ကောင်းကင်ဓားသွားအောက်မှာ ကိုယ့်ဘာသာ ယစ်ပူဇော်မယ်
Vol. 6-10 Ch. 148
အခန်း (၁၄၈) : ကောင်းကင်ဓားသွားအောက်မှာ ကိုယ့်ဘာသာ ယစ်ပူဇော်မယ်
မီတာ ၃ထောင်ရှည်လျားသော မြစိမ်းရောင် နွယ်ကြိုးက လေထဲမှာ ပျံဝဲနေရင်း နွယ်ကြိုးမှ သစ်ကိုင်းများ ဖြာထွက်လာသည်။ ထိုအခိုက်အတန့်တွင် သန့်စင်သော စွမ်းအင်အဆီအနှစ်ကို အံ့ဖွယ်ဝါးမျိုနွယ်ပင်ထဲသို့ စုပ်ယူကာ သန့်စင်လိုက်သည်။
တစ်ချိန်တည်းမှာပဲ မြူခိုးမြို့တော်ရှိ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များလည်း ဖြည်းဖြည်းချင်း စတင်ညှိုးနွမ်းလာကြသည်။
ထို အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက လူသားများ၏ စွမ်းအင်အဆီအနှစ်ကို စုပ်ယူရန် ထားရှိသော လုကျီ၏ ရုပ်သေးရုပ်များပင် ဖြစ်သည်။
ယခုလက်ရှိအချိန်တွင် လုကျီက အတိဒုက္ခ စမ်းသပ်ချက် ခံယူနေသည့်အတွက် ဤအတောအတွင်းအသုံးပြုရန် သူမ စေလွှတ်ထားသော နွယ်ပင်များဆီမှ လူသားစွမ်းအင်အဆီအနှစ်ကို တိုက်ရိုက်ပြန်လည်စုပ်ယူလိုက်ခြင်း ဖြစ်သည်။
လူသားစွမ်းအင်အဆီအနှစ်ကို စုပ်ယူပြီးနောက် မီတာ ၃ထောင်ရှည်လျားသည့် မြစိမ်းရောင် နွယ်ကြိုးသည်လည်း ပိုမိုကြည်လင်တောက်ပလာသည်။
တစ်ချိန်တည်းမှာ ထိုကျက်သရေရှိသော အမျိုးသမီး၏ ပုံရိပ်ကလည်း လူသားတစ်ယောက်နှင့် ပိုပြီးတူလာသည်။ သူမက မိုးမြေကြားတွင် ဂုဏ်ယူစွာ မတ်တပ်ရပ်နေပြီး မိုးကြိုးကြောင့် ရရှိထားသော ဒဏ်ရာလည်း လျင်မြန်စွာ ကောင်းမွန်သွားသည်။
အံ့ဖွယ်ဝါးမျိုနွယ်ပင်ဖြစ်သည့် သူမ၏ ကုစားနိုင်စွမ်းက အံ့ဖွယ်ရစ်ပတ်နွယ်ပင်များထက် ပိုမိုအားကောင်းသည်။
လုကျီက သူမ၏ နွယ်များကို ဝှေ့ယမ်းရင်း ကောင်းကင်ရှိ တိမ်မဲများကို မော့ကြည့်လိုက်သည်။
“ ရှင်တို့ လူသားကျင့်ကြံသူတွေ ကောင်းကင်တာအိုအတွက် နတ်ဆိုးနဲ့ မိစ္ဆာတွေကို သတ်ပေးမယ်လို့ အမြဲတမ်း ပြောကြတယ်။ ဒီနေ့ ဒီကောင်းကင်တာအိုရဲ့ မိုးကြိုးက ကျွန်မရဲ့ အသက်ကို နှုတ်ယူနိုင်မလားဆိုတာ ကြည့်ချင်သေးတယ်”
လုကျီ၏ မီတာ ၃ထောင်ရှည်လျားသော ခန္ဓာကိုယ်က ရုတ်တရက် မြေပြင်ပေါ်သို့ ထိုးထွက်လာကာ နွယ်တစ်ခုလုံးက ကောင်းကင်ဆီသို့ ဦးတည်သွားနေသည်။
သူမက မိုးကြိုးပစ်ချမည့်အချိန်ကို စောင့်ဖို့ စိတ်ကူးမရှိဘဲ တိမ်ထဲသို့ဝင်သွားကာ အတိဒုက္ခစမ်းသပ်ချက်၏ အရင်းအမြစ်ကို စိန်ခေါ်လိုက်သည်။
လုကျီ၏ ကျူးကျော်တိုက်ခိုက်သည့် အပြုအမူကို ကြည့်ပြီး ရှန်ထျန်း အံ့ဩမှင်သက်နေမိသည်။
သေစမ်း…ငါ အမျိုးသမီးက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝတ္ထုထဲကို ရောက်မလာတာတော့ သေချာပါတယ်နော်
မင်းက အံ့ဖွယ်ဝါးမျိုနွယ်ပင်ဆိုတာနဲ့ပဲ အတိဒုက္ခစမ်းသပ်ချက်ကို ကိုယ်တိုင် သွားရှာရဲတာလား။ ဒီလိုမြင်ကွင်းက စွမ်းအားကြီလွန်းတဲ့ ဇာတ်လိုက်တွေ လုပ်မဲ့ ဇာတ်ကွက်မျိုးပဲ။ ‘ ငါသာလျှင် ငါ့ကံကြမ္မာရဲ့ အရှင်သခင်’ ပဲဆိုတဲ့ စကားကိုတောင် ကြားလာသလိုပဲ။ အခုဖြစ်နေတာတွေက တကယ်ရော ဟုတ်ရဲ့လား
ရှန်ထျန်းပင် ကြောင်အသွားသည့်အတွက် ကောင်းကင်အတိဒုက္ခစမ်းသပ်ချက်လည်း ဘယ်လိုဖြစ်သွားမည်ဆိုတာကို ပြောပြစရာပင် မလိုတော့ပေ။
ဧရာမ နွယ်ကြိုးကြီး တိမ်မဲများထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီးနောက် မိုးကြိုးများဖြင့် ပြည့်နှက်နေသော တိမ်တိုက်များလည်း ခဏတာ ရပ်တန့်သွားရသည်။
သို့သော် သိပ်မကြာခင်မှာပဲ သူတို့ ဒေါသထွက်သွားသလိုမျိုး ပိုမိုးဆိုးရွားသော မိုးကြိုးပေါက်ကွဲမှုများ ဖြစ်လာသည်။
ဒုတိယအချက်မိုးကြိုးအဖြစ် ကြက်သွေးရောင် ဇာမဏီက မီးတောက်ထဲတွင် တောက်လောင်နေသော ပုံစံမျိုးဖြစ်နေပြီး ကောင်းကင်တစ်ခုလုံးလည်း ရဲရဲနီနေသည်။
ထိုအရာက မူလဇာစ်မြစ် နတ်မိုးကြိုးငါးပါးကျင့်စဉ်တွင် ပါဝင်သော ကြက်သွေးရောင် ဇာမဏီ တတိယ မူလဇစ်မြစ် နတ်မိုးကြိုး (မီး)ဖြစ်ပြီး အံ့ဖွယ်ဝါးမျိုးနွယ်ပင်ကဲ့သို့သော ဝိညာဉ်သစ်ပင်အမျိုးအစား နတ်ဆိုးများကို ယဉ်ပါးသွားအောင် လုပ်နိုင်သည်။
ကောင်းကင်အတိဒုက္ခ စမ်းသပ်ချက်က လုကျီ၏ အာခံသော အပြုအမူများကြောင့် စိတ်တိုသွားပုံရပြီး ဒုတိယအချက် မိုးကြိုးက ပိုပြီးတော့ အားကောင်းလာသည်။ ထိုမိုးကြိုးက ကြက်သွေးရောင် ဇာမဏီငှက်အသွင် ရှိသည့်အတွက် နတ်သားရဲအစစ်တစ်ကောင် ဆင်းသက်လာသလိုမျိုး ခံစားရစေသည်။
ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများနှင့် မီးတောက်များက လုကျီဆီသို့ ဦးတည်ဝင်ရောက်လာသည့်အတွက် တောင်တစ်ခုလုံးရှိ ဝိညာဉ်မြူခိုးများလည်း အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လုကျီ၏ အကြည့်ထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်ကို မတွေ့ရသည့်အပြင် ‘ဟား..ဟား…လာလိုက်စမ်း’ဟုပါ ပြောနေပြန်သည်။
ထို့နောက် နာကျင်ခံစားနေရသော လူများ၏ မျက်နှာများက သူမ၏ နွယ်ပင်မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ထိုလူများက မြူခိုးဟင်းလင်းပြင်ထဲတွင် လောဘကြီးမှုကြောင့် ပျောက်ဆုံးသွားခဲ့သော ကျင့်ကြံသူများဖြစ်သည်။ သူတို့၏ စွမ်းအင်အဆီအနှစ်ကို အံ့ဖွယ်ဝါးမျိုနွယ်ပင်က စုပ်ယူထားပြီး ဝိညာဉ်ကလည်း ထိုနွယ်ပင်ထဲမှာ ပိတ်မိနေသည့်အတွက် လူပြန်ဝင်စားလို့ မရနိုင်ဖြစ်နေသည်။
ယခုလက်ရှိတွင် လုကျီက ထိုလူများ၏ ဝိညာဉ်ကို မိုးကြိုးနှင့်မီးတောက်ထဲမှာ ပျက်စီးစေချင်သည့်အတွက် ကြက်သွေးရောင် ဇာမဏီ တတိယနတ်မိုးကြိုးဆီသို့ ဦးတည်ခေါ်ဆောင်သွားသည်။
“ လုကျီ … မင်း အရမ်းလွန်သွားပြီ”
နွယ်များဖြင့် ရစ်ပတ်ခံထားရသော ဓားအသျှင် ချန်းယန်က သက်ပြင်းချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က မီးတောက်များဖြင့် တောက်လောင်လာကာ သူ့ကို ချည်နှောင်ထားသော နွယ်ပင်များလည်း ချက်ချင်း ပြတ်တောက်သွားသည်။ ဓားအသျှင်ချန်းယန်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်လောင်နေသော မီးတောက်က လောင်ကျွမ်းနေသော ဓားရှည်တစ်ခုကို ဖန်တီးလိုက်သည်။
သူ သက်ပြင်းချကာ ပြောလိုက်သည်
“ မင်းက ဝိညာဉ်သစ်ပင်စာရင်းမှာ အဆင့် ၉ ချိတ်တဲ့ အံ့ဖွယ်ဝါးမျိုနွယ်ပင် ဖြစ်ပြီးတော့ ငါ့ကို အကြိမ်များစွာ တမင်အရှုံးပေးခဲ့ပေမဲ့လည်း အံ့ဖွယ်မီးတောက်ထဲက အဆင့် ၁၀ နေရာမှာ ရှိတဲ့ နန်မင်လီ မီးတောက်က ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်ဆိုတာကိုတော့ မင်း မသိဘူး။ ငါ မင်းရဲ့အသက်အန္တရာယ်နဲ့ ကြုံတွေ့ရအောင် တစ်ခါမှ မလုပ်ဖူးဘူး။
ငါတို့ ဒီအခြေအနေထိ ရောက်လာမှတော့ ငါတို့ကြားမှာ မှန်တယ် မှားတယ်တွေ မရှိတော့ဘူး။ ဒီတိုက်ပွဲပဲ ရှိတော့တယ်။ ဒီနေ့ ငါတို့ သူသေကိုယ်သေ တိုက်ခိုက်ကြရမယ်။ နောက်ဘဝဆိုတာ ရှိရင် မင်းက လူအဖြစ် မွေးဖွားလာပါ ဒါမှမဟုတ်ရင် ငါက နတ်ဆိုးအဖြစ် မွေးဖွားလာပါ့မယ်။
ဒါဆိုရင် ငါတို့ အတူတူနေသွားလို့ရပြီ”
တစ်ကိုယ်လုံး လောင်ကျွမ်းနေသည့်အတွက် ဓားအသျှင် ချန်းယန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ တောက်ပသော အလင်းတန်းများထွက်နေသည်။
ကောင်းကင်မှ တိမ်မဲများလည်း ပိုထူလာပြီး မှင်နက်ရောင်အဖြစ် ပြောင်းလဲသွားသည်။
ဓားအသျှင် ချန်းယန်၏ တစ်ကိုယ်လုံးကား မီးတောက်များနှင့် လွှမ်းခြုံသွားလေသည်။
ထိုအခိုက်အတန့်တွင် အတိဒုက္ခလွန်အဆင့်သို့ ရောက်တော့မလိုပင် ဖြစ်သွားသည်။
“ တောက်ပတဲ့ နေမင်းသာ မရှိရင် နေ့ရက်တွေအားလုံးက ရှည်လျားတဲ့ ညတစ်ညလိုပဲ … ကောင်းကင်မှာ နေမင်းထွန်းလင်းပြီး မီးဓားနဲ့ နတ်ဆိုးအားလုံးကို လောင်ကျွမ်းစေမယ်။ ကောင်းကင်ဓားသွားအောက် ကိုယ့်ဘာသာ ယဇ်ပူဇော်ခံမယ် …”
ထို့နောက် ဓားအသျှင် ချန်းယန်က ကောင်းကင်မှာ ပျံဝဲနေသော ဓားနီအဖြစ်ပြောင်းလဲသွားကာ ရွှေနီရောင် နေလုံး၉ လုံးက ဓားသွားကို ဝန်းရံထားသည်။
အထက်ဘုံမှ ရွှေကျီးသဖွယ် ဖြစ်၏။ ကောလဟာလများအရ တော်ဝင်နေမင်းကျမ်းကို ကျွမ်းကျင်အဆင့်ရောက်အောင် ကျင့်ကြံသူသာ ဖန်တီးနိုင်သော ပုံရိပ်သဏ္ဌာန် ဖြစ်သည်ဟု ပြောဖူးကြသည်။ ဓားအသျှင် ချန်းယန်က ယခုလက်ရှိ သူ၏ စွမ်းအင်အဆီအနှစ်ကို လောင်ကျွမ်းခံပြီး ကြိုတင်ဖန်တီးလိုက်နိုင်သည်။
သူကိုယ်တိုင် ဓားတစ်ချောင်းဖြစ်လာပြီး အနိုင်မခံအရှုံး မပေးသော စိတ်ဖြင့် လုကျီဆီ ဦးတည်သွားနေသည်။
သူမနှင့်အတူ သေဖို့အတွက် တားမြစ်ပညာရပ်ကို ထုတ်သုံးကာ ကိုယ့်ကိုယ်ကို စတေးသော ဓားအသျှင် ချန်းယန်ကို ကြည့်ကာ လုကျီ လှောင်ရယ်မိသည်။
“ ငါ့ကို ရင်မဆိုင်ရဲတဲ့ ငကြောက်။ ငါက တစ်ဘဝပဲ နေတယ်။ နောက်ဘဝဆိုတာ မရှိဘူး။ နောက်ဘဝကျရင် ဘယ်သူက ရှင်နဲ့အတူ နေပေးမှာတဲ့လဲ။ ဒီလိုမျိုး အားကောင်းတဲ့ ရတနာ နန်မင်လီ မီးတောက်က ရှင့်လိုလူမျိုးရဲ့ လက်ထဲမှာရှိနေတာ နှမြောစရာပဲ။
ထားလိုက်ပါ…ဒီနေ့ ကျွန်မ ရှင်နဲ့ ပတ်သက်တဲ့နှောင်ကြိုးတွေ အကုန်လုံးကို ဖြတ်ပြီးတော့ ကျွန်မရဲ့ တာအိုကို သက်သေပြပြီး သူတော်စင်နယ်ပယ်အဆင့်ထဲကို ဝင်မယ်”
လေထဲရှိ မြစိမ်းရောင် နွယ်ကြီးက ချွန်ထက်သော ကတော့ပုံစံအဖြစ် စုဝေးကာ ထိပ်အချွန်ဖြင့် ဓားအသျှင် ချန်းယန် အသွင်ပြောင်းထားသော ဓားဆီသို့ ထိုးဖောက်နေသည်။
ဝုန်း…
မြစိမ်းရောင်နွယ်ကြီးလည်း ချက်ချင်းပြိုကွဲသွားသော်လည်း နန်မင်လီ မီးတောက် ကတော့ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည့်အတွက် မီးတောက်များကလည်း အဘက်ဘက်သို့ လွင့်စင်ကျနေသည်။
ဓားအသျှင် ချန်းယန်၏ ကျင့်ကြံဆင့်က လုကျီထက် နိမ့်သည့်အတွက် အကြင်နာကင်းမဲ့စွာ ပိုင်းဖြတ်ဖို့ မဖြစ်နိုင်ခဲ့ပေ။
သူ့ ကျင့်ကြံဆင့်က သူမနှင့် နှိုင်းယှဉ်လို့ မရသည့်အပြင် သူ့ဓားကိုလည်း တွေဝေစွာဖြင့် လွှဲယမ်းလိုက်မိသည်။ ထို့ကြောင့် ဓားဖြင့် ပိုင်းဖြတ်သည့်အခါ ပြင်းထန်သော အားအင် မပါသွားပေ။
ပေါ့ပျက်ပျက်နေပုံရပြီး တကယ်တမ်း ဆုံးဖြတ်ချက်ပြတ်သားသော လုကျီနှင့် ယှဉ်လိုက်သည့်အခါ ဓားအသျှင်ချန်းယန်က အားနည်းသူ တစ်ယောက် ဖြစ်နေသည်။ သူက အပြင်ဘက်မှာ မီးတောက်လိုမျိုး ခွန်အားရှိသူ ဖြစ်သော်လည်း တကယ်တော့ သူ့ကိုယ်ပိုင်တာအိုကို မသိသလို တာအိုနှလုံးသားကိုလည်း နားမလည်တော့ပေ။
သူ လုပ်ခဲ့တာက မမှားသော်လည်း ခိုင်မာသော ဆုံးဖြတ်ချက် မရှိသည့် ဓားသမားတစ်ယောက်အနေဖြင့် သူ၏ ဓားတာအိုက ထိပ်ဆုံးအဆင့်ထိ မရောက်နိုင်ပေ။ ထို့ကြောင့် လုကျီနှင့် တိုက်ခိုက်သည့်ပွဲတွင် ရှုံးနိမ့်သွားရခြင်း ဖြစ်၏။
နန်မင်လီ မီးတောက် အစိတ်စိတ်အမြွာမြွာ ကွဲသွားပြီးနောက် မူလလီမီးတောက်က တောင်ကြား၏ အဘက်ဘက်သို့ မီးတောက်လေးများအဖြစ် ပျံ့နှံ့သွားသည်။
မူလလီမီးတောက်တစ်ခုက အပြင်းအထန် ဒဏ်ရာရနေပြီး မေ့မြောနေသော ဓားအသျှင် ချန်းယန်၏ ဝိညာဉ်တစ်စိတ်တစ်ပိုင်းပါ သယ်ဆောင်လာပြီး မြူခိုးမြို့တော်ရှိရာဘက်သို့ ဆင်းသက်သွားသည်။
ထိုအချိန်တွင် ကာကွယ်မှု ကင်းမဲ့နေသော လုကျီ၏ ခန္ဓာကိုယ်ကိုလည်း ဒုတိယမြောက် ကြက်သွေးရောင် ဇာမဏီ တတိယ နတ်မိုးကြိုး(မီး)ဖြင့် ထပ်မံ ပစ်ချခံလိုက်ရသည်။
တန်ပြန်ခုခံမှု မရှိသည့်အတွက် နတ်မိုးကြိုးက အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးဖောက်သွားသည်။
ထို့နောက် ကျန်ရှိနေသော မိုးကြိုးများကလည်း တောင်ကြားတစ်ဝိုက်၏ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ တိုက်ဆိုင်စွာဖြင့် မိုးကြိုးအနည်းငယ်က ရှန်ထျန်းဘေးသို့ ကျရောက်သွားသည်။ ထိုမိုးကြိုးက ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူတို့ အတိဒုက္ခကျော်ဖြတ်ခြင်း စမ်းသပ်ချက်မှာ ကြုံတွေ့ရမည့်အရာ ဖြစ်၏။
အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရှန်ထျန်း၏ ဘေးဖက်မှာ ကျသွားသော်လည်း အင်မတန် ထိတ်လန့်ဖို့ကောင်းသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီ အားကောင်းပြီး ပူလောင်သော မိုးကြိုးက တိုးဝှေ့လာသည်ကို ရှန်ထျန်း ခံစားနေရသည်။
မိုးကြိုးက ရှန်ထျန်း၏ ခန္ဓာကိုယ်ကို ဖျက်စီးပစ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားစေသည်။ သူ့ ဆံပင်တွေ ထောင်လာပြီး မျက်နှာလည်း မဲလာသလို ခဏအကြာတွင် ပါးစပ်ထဲမှ မီးခိုးများပါထွက်လာသည်။
ဒီ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်က အရမ်းအားကောင်းတာပဲ
သို့သော် လုကျီ၏ ကောင်းကင် မိုးကြိုးစမ်းသပ်ချက်က ဆက်လက်ရှိနေဦးမှာဖြစ်သည့်အတွက် ဤသည်မှာ ကနဦးအစသာ ဖြစ်၏။
ရှန်ထျန်းဘေးမှာ ကျရောက်လာသော မိုးကြိုးအစိတ်အပိုင်းကိုတော့ ရှောင်လို့ရမည် မဟုတ်ပေ။