← Chapters

ဆရာနတ်မင်းအတွက် ရွှေရုပ်ထု လုပ်ပေးကြစို့

Vol. 6-10 Ch. 149

ဆရာနတ်မင်းအတွက် ရွှေရုပ်ထု လုပ်ပေးကြစို့

Vol. 6-10 Ch. 149

အခန်း (၁၄၉) : ဆရာနတ်မင်းအတွက် ရွှေရုပ်ထု လုပ်ပေးကြစို့

မြူခိုးမြို့တော်၏ အရှေ့ဘက်ရှိ ပန်းများဖြင့် ပြည့်နှက်နေသော တောင်ကြား၌…

ကျောက်ဟောင်က အုတ်ဂူရှေ့တွင် ဒူးထောက်ထားပြီး မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်နေကော မျက်လုံးတွေလည်း နီရဲနေသည်။

သူက ကျင့်ကြံဆင့်ကို ဆုံးရှုံးထားသည့်အတွက် တစ်ခါမှ မကျင့်ကြံဖူးသူများထက် ရုပ်ပိုင်းဆိုင်ရာအရ ပိုမိုသန်မာသော်လည်း ယခင်ထက် ပိုပြီး အလွယ်တကူ ပင်ပန်းလာသည်ဆိုတာကိုတော့ လက်မခံလို့ မရပေ။

ကျောက်ဟောင်က တစ်ရက်နှင့်တစ်ညလုံး သူ့အမေ၏ အုတ်ဂူရှေ့တွင် ဒူးထောက်ထားသည့်အတွက် ပင်ပန်းမှုတို့က တစ်ကိုယ်လုံးမှာ လက္ခဏာပြနေသည်။

သို့သော် ခြေလက်တွေ ထုံကျင်နေသော်လည်း မထသေးဘဲ အုတ်ဂူရှေ့မှာပဲ ဆက်ပြီး ဒူးထောက်နေဆဲ ဖြစ်သည်။ သူက ပြန်လည်ကျင့်ကြံနိုင်ဖို့အတွက် စိတ်အားထက်သန်နေပြီး သူ အရှုံးဆီကနေ ပြန်လည် ရပ်တည်နိုင်လာကြောင်း တခြားသူတွေကို သက်သေပြဖို့လည်း လိုအပ်သည်။

နှစ်ရက်ပဲ ကျန်တော့တယ်…နောက်ထပ်နှစ်ရက်ပဲ ဝတ်ပြုရင် ရပြီ

ကျောက်ဟောင်က အက်ကွဲနေသော နှုတ်ခမ်းကို လျှာဖြင့် လျက်လိုက်ပြီး ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။

ထိုအချိန်တွင် လင်းလက်နေသော ကြယ်တစ်ပွင့်ပေါ်လာပြီး မှောင်မဲနေသော ကောင်းကင်မှာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုကြယ်ပွင့်က ဓားအသျှင် ချန်းယန်၏ ဝိညာဉ်အပိုင်းအစ ပါဝင်နေသော နန်မင်လီ မူလ မီးတောက်၏ အပိုင်းအစ ဖြစ်ပြီး ကံကောင်းမှုတစ်ချို့ကို သယ်ဆောင်ကာ ကျောက်ဟောင်ဆီသို့ ဦးတည်လာနေသည်။

ဝုန်း…

ကျောက်ဟောင် ကိုယ့်ကိုယ်ကို တိတ်တိတ်လေး အားပေးနေတုန်း ထိတိုက်မှုကို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးကို တူနှင့် ထုလိုက်သလိုခံစားရပြီးနောက် နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။

ထိုမီးတောက်နှင့် သူ့ခန္ဓာကိုယ် ထိသည့်အချိန်တွင် သူ့ကို မီးတောက်ထဲမှာ လောင်ကျွမ်းစေသည်။

လွန်ကဲသော အပူချိန်ကြောင့် ကျောက်ဟောင် သတိလစ်မလို ဖြစ်နေသော်လည်း သူ၏ ကျင့်ကြံဆင့်ကို ပြန်လည်ရရှိနိုင်ဖို့ စိတ်အားထက်သန်နေသည့်အတွက် စမ်းသပ်ချိန်ကာလတစ်ခုလုံး အားတင်းကာ သတိမလစ်သွားဖို့ ကြိုးစားနေသည်။

ဒါဆိုရင်…ဒါက ညီအစ်ကိုရှန် ပြောတဲ့ ကံအပြောင်းအလဲ အခွင့်အရေးများလား။ ဒါပေမဲ့ သူပြောတော့ နောက်ထပ်သုံးရက်နေမှ ရောက်လာမယ်လို့ ပြောခဲ့တာ မဟုတ်လား

အာ…သိပြီ။ ညီအစ်ကိုရှန်က ငါ့ကို အားတက်အောင် လုပ်ဖို့ ကြိုးစားနေတာ ဖြစ်မယ်။ ဒီအတောအတွင်း စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးနိုင်အောင်လို့ ဒီလိုလုပ်ခဲ့တာ ဖြစ်မယ်

ဒါကြောင့်ပဲ သူက တစ်ရက်ပြီးတာနဲ့ ကံအပြောင်းအလဲအခွင့်အရေး ရောက်လာမယ်ဆိုတာ မပြောဘဲနဲ့ သုံးရက်နေမှ ရောက်လာမှာလို့ ပြောခဲ့တာပဲ

ဟုတ်တယ်… ညီအစ်ကိုရှန်က ငါ့ကို အံ့ဩသွားအောင် လုပ်ချင်လို့ ထင်တယ်

မီးက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တောက်လောင်နေသော်လည်း ကျောက်ဟောင် ကြောက်ရွံ့မှုကို လုံးဝ မခံစားရပေ။ ထိုအစား အကြာကြီးစောင့်ခဲ့ရသော ဝိညာဉ်ချီက သူ့ခန္ဓာကိုယ်ထဲမှာ ပြန်လည်စီးဆင်းလာသည်ဟု ခံစားနေရသည့်အတွက် တစ်ခါမှ မခံစားဖူးသော စိတ်လှုပ်ရှားမှုမျိုးကို ခံစားနေရသည်။

ထိုမီးတောက်ကို ခန္ဓာကိုယ်မှ ဖြည်းဖြည်းချင်း စုပ်ယူနေသည်။ ထိုအရာက သူ၏ ဝိညာဉ်ချီလည်ပတ်ခြင်း လမ်းကြောင်းကို ပတ်ကာ နောက်ဆုံးတွင် စွမ်းအင်ဗဟိုချက်ထဲသို့ ဝင်သွားသည်။

ကျောက်ဟောင် ဘာမှမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေပြီး ရှန်ထျန်းအပေါ် အတတ်နိုင်ဆုံး ကျေးဇူးသိစိတ်လေးထားကာ ကောင်းကင်လောင်ကျွမ်း မီးဓားပညာရပ်ကို စတင်ကျင့်ကြံတော့သည်။

ဤမီးက ယဉ်ပါးသည့်အတွက် အဆင့်မြင့် ထာဝရရှင်သန်သူဆီမှ ကောင်းချီးပေးခံရသလိုမျိုး ခံစားနေရသည်။

ကျောက်ဟောင်က တစ်ယောက်တည်း တွေးတောနေမိသည်။

ညီအစ်ကိုရှန်က ဒါကိုလည်း ကြိုတင်ခန့်မှန်းထားပြီးသား ထင်တယ်။ သူက နက္ခတ်ပညာရပ်မှာလည်း အရမ်းတော်ပြီးတော့ ငါ့အတွက်လည်း အရမ်းတွေးပေးတယ်

ဤအတွေးတွေကိုသာ သေသွားသော ဓားအသျှင် ချန်းယန် ကြားရလျှင် သေရွာကနေပြန်လာပြီးတော့ ကျောက်ဟောင်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်မှာ သေချာလှ၏။

‘ဘာမှ ညီအစ်ကိုရှန်ရဲ့ အံ့ဩအောင်တွေ ဘာတွေလုပ်တာ မဟုတ်ဘူး။ မင်းကို ကယ်ဖို့ ငါ့ရဲ့ ကျန်ရှိတဲ့ စွမ်းအားတွေ အကုန်လုံးကို အသုံးချလိုက်တာ ငတုံးရဲ့’ ဆိုပြီး ကြိမ်းမောင်းနေလောက်သည်။

ယခုလိုမျိုး နန်မင်လီ မီးတောက်အပိုင်းအစလေးက ကျောက်ဟောင်၏ ခန္ဓာကိုယ်ထဲသို့ ယဉ်ပါးစွာဖြင့် ဝင်သွားရခြင်းကလည်း ဓားအသျှင် ချန်းယန်၏ ထိန်းချုပ်မှုကြောင့်ပင် ဖြစ်သည်။

ကျောက်ဟောင်က ကျော်ဖြတ်ခြင်းတစ်ခုကို လုပ်နိုင်ပြီး ကျင့်ကြံခြင်း နယ်ပယ်အဆင့်အသစ်ထဲသို့ ဝင်ရောက်သွားသည်ဟု ခံစားနေရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးဖြင့် ပေါင်းစပ်သွားသည့်အတွက် ယခု မီးကိုပါ ရှူသွင်းနိုင်သည်ဟု ခံစားနေရသည်။

ထိုအချိန်တွင် သူ့စိတ်ထဲတွင် ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်

“ ဒါက… ယန်ကိုးသွယ် တိုက်ပွဲခန္ဓာပဲ။ မင်းကို ပထမဆုံးအကြိမ် တွေ့ကတည်းက သာမန်လူမဟုတ်ဘူးဆိုတာကို သိနေခဲ့တယ်။ ဒါပေမဲ့ မင်းက ဒဏ္ဍာရီလာ ယန်ကိုးသွယ် တိုက်ပွဲခန္ဓာကို မင်း ပိုင်ဆိုင်သွားလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးဘူး”

ကျောက်ဟောင် ကြောင်အနေရာမှ အသံကို မှတ်မိသွားကာ ချက်ချင်းမေးမြန်းလိုက်သည်

“ ခင်ဗျားလား… ဆရာကြီး … ခင်ဗျား ဘယ်ကနေ ပြောနေတာလဲ”

ဓားအသျှင် ချန်းယန်က မလွှဲသာမရှောင်သာ အသံဖြင့် ဖြေလိုက်သည်

“ အဲဒါက အရေးမကြီးပါဘူး။ အခု ငါ့ဝိညာဉ်က အရမ်းအားနည်းနေပြီမလို့ မကြာခင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလိမ့်မယ်။ အခု မြူခိုးဟင်းလင်းပြင်က အရမ်းအန္တရာယ်များတယ်။ ချက်ချင်းထွက်သွားပြီးတော့ တတ်နိုင်သမျှ ဝေးဝေးသွားဖို့ လိုတယ်”

ထို့နောက် ဓားအသျှင် ချန်းယန်၏ အသံက ပျောက်ကွယ်သွားသည်။ ကျောက်ဟောင် ဘာတွေပဲ ဆက်ပြီးမေးမြန်းနေပါစေ အဖြေပြန်မလာတော့ပေ။

ထိုအရာကြောင့် ဆရာကြီး  အခြေအနေ မကောင်းကြောင်း ကျောက်ဟောင် ရိပ်မိသွားသည်။

နေပါဦး မြူခိုးဟင်းလင်းပြင် အန္တရာယ်ရှိနေပြီဆိုရင်…ညီအစ်ကိုရှန်တို့ရော ဘာဖြစ်သွားနိုင်လဲ

ကျောက်ဟောင်၏ မျက်နှာတွင် စိုးရိမ်မှုတို့ ထင်ဟပ်နေသည်။

ညီအစ်ကိုရှန်က ငါ ဘဝသစ်စတင်နိုင်အောင် ကူညီပေးခဲ့တဲ့သူပဲ။ အခု သူအန္တရာယ်ရှိနေပြီဆိုတော့ ဒီအကြောင်းကို မြန်မြန်ပြောပြပြီးတော့ ထွက်သွားခိုင်းရမယ်

ထို့နောက် ကျောက်ဟောင်က သူ့အမေ၏ အုတ်ဂူကို သုံးကြိမ်ဦးချကာ ပြောလိုက်သည်

“ အမေ … သား အုတ်ဂူမှာ အကြာကြီးဆက်ပြီး နေလို့ မရလောက်တော့ဘူး။ ကျွန်တော် ညီအစ်ကိုရှန်ကို သွားကယ်တာလေးကိုပဲ စောင့်ပေးပါနော်။ အဲဒီကိစ္စလေး ပြီးသွားတာနဲ့ ကတိပေးထားတဲ့အတိုင်း ကျန်တဲ့ နှစ်ရက်စာ လာပြီး ဝတ်ပြုမယ်နော်”

မြူခိုးမြို့တော်တွင် ကြီးမားသော အံ့ဖွယ်မိုးကောင်းကင် ကာကွယ်ရေး အစီအရင်ဖြင့် နန်းတော်တစ်ခုလုံးကို ကာထားလိုက်ပြီး ကျင့်ကြံသူအားလုံးက ဝိညာဉ်ချီကို ကာကွယ်ရေးအစီအရင်ထဲသို့ ထည့်ကာ တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေသည်။

ချက်ချင်းဆိုသလိုပင် အံ့ဖွယ်ရစ်ပတ်နွယ်များက ညှိုးနွမ်းခြောက်သွေ့သွားပြီ ပြာအဖြစ် ပြောင်းလဲသွားကာ လေထဲသို့ လွင့်ပြယ်သွားသည့်အတွက် မြူခိုးမြို့တော်ကသူတွေလည်း အံ့ဩကုန်ကြသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စိတ်သက်သာရရပြီး ပျော်ရွှင်သောအော်သံများ တော်ဝင်ခန်းမ တစ်လျှောက် မြည်ဟီးသွားသည်။

“ ဒီရွံစရာကောင်းတဲ့ သတ္တဝါတွေ ညှိုးနွမ်းသွားတာက ဆရာနတ်မင်းက မြူခိုးဟင်းလင်းပြင်ထဲမှာရှိတဲ့ နတ်ဆိုးတွေကို အောင်နိုင်သွားလို့လို့ပဲ ဖြစ်ရမယ်”

“ ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဆရာနတ်မင်းက တကယ် စွမ်းအားကြီးတယ်။ ဒီလိုအချိန်တိုအတွင်းမှာ စွမ်းအားကြီးတဲ့ နတ်ဆိုးတွေကို အောင်နိုင်တာ ဖြစ်နိုင်တယ်”

“ ငါတို့က ကျေးဇူးမသိတတ်တဲ့သူတွေ မဖြစ်ချင်ဘူး။ ဆရာနတ်မင်းက ငါတို့ရဲ့ အသက်ကို ကယ်ခဲ့တာဆိုတော့ သူ ငါတို့ကို လုပ်ပေးခဲ့တာအတွက် ငါတို့ သတိတရ ဖြစ်နေရမယ်”

“ ငါတို့ ငွေတွေ စုလိုက်ပြီးတော့ ဆရာနတ်မင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးလိုက်ရင် မကောင်းဘူးလား”

“ ဒါက အဆင်မပြေလောက်ဘူးလို့ ငါထင်တယ်။ သူနဲ့ ကံစပ်တဲ့သူတွေဆီကနေ ဘယ်လိုကျေးဇူးတုံ့ပြန်မှုကိုမှ လက်မခံဘူးလို့ ပြောထားတယ်လေ။ သူက ဒီငွေကို လုံးဝ လက်ခံမှာ မဟုတ်လောက်ဘူး”

“ အင်း…ငွေပေးတာကတော့ မဟုတ်သေးဘူးလို့ ထင်တယ်…နေဦး…ငါတို့ ဆရာနတ်မင်းအတွက် ရွှေရုပ်ထု လုပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ”

“ အင်း အကြံကောင်းပဲ။ ဆရာနတ်မင်းက နက္ခတ်ပညာရပ်မှာလည်း အရမ်းတော်ပြီးတော့ ဆိုးရွားတဲ့ နတ်ဆိုးတွေကိုတောင် ယဉ်ပါးသွားအောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းလည်းရှိတယ်”

“ ဟုတ်တယ်…ဆရာနတ်မင်းက မြူခိုးမြို့တော်မှာရှိတဲ့ လူတွေအားလုံးကို ကယ်တင်ခဲ့တာမလို့ သူ့အတွက် ရွှေရုပ်ထု လုပ်ပေးသင့်တယ်”

“ လာ…အရှင်မင်းမြတ်ဆီ သွားပြီးတော့ မြူခိုးမြို့တော်အလယ်မှာ ရွှေရုပ်ထုလုပ်ဖို့အတွက် အကြံပေးကြရအောင်”

“ ငါတော့ သဘောတူတယ်”

“ ငါရောပဲ”

“ ကျွန်မရောပဲ”

လူအုပ်လိုက်ကြီး နန်းတော်ဆီသို့ ချီတက်လာသည့်အတွက် လျှို့ဝှက်မြူခိုးမြို့တော်၏ ဘုရင်ပင် အထိတ်တလန့်ဖြင့် ‘အစောင့်တွေ…ငါ့ကို ကာကွယ်ကြဦး။ ပုန်ကန်မှု ဖြစ်နေပြီ’ဟု အော်ရလောက်သည်အထိ ဖြစ်သွားသည်။

ကံကောင်းစွာဖြင့် အချိန်တိုအတွင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်နိုင်သည်။

ထိုလူများက ဆရာနတ်မင်းအတွက် ရွှေရုပ်ထု လုပ်ချင်သောကြောင့် လာခဲ့သည်ကို သိလိုက်ရသည့်အတွက် ဘုရင်ကြီးလည်း သဘောတူလိုက်သည်။

ဆရာနတ်မင်းက နားလည်ရခက်ပြီးတော့ နက္ခတ်ပညာရပ်မှာ တော်ရုံတင် မကသေးဘူး။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက သူတော်စင်မတောင် သူ့ကို အဆင့်မြင့်မြင့် သတ်မှတ်ထားတာကိုပဲကြည့်လေ…သူက သာမန်မှ မဟုတ်တာ

ဆရာနတ်မင်းကို ဘယ်လိုကပ်ဖားရမယ်ဆိုတာကို မင်းတို့ပဲ သိတယ်လို့များထင်နေလား။

 မင်းတို့ရဲ့ဘုရင် ငါလည်း သိတယ်ကွ …

ဘုရင်ကြီးက အနည်းငယ်စဉ်းစားပြီးမှ ပြောလိုက်သည်

“ ဆရာနတ်မင်းက မြူခိုးမြို့တော်ကိုရော လျှို့ဝှက်မြူခိုးတိုင်းပြည်ကိုရော ကယ်တင်ခဲ့တာလေ။

ရွှေရုပ်ထု တစ်ခုတည်းနဲ့ ဘယ်လိုလုပ်လောက်ပါ့မလဲ။ ဆရာနတ်မင်းအတွက် မီတာ ၃၀ ရှိတဲ့ ရွှေစင်ရုပ်ထုကို မြို့လယ်ခေါင်မှာ ဆောက်လုပ်မယ်။

ပြီးတော့ ပုံတူရုပ်ထုလေးခု ထပ်လုပ်ပြီးတော့ မြို့ရဲ့ဂိတ်လေးခုမှာ တစ်ခုစီ ထားဦးမယ်။ ဒီနေ့ကစပြီးတော့ လျှို့ဝှက်မြူခိုးတိုင်းပြည်ရဲ့ တော်ဝင်မိသားစုက ဆရာနတ်မင်းအတွက် အသက်ရှည်ဆေးတွေ လုပ်ပေးမယ်။

လျှို့ဝှက်မြူခိုးတိုင်းပြည်ရဲ့ တော်ဝင်မိသားစု မျိုးဆက်အနေနဲ့ ဆရာနတ်မင်းရဲ့ ကြီးမားတဲ့ အကူအညီကို မမေ့သင့်ဘူး”

ထို့နောက် ဘုရင်က ကျန်းယွင်ရှီးကို ကြည့်ကာ မေးလိုက်သည်

“ သူတော်စင်မအနေနဲ့ ကျွန်တော်တို့စီစဉ်တာကို ဘယ်လိုထင်ပါသလဲခင်ဗျာ”

ကျန်းယွင်ရှီးက ချွေးစေးထွက်နေရင်း တစ်ယောက်တည်း စဉ်းစားနေသည်။

ဒီလူ တိုင်းပြည်ဘုရင်ဖြစ်လာတဲ့ အကြောင်းအရင်းက ရှိနေတာပဲ။ ကြီးမြတ်တဲ့သူနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရင်ဆိုတဲ့ ဂုဏ်ကိုတောင် စွန့်လွှတ်ပြီးတော့ ကူညီမှုအတွက် ကျေးဇူးတုံ့ပြန်ဖို့ပါ ပြင်ဆင်နေတယ်

ကျန်းယွင်ရှီးက တခြားသူကို ကပ်ပြီး အကျိုးအမြတ်ကို ယူတတ်သောသူတွေကို မကိုင်တွယ်ချင်သလို ဘုရင်ကြီး၏ အပြုအမူနှင့် ပတ်သက်ပြီးတော့လည်း သက်တောင့်သက်သာ ဖြစ်သည်ဟု မခံစားရပေ။

ဘုရင်ကြီး ကျေးဇူးတင်နေတာကလည်း ရှန်ထျန်း ဖြစ်နေပြီးတော့ ကျင့်ကြံသူတွေအများကြီး သူ့ကို လေးစားကြတာကလည်း မကောင်းသော အရာမဟုတ်သလို ရှန်ထျန်း၏ အနာဂတ်တိုးတက်မှုအတွက်ပါ အထောက်အကူ ဖြစ်လာနိုင်သည်။

“ ကျွန်မကတော့ ဒီလိုဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ခဏလောက် စောင့်ပြီးတော့ ဒီမြူခိုးတွေ အဝေးရောက်သွားမှ နည်းနည်းလောက်ထပ်ပြီးတော့ ဆွေးနွေးကြတာပေါ့”

ယခုထိ နန်းတော်အပြင်ဘက်တွင်ရှိနေသေးသော ဝိညာဉ်မြူခိုးများကို ကျန်းယွင်ရှီး အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်

“ အဲဒီမတိုင်ခင်အထိတော့ ကာကွယ်ရေးအစီအရင်ထဲကနေ မထွက်ပါနဲ့။ ကျွန်မတို့ ဂရုစိုက်ရမယ်။ ဒါက နတ်ဆိုးတွေ စီစဉ်ထားတဲ့ ထောင်ချောက်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ အခုထွက်သွားရင် သူတို့ထောင်ချောက်ထဲ ဝင်သွားတာမျိုး ဖြစ်သွားနိုင်တယ်”

သူမ ပြောတာကို အကုန်လုံးကြားကြောင်း အတည်ပြုပြီးနောက် ကျန်းယွင်ရှီးက မြေပြင်ပေါ်တွင် ထိုင်ချကာ စတင် လေ့ကျင့်တော့သည်။ သူမက ကာကွယ်ရေးအစီအရင်ကြောင့် အားအင်တွေ အများကြီး ကုန်ခမ်းသွားသည့်အတွက် ယခု အနားယူဖို့ လိုအပ်နေသည်။

ဂိုဏ်းတူမောင်လေး မင်း ဘယ်ရောက်နေမှန်း မသိပေမဲ့ လုံခြုံဖို့ မျှော်လင့်ပါတယ်

နန်းတော်ထဲရှိလူတိုင်း၏ စိတ်ကိုစိုးမိုးထားသော ရှန်ထျန်းက ပြင်းထန်သော ပြဿနာတစ်ခုကြောင့် ဒေါသထွက်နေသည်။

သူက ကျောက်တုံးကြီးနောက်မှာ ပုန်းနေဆဲဖြစ်ကာ သူ့လက်ထဲမှာလည်း အမျိုးသမီး အဝတ်အစားတစ်စုံကို ကိုင်ထားသည်။

ရှန်ထျန်းကို ကြည့်ရတာ ဘာလုပ်ရမယ်မှန်းမသိ ဖြစ်နေပုံပေါ်သည်။

အိုး…အခက်တွေ့လိုက်တာ

All Chapters