← Chapters

သူ တစ်ခုခုများ ဖြစ်နေတာလား … ငါ မြန်မြန် လိုက်သွားမှပါ

Vol. 11-16 Ch. 153

သူ တစ်ခုခုများ ဖြစ်နေတာလား … ငါ မြန်မြန် လိုက်သွားမှပါ

Vol. 11-16 Ch. 153

အခန်း (၁၅၃)  : သူ တစ်ခုခုများ ဖြစ်နေတာလား … ငါ မြန်မြန် လိုက်သွားမှပါ

အရှေ့ပိုင်းလွင်ပြင်၊ မြူခိုးမြို့တော်၏ တော်ဝင်နန်းတော် …

အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည်မှာ တစ်ရက် ရှိသွားလေပြီ။

အံ့ဖွယ်မိုးကောင်းကင်၏ အကာအကွယ် အစီအရင်က အလုပ်လုပ်နေသေးသည့်အတွက် အားလုံးက မျှော်လင့်ချက်ကြီးလာကြသည်။

သူတို့က မြူခိုးများ တဖြည်းဖြည်း လွင့်ပျယ်သွားပြီး ယခင်လောက် မသိပ်သည်းတော့ကြောင်း သတိပြုမိလိုက်ကြသည်။ သူတို့နတ်ဘုရား အသိစိတ်အပေါ် သက်ရောက်မှု ရှိနေသေးသော်လည်း ယခင်ထက် အခြေအနေကောင်းလာလေသည်။ သူတို့အမြင်အာရုံလည်း တိုးတက်လာလေ၏။

ကျင့်ကြံသူအားလုံးက ပျော်ရွှင်ဝမ်းသာနေကြသည်။ အချိန်အတော်ကြာ ဖုန်းလိုင်းပျောက်နေပြီးနောက် ဖုန်းလိုင်း ပြန်မိလိုက်သလို ခံစားချက်မျိုး ဖြစ်နေသည်။

လျို့ဝှက်မြူခိုးတိုင်းပြည်၏ အရှင်ဘုရင်က ကျင့်ကြံသူအားလုံးကို မြူခိုးများ အကုန်ကင်းစင်သွားပြီးနောက် ရှန်ထျန်းအတွက်  ရွှေရုပ်တု ထုဆစ်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကျန်းယွင်ရှီးမှလွဲ၍ နန်းတော်တွင် ရှိနေကြသော အားလုံးက ပျော်ရွှင်နေကြသည်။ ရှန်ထျန်းက မြူခိုးဟင်းလင်းပြင်ထဲ ကြိုးကိုင်သူကို သွားရင်ဆိုင်တာ မဟုတ်ကြောင်း  သူမ တစ်ဦးတည်းသာ သိထားပေသည်။

 ဒီနေရာမှာ ကုန်ဆုံးသွားတဲ့ တစ်စက္ကန့်ချင်းစီက ဂိုဏ်းတူမောင်လေးရှန်ဆီ အန္တရာယ်ပိုကြီးသွားစေလိမ့်မယ် …  ငါ ထပ်စောင့်နေလို့ မဖြစ်တော့ဘူး …

ကျန်းယွင်ရှီးက လျို့ဝှက်တိုင်းပြည်၏ အရှင်ဘုရင်ကို ပြောလိုက်သည်

“အထွတ်အထိပ်ရှင်တွေကို ဒီအစီအရင် ဆက်ထိန်းထားပေးဖို့ အသိပေးထားပါဦး။ ကျွန်မ အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်။ ကျွန်မ ပြန်မလာခင်အထိ ဒီနန်းတော်ကနေ ဘယ်သူမှ ထွက်သွားခွင့်မပြုဘူး ”

ထို့နောက် မြူခိုးအတွင်း ဝင်ရောက်မသွားခင် ကျန်းယွင်ရှီး၏ ငွေဖြူရောင် ချပ်ဝတ်က တောက်ပလာလေ၏။

ကျန်းယွင်ရှီးက မြူခိုးအနက်ပိုင်းထဲ သွားလေလေ သူမ နတ်ဘုရားအသိစိတ်ပေါ် သက်ရောက်မှု ရှိလာလေလေ ဖြစ်သည်။

သူမက ဖြည်းဖြည်းချင်းဖြင့် ဦးတည်ရာကိုပင် ဇဝေဇဝါ ဖြစ်လာမိသည်။ သူမက ဤမြူခိုးများသည် ထူးခြားပြီး ကျင့်ကြံသူတစ်ယောက်၏ အာရုံအကုန် ပိတ်ဆို့ထားနိုင်ကြောင်း သိထားသည်။ ကံကောင်းစွာဖြင့် မြူခိုးများက မသိပ်သည်းနေတော့သည့်အတွက် ကျန်းယွင်ရှီးတစ်ယောက် စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားနိုင်သွားခဲ့သည်။

ဝေါင်း …

ကျားဖြူ သဏ္ဌာန်ပေါ်လာပြီးနောက် သူမ ဝန်းကျင်ရှိ မြူခိုးများက အနည်းငယ် လျော့ကျသွားသည်။

နောက်ဆုံးတွင် ကျန်းယွင်ရှီးက နောက်ကျောမှ ဓားရှည်ကို ဆွဲယူကာ မြူခိုးများကို ဝေ့ယမ်းချလိုက်သည်။  သိပ်မကြာခင် သူမလည်း မြူခိုးနယ်ပယ်ထဲမှ ထွက်လာနိုင်သွားသည်။ ထိုအခါမှ သူမ အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။

သို့သော်လည်း သူမအနေနှင့် ပျော်ရွှင်နေခြင်း မရှိပေ။ ရှန်ထျန်းက ပျောက်ဆုံးနေဆဲ မဟုတ်ပါလော။ သူ ဘယ်နေရာတွင် ရှိနေလဲ သူမအနေနှင့် သဲလွန်စ အရိပ်အယောင်ပင် မသိထားချေ။

ကျန်းယွင်ရှီးက အမှီအခိုကင်းသော်လည်း ဤအရာကား သူမ တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းနိုင်သည့်အရာ မဟုတ်ချေ။

သူမက အိတ်ကပ်ထဲမှ အမှတ်အသားပြား ထုတ်ယူလိုက်ပြီး ဓမ္မစွမ်းအား သွန်းလောင်းလိုက်သည် “ ဖေဖေ .. သမီးအသံ ကြားရလား။ သမီး တင်ပြစရာလေး ရှိလို့ပါ ”

…………….

ထိုအချိန် အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်အတွင်း အထွတ်အမြတ်မြေ ဂိုဏ်းချုပ်၏ စံအိမ်တော်၌ …

ဂိုဏ်းချုပ်က ပုလ္လင်ပေါ်တွင် ထိုင်နေကာ ခန္ဓာကိုယ်ကား အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသည်။

စံအိမ်တော်အလယ်၌ ကြာပြာ ကောင်းကင်အသျှင်က တတွတ်တွတ် ပြောနေလေသည်။

“ ညီလေး … မင်း ဘာလို့ ငါ့ကို လိမ်ရတာလဲ။ ငါက တစ်ရက်တာ မှတ်ဉာဏ် ဘာလို့ ပျောက်သွားရတာလဲ ”

ဂိုဏ်းချုပ်က မဆိုစလောက်လေး ပြုံးကာ အသာပြန်မေးလိုက်သည်  “ အဲကိစ္စက ကျွန်တော်နဲ့ ဘာများဆိုင်လို့လဲ ”

ကြာပြာ ကောင်းကင်အသျှင်က နှာခေါင်းရှုံ့ကာ

“ ဟန်ဆောင်မနေစမ်းပါနဲ့ကွာ … ငါ နှစ်ခါတောင် စစ်ပြီးသွားပြီ။ ငါ့မှတ်ဉာဏ် ပျောက်တဲ့နေ့က ရှန်ထျန်းကို ပြန်ခေါ်လာတဲ့နေ့ပဲ။ ငါ အကုန် မေးထားပြီးပြီ။ အဲဒီနေ့တုန်းက ညီမရွှေကြာလည်း ရှိခဲ့တယ်တဲ့ … မင်းတို့တွေ အဲဒီရက်တုန်းက တစ်ခုခု ကြံစည်နေတာ အသေအချာပဲ … ”

ထို့နောက် သူက ရုတ်ချည်း တစ်ခုခု အမှတ်ရသွားဟန်ဖြင့် အော်ပြောလိုက်သည်  “ အာ ငါ သိသွားပြီ … ယင်ယန် နတ်မိုးကြိုး ဖန်တီးခဲ့တာ ငါမလား။ မင်းတို့တွေက ငါ့ဖန်တီးမှုကို အပိုင်သိမ်းပြီးတော့ ကိုယ်ကျိုးအမြတ်ရှာချင်နေကြတာမလား …

ကျန်းလုံယွမ် မင်း ဒီလိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့  ထင်မထားမိဘူး။ ငါကတော့ မင်းကို ဒီတစ်လျှောက်လုံး ညီလေးတစ်ယောက်လို ဆက်ဆံပေးခဲ့လိုက်ရတာ … ”

ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာက ဝမ်းနည်းမှုအတိ ဖြစ်နေသည်။ သူက သစ္စာဖောက်ခံလိုက်ရသလို ခံစားနေရလေ၏။

ဂိုဏ်းချုပ် ခန္ဓာကိုယ်တစ်ဝိုက် မိုးကြိုးအရှိန်အဝါများက အပြင်းအထန် ခုန်ပေါက်လာလေသည်။ သူ့အစ်ကိုကြီးဖြစ်သူက အရှက်မရှိမှန်း သိထားသော်လည်း သူ့ဆီမှ ဤစကားထွက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်  “ အစ်ကိုကြီးဆီ သက်သေရှိလို့လား။ သက်သေ မရှိဘဲ  ဒီလိုတွေ ဘာတွေလျှောက်ပြောနေတာလဲ ”

ကြာပြာ ကောင်းကင်အသျှင်က ပြန်လည် ချေပလိုက်သည်

“ ငါက မင်းကို သက်သေမရှိဘဲ အပြစ်တင်နေတာလား။ အဆင့် ၅ မေ့ပျောက်ဆေးလုံးက ပေါပေါများများ ရှိတယ်များ ထင်နေလား။ ငါ့မှတ်ဉာဏ် ဖျက်ပစ်နိုင်စေဖို့ဆိုရင် အနည်းဆုံး အဆင့် ၆ တပိုင်း မေ့ပျောက်ဆေးလုံးမှ ရမယ်။ ဒီအထွတ်အမြတ်မြေထဲမှ မင်းကလွဲရင် ဒီလိုပစ္စည်းမျိုး ဘယ်သူက ဆောင်ထားမှာလဲ … ပြောစမ်းပါဦး …

ပြီးတော့ မင်း ပြောတော့ ငါက ကျားနဂါးဆွဲပြားကို ပျောက်သွားတဲ့သူဆို လာစွပ်စွဲသေးတယ်မလား။ ငါ အဲဒါကိုလည်း ပြန်စစ်ဆေးပြီးသွားပြီ။ ကျားနဂါးဆွဲပြားကလည်း အဲဒီရက်ကပဲ ပျောက်သွားခဲ့တာပဲ …

ကျန်းလုံယွမ် … ငါ့ကို ဘယ်လိုများ လုပ်ရက်ရတာလဲ။ ငါက မင်းကို ညီအစ်ကိုလို တွေးထားတာကို အခုတော့ စိတ်ထိခိုက်ရတယ်။ ဝိညာဉ်တောင် ဆယ်လုံးလောက်နဲ့မှ စိတ်ဒဏ်ရာ ပြန်ကောင်းနိုင်လိမ့်မယ် ”

ကြာပြာ ကောင်းကင်အသျှင်က ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ဖော်လာကြောင်း သိပြီးနောက် ဂိုဏ်းချုပ်က စိတ်အေးသွားတော့သည်။

ဂိုဏ်းချုပ်က ပြန်ဖြေလိုက်၏

“ အစ်ကိုကြီးက မှတ်ဉာဏ် ပြန်လိုချင်နေတာဆိုတော့ အဖြစ်အပျက်ကို ပြန်ပြောပြပေးမယ်လေ ”

ထို့နောက် သူက ပုလ္လင်ကို ထိလိုက်သည့်အခါ အလင်းတန်းတစ်ချက် ဖြာကျလာကာ ရှန်ထျန်းနှင့် တာအိုကိုယ်တော်ကြီးတို့၏ သုံးဖက်မြင် ပုံရိပ် ပေါ်လာလေ၏။

ဂိုဏ်းချုပ်က သူ့အစ်ကိုကြီးအား ထို့နေရက်မှ အဖြစ်အပျက်ကို ပြန်လည် ဖန်တီးပြသလိုက်သည်။

ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင် သဘောတရားအကြောင်းကိုတော့ ပုံရိပ်ထဲ မပြသထားပေ။ ဂိုဏ်းချုပ်၏ စံအိမ်တော်အတွင်း ဖြစ်ပျက်ခဲ့သည့် ကျန်ဖြစ်ရပ်များအား ပုံမှန်အတိုင်း ပြသထားသည်။

ကြာပြာ ကောင်းကင်အသျှင်က ကြည့်နေရင်း အံ့ဩလာလေသည်။

“ ငါ နောင်တရမိရင် ငါ ခွေးမသားပဲကွာ ”...

“အစ်ကိုကြီး အရင်ဆုံး ငါက ခွေးမသားဆိုတာလေး ပြောလိုက်ပါဦး ”

...

“ ငါက ခွေးမသားပါ ”

...

“ အခြေအနေသုံးခုကို လိုက်လျောရမယ် ”

...

“ တကယ်လို့ အစ်ကိုကြီးက ထျန်းအာကို မီးစာကျမ်း သင်မပေးတာမျိုး ဒါမှမဟုတ် သင်ပေးရင်းနဲ့ တစ်ခုခု ချန်ဝှက်ထားတာမျိုးဆို ဒီသဘောတူညီချက်ကို ချိုးဖောက်တာနဲ့ အတူတူပဲ ”

...

“ နောင်တရမိရင် ငါ ခွေးမသားပဲ ”

...

“ ငါ့စကားကို ပြန်မရုတ်သိမ်းဘူး ဟားဟား … ”

…

နောက်ဆုံးတွင် ပုံရိပ်များကား အဆုံးသတ်သွားလေပြီ။

ဂိုဏ်းချုပ်အနားရှိ မိုးကြိုးအရှိန်အဝါတို့က ယခင်က တစ်ခါမှမဖြစ်ဖူးသကဲ့သို့ အပြင်းအထန် စတင် တုန်ခါလာသည်။ သူ့အသံပင် တုန်တုန်ယင်ယင် ဖြစ်နေလေ၏  “ အစ်ကိုကြီး မြင်တဲ့အတိုင်း ကျွန်တော်က ကတိတည်တယ်လေ”

ကြာပြာကောင်းကင်အသျှင်က ရှက်သွားကာ အော်ပြောလိုက်သည် “ဒါလေးနဲ့တော့ လွတ်မပေးဘူး ”

ကြာပြာကောင်းကင်အသျှင်က စတင် တိုက်ခိုက်တော့မည့်အချိန် ဂိုဏ်းချုပ်က ခဏတာ ရပ်တန့်သွားလေ၏။ အိတ်ကပ်ထဲမှ ဂိုဏ်းချုပ် အမှတ်အသားပြား ပျံသန်းထွက်လာကာ ရုပ်ကြွပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုသူမှာ ကျန်းယွင်ရှီး ဖြစ်နေ၏

“ ဖေဖေ ... တင်ပြစရာလေး ရှိလို့ပါ ”

ဂိုဏ်းချုပ်က အသက်ပြင်းပြင်းရှုကာ သူ့ဘာသာ တည်ငြိမ်အောင် ထိန်းလိုက်လေသည်။

ကြာပြာကောင်းကင်အသျှင်က ဒေါသထွက်နေဆဲ ဖြစ်သော်လည်း ဘယ်အရာက ပိုအရေးကြီးကြောင်း ကောင်းကောင်း သိပေသည်။ မဟုတ်လျှင် သူ့ညီလေးက တကယ်ရိုက်တော့မည် မဟုတ်ပါလော။

“ ရှီးအာ ဘာဖြစ်တာလဲ ”

“ အဖေ .. မြူခိုးဟင်းလင်းပြင်ထဲ တစ်ခုခု ဖြစ်နေပြီ။ ကနဦးဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေက မြို့တော်ကို ဝင်တိုက်ခိုက်ကြတယ်”

“ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေကလား … အကူအညီအတွက် ဖန်ချန်းနဲ့ ယွင်ထင်ကို လွတ်ပေးလိုက်မယ် ”

ကျန်းယွင်ရှီးက ခေါင်းခါကာ

“ သူတို့နဲ့ လုံလောက်မယ် မထင်ဘူး။ အရမ်းထူးဆန်းတယ်။ သိပ်မကြာခင် တစ်ခုခု ဖြစ်တော့မယ် ထင်တယ်။ မောင်လေး ယွင်တိနဲ့ ဓာတ်နှော နတ်မိုးကြိုး ရထားတဲ့ ကျင့်ကြံသူတွေက မြူခိုးမြို့တော်အတွင်း ပိတ်မိနေကြတယ် ”

“ အကုန်ပိတ်မိနေတာလား … အဲဒါဆို ကြာပြာကောင်းကင်အသျှင်ကို လွှတ်ပေးလိုက်မယ် ”

“ ပြီးတော့ မောင်လေးရှန်ကလည်း မြူခိုးမြို့တော်မှာပဲ … ဒါပေမဲ့ ပျောက်နေတာ တစ်ရက် ရှိသွားပြီ ”

ဂိုဏ်းချုပ် ဘေးနားရှိ အရှိန်အဝါတို့က ရုတ်ချည်း ပို၍ တုန်ခါလာလေ၏။

“ မြူခိုးမြို့တော်မလား … ငါ  အခုချက်ချင်း လာခဲ့မယ် ”

All Chapters