီလိုအရာတွေ သုံးပြီးတော့ လာဘ်ထိုးမနေနဲ့”

လုကျီက ဓားအသျှင် ချန်းယန်ကို အငြိုးအတေးများစွာဖြင့် ကြည့်လိုက်သည်။

“ အမလေးနော်… ရှင် အရင်တုန်းကတော့ အဲလိုမျိုး မပြောခဲ့ဖူးပါဘူး။ အရင်တုန်းက ရှင်က အားနည်းတဲ့ ဓားကျင့်ကြံသူလေးဖြစ်တုန်းက ကျွန်မနဲ့ တွေ့ရင် ကျွန်မရဲ့ သေရည်က အရမ်းအရသာရှိလွန်းလို့ သောက်လို့တောင် မဝနိုင်ဘူးလို့ ပြောခဲ့တာလေ။

အခုတော့ ရှင်က လူသားမျိုးနွယ်ရဲ့ ကြီးမြတ်တဲ့ ပုံရိပ်တစ်ခု ဖြစ်လာပြီဆိုတော့ ကျွန်မက နတ်ဆိုးမ မလို့ အေးတိအေးစက် ဆက်ဆံနေတာပေါ့လေ…ရှင်က အခု ဒီနတ်ဆိုးမကို သတ်ဖို့လာတာလား”

ဓားအသျှင် ချန်းယန်၏ မျက်နှာနီရဲသွားကာ လေသံလည်း ပျော့ပျောင်းသွားသည်

“လုကျီ… အဲဒါတွေကလည်း ပြီးခဲ့ပါပြီ။ လူသားကျင့်ကြံသူတွေက သူတို့လောဘကြောင့် မြူခိုးဟင်းလင်းပြင်ထဲ ဝင်လာလို့ သေသွားတယ်ဆိုရင် မင်းကို မတားပါဘူး။

ဒါပေမဲ့ ဒီနေ့  မြူခိုးမြို့တော်ကို တိုက်ခိုက်ဖို့အတွက် သန္ဓေပြောင်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေကို ဘာလို့ လွှတ်လိုက်ရတာလဲ။ မင်းက တကယ်ပဲ လူသားမျိုးနွယ်ရဲ့ ရန်သူ ဖြစ်လာချင်လို့လား”

လုကျီ၏ မျက်နှာပေါ်မှ အပြုံးပျောက်ကွယ်သွားကာ ဓားအသျှင် ချန်းယန်ကို ကြည့်သော အကြည့်ကလည်း ဖြည်းဖြည်းချင်း အေးစက်လာရသည်

“ အော်…ဒါဆိုရင် ရှင်တို့ လူသားတွေကတော့ မြူခိုးဟင်းလင်းပြင်ထဲကို ဝင်ပြီး အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေကို ဆန္ဒရှိတဲ့အတိုင်း အမဲလိုက်လို့ ရပေမဲ့ ကျွန်မကတော့ လူသတ်ခွင့် မရှိဘူးပေါ့ ဟုတ်လား။ ကျွန်မက မြူခိုးမြို့တော်မှာရှိတဲ့ လူသားတွေအကုန်လုံးကို စွမ်းအင် ခမ်းခြောက်သွားတဲ့အထိ စုပ်ယူပစ်ချင်ရုံတင်ပါ။ ရှင် ကျွန်မကို လာတားလို့ မရဘူး”

ဓားအသျှင်ချန်းယန်က အသက်ပြင်းပြင်းရှူသွင်းကာ ပြောလိုက်သည်

“ ဒါဆို ပြောချင်တာက ငါတို့ ဒီထက်ပိုပြီးတော့ ညှိနှိုင်းလို့ မရတော့ဘူးပေါ့ ဟုတ်လား”

လုကျီက ဆွဲဆောင်မှုရှိစွာ ပြုံးရင်း ပြောလိုက်သည်

“ ညှိနှိုင်းလို့ မရတော့ဘူးလို့ ဘယ်သူက ပြောလို့လဲ။ ဒီနေ့က အတိဒုက္ခတွေကို ကျော်လွန်ပြီးတော့ သူတော်စင်နယ်ပယ်အဆင့်ထဲ ဝင်ရောက်နိုင်မဲ့နေ့ပဲ။ ဒုက္ခတွေကို ဖြတ်ကျော်ပြီး ရှင်သန်နိုင်ရင် လူသားတစ်ယောက်အဖြစ် ပြောင်းလဲပြီးတော့ ဒီကမ္ဘာပေါ်မှာ လွတ်လွတ်လပ်လပ် နေနိုင်တော့မယ်။

ချန်းယန်… အရင်တုန်းက ရှင် ကျွန်မကို ချစ်ခဲ့တယ် မဟုတ်လား။ ကျွန်မ လူသားတစ်ယောက် ဖြစ်သွားတဲ့အခါ ရှင့်ရဲ့ တာအိုကျင့်ကြံဖော် ဖြစ်လာမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲဟင်။

ဒါဆိုရင် ကျွန်မက ရှင် သွားတဲ့ အရှေ့ပိုင်းလွင်ပြင်နဲ့ တောင်ပိုင်းနယ်မြေဆီ အတူတူလိုက်လာပြီးတော့ သေရည်လုပ်ပေးလို့ ရတယ်လေ။ ကျွန်မတို့နှစ်ယောက်အတူတူ ကမ္ဘာ ပတ်ကြရင် မကောင်းဘူးလား”

ရှန်ထျန်းက ကျောက်တုံးနောက်တွင် ပုန်းနေရင်း သူတို့ ပြောတာကို နားထောင်ပြီး ကြက်သီးထနေမိသည်။

အမလေး… ညီအစ်ကိုကျောက် ဆရာရဲ့ အကြိုက်က ဒါမျိုးဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး

သူက ငယ်ငယ်တုန်းက ဒီမာတာနွယ်ပင်နဲ့ တကယ်တွဲခဲ့ပြီးတော့ အခုလည်း သူမအကြောင်းကို စဉ်းစားနေတုန်းပဲပေါ့လေ…

ယခုလိုမျိုး အန္တရာယ်များသောနေရာတွင် ဒီလိုအရာမျိုးတွေးဖို့ မသင့်တော်ကြောင်း ရှန်ထျန်း သိပေသည်။ သို့သော် ယခု သူ့အခြေအနေက အတော်လေး ကို့ရို့ကားရားနိုင်လှသည်။ ထွက်သွားဖို့လည်း မဖြစ်နိုင်သည့်အတွက် အတတ်နိုင်ဆုံး ပုန်းနေရင်း စောင့်ကြည့်ဖို့အပြင် မတတ်နိုင်တော့ပေ။

လုကျီ ပြောသည့် စကားတွေကလည်း ခံစားချက်အစစ်အမှန်ဖြင့် ပြောနေကြောင်း သိသာနေပြီး ဓားအသျှင်ချန်းယန်၏ အကြည့်ထဲတွင်လည်း တွေဝေနေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရသည်။

ဒီနှစ်ယောက်မှာ ပတ်သက်မှု တစ်ခုခု ရှိကို ရှိရမယ် …

နောက်ဆုံးတွင် ဓားအသျှင် ချန်းယန်က ခေါင်းယမ်းကာ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်

“ မဖြစ်နိုင်ဘူး … မင်းရဲ့လက်မှာ လူသွေးစွန်းထားပြီးပြီ။ မင်းကို လုံးဝ လက်မခံနိုင်ဘူး”

လုကျီက လှောင်ရယ်ကာ ပြောလိုက်သည်

“ အော်…ကျွန်မက လောဘကြီးတဲ့လူတွေကို သတ်မိတာလေးနဲ့တင် ရှင်က ကျွန်မကို အထင်သေးနေတာပေါ့လေ။ ရှင်တို့ လူအချင်းချင်းတောင် ပြန်သတ်တယ်ဆိုတာကိုလည်း မမေ့နဲ့ဦး။ ဘာလို့ ကျွန်မကျမှ လက်ခံမပေးနိုင်ရတာလဲ။

ဟား…ဟား…ဟား… နောက်ဆုံးတော့လည်း ကျွန်မက မျိုးနွယ် မတူလို့လား။ ရှင်က ကျွန်မတို့ မျိုးနွယ် မတူတာကို လက်မခံနိုင်လို့ ဒီလိုဖြစ်ရတာပဲ”

စကားပြောနေစဉ် လုကျီ၏ ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်

“ ချန်းယန် … ရှင်က အရမ်းတုံးတာပဲနော်။ ရှင်က ကျွန်မ လူတွေသတ်နေတာကို မကြိုက်ဘူးဆိုရင် ရှင် ကြည့်လို့ရအောင် ကျွန်မက လုပ်ပြပေးဦးမယ်။

ဒီနေ့ ကျွန်မ အတိဒုက္ခစမ်းသပ်ချက်ကနေ ကျော်ဖြတ်ရှင်သန်နိုင်တာနဲ့ လူသားတွေကို စတေးမှုအဖြစ် အသုံးချပစ်မယ်။ အဲဒီအခါ ရှင် ကျွန်မကို ဘယ်လို တားမလဲဆိုတာ မြင်ချင်သေးတယ်”

All Chapters