ကောင်းကင်ဘုံက ကျွန်မကို အမြစ်ပြတ်ချေမှုန်းနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့
Vol. 6-10 Ch. 147
အခန်း (၁၄၇) : ကောင်းကင်ဘုံက ကျွန်မကို အမြစ်ပြတ်ချေမှုန်းနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့
ဓားအသျှင်နှင့် မာတာနွယ်ပင်တို့၏ စကားများကို နားထောင်ရင်း ရှန်ထျန်း တစ်ယောက် သေချင်စော်နံနေလေပြီ။
ဒါဆို ဒါက ဓားကျင့်ကြံသူ လူငယ်လေးနဲ့ နွယ်ပင်လေးရဲ့ ငယ်စဉ်တုန်းက ချစ်ကျွမ်းဝင်တဲ့ အကြောင်းလေးပေါ့။ ပြီးတော့ ဓားကျင့်ကြံသူ လူငယ်လေးက အတူတူနေကြဖို့ကို လက်မခံနိုင်ခဲ့လို့ လမ်းခွဲခဲ့ကြရတာပေါ့ …
ဒီလိုနဲ့ နွယ်ပင်လေးက အချစ်ကြောင့် အမုန်းတရားတွေ ပေါက်ဖွားလာပြီး လူသားမျိုးနွယ်တစ်ခုလုံးကို မုန်းတီးနေခဲ့တာပေါ့။ နွယ်ပင်လေးက ဆိုးသွမ်းပြီးတော့ လူတွေကို ဒုက္ခပေးပြီး သတ်ဖြတ်နေတာများလား
အမလေး…ဖန်တရာထပ်နေတဲ့ အခန်းဆက် ဇာတ်လမ်းရဲ့ ဇာတ်ကွက်တွေပါပဲရော။ ဒီလို ဇာတ်လမ်းမျိုးကို ရေးတဲ့ ဇာတ်ညွှန်းရေးဆရာက တော်တော်ဆိုးတာပဲ
ရှန်ထျန်းသာ သူတို့နှစ်ယောက်ကို နိုင်အောင် တိုက်ခိုက်နိုင်တဲ့ အခြေအနေမှာဆိုရင် သူ ပုန်းနေရာက ထွက်သွားပြီးတော့ ပေါက်ကရတွေ သွားပြောတာ ကြာလောက်ပြီ …
ကျင့်ကြံရေးလောကမှာ ချစ်ကြိုက်ကြတဲ့ပုံစံက တကယ်ကို ခေတ်နောက်ကျ ကျန်နေခဲ့ပြီ။ သူတို့နှစ်ယောက် ချစ်တဲ့ ကိစ္စမှာ မြူခိုးမြို့တော်ကလူတွေတောင် ပါဝင်ပတ်သက်နေသေးတယ်
ခင်ဗျားတို့နှစ်ယောက်က အဲဒီအပြစ်မရှိတဲ့သူတွေရဲ့ ခံစားချက်တွေကိုရော ထည့်တွက်ပေးရဲ့လား။ အထူးသဖြင့် လူပျိုလူလွတ်တွေရဲ့ ခံစားချက်တွေကိုပေါ့
ရှန်ထျန်းက စိတ်ထဲမှာ အရူးတစ်ယောက်လိုမျိုး အပြစ်တင်ပြောဆိုနေသော်လည်း ခန္ဓာကိုယ်ကတော့ ကျောက်တုံးနောက်မှာ လုံအောင် ပုန်းနေရသည်။
နောက်နေတာ မဟုတ်ဘူးနော်… သူ့ရှေ့မှာရှိတဲ့သူ နှစ်ယောက်က အချစ်နဲ့တွေ့ရင် စိတ်ပျော့တဲ့သူတွေဆိုပေမဲ့ သူတို့ရဲ့စွမ်းအားတွေ လျော့နည်းသွားတာမှ မဟုတ်တာ
သူတို့က စွမ်းအားကြီးသည့် ထိပ်ဆုံးအဆင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူများ ဖြစ်ကြသည်။ အထူးသဖြင့် အတိဒုက္ခ စမ်းသပ်ချက်ကို ခံယူမည့် လုကျီ ဖြစ်၏။ သူမ အောင်မြင်သွားသည်နှင့်တစ်ပြိုင်နက် အတိဒုက္ခလွန်အဆင့်သို့ ရောက်ရှိသွားကာ ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာမှာ သေချာလှသည်။
သူသာ ခုန်ထွက်ပြီး ‘ခင်ဗျားတို့ သတ်မှတ်ထားတဲ့ အချစ်က အရမ်းကို ရူးမိုက်တာပဲ’လို့သာ ပြောလိုက်ပါက သူမ၏ နွယ်ပင်ရိုက်ချက်ကြောင့် အသားထောင်းအဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိသည်။
လုကျီက ရှန်ထျန်းကို သူ့ရဲ့ ရုပ်ရည်ချောမောမှုကြောင့် တစ်ခါတည်း အသေမသတ်လောက်ဘူးလို့ ခံစားနေရပေမဲ့ တကယ်လို့ သူမက သူ့ကို မြင်ပြီးတော့ ချစ်ကျွမ်းဝင်သွားပြီး သူ့ကို စတင်ဖြားယောင်းရင် ဘယ်လိုလုပ်မလဲ
သူမက နှစ်၃ထောင် သက်တမ်းရှိပြီး စွမ်းအားလည်း ကြီးပေမဲ့ သူမရဲ့ ချစ်ခြင်းက အစွန်းရောက်တယ်
ရှန်ထျန်းက ထိုကဲ့သို့သော ပုံစံမျိုးကို တကယ် မကြိုက်ပေ။
အာ…ငါ ဘာလို့ ထပ်ပြီးတော့ လျှောက်တွေးနေရပြန်တာလဲ
ရှန်ထျန်းက ကျောက်တုံးနောက်တွင် ပုန်းနေရင်း သူတို့နှစ်ယောက်ကို ဆက်ပြီး စောင့်ကြည့်နေပြန်သည်။
တစ်ဖက်တွင်လည်း ဓားအသျှင် ချန်းယန်နှင့် လုကျီတို့လည်း တိုက်ပွဲကို စတင်တိုက်ခိုက်နေကြလေပြီ။
တောင်ကြားတစ်ခုလုံး တုန်ခါနေပြီး ကျောက်တိုင်ထက် တုတ်သော နွယ်ပင်များကလည်း မြေပြင်မှ နေရာအနှံ့ထိုးထွက်လာကြသည်။
ရှန်ထျန်း ယခင်ကမြင်ဖူးခဲ့သော ကနဦးဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်က မီတာ၃၀၀ ရှည်လျားခဲ့သည်။ ထိုအချိန်တုန်းက နွယ်ပင်တွေက ကြီးမားလွန်းတာကြောင့် စိတ်ရှုပ်ထွေးခဲ့ရသည်။ ယခုလက်ရှိ လုကျီ၏ ခန္ဓာကိုယ် အစစ်အမှန်ရှိ နွယ်ပင် တစ်ခုချင်းစီက မီတာပေါင်း ရာကျော် ရှည်လျားနေသည်။ သူမရဲ့ နွယ်များက အစိမ်းပုတ်ရောင် မဟုတ်ဘဲ မြစိမ်းရောင် တောက်ပနေသည်။
နွယ်ပင်များက ကျောက်စိမ်းဖြင့် ထွင်းထုထားသလိုမျိုး ကြည်လင်နေသည်။
ဓားအသျှင် ချန်းယန် ပြောင်းလဲသွားသော တောက်ပသော နေ၏ အလင်းရောင်ကြောင့် နွယ်ပင်များကလည်း အလင်းများဖြာထွက်နေသည်။
“ မင်းက အမှားကို ဝန်ခံဖို့ ငြင်းဆိုနေမှတော့ ဒီနေ့ပဲ စာရင်းရှင်းကြမယ်”
ဓားအသျှင် ချန်းယန်က နောက်ကျောပေါ်ရှိ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်သော်လည်း သူ၏ ဆုံးဖြတ်ချက်ခိုင်မာမှုကို မျက်လုံးများက သစ္စာဖောက်နေသည်။
အချိန်ခဏအတွင်းမှာပင် တောက်ပသော ဓားအရှိန်အဝါက တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားသည့်အတွက် များပြားသော ဝိညာဉ်မြူခိုးများပင် ပျက်ပြယ်သွားသည်။
ကြီးမြတ်သော နေမင်းက နောက်ထပ်တစ်ကြိမ် ကောင်းကင်မှာ ထွက်ပေါ်လာကာ ဓားအသျှင် ချန်းယန် ကိုင်ဆောင်ထားသော အံ့ဖွယ်ဓားပေါ်သို့ ရောင်ခြည်ဖြာကျနေသည်။
“ အဆုံးမဲ့ ကောင်းကင်လောင်ကျွမ်း ဓားအရှိန်အဝါ”
ဓားအသျှင် ချန်းယန်၏ ခန္ဓာကိုယ်က ကြီးမားသော နေမင်းအဖြစ် ပြောင်းလဲသွားကာ လက်ထဲတွင် ကိုင်ထားသော ဓားရှည်ဆီမှ ၃၀၀မီတာ အကွာအဝေးထိ ရောက်နိုင်သော ဓားအရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ဓားအရှိန်အဝါကို အဘက်ဘက်သို့ ဖြန့်ကျက်ထားရင်း လုကျီနှင့် စတင်တိုက်ခိုက်နေတော့သည်။
သို့သော် သူ့ဓားက လုကျီနှင့် မယှဉ်နိုင်ကြောင်း ထိတ်လန့်စွာ ရှာဖွေတွေ့ရှိသွားသည်။
ဓားအသျှင် ချန်းယန်၏ ဓားထက်ရှမှုက တောင်နှင့် မြစ်ချောင်းများကို အလွယ်တကူ ပိုင်းဖြတ်နိုင်သည်အထိ ထက်သည်။ တစ်ချက်တည်းနှင့် ၃၀၀မီတာ အမြင့်ရှိသော သုန်းမြစ်ကို ထက်ခြမ်းခြမ်းပစ်နိုင်သည်။
ယခု လုကျီ၏ နွယ်ပင်ကို ပိုင်းဖြတ်လိုက်သည့်အခါ ပေအနည်းငယ် နက်သော ဖြတ်ရာတစ်ခုသာ ထင်ကျန်နေခဲ့သည်။
ပေအနည်းငယ် နက်သော ဒဏ်ရာက ထိတ်လန့်စရာကောင်းသော်လည်း ၃ထောင်မီတာ ရှည်လျားသော နွယ်ပင်အတွက်တော့ လျစ်လျူရှုထားလို့ ရသည့်အရာဖြစ်ပြီး အပေါ်ယံ ထိခိုက်မှုဟုသာ သတ်မှတ်နိုင်သည်။
လုကျီ၏ ဒေါသစွက်နေသောအသံ ထပ်မံထွက်ပေါ်လာသည်
“ ရှင်က ကျွန်မကို တကယ် တိုက်ခိုက်တာပဲ။ ကောင်းပြီလေ…ဒီနေ့ကစပြီးတော့ ကျွန်မတို့ရဲ့ ပတ်သက်မှုက ပြီးပြီ။ ကျွန်မ မြူခိုးမြို့တော် တစ်မြို့လုံးကို သတ်ဖြတ်ပစ်မှာကို စောင့်ကြည့်နေလိုက်ပေါ့”
နွယ်ပင်ကြီးများက ဓားအသျှင် ချန်းယန်ကို အဆက်မပြတ် တိုက်ခိုက်နေပြီး သူကလည်း ပြင်းထန်စွာ တားဆီးနေရသည်။
ရှန်ထျန်းလိုမျိုး ကျင့်ကြံရေးအဆင့် နိမ့်သူတစ်ယောက်ပင် ဓားအသျှင် ချန်းယန် ရှုံးနိမ့်တော့မှာကို သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဓားအရှိန်အဝါနယ်ပယ်အဆင့်က နွယ်ပင်ကြီးများ၏ ဖိနှိပ်မှုကို ခံထားရသည့်အတွက် ဖြည်းဖြည်းချင်း ကျုံ့ဝင်လာကာ တန်ပြန်တိုက်ခိုက်မှုမျိုးကိုလည်း မလုပ်နိုင်တော့သောကြောင့် ဖြစ်သည်။
လုကျီက လှောင်ရယ်ကာ ပြောလိုက်သည်
“ ချန်းယန် ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ ပြောမပြခဲ့ဖူးတဲ့ အရာတစ်ခု ရှိတယ်။ ရှင်က ကျွန်မကို သာမန် အံ့ဖွယ်ရစ်ပတ်နွယ်ပင်လို့ ထင်နေတာလား။ အဲလိုထင်နေရင်တော့ ရှင် သိပ်ကို မှားသွားပြီ။ တကယ်တော့ ကျွန်မက အံ့ဖွယ်ဝါးမျိုနွယ်ပင်ပဲ …
ကျွန်မ စတွေ့တဲ့အချိန်ကတည်းက အချင်းချင်း တိုက်ခိုက်တဲ့အချိန်တိုင်း ကျွန်မ တမင်အရှုံးပေးနေခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ ကျွန်မ ထပ်ပြီး ဟန်မဆောင်တော့ဘူး။ ရှင် ရိုက်ချက်တစ်ချက်ကိုတောင် တောင့်မခံနိုင်ဘူးဆိုတာကို ကျွန်မ ပြသပေးမယ်”
လုကျီ စကားအဆုံးတွင် သူမ၏ ကြီးမားသော နွယ်ပင်ဖြင့် ဓားအသျှင် ချန်းယန်ကို မီတာပေါင်း ရာကျော်အထိ လွင့်ထွက်သွားအောင် ရိုက်ချလိုက်သည်။
“ ဒါက ရှင့်ရဲ့ စွမ်းအားပေါ့လေ။ ရှင်က ရယ်စရာကောင်းတဲ့ စွမ်းအားနဲ့ ရှင် ပြောတဲ့ လူသားမျိုးနွယ်ကို ကာကွယ်ဖို့အတွက် စီစဉ်ထားတာပေါ့ ဟုတ်လား” လုကျီက လှောင်ပြောလိုက်သည်။
“ ချန်းယန် … ရှင် ဘယ်သူ့ကိုမှ ကာကွယ်နိုင်မှာ မဟုတ်ဘူး”
ကြည်လင်တောက်ပနေသော မြစိမ်းရောင် နွယ်ပင်များက ဓားအသျှင်ချန်းယန်၏ လက်ထဲရှိ ဓားရှည်ကို ရိုက်ချလိုက်သည်။
သိပ်မကြာခင်အချိန်အတွင်းမှာပဲ နွယ်မျှင်လေးမျှင်က လေထဲသို့ ထိုးဖောက်ထွက်လာကာ ဓားအသျှင်ချန်းယန်၏ ခြေလက်များကို တင်းကြပ်စွာ ချုပ်နှောင်ထားလိုက်သည်။ အချိန်ခဏလေးအတွင်းမှာပင် ဓားအသျှင် ချန်းယန်လည်း လေထဲတွင် တင်းကြပ်စွာ ချုပ်နှောင်ခံထားရသည်။
ထိုအခိုက်အတန့်အတွင် ဝိညာဉ်သစ်ပင်စာရင်း၌ အဆင့်၉ ချိတ်သော အံ့ဖွယ်ဝါးမျိုနွယ်ပင်က ပြိုင်ဘက်ကင်း ရက်စက်ခြင်းကို ထုတ်ဖော်ပြသနေသည်။
ဆွဲဆောင်မှုရှိသော အမျိုးသမီး၏ ပုံရိပ်က တစ်ဖန် ပြန်ပေါ်လာပြန်သည်။ သူမက ဓားအသျှင် ချန်းယန်ကို ကျီစယ်သော အကြည့်ဖြင့် ကြည့်ရင်း လှောင်ရယ်လိုက်သည်
“ ဒါက လူသားတစ်ယောက်အနေနဲ့ ရှိတဲ့ ရှင့်ရဲ့ မာနပေါ့လေ။ ကျွန်မက ထာဝရ ရှင်သန်သူတွေကိုတောင် ဝါးမျိုနိုင်တဲ့ အထွတ်အထိပ်အဆင့် အံ့ဖွယ်နွယ်ပင်ဖြစ်တဲ့ အံ့ဖွယ်ဝါးမျိုနွယ်ပင်ပါ။ ကျွန်မက ရှင့်ရဲ့ပြိုင်ဖက် မဖြစ်နိုင်လို့ ကျွန်မကို နှစ်ပေါင်းများစွာ မြူခိုးဟင်းလင်းပြင်ထဲမှာ ပိတ်ထားလို့ ရနိုင်ခဲ့တယ်လို့ ရှင် တကယ်ကြီး ထင်နေတာလား။
ဟာသပဲ။ ကျွန်မက ကျွန်မရဲ့ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ဖို့အတွက် ငြိမ်ငြိမ်လေး နေခဲ့ရုံပဲ။ လူသားမျိုးနွယ်တွေရဲ့ တကယ့် စွမ်းအားကြီးတဲ့သူတွေ ကျွန်မကို ရှာမတွေ့စေချင်လို့ပဲ။ ရှင်ကတော့ တခြားသူတွေကို လှည့်စားဖို့အတွက် အသုံးချခံ သက်သက်ပဲ။
ဒီနေ့ကစပြီးတော့ ကျွန်မ တကယ်လူအဖြစ် အသွင်ပြောင်းနိုင်သွားပြီဆိုတော့ မြေကြီးထဲမှာ ချုပ်နှောင်ခံထားရတဲ့ ဘဝကနေ လုံးဝလွတ်မြောက်သွားတော့မှာ။
ရှင်က ကျွန်မကို လက်မထပ်ချင်မှတော့ ရှင့်ကို စွမ်းအင်ခမ်းတဲ့အထိ စုပ်ပစ်ပြီးတော့ တခြားတစ်ယောက်ကိုပဲ ရှာတော့မယ်။
ဟား…ဟား…ဟား… ကံကောင်းစွာနဲ့ပဲ သိပ်မကြာခင်တုန်းက ပြိုင်ဘက်ကင်းရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတစ်ယောက်ကို ရှာတွေ့ထားတယ်လေ။ အတိဒုက္ခစမ်းသပ်ချက် ပြီးသွားရင် သူ့ကို သွားဖမ်းပြီးတော့ သူ့ကို ဆန္ဒရှိတဲ့အတိုင်း လုပ်ပစ်မယ်။
ရှင့်ကို မျက်မြင်တွေ့စေချင်သေးတယ်။ ရှင် ကျွန်မကို ဘာမှ လုပ်လို့ မရပါဘူး”
လုကျီက ကောင်းကင်နှင့်မြေကြီးကြားမှာ ရပ်နေစဉ် မိုးကြိုးများကလည်း တိမ်များကြားထဲတွင် စတင်စုဝေးလာကြသည်။
ဤသည်မှာ ကြောက်ခမန်းလိလိ မိုးကြိုးစမ်းသပ်ချက် ဖြစ်ပြီး မိုးကြိုးလျှပ်စီးချက်များတွင် မိုးမြေစွမ်းအားများ ကိန်းအောင်းနေလေ၏။ ထို့ကြောင့် စွမ်းအားက သက်ရှိတွေပေါ် မူတည်ပြီး ပို၍ အားပြင်းလာနိုင်သည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်သည် ဝိညာဉ်သစ်ပင်စာရင်း၏ ထိပ်ဆုံး ၁၀ ခုထဲတွင် အပါအဝင် ဖြစ်၏။ ထိုဝိညာဉ်သစ်ပင်တွင် ဖျက်စီးဝါးမျိုခြင်းနှင့် ဟင်းလင်းပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်ခြင်း စသော အားကောင်းသည့် အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူ၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကလည်း တွေးမကြည့်နိုင်လောက်အောင်အထိ အားပြင်းထန်လှသည်။ ပထမ မိုးကြိုးချက်က ဒဏ္ဍာရီလာ ကျားဖြူ သတ္တမ နတ်မိုးကြိုး (သတ္တု)ဖြစ်သည်။
ထိုကဲ့သို့သော ကျားဖြူ သတ္တမ နတ်မိုးကြိုး (သတ္တု)က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ တပည့်များ ဖန်တီးနိုင်သော နတ်မိုးကြိုးမျိုး မဟုတ်ပေ။
ကျားဖြူ သတ္တမ မူလဇစ်မြစ် နတ်မိုးကြိုး (သတ္တု)ကို ကောင်းကင်တာအိုက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ကျန်းယွင်ရှီး၏ ကျားဖြူ နတ်မိုးကြိုးထက် ပိုမို မြင့်မြတ်ပြီး ပိုသန်မာသည်။ ထို့အပြင် သစ်သားဓာတ် ဝိညာဉ်သစ်ပင်များကို အောင်နိုင်သည့် သတ္တုဓာတ်လည်း ပါဝင်နေသည်။
ကျားဖြူ သတ္တမ နတ်မိုးကြိုး (သတ္တု)က ဓားတစ်ချောင်းဖြင့် ကောင်းကင်ကို ပိုင်းဖြတ်လိုက်သလိုမျိုး ကောင်းကင်မှာ တောက်ပနေသည်။
လုကျီက သူမ၏ ဘေးပတ်လည်ရှိ နွယ်ပင်များကို ယမ်းခါရင်း မြစိမ်းရောင် ကြာပွတ်တစ်ခုအဖြစ် ပေါင်းစည်းကာ မိုးကြိုးနှင့် ရင်ဆိုင်ဖို့အတွက် စောင့်စားနေသည်။
ဂျိန်း…
နတ်မိုးကြိုးက ရှည်လျားသော မြစိမ်းရောင်နွယ်ကြိုးကို တည့်တည့် ပစ်ချလိုက်သည်။
ကျန်မိုးကြိုးများကလည်း အရှိန်မလျော့ဘဲ လုကျီ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။
ကြောက်စရာကောင်းသော ဒဏ်ရာက နွယ်ကြိုးပေါ်တွင် ဖြစ်ပေါ်လာပြီး ထိုဒဏ်ရာမှ နို့နှစ်ရောင် အရည်ပျစ်ပျစ်များ စီးကျလာသည်။ ထိုအရာက စွမ်းအင် အများအပြားပါဝင်သော အံ့ဖွယ်ဝါးမျိုနွယ်ပင်မှ အရည်များဖြစ်ပြီး ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူများအတွက် အလွန်အသုံးဝင်လှသည်။
လုကျီက လှောင်ရယ်ကာ ပြောလိုက်သည်
“ ကောင်းကင်တာအိုက ရှင်တို့ လူသားတွေဘက်ကို ဘက်လိုက်တာပဲ။ လူသားတွေအတွက်ဆို ပိုပြီးတော့ လွယ်ကူနေတတ်တယ်။
ကျွန်မတို့လို မျိုးနွယ်မတူတဲ့သူတွေက လူသားအဖြစ် အသွင်ပြောင်းချင်ရင်တော့ ကောင်းကင်အတိဒုက္ခ စမ်းသပ်ချက်က ၁၀ဆမက ပိုတိုးသွားတယ်။ ဟား…ဟား…ဟား…ဒီလိုဆိုရင်တော့ လူသားတွေကို စတေးမှုတစ်ခုအဖြစ် အသုံးချရတော့မှာပဲ။ ကောင်းကင်ဘုံက ကျွန်မကို အမြစ်ပြတ် ချေမှုန်းနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့”