အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း (၂၄၁) - ဒီလိုဆိုရင် ဘယ်လိုလုပ် ဖြတ်ကျော်ရတော့မလဲ
"အဖြေက ဒါပါပဲဗျာ...”
ယခုအချိန်မှာ နေရောင်ခြည်တောက်ပနေသော အပြင်ဘက်ဖြစ်ရာ သဘာဝအတိုင်း အရိပ်ထင်ဟပ်နိုင်မည် မဟုတ်ပေ။
သို့သော် ရှုတောင်တပည့်များကလည်း လူမိုက်များမဟုတ်ကြချေ။
သူ ဤသို့ ပြင်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအထဲမှ လျှို့ဝှက်ချက်ကို အလိုအလျောက် သဘောပေါက်သွားကြလေသည်။
"ဒီပန်းချီကားလေးချပ်က မြေပြင်ပေါ်မှာ အပြန့်လိုက် ဆက်ရမှာမဟုတ်ဘဲ ထောင်ပြီးမှ ဆက်ရမှာကိုး ဒါကြောင့် ဆက်လို့မရဖြစ်နေတာ...”
"ထပ်နေတဲ့ မြင်ကွင်းတွေက အရိပ်ထင်ဟပ်လာမှ သေသေချာချာမြင်ရမှာပဲ...”
"..."
လူအများစုမှာ ရုတ်တရက်သဘောပေါက်သွားကြပြီး အံ့သြသံများ တစ်ဆက်တည်း ထွက်ပေါ်လာလေသည်။
ချက်ချင်းပင် အချို့က အလျင်စလိုပြန်ပျံသန်းသွားကြပြီး အမြန်စမ်းသပ်ကြည့်လိုကြသည်။
ခဏအကြာတွင်မူ စောစောကဆူညံနေခဲ့သော ဟုန်မြန်တောင်ထွတ်လေးမှာ ငှက်များ၊ သားရဲများ ထွက်ပြေးသွားသကဲ့သို့ ရှင်းလင်းသွားတော့၏။
ငွေဓားတောင်ထွတ်အဖွဲ့မှ လူများသာ ထိုနေရာ၍ကျန်ရစ်ခဲ့သည်။
"ငါတို့ ဒီရက်ပိုင်းအတွင်း စုစုပေါင်းဘယ်လောက်တောင် မြတ်သွားပြီလဲ...”
လင်းပေ့က စာရင်းမှတ်နေသော နောက်လိုက် (က) ကို မေးလိုက်သည်။
နောက်လိုက် (က) က ရိုးရှင်းစွာပင် စကားသုံးခွန်းဖြင့် ပြန်ဖြေလိုက်၏။
"အမြတ်များတာပဲ...”
...
ချူလျန်သည် ဒုတိယမြောက်သဲလွန်စ ညွှန်ပြနေသောနေရာကို တိုက်ရိုက် မပြောပြခဲ့ဘဲ အဖြေရှာသည့်နည်းလမ်းကိုသာ ပြသခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အခြားအဖွဲ့များမှလူများအားလုံး မိမိတို့နေရာသို့ ပြန်သွားကာ စမ်းသပ်ကြည့်ပြီးနောက်မှ ထိုနေရာမှာရတနာစေတီတောင်ထွတ်ရှိ ကျင်းချိုင့်ဝှမ်းဖြစ်ကြောင်း သိရှိသွားကြလေသည်။
ထိုကဲ့သို့ အထင်ကရနေရာမျိုးကို လူအများစုကမြင်သည်နှင့် တစ်ချက်တည်း သိရှိနိုင်ကြပြီး မသိသူအချို့ ရှိလျှင်ပင် နောက်ပိုင်း၌လွယ်ကူစွာ စုံစမ်းသိရှိနိုင်ပေသည်။
အကြောင်းမှာပျားအုံပျက်သကဲ့သို့ လူအုပ်ကြီးမှာ ထိုဘက်သို့ သွားနေကြပြီဖြစ်သောကြောင့်ပင်။
ရတနာစေတီတောင်ထွတ်ရှိ ကျင်းချိုင့်ဝှမ်းဖြစ်ကြောင်း ပထမဆုံးသိရှိသွားသူ လူဆယ်ကျော်ခန့်သည် ထိုနေရာသို့ အစောဆုံးရောက်ရှိသွားကြပြီး ဧရာမကျောက်တုံးကြီး၏နေရာကိုလည်း အလျင်အမြန်ရှာတွေ့သွားကြသည်။
သူတို့က ကျောက်တုံးကြီးကို တွန်းဖယ်ရန်ပြင်လိုက်ချိန်တွင် "ဝေါ...ဝေါင်းး..ဂါးး.." ဟူသော အော်သံတစ်ခုကို ကြားလိုက်ရလေသည်။
ငွေရောင်အလင်းတန်းတစ်ခုက လျှပ်စီးလက်သကဲ့သို့ပြေးဝင်လာ၏။
ဘုန်း...
ပိုင်ဇယ်လေးသည် ချူလျန်မှလွဲ၍ အခြားသူများကိုမူ ထိုမျှနူးညံ့သိမ်မွေ့ခြင်းမရှိပေ။
အထူးသဖြင့် ဤသည်မှာ ရှုတောင်အထက်လူကြီးများက ၎င်းကိုပေးအပ်ထားသော တာဝန်ဖြစ်ပြီး ပြစ်ဒဏ်ခံရခြင်းမရှိဘဲ လူများကိုစိတ်ကြိုက်ဝင်တိုက်ခွင့်ရှိနေသည် မဟုတ်ပါလော။
"အား..."
အနီးဆုံးတွင်ရှိနေသောတပည့်မှာ ချက်ချင်းပင်ကောင်းကင်ထက်မှ ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် ပြောင်းလဲသွားလေတော့သည်။
"ရှောင်ပိုင်ပဲ...”
တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။
"တောင်စောင့်နတ်သားရဲကတောင် အဆင့်သုံးစောင့်ကြပ်သူ ဖြစ်နေတာလား...”
"မလန့်ကြနဲ့…ရှောင်ပိုင်က တိုက်ခိုက်တာ မကျွမ်းကျင်ပါဘူး…ငါတို့ ဒီလောက်လူများတာဆိုတော့ သေချာပေါက်... နေပါဦး...”
"အဲဒါကြီးက ဘာကြီးလဲ...”
ပိုင်ဇယ်လေး၏ဝင်တိုက်မှု ရပ်တန့်သွားပြီး ၎င်း၏ပုံစံပေါ်လာသောအခါ အံ့ဩအော်ဟစ်သံများ ရုတ်တရက်ရပ်တန့်သွားလေသည်။
အကြောင်းမှာ ယခုအချိန်တွင် ၎င်း၏ပုံစံက ပုံမှန်ရက်များနှင့် အလွန်ကွာခြားနေသောကြောင့်ပင်။
၎င်း၏ခန္ဓာကိုယ်ပေါ်တွင် မူလအကြေးခွံများအပြင် ငွေရောင် ချပ်ဝတ်တန်ဆာတစ်ခုကိုပါ လွှမ်းခြုံထားသေးသည်။
ထိုအရာက ပေါ့ပါးသော်လည်း ကြံ့ခိုင်ပုံရပြီး ကာကွယ်ရေးမှော်ဝင်ပစ္စည်း တစ်မျိုးမျိုး ဖြစ်ရပေမည်…။
၎င်း၏ဦးချိုပေါ်တွင် ရွှေရောင်အဆောင်စာရွက်များကို အထပ်ထပ်ရစ်ပတ်ထားပြီး ကြည့်ရသည်မှာ ဝင်တိုက်မည့်အားကို ကြီးမားစွာတိုးမြှင့်ပေးနိုင်သော အဆင့်မြင့် သတ္တဝါကြီးအဆောင် ဖြစ်ပုံရသည်...။
၎င်း၏ခြေခွာလေးဖက်တွင် တိမ်ခိုးများရစ်ပတ်နေပြီး အမှန်တကယ်တော့ ဝိညာဉ်သားရဲများကို အမြန်နှုန်းမြှင့်တင်ပေးရန် သီးသန့်ထုတ်လုပ်ထားသော လေဟုန်စီးပုလဲတစ်လုံးစီကို ချည်နှောင်ထားခြင်းဖြစ်သည်...။
၎င်းအပြင် အခြားသောသိပ်မသိသာလှသည့် မှော်ဝင်ပစ္စည်းအချို့လည်း ပါရှိသေး၏။
ပိုင်ဇယ်လေးမှာ အပြည့်အစုံ တပ်ဆင်ထားလေပြီ။
မူလက ၎င်းသည် မွေးရာပါစွမ်းရည်အလွန်ထက်မြက်ပြီး ငယ်ရွယ်စဉ်မှာပင် ပဉ္စမနယ်ပယ်အဆင့် အမြန်နှုန်းနှင့် အင်အားရှိသော်လည်း တိုက်ခိုက်ခြင်းကို အမှန်တကယ်မကျွမ်းကျင်ဘဲ ခေါင်းနှင့်တိုက်ခြင်း တစ်ကွက်ကိုသာ တတ်ကျွမ်းပေသည်။
သာမန် ရှုတောင်တပည့်များက ၎င်း၏ပြိုင်ဘက်မဟုတ်ကြသော်လည်း တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ ပူးပေါင်းလိုက်ပါက ၎င်းကိုနှင်ထုတ်နိုင်စွမ်းရှိပေသည်။
ပုံမှန်အားဖြင့်ဆိုရလျှင် ဤအဆင့်သို့ရောက်လာချိန်တွင် အဖွဲ့သုံးဖွဲ့ သို့မဟုတ် ငါးဖွဲ့ခန့်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ထိုအဖွဲ့များ၏စွမ်းအားမှာလည်း အတော်အတန် ထူးချွန်ကြမည်ဖြစ်ရာ ဤအဆင့်၌ လုံးဝအခက်တွေ့သွားမည် မဟုတ်ပေ။
သူတို့ပြင်ဆင်ထားစဉ်က တောင်စောင့်နတ်ပွဲတော်အဖွဲ့တိုင်းနီးပါး ဤသဲလွန်စကို ရရှိသွားကြပြီး ယခုအခါ အသုံးမကျသောအုပ်စုကြီးတစ်ခုလုံး ရတနာစေတီတောင်ထွတ်ဆီသို့ အပြေးအလွှားလာကြလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ကြပေ။
ထို့ပြင် ပိုင်ဇယ်လေးမှာလည်း အထူးအဆင့်မြှင့်တင်ခံထားရသေးသည်။
ဒီလိုဆိုရင် ဘယ်လိုလုပ် ဖြတ်ကျော်ရတော့မလဲ။
ယခု မှော်ဝင်ပစ္စည်းများဝတ်ဆင်ထားသော ပိုင်ဇယ်လေးမှာ ၎င်း၏သန့်စင်သော အမြန်နှုန်းနှင့် အင်အားကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ထားလေရာ လုံးဝမတူညီတော့ပေ။
တတိယနယ်ပယ်ရှိတပည့်များအနေဖြင့် လူအင်အားသုံး၍ တိုက်ခိုက်လျှင်ပင် ၎င်းကိုအနည်းငယ်မျှပင် ဒဏ်ရာရစေနိုင်မည် မဟုတ်ချေ။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
ခေါင်းဖြင့်ဝင်တိုက်လိုက်သော တုံးတိတိအသံများ တစ်ဆက်တည်းထွက်ပေါ်လာပြီး ပထမဆုံးရောက်ရှိလာသော ရှုတောင်တပည့်တစ်ဆယ်ကျော်ခန့်မှာ မိုးရွာချသကဲ့သို့ အဝေးရှိသစ်တောထဲသို့ တဖွဲဖွဲကျဆင်းသွားကြလေသည်။
ထိုအထဲမှ ဝတုတ်တုတ်တပည့်ငယ်တစ်ဦးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း ပြင်းထန်သောဒဏ်ရာမရရှိခဲ့ပေ။
သို့သော် ချက်ချင်းပြန်မထနိုင်သေးချေ။
ထိုစဉ် ဘေးဘက်မှ လက်တစ်ဖက်ကမ်းလာပြီး သူ့ကိုဆွဲထူပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်...”
အဝလွန်နေသော လူငယ်လေးက ချက်ချင်းကျေးဇူးတင်စကား ဆိုလိုက်၏။
"ရပါတယ်…ဂိုဏ်းတူတွေကြားမှာ အပြန်အလှန်ကူညီရမှာပေါ့...”
တစ်ဖက်လူက ပြောလိုက်သည်။
လူဝလေးက ခေါင်းမော့ကြည့်လိုက်သောအခါ မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် အသားခပ်မည်းမည်း လူငယ်တစ်ဦး၏ မျက်နှာကို မြင်လိုက်ရသည်။
ကြည့်လိုက်သည်နှင့် ယန်စွမ်းအင် အပြည့်ရှိနေပုံပေါ်လေသည်။
ထိုသူကား လင်းပေ့ပင် ဖြစ်ပေသည်။
"ဒီစီနီယာအစ်ကိုကို... မြင်ဖူးသလိုပဲနော်...”
လူဝလေးက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ငါက ငွေဓားတောင်ထွတ်အဖွဲ့ကလေ…အရင်က မင်းကို ပထမအဆင့် သဲလွန်စအဖြေ ရောင်းပေးဖူးတယ်...”
လင်းပေ့က ပြုံးလျက် ပြောလိုက်သည်။
"ဪ... ဟုတ်သားပဲ၊ ကျွန်တော် မှတ်မိပြီ...”
လူဝလေးက မတ်တတ်ရပ်ကာ နာသွားသောတင်ပါးကို ပွတ်သပ်ရင်း ဆက်ပြောလိုက်သည်။
"ဒုတိယအဆင့် သဲလွန်စအဖြေကိုလည်း ခင်ဗျားတို့ဆီကနေ ယူထားတာပဲ...”
"အဖြေရပြီးနေပြီကို ဘာလို့မဝင်သွားကြတာလဲ...”
လင်းပေ့က မေးလိုက်၏။
"ခင်ဗျား မမြင်ဘူးလား…ဟိုးဘက်မှာ ရှောင်ပိုင်က စောင့်နေတာလေ”
“ဘယ်သူ့ကိုမှ အနားမကပ်ခံဘူး...”
လူဝလေးက ညည်းတွားလိုက်သည်။
"သူ ဝင်တိုက်တာ သေမတတ်နာတာပဲဗျာ...”
"နောက်ဆုံးသဲလွန်စက မျက်စိရှေ့တင်ရှိနေတာကို ယူလို့မရတာ တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ...”
လင်းပေ့က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
"ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ... အင်း... ဒီလိုလုပ်ပါလား…ငါ ပိုင်ဇယ်လေးကို မျှားခေါ်သွားပေးမယ်”
“မင်း အဲဒီအခွင့်အရေးကိုယူပြီး တတိယသဲလွန်စကို သွားယူလေ...”
"ဗျာ...”
လူဝလေးမှာ ထိုစကားကြောင့် အံ့ဩသွားလေသည်။
"ဒါ... ခင်ဗျား လုပ်နိုင်ပါ့မလား”
“လုပ်နိုင်တယ်ဆိုရင်တောင် ဒီလိုလုပ်တာ မကောင်းဘူးမလား...”
"ဘာမကောင်းစရာရှိလို့လဲကွ…အကုန်လုံးက ညီအစ်ကိုတွေချည်းပဲဟာကို...”
လင်းပေ့က ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်၏။
"ဓားဒင်္ဂါးသုံးဆယ်ဆို ဘယ်လိုလဲ...”
"ဒါက..."
လူဝလေးမှာ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
ပထမသဲလွန်စ၊ ဒုတိယသဲလွန်စတို့မှသည်... ယနေ့အထိ သူလည်း ဓားဒင်္ဂါး အပြားဆယ်ချီ သုံးစွဲခဲ့ပြီးဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု အနည်းငယ် များနေပြီဟု ခံစားနေရသည်။
သို့သော် တတိယသဲလွန်စမှာ မျက်စိရှေ့တွင်ရောက်နေပြီဖြစ်ရာ အကယ်၍ ကံကောင်းထောက်မစွာဖြင့် အစွမ်းကုန်ကြိုးစားလိုက်ပါက ဒီနှစ် တောင်စောင့်နတ်ပွဲတော်၏ပထမဆုရှင်မှာ သူပင် ဖြစ်သွားနိုင်ပေသည်။
နာမည်ကျော်ကြားစေမည့် အခွင့်အရေးမှာ မျက်မှောက်၌ပင်ရှိနေလေပြီ။
အချိန်အတန်ကြာ လွန်ဆွဲနေပြီးနောက်မှ သူက အံကြိတ်ကာပြောလိုက်သည်။
"ကောင်းပြီ…ကျွန်တော် ပေးမယ်...”
လင်းပေ့မှာ ချက်ချင်းပင် ရဲရဲဝင့်ဝင့်ဖြင့် ကျင်းချိုင့်ဝှမ်းအလယ်သို့ ပျံသန်းသွားလေသည်။
ပိုင်ဇယ်လေးက ထိုနေရာတွင် သောင်းကျန်းနေသော်လည်း သူကမူ ယုံကြည်ချက် အပြည့်ရှိနေပုံရသည်။
ကျောက်တုံးကြီးရှေ့သို့ တိုက်ရိုက်ပျံသန်းသွားစဉ် ပိုင်ဇယ်လေးက လေ့လာစူးစမ်းရန် ရောက်ရှိလာသည့် တပည့်အုပ်စုသစ်ကို ဝင်တိုက်လွှင့်ပစ်လိုက်သည်နှင့် ကြုံလေသည်။
ထိုစဉ် လင်းပေ့ရှေ့သို့တက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်ကို မြင်လိုက်ရ၏။
"ဟိတ်…မှော်ဝင်ရတနာကို စမ်းကြည့်စမ်း...”
လင်းပေ့က အော်ဟစ်လိုက်ပြီး ညာဘက်လက်ကိုခါယမ်းလိုက်ရာ လခြမ်းကဲ့သို့ ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
အနောက်ဘက်ရှိလူဝလေးသည် ထိုအရာက အဝိုင်းပုံစံမှော်ပစ္စည်းတစ်ခုဖြစ်ကြောင်း ဝိုးတဝါး မြင်လိုက်ရ၏။ သို့သော် ဝိညာဉ်စွမ်းအင်သိပ်မပြင်းထန်လှပေ။
ထို့အပြင် ပိုင်ဇယ်လေးဆီသို့ ပျံသန်းမသွားဘဲ ဘေးဘက်ရှိချုံပုတ်များကြားထဲသို့ လည်ထွက်သွားလေသည်။
'လွဲသွားတာလား…လွဲတာကလည်း တော်တော်ကြီးကို လွဲနေတာပါလား...’
သူက စိတ်ထဲမှ မကျေမနပ်တွေးလိုက်မိသည်။
သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုမှော်ပစ္စည်း လွင့်စဉ်သွားသည်နှင့် ပိုင်ဇယ်လေးက ဝုန်းခနဲပြေးလိုက်သွားကာ လျှပ်စီးလက်သကဲ့သို့ ပျောက်ကွယ်သွားခြင်းပင်။
“ဟာ...”
လူဝလေးမှာ အလွန်အမင်းအံ့ဩသွားပြီး ထိုမှော်ပစ္စည်း၏အလုပ်လုပ်ပုံကို နားမလည်နိုင် ဖြစ်သွားရသည်။
“ဘာလုပ်နေတာလဲ…မြန်မြန်ဝင်ပြီး သဲလွန်စသွားယူလေ...”
လင်းပေ့က ဟိုဘက်ရှိ ကျောက်တုံးကြီးကိုလက်ညိုးထိုးကာ အလျင်စလို ပြောလိုက်၏။
“ကောင်းပြီ ကောင်းပြီ...”
ထိုအခါမှ လူဝလေးသည် ပြေးသွားကာ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များကိုစုစည်းပြီး ကျောက်တုံးကြီးကို ဝုန်းခနဲတွန်းဖယ်လိုက်ရာ လိုဏ်ဂူထောင့်လေး ပေါ်လာလေတော့သည်။
ချွေးသံတရဲရဲဖြစ်နေသည်ကိုပင် မသုတ်နိုင်ဘဲ လိုဏ်ဂူထဲသို့ အမြန်တိုးဝင်သွားလေ၏။
အတွင်းတွင် မန္တန်အစီအရင်များရှိနေသော်လည်း မည်သို့ပင်ဖြစ်စေ ပိုင်ဇယ်လေး၏ ဝင်တိုက်ခြင်းကိုတော့ ခံရမည်မဟုတ်တော့ပေ။
အကယ်၍ မမျှော်လင့်ထားသည့် ပြဿနာများသာမရှိပါက တတိယမြောက်သဲလွန်စကို အဆင်ပြေချောမွေ့စွာ တွေ့မြင်နိုင်မည်ဖြစ်ချေသည်။
လင်းပေ့သည် တာဝန်ပြီးမြောက်သွားပြီဖြစ်၍ပြုံးလိုက်ကာ ပိုင်ဇယ်လေး ပျံသန်းသွားရာ လားရာဆီသို့ လှည့်ထွက်သွားလိုက်တော့သည်။
အခန်း (၂၄၂) - တံခါးဝအရောက် လာရှာခြင်း
တောအုပ်နက်ထဲတွင် ချူလျန်ကဆောင့်ကြောင့်ထိုင်ကာ ပိုင်ဇယ်လေးကို ပွတ်သပ်ပေးနေ၏။
“ခုနက လုပ်သွားတာ အရမ်းကောင်းတယ်… ဒီအတိုင်း မြန်မြန်ဆန်ဆန်နဲ့ တိကျအောင် ဆက်လုပ်… အားသုံးတဲ့နေရာမှာ နည်းနည်းလောက် ပိုတိကျဖို့လိုမယ်...”
ဘေးဘက်တွင် ရှန်ဇီလျန်၊ နောက်လိုက် (က) နှင့် နောက်လိုက် (ခ) တို့လည်း ရှိနေကြသည်။
လင်းပေ့ ပျော်ရွှင်စွာ ပြန်လာသည်ကိုမြင်သောအခါ ရှန်ဇီလျန်က ချက်ချင်း ပြေးသွားလိုက်သည်။
“မင်း တစ်ခါလုပ်ပြီးသွားပြီလား…ငါ့အလှည့် ငါ့အလှည့်...”
ထိုသို့ပြောပြီးနောက် သူသည်လည်း ပန်းကန်ပြားပျံကိုယူကာ ပစ်မှတ်ကို စောင့်ဆိုင်းရန် ထွက်ခွာသွားလေတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ပိုင်ဇယ်လေးက ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ဟိန်းဟောက်သံလိုလိုအသံပြုကာ နှစ်ချက်ခန့်အော်ပြီး လျှပ်စီးလက်သကဲ့သို့ ထပ်မံပြေးထွက်သွားပြန်သည်။
ချူလျန်က ၎င်း၏ကျောပြင်ကို လက်လှမ်းပြလိုက်သည်။
“သွားတော့…ပိုင်ဇယ်လေး...”
အမှန်တကယ်တော့ သူ၏ကနဦးရည်ရွယ်ချက်မှာ သဲလွန်စများ ရောင်းချခြင်းမျှသာ ဖြစ်သည်။
သို့သော် ရုတ်တရက်အဖွဲ့ငယ်များစွာ ရောက်ရှိလာခြင်းက ပိုင်ဇယ်လေးအတွက် အလုပ်ပိုများသွားစေသည်နှင့် တူနေသောကြောင့်... သူ အနည်းငယ် အားနာသွားမိသည်။
မူလက ၎င်းသည် လူအနည်းငယ်ကိုသာ ဧည့်ခံရန်လိုအပ်သော်လည်း ယခုမူ ရှုတောင်ဂိုဏ်း၏တစ်ဝက်ကျော်ခန့်က လာရောက်ကြမည်ဖြစ်သည်။
ချူလျန်က ပိုင်ဇယ်လေးကို မည်သို့နစ်နာကြေးပေးရမည်နည်း ဟူသည်ကို စဉ်းစားနေခဲ့သည်။
ပိုမိုစွမ်းအားမြင့်လာအောင် လုပ်ပေးလိုက်လျှင် ပိုကောင်းမည်ကို စဉ်းစားမိလာသည်။ ထိုအချက်ကို တွေးမိသည်နှင့် သူ၏စိတ်ကူးများက ချက်ချင်းပြောင်းလဲသွားပြန်သည်။
ထိုသို့ဆိုလျှင် ၎င်းကို ကြီးမားသောစွမ်းအားမြှင့်တင်မှုတစ်ခု လုပ်ပေးလိုက်ပြီး လူအားလုံးကို အပြင်ဘက်တွင်ပိတ်ဆို့ထားကာ သူကိုယ်တိုင် ဝင်ရောက် ရှင်းလင်းပေးလိုက်လျှင်ရော။
'ဟင်...’
ချူလျန်သည် ထိုအတွေးကြောင့် သူ့ကိုယ်သူပင် လန့်သွားမိသည်။
'ငါ ငွေရှာဖို့ မစဉ်းစားထားပါဘူး….ဘယ်လိုလုပ်ပြီး ဒီအတွေးတွေက ထိန်းမရဘဲ အဲဒီဘက်ကို ရောက်သွားရတာလဲ…”
“မွေးရာပါ အကျင့်တစ်ခုလိုတောင် ဖြစ်နေပြီလားပဲ...’
ထိုသို့ သူ တွေးလိုက်မိလေသည်။
သို့သော် ဤတစ်ကြိမ်ကိစ္စတွင်မူ သူကိုယ်တိုင် မပါဝင်တော့ဘဲ လင်းပေ့နှင့် ရှန်ဇီလျန်တို့ကိုသာ လုပ်ဆောင်ရန်ခိုင်းစေခဲ့သည်။ ရရှိလာမည့် ဓားဒင်္ဂါးများကိုလည်း ချူလျန် ခွဲယူရန်မရည်ရွယ်ဘဲ သူတို့ကိုသာပေးလိုက်ရန် ဆုံးဖြတ်ထား၏။
ဤညီအစ်ကိုများသည် ပြီးခဲ့သည့်ရက်များအတွင်း အလုပ်များစွာကူညီပေးခဲ့ကြပြီး စီးပွားရေးစတင်ရာတွင် ပါဝင်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်ဟောင်းများ ဖြစ်ကြသဖြင့် အကျိုးအမြတ်ပိုပေးသင့်ပေသည်။
ထို့အပြင် ဤကဲ့သို့ပိုင်ဇယ်လေးကို ကိုယ်စားဝင်တိုက်ပေးသည့် အစီအစဉ်မှာလည်း အကြိမ်များစွာ လုပ်နိုင်မည်မဟုတ်ပေ။
ယခုအခါ လူတိုင်းကပါးနပ်လာကြပြီဖြစ်ရာ အချိန်သိပ်မကြာခင်မှာပင် လိုဏ်ဂူထဲရှိ တတိယမြောက်သဲလွန်စမှာ ပြန့်နှံ့သွားတော့မည်ဖြစ်သည်။
ထို့အပြင် ပိုင်ဇယ်လေးမှာ အပြည့်အစုံတပ်ဆင်ထားသည်ဆိုလျှင်ပင် အချို့သော အဖွဲ့များမှာ အကူအညီလိုအပ်မည်မဟုတ်ပေ။
ဥပမာအားဖြင့် ကျန်းယွဲ့ပိုင်နှင့် ရွှီဇီယန်တို့လိုလူများမှာ ပိုင်ဇယ်လေးကို တစ်ဦးတည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် ထိပ်တန်းပညာရှင်များဖြစ်ကြသည်။
သူတို့နောက်မှလိုက်လာပါက အချို့သောအဖွဲ့များလည်း အခွင့်ကောင်းယူ၍ ဝင်ရောက်သွားနိုင်ပေသည်။
ထို့ကြောင့် ချူလျန်ခန့်မှန်းကြည့်ရာ ဤပိုင်ဇယ်ကိုယ်စားပြု ရှင်းလင်းပေးသည့် အစီအစဉ်မှ ဝင်ငွေများစွာရမည်မဟုတ်ဘဲ ညီအစ်ကိုများ တစ်ယောက်လျှင် ဓားဒင်္ဂါး ရာဂဏန်းခန့်သာ အများဆုံးရရှိနိုင်မည်ဖြစ်သည်။
ဤနေရာသို့ တွေးမိသောအခါ သူ အနည်းငယ်သက်ပြင်းချလိုက်မိပြန်သည်။
လွန်ခဲ့သော လအနည်းငယ်က ဓားဒင်္ဂါး သုံးရာတန်ဓားပျံတစ်လက်မှာ အလွန် ဈေးကြီးလွန်းလှကြောင်း သူ ခံစားခဲ့ရသည်။
ယခုအခါတွင်မူ ဓားဒင်္ဂါးရာဂဏန်းလောက်ကို မျက်စိထဲ၌ပင်မထည့်တော့ပေ။
ဒါကြောင့်လည်း ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့လိုအပ်တာပင်။
အကယ်၍ ကြိုးကြိုးစားစားဖြင့် တာဝန်များကိုသာ လုပ်ဆောင်နေရမည်ဆိုပါက ဤဓားဒင်္ဂါးများကို မည်မျှကြာအောင် စုဆောင်းရမည်မှန်းမသိနိုင်ပေ။
ထိုစဉ် ဟိုဘက်မှ ပန်းကန်ပြားပျံ၏ အသံကို ကြားလိုက်ရပြီး ငွေရောင်အလင်းတန်း တစ်ဖန် ပြန်လည်ထွက်ပေါ်လာကာ ပိုင်ဇယ်လေးလည်း အမြန်ပြေးထွက်သွားလေသည်။
ရှန်ဇီလျန်သည်လည်း ကိုယ်စားဝင်တိုက်ပေးသည့် အလုပ်ကို တစ်ကြိမ် ပြီးမြောက်သွားသဖြင့် ဝမ်းသာအားရပြန်လာခဲ့ပြီး ချူလျန်အား လေးစားအားကျသော အကြည့်များဖြင့်ကြည့်နေ၏။
အစ်ကိုကြီး၏ဦးနှောက်မှာ မည်သို့ တည်ဆောက်ထားသည် မသိ၊ အဘယ်ကြောင့် ဤမျှဆန်းကြယ်သော စိတ်ကူးများဖြင့်ပြည့်နှက်နေရသနည်း။
……
တစ်ချိန်တည်းမှာပင်။
မြောက်ပိုင်းဒေသ၏ ဆီးနှင်းများဖုံးလွှမ်းနေသော ရေခဲပြင်ကြီးထဲတွင် ကြီးမားသော ပုံရိပ်တစ်ခုနှင့် သေးငယ်သောပုံရိပ်တစ်ခုတို့ အချင်းများနေကြသည်။
“တစ်ခုခုတော့ စားလိုက်ပါဦး…မင်းက ကပ်ဘေးပါမိစ္ဆာ ဖြစ်နေရင်တောင် အမြဲတမ်း အစာမစားဘဲ နေလို့မရဘူးလေ”
“မင်းက ရေခဲခေါင်းတလားထဲ ဝင်အိပ်ဖို့လည်းလက်မခံဘူး…အပြင်ဘက်မှာ သွားလာလှုပ်ရှားနေရင် ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းမှာပဲလေ”
“ဒါကြောင့် တစ်ခုခုတော့ ဖြည့်တင်းထားမှရမယ်…မဟုတ်ရင် ပြဿနာကြုံလာတဲ့အခါ ထွက်ပြေးဖို့ အဆင်မပြေဖြစ်လိမ့်မယ်...”
ဝါးခမောက် ဆောင်းထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားက ချော့မော့ကာ ပြောနေ၏။
“ဟင့်အင်း...”
သူ၏ရှေ့မှ မိန်းကလေးငယ်လေးက နှုတ်ခမ်းစူကာ ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
မြေပြင်ပေါ်တွင်မူ ဝက်ဝံကြီးတစ်ကောင်၏အလောင်းရှိနေပြီး သွေးများ စီးကျလာသည်နှင့်တစ်ပြိုင်နက် ရေခဲအဖြစ်ပြောင်းလဲသွားလေသည်။
ဤလူနှစ်ဦးမှာ အခြားသူများမဟုတ်ဘဲ ကြယ်ခုနစ်စင်းသတင်းစာပေါ်တွင် ဖော်ပြခံခဲ့ရဖူးသော ဝေလငါးစီးနင်းသူအင်မော်တယ်နှင့် တောင်ပိုင်းပင်လယ်မှ သူ ခိုးယူလာခဲ့သည့် မိန်းမငယ်လေးပင်ဖြစ်ချေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် နှင်းများတဝေါဝေါကျနေပြီး အေးစက်လှသော လေပြင်းများတိုက်ခတ်နေကာ သက်ရှိများရှင်သန်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေ၏။
အမွှေးအထူဆုံးသားရဲများပင် ဤနေရာသို့ရောက်လာပါက လေပြင်းဒဏ်ကြောင့် ချက်ချင်း ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
သို့သော် ဤလူနှစ်ဦးမှာမူ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားကြပြီး အအေးဒဏ်ကို လုံးဝမမှုသည့်ပုံပေါ်နေသည်။
“မင်း သစ်သီးကိုပဲ စားချင်နေတာလား...”
ဝေလငါးစီးနင်းသူအင်မော်တယ်မှာ အတော်လေး လက်မြှောက်အရှုံးပေးချင်လာသည်။
သတ္တမအဆင့်မှ အစွမ်းထက်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် သူသည် တည်ငြိမ်စွာဖြင့် လက်တစ်ချက်ဝှေ့ယမ်းကာ ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်။
သို့သော် ဤမိန်းမငယ်လေး၏ရှေ့တွင်မူ သူ၏မျက်နှာ၌ ဘာလုပ်ရမှန်းမသိသည့် အမူအရာများသာပြည့်နှက်နေတော့၏။
“အင်း...”
ဤတစ်ကြိမ်တွင်မူ မိန်းမငယ်လေးက ခေါင်းကိုလေးလေးနက်နက် ညိတ်ပြလိုက်သည်။
“ငါ မင်းအတွက် သစ်သီး ရှာပေးထားတယ် မဟုတ်ဘူးလား...”
ဝေလငါးစီးနင်းသူအင်မော်တယ်က မြေပြင်ပေါ်ရှိ ရွှေရောင်အသီးနှစ်လုံးကို လက်ညိုးထိုးပြလိုက်သည်။
ထိုအရာများမှာ သာမန်မဟုတ်သော ဝိညာဉ်သစ်ပင်များမှ ဖြစ်ကြောင်း သိသာနေသည်။
“ကောင်းတဲ့... သစ်သီး... လိုချင်တယ်...”
မိန်းကလေးငယ်လေးက အရသာရှိသော သစ်သီးများကိုလိုချင်ကြောင်း ပြောဆိုခြင်း ဖြစ်နိုင်သော်လည်း သူမ၏စကားပြောဆိုမှုမှာ သိပ်မပီသသေးပေ။
“ဒီလိုဆိုရင် ဘယ်လိုလုပ်ရမလဲကွ…ထိုက်ယင်ဂိုဏ်းက မိန်းကလေးတွေက ငါ့ကို အသေအလဲ လိုက်ဖမ်းနေကြတာလေ”
“အဲဒီနေ့က မင်းလည်း မြင်တာပဲ မဟုတ်လား…အခု ငါတို့နှစ်ယောက်လုံး ကောင်းကင်ကိုတောင် မပျံရဲဘူးလေ…ဒီဆီးနှင်းတွေကြားထဲမှာ ခြေလျင်ပဲ လျှောက်သွားနေရတာ”
“မင်းအတွက် အဲဒီလိုသစ်သီးမျိုးသွားရှာပေးဖို့ ဘယ်လိုလုပ် အချိန်ရပါ့မလဲ...”
ဝေလငါးစီးနင်းသူအင်မော်တယ်က လက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။
“ရှင်... မကြောက်ဘူးလေ...”
မိန်းကလေးငယ်လေးက ထပ်ပြောလိုက်၏။
“ဟီးဟီး... ငါ သူတို့ကို မကြောက်တာ သေချာတာပေါ့ကွ”
“...ဒါပေမဲ့ မင်း ကြောက်ရမယ်လေ… မင်းရဲ့ သဲလွန်စလေး ပေါ်သွားတာနဲ့ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနဲ့ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းက လူတွေအကုန်လုံး မင်းကို ချက်ချင်းလာဖမ်းကြလိမ့်မယ်ကွ”
“အဲဒီအခါကျရင် မင်းစားစရာသစ်သီးကောင်းကောင်းတောင် ရှိတော့မှာ မဟုတ်ဘူးနော်...”
ဝေလငါးစီးနင်းသူအင်မော်တယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီးနောက် ချက်ချင်းပင် မတတ်နိုင်သည့်ဟန်ဖြင့် ထပ်ပြောလိုက်သည်။
“ဟွန့်...”
မိန်းကလေးငယ်လေးက အလွန်ဒေါသထွက်သွားပုံရပြီး တွေးလေတွေးလေ ပို၍ ဒေါသထွက်လာလေ ဖြစ်သွားသည်။
နောက်ဆုံးတွင် သူမသည် နှင်းပြင်ပေါ်သို့ဖင်ထိုင်ချလိုက်ပြီး ပခုံးနှစ်ဖက်ကို ဖက်ထားလိုက်သည်။
နှင်းများ အလွန်ထူထပ်လွန်းသဖြင့် သူမ၏ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ နစ်မြုပ်သွားပြီး နှင်းပြင်ထဲတွင် အမည်းစက်လေးတစ်စက်ကဲ့သို့ ဖြစ်သွားတော့၏။
“လိမ်လိမ်မာမာ နေပါကွာ ငါ ကတိပေးပါတယ်..ဒီပြဿနာတွေ ငြိမ်သွားတာနဲ့ မင်းအတွက် သစ်သီးကောင်းကောင်းတွေ သွားရှာဖို့ ရှုတောင်ဂိုဏ်းကို ခေါ်သွားပေးမယ်…ဟုတ်ပြီလား...”
ဝေလငါးစီးနင်းသူအင်မော်တယ်က သူမ၏ခေါင်းလေးကို ဖိကာပွတ်သပ်ပေးရင်း ပြောလိုက်သည်။
မိန်းကလေးငယ်လေးက နှုတ်ခမ်းကိုစူထားပြီး အချိန်အတော်ကြာမှ ခေါင်းညိတ်ပြလိုက်သည်။
“အင်း...”
“သွားကြစို့... ငါတို့ ရှေ့နားကမြောက်ပိုင်းဒေသ သန့်စင်သောတောင်တော်ဆီကို သွားရမယ်…အဲဒီမှာ မင်းရဲ့ ကပ်ဘေးချီစွမ်းအင်တွေကို ဖြေဖျောက်ပေးနိုင်တဲ့ ရတနာတွေ ရှိနိုင်လောက်တယ်”
“အဲဒီအခါကျရင် မင်းလည်းတခြားကလေးတွေလို အပြင်ဘက်မှာ လွတ်လွတ်လပ်လပ် ဆော့ကစားလို့ရသွားလိမ့်မယ်...”
ဝေလငါးစီးနင်းသူအင်မော်တယ်က ဝါးခမောက်ကို ချွတ်လိုက်ပြီး မိန်းမငယ်လေးကိုဆွဲမကာ သူ၏ဂုတ်ပေါ်တွင် ခွစီးစေလိုက်ပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားလေသည်။
“အရင်က မင်းကို နာမည်ဘယ်လိုပေးရမလဲ စဉ်းစားနေတာ…အခု မင်းက သစ်သီးကို ဒီလောက်ကြိုက်နေမှတော့ ကျန်းကော် (ကျန်းသစ်သီး) လို့ပဲ နာမည်ပေးလိုက်တော့မယ်...”
“မိန်းကလေးတွေကို ပြုစုပျိုးထောင်ရတာ တကယ်ကိုခက်ခဲတာပဲ…မင်းသာ ယောက်ျားလေးဆိုရင် ငါ ခုနက သေချာပေါက်ရိုက်နှက်ဆုံးမပြီးပြီ”
“မစားချင်ဘူးဆိုရင် စားချင်လာတဲ့အထိကို ရိုက်မှာ…ဟူး... ဒါပေမဲ့ မိန်းကလေးဆိုတော့ အလိုမလိုက်လို့လည်းမရပြန်ဘူး...”
“ငါ့မှာလည်း သမီးတစ်ယောက် ရှိတယ်…သူ ငယ်ငယ်တုန်းကတော့ ငါ မတွေ့ခဲ့ရပါဘူး…ဒါပေမဲ့ မင်းနဲ့ သိပ်မကွာလောက်ဘူးလို့ထင်တာပဲ...”
“ငါတို့ ကျန်းမိသားစုက မိန်းကလေးတွေရဲ့ အကျင့်စရိုက်က ဒီလိုချည်းပါပဲ… မျိုးရိုးစဉ်ဆက် ဆင်းသက်လာတာလေ...”
“အို... သူမကတော့ ငါ့ဆီက ဆင်းသက်လာတာပေါ့...”
“...”
သူသည် ဤသို့ တတွတ်တွတ်ရေရွတ်ရင်း မိုးတိမ်များအထိ မြင့်မားစွာတည်ရှိနေသော နှင်းဖုံးတောင်တော်ဆီသို့ဦးတည်ကာ မုန်တိုင်းထဲ၌ ရှေ့ဆက်လျှောက်လှမ်းသွားလေတော့သည်။
……
ရတနာစေတီတောင်ထွတ်ဘက်တွင် အခြေအနေများတည်ငြိမ်သွားသည်ကို တွေ့ရသောအခါ ချူလျန်သည် ငွေဓားတောင်ထွတ်သို့ပြန်လာခဲ့ပြီး ဆက်လက်၍ အာရုံစိုက်ကျင့်ကြံနေလိုက်သည်။
ယခုအခါ တတ်ကျွမ်းထားသော မန္တန်ပညာရပ်များ တဖြည်းဖြည်းများပြားလာပြီ ဖြစ်သည်။
နဂါးသွေးလျှို့ဝှက်ပညာရပ်မှာ အသက်ရှူရုံဖြင့်ရနိုင်သော်လည်း အခြားပညာရပ်များကိုမူ အချိန်ပေး၍ကျင့်ကြံရမည်ဖြစ်သည်။
သို့သော် စတင်ကျင့်ကြံသည်နှင့် အပြင်ဘက်တွင်လူတစ်ယောက် ရောက်လာပြန်သည်။
သူက မျက်လုံးဖွင့်ကာ အပြင်ဘက်သို့ကြည့်လိုက်ရာ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ယဉ်ကျေးသိမ်မွေ့သည့်အဘိုးအိုတစ်ဦး တောင်ကုန်းပေါ်တွင် တိတ်ဆိတ်စွာရပ်နေသည်ကိုမြင်လိုက်ရသည်။
'အစောင့်အရှောက် အကြီးအကဲလား...’
ချူလျန်သည် ထိုအဘိုးအို၏မျက်နှာကိုကြည့်ရင်း ရုတ်တရက် အနည်းငယ်ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။
သို့သော် သူ၏မှတ်ဉာဏ်ထဲတွင်မူ ဤသူမှာ ပြီးခဲ့သည့်အကြိမ်က တွေ့ဖူးသော အစောင့်အရှောက်အကြီးအကဲ ဖြစ်နေသည်။
ထို့ကြောင့် သူက အလျင်အမြန်ထွက်ကြိုလိုက်ပြီး ရိုသေစွာ အရိုအသေပေးလိုက်သည်။
“ဒီတပည့်က အစောင့်အရှောက်အကြီးအကဲကို ဂါရဝပြုပါတယ်…အကြီးအကဲက ကျုပ်ရဲ့ ဆရာသခင်ကို လာရှာတာများလား...”
“မဟုတ်ဘူး… ငါ မင်းကို လာရှာတာ...”
အစောင့်အရှောက် အကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်၏။
'ဟင်...’
ချူလျန် တစ်ခဏမျှ အံ့ဩသွားသည်။
သူ မမေးရသေးခင်မှာပင် အစောင့်အရှောက်အကြီးအကဲက ဆက်ပြောလာသည်။
“ဒီတစ်ကြိမ် တောင်စောင့်နတ်ပူဇော်ပွဲကို ငါ ဦးဆောင်ကျင်းပရတာဆိုတာ မင်း သိသလားတော့ မသိဘူး...”
“အာ...”
ထိုအာမေဋိတ်သံနှင့်အတူ ချူလျန်၏ရင်ထဲတွင် ချက်ချင်း ထိတ်လန့်သွားတော့သည်။
'ဒုက္ခပါပဲ… တံခါးဝအရောက် လာရှာပြီဟေ့...’
သူ လန့်ဖျပ်သွားလေတော့၏။