← Chapters

ကံကောင်းသူအားလုံး သေသင့်တယ်

Vol. 11-16 Ch. 151

ကံကောင်းသူအားလုံး သေသင့်တယ်

Vol. 11-16 Ch. 151

အခန်း  (၁၅၁)  : ကံကောင်းသူအားလုံး သေသင့်တယ်

ရှန်ထျန်းတစ်ယောက် အရင်ကတည်းက လေ့လာစမ်းသပ်ခဲ့ဖူးပေသည်။ အခြားသူများနှင့် ကံအပြောင်းအလဲ အခွင့်အရေးကို မျှဝေယူလိုက်လျှင် သူ့ကံကြမ္မာလည်း တိုးတက်လာလေ၏။

အခြားသူများကို ကံအပြောင်းအလဲ အခွင့်အရေး ကြီးကြီးမားမား ပေးလေလေ သူ့ကံကြမ္မာလည်း ပိုမြင့်လာလေလေ ဖြစ်သည်။ အကျိုးမြတ် ၅၀ ရာခိုင်နှုန်းက သူ လက်ခံနိုင်သည့် အမြင့်ဆုံးပမာဏ ဖြစ်၏။

သို့သော်လည်း သူက လိင်ကွဲ အဝတ်အစား ဝတ်ဆင်ခြင်းက ကံကောင်းမှု တိုးတက်စေလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူးခဲ့ပေ။ ဤသည်မှာ အဓိပ္ပါယ်မရှိချေ။

ကောင်းကင်တာအိုက လိင်ကွဲဝတ်စုံကို ကြိုက်တဲ့ နှာဗူးကြီးလား …

ရှန်ထျန်းက သူ့ဘေးနားရှိ ပဉ္စမ နတ်မိုးကြိုး (မြေ)ကို သန့်စင်ရင်း တွေးမိသွားလေသည်။

ရုတ်ချည်းဆိုသလို သူ အရာအားလုံးကို နားလည်သဘောပေါက်သွားသည်။

သူ့ကံကောင်းမှု တိုးတက်လာစေသည့် အကြောင်းအရင်းမှာ လိင်ကွဲ အဝတ်အစား ဝတ်ဆင်လိုက်သောကြောင့် မဟုတ်ဘဲ ကျောက်ဟောင်တစ်ယောက် ပြန်လည် ကောင်းမွန်သွား၍သာ ဖြစ်ရမည်။

ကျောက်ဟောင်တွင် အနက်တစ်ဝက် ရွှေရောင်တစ်ဝက် ရောင်ဝါစက်ဝန်း ရှိသည် မဟုတ်ပါလော။ ဤအရာမှာ ထူးခြားလွန်း၏။

လက်ရှိ ဓားအသျှင် ချန်းယန်ဆီမှ နန်မင်လီ မီးတောက် ဇစ်မြစ်နှင့်အတူ ကံအပြောင်းအလဲ အခွင့်အရေးကို ရရှိထားပြီး သူ့ခန္ဓာကိုယ် ပြန်ကောင်းမွန်လာခြင်းသာ ဖြစ်ရမည်။

လုကျီက ဓားအသျှင် ချန်းယန်ကို အနိုင်ယူလိုက်သော်လည်း နန်မင်လီ မီးဓာတ် ဇစ်မြစ်က သူ့ဝိညာဉ်တစိတ်တပိုင်းဖြင့် လွှတ်မြောက်သွားခဲ့လေသည်။

ဤအချိန်ကား ကျောက်ဟောင်တစ်ယောက် ဓားအသျှင်နှင့် တွေ့နေလောက်လေပြီ။ ရှန်ထျန်းအနေနှင့် ကျောက်ဟောင်အား တောင်ကြားထဲ စောင့်နေဖို့ ပြောခဲ့သောကြောင့် ကျောက်ဟောင်ကို ကူညီပြီးသား ဖြစ်သွားလေပြီ။ ဤနည်းဖြင့် သူ့ကံကောင်းမှုလည်း တိုးတက်လာရသည်။

သူ့ရောင်ဝါစက်ဝန်း အစိမ်းပုတ်ရောင် ပြန်ဖြစ်လာသည်မှာ သာမန်ကိစ္စသာ ဖြစ်ပေသည်။

ထိုအကြောင်းကို တွေးလိုက်မိပြီးနောက် ရှန်ထျန်း သူ့ဘာသာ စိတ်သက်သာရာရသွားတော့သည်။

လိင်ကွဲ အဝတ်အစား ဝတ်တာ မပါလို့ တော်သေးတာပေါ့ … မဟုတ်ရင် ငါတော့ ခဏတိုင်း ဝတ်နေရတော့မှာပဲ …

ရှန်ထျန်းက အခွင့်အရေး ရှိသည်နှင့် ဤရယ်စဖွယ် အဝတ်အစားများကို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်ထားလိုက်သည်။ ဤသည်မှာ မည်သူမှ မသိသင့်သည့် သူ့ဘဝ၏ အမှောင်ဖြစ်ရပ်တစ်ခုသာ ဖြစ်၏။ ရှန်ထျန်း ဝတ်ဆင်သည်မှာလည်း နောက်ဆုံးအကြိမ် ဖြစ်ပေသည်။

ဤသည်မှာ ရှက်စရာကောင်းလွန်းလှသောကြောင့် နောက်တစ်ခါ ဘယ်တော့မှ မလုပ်တော့ပေ။

ရှန်ထျန်းအပြင် လုကျီကလည်း အတိဒုက္ခစမ်းသပ်ချက်ကို ကျော်ဖြတ်နေဆဲ ဖြစ်၏။

ဦးခေါင်းပြတ်သွားသော ချီလင် နတ်မိုးကြိုးက အားပျော့သွားကာ ခဏလေးအတွင်း နှိမ်နင်းခံလိုက်ရသည်။ နတ်မိုးကြိုးမှာ လျှပ်စီးပွားများအဖြစ် ပြောင်းလဲသွားပြီး တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

လုကျီ ပေါ်လာသည့်အခါ သူမ မျက်နှာမှာ အရမ်းကို ဖြူဖျော့နေပြီး ချပ်ဝတ်လည်း ပျက်စီးနေသောကြောင့် အရမ်းဖော်ပြထားသလို ဖြစ်နေသည်။ သူမ ခန္ဓာကိုယ်တွင် ဒဏ်ရာအပြည့် ဖြစ်နေပြီး  ဒဏ်ရာများပေါ်တွင်လည်း မိုးကြိုးသွားများ တစ်လက်လက် ဖြစ်နေသေး၏။ ထို့ကြောင့် လုကျီအား ဒဏ်ရာများကို ပြန်ကုစားဖို့ ခက်ခဲစေသည်။

နတ်မိုးကြိုးငါးပါးကို ခံယူပြီးနောက် သူမက အင်အားအများစု ထုတ်သုံးခဲ့ရသည်။ သူမက အနိုင်ရရှိသွားသော်လည်း ဓားအသျှင် ချန်းယန်ကြောင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့သေးသည်။

သူ့ဓားအရှိန်အဝါထဲ၌ နန်မင်လီ မီးတောက် ပါရှိနေသည့်အတွက် နေမင်းစွမ်းအားလည်း ပါဝင်နေသည်။ ဓားအရှိန်အဝါက အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ပင်မကိုယ်ထည်ကို ထိုးဖောက်သွားခဲ့ပြီး နန်မင်လီ မီးတောက်က လုကျီ၏ ခန္ဓာကိုယ်အတွင်း အပြင်းအထန် လောင်မြိုက်သွားလေသည်။

ယခု သူမက အားအကောင်းဆုံး အခြေအနေ မဟုတ်တော့ဘဲ ကန့်သတ်ချက်သို့ ရောက်ရှိနေလေပြီ။

သို့သော်လည်း သူမအနေနှင့် မပြီးဆုံးသွားသေးပေ။ အားအပြင်းဆုံး မိုးကြိုးစမ်းသပ်ချက်က စောင့်နေသေး၏။

လေထုထဲရှိ မိုးကြိုးစွမ်းအားက အပြင်းအထန် တုန်ခါလာကာ ကောင်းကင်တခွင် တိမ်မည်းများ စုစည်းလာလေသည်။ တိမ်များက ကီလိုမီတာတစ်ဝိုက်ရှိ ဝိညာဉ်ချီများကို ဆွဲယူကာ တိမ်တိုက်ထဲ ကြောက်မက်ဖွယ် ပုံရိပ်သဏ္ဌာန်ငါးခု ပေါ်လာသည်။

နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင် ဇာမဏီ၊ လိပ်နက်နှင့် စွမ်းပကား ချီလင် သဏ္ဌာန်တို့က ကောင်းကင်တခွင် ဟိန်းဟောက်ဟစ်ကြွေးနေကြသည်။

သိပ်မကြာခင် ဧရာမပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။ အရပ်ငါးမျက်နှာ၌ တစ်ဖက်ချင်းစီ ဒဏ္ဍာရီလာ သတ္တဝါပုံရိပ်အသွင် ယူထားကြသည်။

ထိုပုံရိပ်ကြီးဆီ စွမ်းအားငါးမျိုး စီးဆင်းလာပြီး တစ်ခုအဖြစ် ရောစပ်သွားကြသည်။

အဖြူရောင်၊ အပြာရောင်၊ အနက်ရောင်၊ အနီရောင်နှင့် အဝါရောင် လျှပ်စီးသွားများက တစ်ခုပြီးတစ်ခု ရောစပ်သွားကာ ရွှေရောင်တောက်တောက် ဖြစ်လာစေသည်။

အရောင်က ရှန်ထျန်း နဖူးရှိ ဓာတ်နှော နတ်မိုးကြိုးနှင့် ဆင်တူသော်လည်း ထိုအရာက ပို၍ မြင့်မြတ်ကာ စွမ်းအားကြီးပေသည်။

ထိုပုံရိပ်ကြီးကို မြင်ကာ ရှန်ထျန်းက နားလည်သွားလေသည်။

သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တော်ဝင်မိုးကြိုးကျမ်း၏ နောက်ဆုံးအခန်းကို ပြန်စဉ်းစားမိသွားသည်။ ဤသည်မှာ လျို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်သည့် ကပ်ဘေးတဖန် ဖြစ်၏။ ဤသည်မှာ မိုးကြိုးစမ်းသပ်ချက်မှတဆင့် မိုးကြိုးကျင့်စဉ်များ၏ အခြေခံကို နားလည်ခြင်းအကြောင်း ရေးသားထားခြင်း ဖြစ်၏။

ဤသည်မှာ တော်ဝင်မိုးကြိုးကျမ်း၏ အဓိကအပိုင်းဖြစ်ပြီး နတ်မိုးကြိုးငါးပါး ကျင့်စဉ် ကျင့်ကြံသူများကို ဓာတ်နှော နတ်မိုးကြိုး ဖွဲ့စည်းနိုင်ဖို့ ထောက်ပံ့ပေးနိုင်သည်။

ထို့ကြောင့် အံ့ဖွယ်မိုးကောင်းကင်၏ တော်ဝင်မိုးကြိုးကျမ်းက မိုးကြိုးစမ်းသပ်ချက်မှ ဆိုလိုရင်း နားလည်အောင် လုပ်ဖို့ လိုအပ်နေသည့် အားအကောင်းဆုံး အမွေအနှစ် ကျင့်စဉ် ဖြစ်နေခြင်း ဖြစ်၏။

ရှန်ထျန်းက မိုးကြိုးဧကရာဇ်ကို အမှန်တကယ် လေးစားမိသည်။ သူက ကောင်းကင်မိုးကြိုးစမ်းသပ်ချက်အား သူ့ဆရာအဖြစ် အသုံးချမှတ်ယူပြီး တုပကာ အောင်မြင်အောင် လုပ်နိုင်ခဲ့သည်။

သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ မိုးကြိုးဧကရာဇ် ဖြစ်နေတာ မထူးဆန်းတော့ဘူး … သူက တကယ်ကို ပါရမီရှင်ပဲ …

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကား အားကြီးခဲ့သည်မှာ မထူးဆန်းတော့ပေ။

ဤကျင့်စဉ်က တကယ်ကို စွမ်းအားကြီးလွန်းလှသည်။

ရှားပါးလှသည့် အခွင့်အရေး ဖြစ်နေမှန်း သိရှိပြီးနောက် ရှန်ထျန်းတစ်ယောက် ကောင်းကင်မှ မိုးကြိုးပုံရိပ်သဏ္ဌာန်ကို လေ့လာဖို့ ဆန်းကြယ်လျို့ဝှက် ကျင့်စဉ်ကို မြန်မြန် ထုတ်သုံးလိုက်သည်။ ကျင့်ကြံသူတိုင်းက ဤသို့ ဓာတ်နှောမိုးကြိုး စမ်းသပ်ချက်နှင့် တွေ့ကြရသည် မဟုတ်ချေ။ ဤသည်မှာ အလွန်ရှားပါးလှ၏။

ရှန်ထျန်းက အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်သည့်အတွက် သူ့ဓမ္မအခြေခံအုတ်မြစ်ကို တတ်နိုင်သမျှ အခိုင်မာဆုံး တည်ဆောက်ဖို့ လိုအပ်ပေသည်။ တိုက်တိုက်ဆိုင်ဆိုင် သူ့တွင် နတ်မိုးကြိုးငါးပါး ရှိနေပြီး သူ့ဓမ္မအခြေခံအုတ်မြစ်တွင်လည်း ငါးဖက် ရှိကာ တစ်ဖက်ချင်းစီကား ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်စီကို ကိုယ်စားပြုနေသည်။ ဤသည်မှာ ကောင်းကင်ရှိ သဏ္ဌာန်ကြီးနှင့် အလွန်ဆင်လှ၏။

ရှန်ထျန်းက ဤအခွင့်အရေးကို လက်လွှတ်မခံလိုပေ။

ထို့ကြောင့် သူက ဓမ္မစွမ်းအားကို မြန်မြန် ဆင့်ခေါ်လိုက်ပြီး ဓမ္မအခြေခံအုတ်မြစ်ကို စတင် တည်ဆောက်လိုက်တော့သည်။

ကောင်းကင်တခွင် ရှိနေသည့် အံ့ဖွယ်သင်္ကေတများက သူ့ဓမ္မအုတ်မြစ်ပေါ် ထိုးထွင်းလိုက်သည့်အရာများနှင့် တူညီနေသည်။ ထိုသင်္ကေတများက အလွန်ဆန်းကြယ်သောကြောင့် ရှန်ထျန်းအနေနှင့်  နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို သိထားလျက်နှင့်ပင် အပြည့်အဝ နားမလည်ပေ။

စာမေးပွဲ တစ်ခုကဲ့သို့ ဖြစ်၏။ သူက မေးခွန်းနှင့် အဖြေကို နားမလည်သော်လည်း အဆင့်များကို ကူးချရင်း အမှတ်ရအောင် ယူနိုင်ဆဲ မဟုတ်ပါလော။

ရှန်ထျန်းက ထိုသင်္ကေတများကို ပြုလုပ်ရင်း အာရုံအရမ်းစိုက်ထားသည်။ သောင်ပြင်ပေါ် သဲရဲတိုက် တည်ဆောက်နေသလိုမျိုး မဟုတ်ပေ။ သူသာ  ဂရုမစိုက်မိပါက ချီဖောက်ပြန်သွားနိုင်သည်။

သို့သော်လည်း ကပ်ဘေးတဖန်က အမှန်တကယ် ဆန်းကြယ်လွန်းသောကြောင့် ရှန်ထျန်း၏ ဓမ္မအခြေခံအုတ်မြစ်နှင့် ပတ်သတ်၍ မှားယွင်းနေမှု မရှိပေ။ ထို့အစား သူ့ဓမ္မအခြေခံအုတ်မြစ်မှ ထူးခြားဆန်းကြယ်သော အငွေ့အသက်တို့ ထွက်ပေါ်လာလေသည်။

အပေါ်ယံရှိ နတ်မိုးကြိုးက ပျောက်ကွယ်သွားကာ ရှန်ထျန်းက သူ့ခန္ဓာကိုယ်မှာ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်နှင့် အတူတူ တည်ဆောက်ထားသကဲ့သို့ လှုံ့ဆော်လိုက်သလိုမျိုး ခံစားလိုက်ရသည်။

ရှန်ထျန်းက ထောင့်တစ်နေရာ၌ သူ့ဓမ္မအခြေခံအုတ်မြစ်ကို တည်ဆောက်ကာ ကပ်ဘေးတဖန် ကျင့်စဉ်ကို တိတ်တိတ်လေး ကျင့်ကြံနေသည်။

ဖြည်းဖြည်း ငြိမ်ငြိမ်လေး ဖြစ်၏။

တစ်ဖက်တွင် လုကျီက ကောင်းကင်ရှိ နတ်မိုးကြိုးစွမ်းအားကြောင့် စိတ်ဓာတ်ကျလာမိသည်။

ထိုပုံရိပ်ကြီး၏ ဘေးဘယ်တွင် စွမ်းပကား ချီလင်၏ စွမ်းအား ရှိနေပြီး ယခုသာ တိုက်ခိုက်လိုက်ပါက သူမအနေနှင့် ဒဏ်ရာမရလျှင်ပင် အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိတော့ပေ။

သူမအနေနှင့် ဆဌမ နတ်မိုးကြိုးကို ကျော်ဖြတ်၍ အသက်ရှင်ဖို့ရာ မဖြစ်နိုင်သလောက်နီးပါး ဖြစ်၏။

လုကျီက နတ်မိုးကြိုးကို စိုက်ကြည့်ကာ အော်ပြောလိုက်သည်  “ ကောင်းကင်တာအိုက မတရားဘူး … ထားပါတော့ ကျွန်မ အရှုံးကို ဝန်ခံတယ်။ ဒါပေမဲ့ ကျွန်မ လွယ်လွယ်လေးတော့ သေမှာ မဟုတ်ဘူး ”

ဝုန်း …

တောင်ကြားတစ်ခုလုံးက စတင်ပြိုကျလာကာ ဧရာမ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကြီး တစ်ခုလုံး ပေါ်ထွက်လာသည်။

မြစိမ်းရောင်နှင့် အလင်းများတောက်ပနေလေသည်။ သို့သော်လည်း အမြစ်များနှင့် နွယ်ကိုင်းများက စတင် ပုတ်ဆွေးလာလေပြီ။ သူတို့က လှလှပပ သွင်ပြင်တို့ ပျောက်ဆုံးသွားကာ သလင်းကျောက်သဖွယ် အရည်ကြည်စက်လေးများ ဖြစ်ပေါ်လာသည်။

ရှန်ထျန်းက ထိုအရည်ကို မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားလေသည်။

ဤသည်မှာ သူ ဖန်ချန်း ရောင်ဝါစက်ဝန်းထဲ၌ မြင်တွေ့ခဲ့ရသော ပုံရိပ် ဖြစ်၏။

ဖန်ချန်းက မြူခိုးဟင်းလင်းပြင်ထဲ လျှောက်သွားရင်း အလွယ်တကူ တွေ့ခဲ့သော်လည်း သူ့အလှည့်ကျ ဘာလို့များ ပြဿနာများ မပြီးနိုင်မစီးနိုင် ကြုံတွေ့နေရသနည်း။

ယခုလက်ရှိ ရှန်ထျန်း စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။

ကံကောင်းသူအားလုံး သေသင့်တယ် …

All Chapters