အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
အခန်း (၂၄၃) - မင်းရဲ့ဆရာသခင်က တီနွီဖုန့်လေ
"ဒီတစ်ခေါက် တောင်စောင့်နတ်ပွဲတော် လှုပ်ရှားမှုတွေကို ထူးထူးခြားခြား သေသေသပ်သပ် ပုံစံထုတ်ထားတယ်လို့ တပည့်က အရင်ကတည်းကတွေးနေခဲ့တာ..”
“အစောင့်အရှောက် အကြီးအကဲရဲ့ လက်ရာဖြစ်နေတာကိုး…ဒါဆိုရင်တော့ မဆန်းတော့ပါဘူးလေ…"
ချူလျန်က ကမန်းကတန်း ပြုံးလျက် ပြောလိုက်၏။
"စကားပြောတာတော့ နားထောင်လို့ကောင်းသားပဲ…ဉာဏ်လည်းပြေးတယ်… နှမြောစရာကောင်းတာက လမ်းမှန်ကိုမလျှောက်တာပဲ…နည်းနည်းတော့..."
ထိန်းသိမ်းရေးအကြီးအကဲက ပြုံးလျက် စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် ‘မင်းရဲ့ဆရာသခင်နဲ့ နည်းနည်းတူတယ်’ ဟူ၍ပြောရန် ပြင်လိုက်သော်လည်း တီနွီဖုန့်သွားသောလမ်းစဉ်က ဤလမ်းစဉ်မဟုတ်သည်ကို ပြန်တွေးမိသွား၏။
ထို့ကြောင့် ဤကောင်လေးသည် တီနွီဖုန့်ထံမှသင်ယူထားခြင်း ဟုတ်မဟုတ်ဆိုသည်ကို ပြောရန်ခက်ခဲနေပေသည်။
သူက ခေတ္တရပ်လိုက်ပြီး ဆက်ပြောလေသည်။
"တောက်ထျယ်မြို့က နည်းလမ်းစုံတဲ့ ကုန်သည်အငွေ့အသက်တွေ ရနေတယ်…"
"ဟီးဟီး…"
ချူလျန်မှာမူ ရှက်ကိုးရှက်ကန်းဖြင့် နှစ်ချက်ခန့်သာရယ်မောနိုင်တော့၏။
တောက်ထျယ်မြို့သည် တစ်ဖက်တွင် ကျင့်ကြံခြင်းလောကအတွက် ကြီးမားသော အဆင်ပြေချောမွေ့မှုများကို ဆောင်ကြဉ်းပေးခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ အမြတ်အစွန်းကိုသာ လိုက်စားသော မကောင်းသည့် အလေ့အထတစ်ခုကိုလည်း အမှန်တကယ် ယူဆောင်လာခဲ့သည်။
ရှေးရိုးစွဲကျင့်ကြံသူများစွာကမူ ကျင့်ကြံခြင်းဆိုသည်မှာ လောကီအာရုံများမှ ကင်းလွတ်သည့် အင်မော်တယ်အငွေ့အသက်မျိုး ရှိသင့်သည်ဟုယူဆနေဆဲပင်။
အမြတ်အစွန်းကိုသာကြည့်သော ထိုကုန်သည်အငွေ့အသက်မျိုးကို သူတို့က အလွန်အမြင်ကတ်ကြလေသည်။
ရှုတောင်ဂိုဏ်းမှာ ရိုးရာအင်မော်တယ်ဂိုဏ်းများ၏ ကိုယ်စားပြုဖြစ်သောကြောင့် သဘာဝကျစွာပင် ရှေးရိုးစွဲသူပိုများလေ၏။
"အမှန်အတိုင်းပြောရရင် မင်း ငါတို့အကြီးအကဲတွေကို ခေါင်းတော်တော်ကိုက်စေတာပဲ…"
အစောင့်အရှောက်အကြီးအကဲက ချူလျန်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး ဆက်ပြောလေသည်။
"တောင်စောင့်နတ်ပွဲတော်ကို နှစ်ပေါင်းထောင်ချီ ကျင်းပလာခဲ့တာ၊ ဒီလို လုပ်ချင်တိုင်းလုပ်တဲ့ တပည့်မျိုးကိုတွေ့ရခဲတယ်…"
သူပြောသည့်စကားမှာ အမှန်ပင်ဖြစ်လေသည်။
ချူလျန်၏ သဲလွန်စရောင်းချခြင်း၊ အဆောင်များ အကြီးအကျယ်စုဆောင်းခြင်းစသည့် စီးပွားရေးလှုပ်ရှားမှု အားလုံးသည် တောင်စောင့်နတ်ပွဲတော်ကို အသုံးချ၍ အမြတ်ထုတ်နေခြင်းဖြစ်သော်လည်း စည်းမျဉ်းများကိုမူ မချိုးဖောက်ခဲ့ပေ။
သူသည် ဂိုဏ်းစည်းမျဉ်းများ၏ နယ်နိမိတ်စည်းပေါ်တွင် သွားလာလှုပ်ရှားနေသော ဥပဒေအထက်က ရူးသွပ်သူတစ်ဦးနှင့်ပင် တူနေတော့၏။
နောက်ဆုံးတွင် သူ့ကို ကန့်သတ်ရန်အတွက် စည်းကမ်းချက်များ တိုးမြှင့်ခြင်းဟူသော နည်းလမ်းကိုသာ အသုံးပြုခဲ့ရသည်။
အမှန်တကယ်တော့ သူ့ကိုကိုင်တွယ်ရန် မည်သည့်နည်းလမ်းမှ မရှိတော့ခြင်းပင် ဖြစ်လေသည်။
ချူလျန် အနည်းငယ် စိုးရိမ်တကြီးဖြစ်သွားချိန်တွင် ထိန်းသိမ်းရေးအကြီးအကဲက ဆက်ပြောလာသည်ကို ကြားလိုက်ရ၏။
"ဒါပေမဲ့ မင်းကို ငါသဘောကျတယ်…ကောက်ကျစ်စဉ်းလဲတယ်ဆိုတာကို တခြားတစ်မျိုးပြောရရင် ဉာဏ်ပညာထက်မြက်တယ်လို့ခေါ်လို့ရတယ်…”
“ဒါပေမဲ့ ဉာဏ်ကောင်းရုံသက်သက်နဲ့တော့ အောင်မြင်ဖို့မလုံလောက်ဘူးလေ….”
“မင်းကို လမ်းမှန်ပေါ်ပို့ပေးမယ့် လမ်းပြပေးသူတစ်ယောက် လိုအပ်နေတယ်…"
သူက ခေတ္တရပ်လိုက်ပြီး ချူလျန်ကို ပြုံး၍ကြည့်လိုက်လေသည်။
"ထိန်းသိမ်းရေးခန်းမကို လာချင်သလား…"
ဟမ်။
ဤကွေ့ကောက်သွားမှုကြောင့် ချူလျန် အနည်းငယ် မှင်သက်သွားလေသည်။
'သူ ငါ့ကို လာဖိတ်ခေါ်တာလား'
ခန်းမကြီးလေးခုအနက် အစောင့်အရှောက်ခန်းမက ခေါ်ယူသော စီမံခန့်ခွဲရေးတပည့် အရေအတွက်မှာ အနည်းဆုံးဖြစ်သည်။
အနည်းဆုံးတော့ ချူလျန်မြင်ဖူးသလောက် မျက်နှာလေးထောင့်ကျကျနှင့် စီနီယာတစ်ဦးသာရှိလေသည်။
အကြောင်းရင်းမှာ ထိန်းသိမ်းရေးခန်းမတွင် နှိုင်းယှဉ်ချက်အရကိစ္စရပ်များ နည်းပါးသောကြောင့် ဖြစ်နိုင်သလို ဤနေရာက ပို၍တန်ဖိုးရှိသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
တကယ်လို့ ဓားလဲလှယ်ရေးခန်းမတွင် တာဝန်ထမ်းဆောင်ပါက မှော်လက်နက်အားလုံးကို စိတ်ကြိုက်အသုံးပြုနိုင်မည် မဟုတ်ပေ။
အဂ္ဂိရတ်ခန်းမတွင် တာဝန်ထမ်းဆောင်ပါကလည်း ဆေးလုံးအားလုံးကို စိတ်ကြိုက်စားသုံးနိုင်မည် မဟုတ်ပေ။
သို့သော် အစောင့်အရှောက်ခန်းမတွင် တာဝန်ထမ်းဆောင်ပါက တန်ခိုးစွမ်းအင်နှင့် ကျင့်စဉ်အားလုံးနီးပါးကို စိတ်ကြိုက်လေ့လာကြည့်ရှုနိုင်လေသည်။
မည်သို့ပင်ဖြစ်စေ ကျင့်စဉ်မှတ်တမ်းများသည် မှော်လက်နက်၊ ဆေးလုံးများနှင့် မတူပေ။ မျက်စိဖြင့် မြင်လိုက်ရုံနှင့်တင် အမြတ်ထွက်နေပြီဖြစ်၏။
ချူလျန်က အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့်မေးလိုက်သည်။
"အစောင့်အရှောက်ခန်းမမှာ စီမံခန့်ခွဲရေးတပည့်လိုနေလို့လားဗျ…"
"ငါပြောတာက စီမံခန့်ခွဲရေးတပည့်ကို ပြောတာမဟုတ်ဘူး၊ အနီးကပ်တပည့်ကို ပြောတာ…"
အကြီးအကဲက ဖြည်းညင်းစွာ ပြောလိုက်၏။
"ဗျာ…"
ချူလျန်မှာ ပို၍ပင် အံ့အားသင့်သွားတော့သည်။
ခန်းမတစ်ခု၏ စီမံခန့်ခွဲရေးတပည့်ဆိုသည်မှာ အလုပ်သင်သွားလုပ်သည်နှင့် ပိုတူပေသည်။ ချန်စုကဲ့သို့ပင် မိမိတောင်ထွတ်၏ ကိုယ်ပိုင်ဆရာသခင်ရှိပြီး အားလပ်ချိန်တွင်မှ အဂ္ဂိရတ်ပညာကို သွားရောက်လေ့လာခြင်းမျိုးဖြစ်၏။
သို့သော် အနီးကပ်တပည့်ဆိုသည်မှာမူ အဂ္ဂိရတ်ခန်းမမှ လျိုချင်းနှင့် လုရွှင်တို့ကဲ့သို့ပင် တောင်စောင့်အကြီးအကဲကို ဆရာသခင်အဖြစ် ခံယူထားသည့် စစ်မှန်သော ပညာအမွေခံများပင်ဖြစ်လေသည်။
သို့သော် အနီးကပ်ဆရာသခင်ဆိုသည်မှာ သေချာပေါက်တစ်ဦးတည်းသာ ရှိနိုင်ပေသည်။
ချူလျန်၏ ပထမဆုံးတုံ့ပြန်မှုမှာ တီနွီဖုန့်၏အဆောက်အအုံဘက်သို့ လှမ်းကြည့်လိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက် သူကစိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။
"ဒီစကားကို ငွေဓားတောင်ထွတ်ပေါ်မှာတော့ မပြောရဲပါဘူးဗျာ..."
"ဟက်.. ငါက ဒီမျိုးဆက်သစ်လေးတစ်ယောက်ကို ကြောက်စရာလား…"
အစောင့်အရှောက်အကြီးအကဲက အေးအေးလူလူ ပြုံးလိုက်ပြီး ဆက်ပြောလေသည်။
"ငါ ပတ်ဝန်းကျင်ကို လျှို့ဝှက်ပညာရပ်နဲ့ ပိတ်လှောင်ထားပြီးသား…ငါတို့ စကားပြောသံ နည်းနည်းလေးမှ အပြင်ကို ထွက်သွားမှာမဟုတ်ဘူး…"
"ဒါဆိုလည်း တော်ပါသေးရဲ့.."
ချူလျန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
တီနွီဖုန့်က အဘိုးကြီးများကိုရိုက်နှက်ရာတွင် မည်သည့်အခါမျှ ညှာတာလေ့မရှိကြောင်းကို သူကောင်းကောင်းသိထားလေသည်။
လူလုခံရသည့် ကိစ္စနှင့် ပတ်သက်၍မူ သူကြုံဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။
သို့သော် ငွေဓားတောင်ထွတ်ပေါ်အထိ အတိအလင်း လာရောက်၍ လူလုသည်ကိုမူ အမှန်တကယ် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်တော့၏။
သူက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်သည်။
"အစောင့်အရှောက်အကြီးအကဲရဲ့ အလေးထားမှုအတွက် ဒီတပည့်မှာ တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ် ဒါပေမဲ့ ဒီတပည့်က ဘယ်နေရာမှာပဲနေနေ ရှုတောင်ဂိုဏ်းရဲ့ တပည့်ပဲလေ”
“...ဆရာပြောင်းစရာမှ မလိုတာ…"
ထိုစကားကို ကြားသောအခါ အစောင့်အရှောက်အကြီးအကဲက ပြောလိုက်၏။
"မင်းစကားကလည်း မမှားပါဘူး… ဒါပေမဲ့ မင်းရဲ့ဆရာသခင်က တီနွီဖုန့်လေ…"
ယခုအချိန်အခါက အရင်အချိန်အခါနှင့် တစ်ထပ်တည်းပင်ဖြစ်နေလေ၏။
ချူလျန်သည် စိတ်ထဲတွင်ရယ်ချင်စိတ်ကိုပင် မထိန်းထားနိုင်သော်လည်း မျက်နှာပေါ်တွင်မူ တည်ကြည်သော အမူအရာဖြင့်ပြောလိုက်သည်။
"ဆရာသခင်က ဒီတပည့်ရဲ့ အသက်ကိုကယ်တင်ခဲ့ပြီး တောင်ပေါ်ကို ခေါ်လာပေးခဲ့တာပါ…”
“...အရင်းနှီးဆုံး မိဘတွေလိုမျိုးဖြစ်နေတာဆိုတော့ ဒီတပည့်က ဘယ်လိုလုပ်ပြီး ကျောခိုင်းရက်မှာလဲ…"
အစောင့်အရှောက်အကြီးအကဲက ချူလျန်ကိုကြည့်ရင်း ရုတ်တရက် ခေါင်းညိတ်လိုက်သည်။
သူ၏မျက်လုံးများထဲတွင် ဖုံးကွယ်မထားသော အထင်ကြီးလေးစားမှုများ ပေါ်လွင်နေလေ၏။
ရှုတောင်ဂိုဏ်းပေါ်ရှိ တောင်ထွတ်များ၏စနစ်အရ တပည့်တစ်ဦးသည် မည်မျှပင် ထူးချွန်နေပါစေ ခေါင်းဆောပိုင်း၏တိုက်ရိုက်စောင့်ရှောက်မှုကို ရရှိရန် အလွန်ခဲယဉ်းကြောင်း သတ်မှတ်ထားပြီးသားဖြစ်သည်။
သူ၏ ကြီးထွားတိုးတက်မှုအတွက် အရေးအကြီးဆုံးပုဂ္ဂိုလ်မှာ သူ၏ဆရာသခင်သာ ဖြစ်ပေသည်။ တီနွီဖုန့်သည် သိသာထင်ရှားစွာပင် အရည်အချင်းမပြည့်မီသော ဆရာသခင်တစ်ဦးဖြစ်ကာ တပည့်ဖြစ်သူအား ပေးစွမ်းနိုင်သည့် အထောက်အပံ့မှာ သိပ်မများလှပေ။
ပံ့ပိုးမှုထက် ဆိုးကျိုးကပင် ပိုများနေသေး၏။
သို့သော်လည်း...
ထိုသို့သောပုဂ္ဂိုလ်မျိုးနှင့် ရင်ဆိုင်ရသော်လည်း ချူလျန်က ကျောမခိုင်းရက်ဘဲ သံယောဇဉ်ကြီးမားကာ သစ္စာစောင့်သိတတ်သည့် သူ၏အသွင်အပြင်ကိုပင် ပြသခဲ့လေသည်။
ယနေ့ အစောင့်အရှောက်အကြီးအကဲ၏လုပ်ရပ်မှာ လူခေါ်ယူခြင်းဟု ဆိုခြင်းထက် အကဲစမ်းခြင်းဟုဆိုလျှင် ပို၍မှန်ကန်ပေလိမ့်မည်။
အကယ်၍ ချူလျန်ကသာ တကယ်စိတ်လှုပ်ရှားသွားပြီး ဆရာပြောင်းချင်သွားမည်ဆိုပါက သူသည်မည်မျှပင် ဉာဏ်ကောင်းနေပါစေ ရှုတောင်ဂိုဏ်း၏ အနာဂတ်မျိုးဆက်သစ်အဖြစ် ပျိုးထောင်ပေးရန် တန်ဖိုးရှိမည်မဟုတ်ပေ။
ထိုအချိန်မှစ၍ အစောင့်အရှောက်အကြီးအကဲသည် ချူလျန်အား ရှုတောင်ဂိုဏ်း၏ အနာဂတ်များထဲမှတစ်ဦးအဖြစ် အမှန်တကယ် သတ်မှတ်လိုက်လေတော့သည်။
ယခုမျိုးဆက်တွင် ထိုသို့သော အဆင့်အတန်းမျိုးရှိသူမှာ မူလက ရွှီဇီယန်နှင့် ကျန်းယွဲ့ပိုင် နှစ်ဦးတည်းသာရှိလေသည်။ သူတို့သည်လည်း ထပ်တလဲလဲ စမ်းသပ်မှုများကို ဖြတ်သန်းပြီးမှသာ ယနေ့ကဲ့သို့သော အဆင့်အတန်းကို ရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ချူလျန်၏ ရုတ်တရက် ထင်ပေါ်ကျော်ကြားလာမှုက ရှုတောင်ဂိုဏ်း အထက်ပိုင်းခေါင်းဆောင်များကို မျိုးစေ့အသစ်တစ်စေ့ မြင်တွေ့သွားစေခဲ့၏။
ပုံပန်းသဏ္ဍာန် အနည်းငယ်ထူးဆန်းနေသေးသည်... သို့သော် အနာဂတ်တွင် အများကြီး မျှော်လင့်၍ရနိုင်သည့် မျိုးစေ့ကောင်းတစ်စေ့ပင် ဖြစ်လေသည်။
"မင်းမှာ သံယောဇဉ်ကြီးတဲ့ဘက်ခြမ်းလည်း ရှိသားပဲ…"
အစောင့်အရှောက်အကြီးအကဲက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး လက်ယမ်းကာ ဆက်ပြောလေသည်။
"ဒါနဲ့ မသွားခင် အဂ္ဂိရတ်အကြီးအကဲကိုယ်စား စကားတစ်ခွန်း ပါးသွားရဦးမယ်.. အခု အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံးကို ဓားဒင်္ဂါးတစ်သောင်း ရောင်းတယ်တဲ့…"
ချူလျန်သည် အစောင့်အကြီးအကဲ၏စိတ်တွင်းဖြစ်စဉ်ကို သဘာဝကျစွာပင် မသိနိုင်ပေ။ သူ၏မျက်လုံးအမူအရာ ပြောင်းလဲသွားသည်ကိုကြည့်ရင်း သူရွေးချယ်လိုက်သည့်လမ်းက မှန်ကန်သည်ဟု ခပ်ရေးရေးမျှ ခံစားလိုက်ရလေသည်။
သို့သော် အဆင့်မြင့်အစိမ်းရောင်ဆေးလုံးတစ်လုံးကို ဓားဒင်္ဂါးတစ်သောင်း ပေးရမည်ဟု ရုတ်တရက်ကြားလိုက်ရသောအခါ ချူလျန် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ကိစ္စကမရိုးရှင်းတော့ဟု တွေးလိုက်မိ၏။
'တစ်သောင်းတောင်….ခင်ဗျားတို့ ဗြောင်ကျကျ ဓားပြလာတိုက်တာကမှ ပိုကောင်းဦးမယ်…'
'ငါ့ကို ဆေးလုံးတစ်လုံးတောင် ပေးနေစရာလိုသေးလို့လား…'
သို့သော် ပြန်တွေးကြည့်လိုက်ရာ ဤသည်မှာ သူ၏ ယခုတစ်ကြိမ်ဝင်ငွေများအပေါ် ရှုတောင်ဂိုဏ်းအထက်ပိုင်းလူကြီးများ၏ ပြန်လည်သိမ်းဆည်းသည့် ယန္တရားတစ်မျိုး ဖြစ်ပုံရပေသည်။
ဤတစ်ကြိမ် အစအဆုံးသူရှာဖွေခဲ့သော ဓားဒင်္ဂါးမှာ တစ်သောင်းခွဲ၊ တစ်သောင်းခြောက်ထောင်ခန့် ရှိလေသည်။
သူတို့က ဤသို့ဖြင့် အများစုကိုပြန်လည်သိမ်းဆည်းသွားပြီး ကျန်ရှိသည်များကို ဆက်လက်မတွက်ချက်တော့ဘဲ ထားလိုက်ခြင်းဖြစ်နိုင်သည်။
ထို့နောက် တောင်စောင့်နတ်ပွဲတော်၏ ပထမဆုကိုမူ သူ့အား ဆက်လက်ပေးအပ်နိုင်သေးသည်။
မည်သို့ပင်ဆိုစေ ဤသည်မှာ သူရထိုက်သောအရာပင် ဖြစ်၏။
'ပထမဆုကို လိုချင်ရင်တော့ ငွေကို စွန့်လွှတ်ရမှာပဲ...'
ထိန်းသိမ်းရေးအကြီးအကဲမှာ လွင့်မျောထွက်ခွာသွားပြီး ချူလျန်တစ်ယောက်တည်းကိုသာ မူလနေရာ၌ တွေဝေစွာချန်ရစ်ခဲ့လေတော့သည်။
...
ညရောက်သောအခါ ဝိညာဉ်ဖမ်းတံဆိပ်ပြားက ရုတ်တရက်တုန်ခါသွား၏။
ချူလျန်သည် စောစောကမှ လျိုရှောင်ယွီကို သွေးကြောပွင့်စေရန် ကူညီပေးခဲ့ပြီး သူမ၏ နဂါးသွေးလျှို့ဝှက်ပညာရပ်လမ်းစဉ်ကို ဖွင့်လှစ်နိုင်ရန် ကူညီပေးခဲ့ကာ ယခုလေးတင်မှ အိပ်ရာဝင်ခဲ့ခြင်းဖြစ်သည်။
ဤအချိန်၌ သူက ရုတ်တရက် လန့်နိုးသွားတော့၏။
ဤအရာသည် အချိန်အတော်ကြာအောင် အသံမမြည်ခဲ့သဖြင့် သူပင် မေ့လုနီးပါး ဖြစ်နေခဲ့ချေပြီ။
ယခု ရုတ်တရက် အသံထွက်လာသောအခါ အနည်းငယ် စိုးရိမ်တကြီးဖြစ်သွားခြင်းကိုတော့ ရှောင်လွှဲ၍မရနိုင်ပေ။
အခန်း (၂၄၄) - ကျုပ်တို့ရှုတောင်ဂိုဏ်းသားတွေက ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ဓာတ်ရှိတယ်
[အရှေ့ပိုင်းလမ်းပြ]....."အားလုံးပဲ... မြို့စားမင်းက ခေါ်နေတယ်"
[နံပါတ် ၅၉]......"အား... အား... အား... နောက်ဆုံးတော့ ရောက်လာပြီလား.. အရိုးဖြူကျောင်းတော်ကို စုံထောက်သွားလုပ်ရမယ့် ကိစ္စလား… ကျွန်တော် မျှော်လင့်နေတာ တော်တော်ကြာပြီ။ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ။ မြို့စားမင်းအတွက် အသက်စွန့်ရမယ့် အချိန်က နောက်ဆုံးတော့ရောက်လာပြီ။ တကယ်ကို စိတ်လှုပ်ရှားစရာပဲဗျာ..."
[နံပါတ် ၆၀]......."ဘယ်အချိန်လဲ…ဘယ်ကိုသွားရမှာလဲ.."
ရှေ့က လူနှစ်ယောက်၏ စာပြန်မှုများကို ကြည့်ရင်း ချူလျန်တစ်ယောက် အစွန်းနှစ်ဖက်ကို မြင်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။ သူတို့နှင့် နှိုင်းယှဉ်လိုက်ပါက သူက ဘာပဲပြောပြော အဖွဲ့ထဲတွင် တစ်ဦးတည်းသော ပုံမှန်လူတစ်ယောက်နှင့်ပင် တူနေတော့၏။
[နံပါတ် ၅၈]........"လက်ခံရရှိပါတယ်… လမ်းပြသခင်ကြီး ညွှန်ကြားပါခင်ဗျ"
[အရှေ့ပိုင်းလမ်းပြ]....."အရိုးဖြူကျောင်းတော်က အကြီးအကျယ်လှုပ်ရှားဖို့ရှိနေပြီး လူအင်အား ထပ်တိုးချဲ့နေတယ်ဆိုတဲ့ သတင်းရထားတယ်… ဒါက မင်းတို့ အရိုးဖြူကျောင်းတော်ထဲကို ရောဝင်ဖို့အတွက်အခွင့်ကောင်းပဲ။ နောက်သုံးရက်ကြာရင် မင်းတို့ကို စုရပ်ဆီခေါ်သွားဖို့အတွက် လူတစ်ယောက် လာကြိုလိမ့်မယ်။ အသင့်ပြင်ထားကြ။"
[နံပါတ် ၆၀].........."လက်ခံရရှိပါတယ်"
[နံပါတ် ၅၈]........"လက်ခံရရှိပါတယ်"
[နံပါတ် ၅၉]........."ဘုရားရေ... အခုပဲ စတော့မှာလား….တကယ် စိတ်လှုပ်ရှားနေပြီ။ လမ်းပြသခင်ကြီး ကျွန်တော်တို့ကို အကြံပြုစရာများ ရှိသေးလားဗျ။ ဘယ်သူက လာကြိုမှာလဲ။ အရိုးဖြူကျောင်းတော်ထဲမှာ စိမ့်ဝင်နေတဲ့သူတွေ ရှိနေပြီလား။ တကယ်လို့ အမှုထမ်းကောင်းရင် မြို့စားမင်းကို တွေ့ခွင့်ရမှာလား။ သူ့အဘိုးကြီးရဲ့ ဒဏ်ရာတွေကော သက်သာသွားပြီလားဗျ။"
အရှေ့ပိုင်းလမ်းပြထံမှ မည်သည့် လှုပ်ရှားမှုမှ ထပ်မံထွက်ပေါ်မလာတော့ပေ။
စာဖတ်သွားသော်လည်း ပြန်စာရောက်မလာတော့ချေ။
နောက်တစ်နေ့နံနက်ခင်းတွင် နေရောင်ခြည်မှာ တောက်ပသာယာနေသည်။
ချူလျန်သည် စောစောစီးစီးထကာ မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်ပြီးနောက် တောင်ထွတ်ကို သန့်ရှင်းရေးလုပ်ရန်အပြင်ထွက်လာခဲ့၏။ ထို့နောက် သစ်ပင်ပန်းမန်များ ရှုပ်ပွနေသည့်နေရာများကို လိုက်လံကြည့်ရှုကာ ခုတ်ထွင်ရှင်းလင်းလေသည်။
ယနေ့တွင် မိတ်ဆွေနှစ်ဦးက ငွေဓားတောင်ထွတ်သို့ ဧည့်သည်အဖြစ် လာရောက်ကြမည် ဖြစ်သည်။
၎င်းမှာ ပြီးခဲ့သည့်အကြိမ်က ဝိညာဉ်ဖမ်းဆွဲအမိန့်တော်ပြားထဲတွင် ဆွေးနွေးမှုအပြီး၌ ချူလျန်က လော့ယောင်နှင့် ပုရှန်ထံသို့ စာပို့ကာ ချိန်းဆိုခဲ့ခြင်းဖြစ်ပေသည်။
အကယ်၍ အရေးကြီးသောကိစ္စများရှိလာပါက သူတို့လျှို့ဝှက်အဖွဲ့လေးသည် ရှုတောင်ဂိုဏ်း၏ ငွေဓားတောင်ထွတ်သို့ လာရောက်စုဝေးကာ တိုင်ပင်ဆွေးနွေးကြမည်ဖြစ်၏။
ရှုတောင်ဂိုဏ်းနှင့် ပကတိတရားသုံးပါးချိုင့်ဝှမ်းတို့သည် တောင်ပိုင်းဒေသတွင်ရှိပြီး ကျင့်ကြံသူများအတွက်မူ သိပ်မဝေးလှပေ။ ယွမ်ချွယ်ကျောင်းတိုက်ကမူ ကောင်းကင်ယံတွင်ရှိလေသည်။
ထို့ပြင် ပကတိတရားသုံးပါးချိုင့်ဝှမ်းသည် တောင်ပိုင်းဒေသ၏ လူသူအရောက်အပေါက်နည်းသော တောနက်ထဲတွင်ရှိပြီး အနည်းငယ် ထူးဆန်းကာ ခေါင်လွန်းလှသဖြင့် နှိုင်းယှဉ်ကြည့်လိုက်လျှင် ရှုတောင်ဂိုဏ်းကသာ လူစုရန် အသင့်တော်ဆုံး ဖြစ်ပေသည်။
သူ့မိတ်ဆွေနှစ်ဦး၏ ပထမဆုံးအမြင်၌ အကောင်းမြင်မှုရရှိစေရန်အတွက် ချူလျန်က ယခုလို ပြင်ဆင်နေခြင်းဖြစ်သည်။
မွန်းတည့်ချိန်သို့ ရောက်သောအခါ လော့ယောင်က အရင်ဆုံးရောက်လာခဲ့၏။
သူမသည် ယနေ့တွင်လည်း အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တောက်ပချောမွေ့နေသော ဆံပင်ဖြူဖြူများနှင့် သေသပ်လှပသော မျက်နှာလေးရှိသော်လည်း အကြည့်များကမူ အလွန်တရာအေးစက်နေလေသည်။
သူမ၏ ကျောဘက်တွင် ထီးသုံးလက်ကိုလွယ်ထားပြီး ငွေဓားတောင်ထွတ်ပေါ်သို့ ဆင်းသက်လာချိန်တွင် စကားတစ်ခွန်းမျှမဟပေ။ ချူလျန်က သူမကို မြင်ပြီး နှုတ်ဆက်လိုက်ချိန်မှသာ တုံ့ပြန်တော့သည်။
"လော့မိန်းကလေး ရောက်လာပြီကိုး…မတွေ့ရတာကြာပြီနော်"
ချူလျန်က လက်ပြရင်း နှုတ်ဆက်လိုက်သည်။
"အင်း…"
လော့ယောင်က ခေါင်းကို ညင်သာစွာညိတ်ပြရင်း တုံ့ပြန်လိုက်၏။
ပထမဆုံးအကြိမ်တွေ့ဆုံခြင်း မဟုတ်သဖြင့် သူမက ဤသို့အေးစက်စက်နေတတ်သော မိန်းကလေးမှန်း သိထားသောကြောင့် ချူလျန်က သူမကို ရိုင်းစိုင်းသည်ဟုမတွေးမိပေ။
"အခုတလော နေကောင်းရဲ့လား…"
ချူလျန်က ထပ်မေးလိုက်သည်။
"ကောင်းပါတယ်…"
လော့ယောင်က ပြန်ဖြေလေသည်။
ရိုးရှင်းစွာနှုတ်ဆက်ပြီးနောက် ချူလျန်က သူမကို စားပွဲဘေးသို့ ဖိတ်ခေါ်ကာ ထိုင်စေလိုက်၏။
ထို့နောက် သစ်သီးတစ်ပန်းကန်ကို ယူလာပြီး လက်ဖက်ရည် အနည်းငယ်ငှဲ့ပေးလိုက်ရာ ဧည့်ဝတ်ကျေပွန်သွားပြီဟု ဆိုနိုင်ပေသည်။
အခြေအနေက အနည်းငယ်မျှ အနေရခက်နေသည်။
ကြမ်းတမ်းပြီး စကားနည်းလှသော ဤမိန်းကလေးနှင့် တစ်ခန်းတည်း အတူရှိနေရသည်မှာ အမှန်တကယ် ဖိအားအနည်းငယ်ရှိနေသဖြင့် ချူလျန်သည် ပုရှန် အမြန်ရောက်လာစေရန် စိတ်ထဲမှတိတ်တဆိတ် မျှော်လင့်နေမိ၏။
သူသာရှိနေလျှင် အနည်းဆုံးတော့ အခြေအနေက ဤမျှအေးစက်နေမည် မဟုတ်ပေ။
စိတ်ထဲမှ ဤသို့တွေးလိုက်မိချိန်မှာပင် အပြင်ဘက်မှ ဘုန်းတော်ကြီးတစ်ပါး၏ ရွတ်ဆိုသံထွက်ပေါ်လာလေသည်။
"သာဓု…သာဓု... ရှုတောင်ဂိုဏ်းကို ပထမဆုံးအကြိမ် ရောက်ဖူးတာပဲ.. တောင်ထွတ်သုံးဆယ့်ခြောက်ခုက တကယ့်ကို ခမ်းနားထည်ဝါတာပဲ…"
ချူလျန်က အမြန်အဆန် ကြိုဆိုရန် ထွက်သွားလိုက်ရာ ဖြူစင်သော ရဟန်းဝတ်ရုံကို ဝတ်ဆင်ထားပြီး အပြုံးလေးဖြင့်ရပ်နေသည့် ရုပ်ရည်ချောမောသော ကတုံးတစ်ယောက်ကို မြင်တွေ့လိုက်ရ၏။
"ဆရာတော်ပုရှန်... ခင်ဗျားကိုစောင့်နေတာ…"
ချူလျန်ကလည်း ပြုံးရွှင်စွာ ကြိုဆိုလိုက်သည်။
"အာ... သိုင်းသူရဲကောင်းချူ နဲ့ လော့မိန်းကလေး... မတွေ့ရတာ ကြာပြီ”
“တော်တော် သတိရနေတာဗျ…"
ပုရှန်က သူတို့နှစ်ဦးကို မြင်သည်နှင့် အပြုံးများက ချက်ချင်းပင် ပိုမိုတောက်ပသွားပြီး နေလောင်ခံထားရသော်လည်း ဖြူဖွေးသန့်စင်နေဆဲဖြစ်သော သွားများကို ဖော်ထုတ်ကာ ပြောလိုက်လေသည်။
သူက လက်တစ်ဖက်ကိုလှန်ကာ သေတ္တာတစ်လုံးကို ဆွဲထုတ်လိုက်၏။
"ဒါကတော့ ကျွန်တော်တို့ ယွမ်ချွယ်ကျောင်းတိုက်ရဲ့ နာမည်ကြီးထွက်ကုန်ဖြစ်တဲ့ ဗုဒ္ဓပူဇော်သစ်သီးတွေပါ”
“ခင်ဗျားတို့ မြည်းစမ်းကြည့်ရအောင် နည်းနည်းယူလာခဲ့တယ်..."
"ဟာ... အားနာစရာကြီးဗျာ…လာရင်လည်း ဒီတိုင်းလာပေါ့ဗျ”
“ဘာလို့ ပစ္စည်းတွေ ယူလာနေသေးတာလဲဗျာ"
ချူလျန်က လှမ်းယူလိုက်ရင်း ရယ်မောကာပြောလိုက်သည်။
"ခင်ဗျားလည်း လော့မိန်းကလေးဆီကနေ သင်ယူထားသင့်တယ်.. လက်ချည်းသက်သက်လာတာ ဘယ်လောက်ကောင်းလဲ.."
"ဟင်…"
လော့ယောင်က အာမေဍိတ်သံ ပြုလိုက်၏။
အပြန်အလှန်နှုတ်ဆက်ပြီးနောက် သူတို့သုံးဦးလုံး စုံညီသွားရာ ထိုင်ချလိုက်ပြီး အဓိကကိစ္စကို စတင်ပြောဆိုကြတော့သည်။
"ပြီးခဲ့တဲ့အခေါက်က ပြန်သွားပြီးတော့မှ ကျွန်မ စဉ်းစားကြည့်မိတယ်…ကျွန်မတို့က အမှောင်ဘုရင်ဂိုဏ်းထဲကို ဝင်ပြီး သူလျှိုလုပ်ရမှာဆိုတော့ မိစ္ဆာဂိုဏ်းရဲ့ မန္တန်ပညာရပ်တွေ မရှိလို့မဖြစ်ဘူး”
“အနည်းဆုံးတော့ အပြင်ပန်းကြည့်ရင်အာနိသင်တူတဲ့ မန္တန်တချို့တော့ ရှိထားသင့်တယ်…ဒါမှ တိုက်ခိုက်တဲ့အခါကျရင် ထုတ်သုံးလို့အဆင်ပြေမှာ…"
အဓိကကိစ္စကို ပြောဆိုလာချိန်တွင် လော့ယောင်သည် စကားအနည်းငယ် ပိုများလာလေသည်။
"ဒါတော့မှန်တယ်… ကျွန်တော်လည်း အဲဒီလို တွေးမိတယ်.."
ပုရှန်က ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။
"ဒါကြောင့် ကျွန်တော် ကျောင်းတိုက်က တားမြစ်ထားတဲ့ ဗုဒ္ဓဘာသာပညာရပ် တချို့ကို တမင်တကာ လေ့ကျင့်လာခဲ့တယ်…ဟန်ဆောင်ရုံလောက်တော့ အဆင်ပြေမှာပါ…"
ယွမ်ချွယ်ကျောင်းတိုက်သည်လည်း ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ရာ သဘာဝကျစွာပင် ယင်ဓာတ်သဘာဝပါသော မန္တန်ကျင့်စဉ်အချို့ ရှိနေမည်မှာ သေချာပေသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တော့ ဘာမှမပြင်ဆင်ရသေးဘူး ကျုပ်လည်း တွေးတော့ တွေးမိသားပဲ…"
ချူလျန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ်တို့ ရှုတောင်ဂိုဏ်းရဲ့ ကျင့်စဉ်တွေက သိပ်ကို ဖြောင့်မတ်မှန်ကန်လွန်းနေတယ်”
“မိစ္ဆာဂိုဏ်းရဲ့ မန္တန်တွေရှိရင်တောင်မှ ကျင့်ကြံဖို့ကမလွယ်ဘူး…ဒါကြောင့် လိုအပ်လာရင် လှည့်ကွက်လေးတချို့ရယ်၊ အရင်က ရထားတဲ့ တိုက်ပွဲဝင်ဝိညာဉ်ရုပ်တုကိုပဲ အားကိုးပြီးတောင့်ခံထားရမှာပဲ…"
အင်မော်တယ်ဂိုဏ်းများ၏ ကျင့်စဉ်သဘာဝများက မတူညီကြပေ။
လော့ယောင်သည် ပကတိတရားသုံးပါးချိုင့်ဝှမ်းမှလာသူဖြစ်ရာ သူမတမင်တကာ ဟန်ဆောင်နေရန်ပင် မလိုဘဲ သူမ၏တိုက်ခိုက်မှုများက အမှောင်စွမ်းအားများ ပါဝင်နေလေသည်။
ပုရှန်၏ ဗုဒ္ဓဘာသာကျင့်စဉ်များကလည်း အရာအားလုံးကို လွှမ်းခြုံနိုင်သည်ဟု ဆိုနိုင်၏။
ရှုတောင်ဂိုဏ်း၏ ကိုးပါးကောင်းကင် နက်ရှိုင်းနှလုံးသားကျင့်စဉ် တစ်ခုသာလျှင် အလွန်တရာ ဖြောင့်မတ်မှန်ကန်လွန်းနေလေသည်။
"ဟူး... ကျုပ်တို့ ရှုတောင်ဂိုဏ်းသားတွေက ဖြောင့်မတ်မှန်ကန်တဲ့ စိတ်ဓာတ်တွေ အပြည့်အဝရှိနေကြတော့ ဖုံးကွယ်ထားဖို့ တော်တော်ခက်ခဲတာပဲ…"
ချူလျန်က သက်ပြင်းချရင်း ပြောလိုက်သည်။
"ကျွန်မဆီမှာ မန္တန်ငယ်တစ်ခုရှိတယ်…ရှင်တို့နှစ်ယောက်စလုံး ကျင့်ကြံလို့ ရလောက်တယ်…"
လော့ယောင်က ကျောက်စိမ်းမှတ်တမ်းပြားတစ်ခုကို လှမ်းပေးလိုက်၏။
ချူလျန်က လှမ်းယူလိုက်ပြီး ကြည့်ရှုလိုက်ရာ ၎င်းမှာ 'ယင်အဆောင်မန္တန်' ဟုခေါ်သော မန္တန်ငယ်တစ်ခုဖြစ်နေပြီး ရန်သူကို တိုက်ခိုက်ရန်အတွက် ယင်ဓာတ်ပါသော အဆောင်စာလုံးအချို့ကို အသုံးပြုကာ ယင်စွမ်းအင်များကို စုစည်းရခြင်း ဖြစ်ပေသည်။
၎င်း၏ တိုက်ခိုက်မှုပုံစံမှာ မိစ္ဆာဂိုဏ်း၏မန္တန်များနှင့် တကယ်ကို ဆင်တူလှသည်။
ထို့ပြင် ၎င်းကို အဆောင်ဓားသိုင်းကျင့်စဉ်နှင့်ပါ တွဲဖက်အသုံးပြုနိုင်သဖြင့် ချူလျန်နှင့် အမှန်တကယ်ပင် သင့်လျော်နေလေသည်။
"လော့မိန်းကလေးကို ကျေးဇူးတင်ပါတယ်…"
ချူလျန်နှင့် ပုရှန်တို့က အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
ဤကဲ့သို့သော မန္တန်ငယ်မျိုးက ခက်ခဲလှသည်မဟုတ်ပေ။ သူက ဝိညာဉ်အာရုံဖြင့် နှစ်ကြိမ်ခန့် ဖြတ်ကြည့်လိုက်ရုံဖြင့် အဆောင်စာလုံးများကို အခြေခံအားဖြင့် မှတ်မိသွားပြီဖြစ်၏။
အဆောင်ရေးဆွဲခြင်းကိစ္စကိုလည်း သူတော်တော်လေး ကျွမ်းကျင်နေပြီ ဖြစ်ရာ ချက်ချင်းပင် သူတို့သုံးဦးအပြင်ထွက်ကာ စွမ်းအားကိုစမ်းသပ်ရန် ပြင်ဆင်လိုက်ကြသည်။
သူတို့ အပြင်သို့ ထွက်လိုက်သည်နှင့် လျိုရှောင်ယွီက ခါးကိုကိုင်ကာ လျှောက်လာသည်ကို မြင်လိုက်ရ၏။
သူမက သမ်းဝေလိုက်ရင်း ပြောလာသည်။
"အစ်ကိုချူလျန်... မနေ့ညက ကျွန်မကို သွေးကြောပိတ်ဆို့မှုတွေ ဖွင့်ပေးပြီးတော့ တအားကို ပင်ပန်းသွားသလိုခံစားရတယ်”
“ခါးလည်း နည်းနည်းနာနေသေးလို့လေ…ဒီနေ့ လယ်ကွင်းထဲ သွားအလုပ်မလုပ်တော့ဘူးဆိုရင် ရမလား…"
"ရတာပေါ့…မင်း အနားယူလိုက်လေ.."
ချူလျန်က ပြန်ပြောလိုက်သည်။
လျိုရှောင်ယွီမှာ မိစ္ဆာတစ်ကောင်ဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ပတ်သက်လာလျှင်မူ မိမိထက် အများကြီး အလှမ်းကွာဝေးနေသေးသည်။
ထို့ကြောင့် ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောများကို ဖွင့်ပေးပြီးနောက် မိမိမှာ ဘာမှမခံစားရသော်လည်း သူမကမူ တစ်ကိုယ်လုံးပြုတ်ထွက်သွားသကဲ့သို့ ဖြစ်နေခြင်းပင်။
ကြည့်ရသည်မှာ တစ်ညလုံးအနားယူထားသော်လည်း အပြည့်အဝ ပြန်လည်သက်သာမလာသေးပုံပင်။
ရေလောင်းသည့် ကိစ္စမျိုးကို ကိုယ်တိုင်နောက်မှ လုပ်လိုက်လျှင်လည်း ရနိုင်ပေသည်။
သို့သော် လှည့်ကြည့်လိုက်ချိန်တွင် ပုရှန်နှင့် လော့ယောင်တို့က မိမိကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
ထိုအကြည့်များက လူယုတ်မာတစ်ယောက်ကို ကြည့်နေသည့်အလားပင်။
"ဒီမိန်းကလေးကို ကြည့်ရတာ အသက်သိပ်ကြီးပုံမရဘူးနော်..."
ဘုန်းတော်ကြီးပုရှန်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ မေးလိုက်၏။
"ဒါတောင် သူ့ကို လယ်အလုပ်တွေ လုပ်ခိုင်းနေသေးတယ်…"
လော့ယောင်ကလည်း ဝင်ပြောလေသည်။
"ကိစ္စတွေက ခင်ဗျားတို့ထင်နေသလိုမျိုး မဟုတ်ရပါဘူး…"
ချူလျန်က အမြန်ရှင်းပြလိုက်သော်လည်း နဂါးသွေးလျှို့ဝှက်ပညာရပ်အကြောင်းကို အပြင်လူများအား ပြောပြ၍ မသင့်တော်သဖြင့် စဉ်းစားကြည့်ပြီးနောက် အောက်ပါအတိုင်းသာ ပြောလိုက်နိုင်သည်။
"ကျုပ်က သူ့ကို ကျင့်ကြံဖို့ ကူညီပေးနေတာပါဗျာ…"
သူတို့နှစ်ဦးလုံးက မယုံကြည်သည့်မျက်နှာထားမျိုး ဖြစ်နေသည်ကို မြင်သောအခါ ချူလျန်က လေသံကို မြှင့်ကာပြောလိုက်၏။
"ကျုပ်တို့ ရှုတောင်ဂိုဏ်းသားတွေက ဖြောင့်မတ်မှန်ကန်တဲ့စိတ်ဓာတ်တွေ ရှိကြတယ်ဗျ”
“ဒီလိုမျိုး အပြစ်ကင်းတဲ့ မိန်းကလေးကို လိမ်လည်လှည့်စားတဲ့ကိစ္စမျိုး ဘယ်လိုလုပ် လုပ်ရက်မှာလဲ…ခင်ဗျားတို့ ကျုပ်ကို ယုံကြည်ပေးရမယ်လေ…"
စကားဆုံးသည်နှင့် အဝေးတစ်နေရာမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။
"ချူလျန်... ငါ့ရဲ့ အချစ်ဆုံးညီအစ်ကိုကြီး…”
“ငါ့ကို မြန်မြန်ကယ်ပါဦး… ဒီမှာ ခဏလောက်ပုန်းခွင့်ပြုပါ…"
ချက်ချင်းပင် လင်းပေ့က မီးခိုးငွေ့တစ်တန်းအသွင်ဖြင့် ချူလျန်၏အိမ်ထဲသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
သူ၏နောက်တွင်လည်း လုရန်ကပါလာပြီး ဖြည်းညင်းစွာ ဆင်းသက်လာပေသည်။
ထိုလုရန်ဆိုသူကို ချူလျန်လည်း ယခင်က တွေ့ဖူးပြီး ကျောက်စိမ်းဓားတောင်ထွတ်မှ စီနီယာအစ်ကိုတစ်ဦး ဖြစ်သည်။
"ဘာဖြစ်လာတာလဲဗျ…"
ချူလျန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"မပြောပါနဲ့တော့ကွာ…ဒီကောင်က အပြစ်ကင်းတဲ့မိန်းကလေးတစ်ယောက်ကို လိမ်လည်လှည့်စားဖို့ ကြိုးစားနေတုန်း လက်ပူးလက်ကြပ်မိသွားတာလေ…"
နောက်မှ ရောက်လာသော လုရန်ကဒေါသတကြီးဖြင့် ပြောလိုက်သည်။
"မနေ့က သူ သူများအစား ပိုင်ဇယ်ကိုလမ်းလွှဲပေးတဲ့ အခွင့်အရေးကိုအသုံးချပြီး ဝါးတောတောင်ထွတ်က ဂျူနီယာညီမလေးတစ်ယောက်နဲ့ သိကျွမ်းသွားတာ”
“သူက ပိုက်ဆံမယူဘဲ ညဘက်ကျရင် တိတ်တဆိတ်တွေ့ဖို့ ချိန်းထားတာတဲ့…”
“အဲဒါကို ကောင်မလေးရဲ့ စီနီယာအစ်ကိုတွေ အစ်မတွေက သိသွားတော့ မနေ့ညကနေ ဒီနေ့အထိ သူ့ကိုလိုက်ဖမ်းနေကြတာပဲ…”
“အခု သူတို့က ငါတို့ ကျောက်စိမ်းဓားတောင်ထွတ်မှာ ပြဿနာရှာနေကြလို့ သူဒီကို ပြေးလာပြီး လာပုန်းနေတာလေ"
လုရန်က လင်းပေ့၏ကိစ္စများကို ပြောနေသော်လည်း မိမိအပေါ် ကျရောက်နေသော အကြည့်များက ပို၍လေးလံလာသည်ဟု ချူလျန်ခံစားလိုက်ရ၏။
လော့ယောင်က လှောင်ပြုံး ပြုံးလိုက်သည်။
"ရှင်တို့ ရှုတောင်ဂိုဏ်းသားတွေက ဖြောင့်မတ်မှန်ကန်တဲ့စိတ်ဓာတ် ရှိကြတယ်ဆို.."
ပုရှန်က အိမ်ထဲသို့ လှည့်ကြည့်လိုက်၏။
"အချစ်ဆုံး ညီအစ်ကိုကြီးဆိုပါလား..."
"တကယ်တော့ သိပ်လည်းမရင်းနှီးပါဘူး..."
ချူလျန်က ချက်ချင်းပင်မျက်နှာကြောကို တင်းလိုက်ကာပြောလိုက်သည်။
"ဒီလိုအပြုအမူမျိုးကို ကျုပ်လည်း ပြင်းပြင်းထန်ထန် ရှုတ်ချတယ်…သူက သီးသန့် ကိစ္စတစ်ခုပါ”
“ကျုပ်တို့ ရှုတောင်ဂိုဏ်းရဲ့ အမှိုက်သရိုက်ပဲ…ရှုတောင်ဂိုဏ်းသားတွေရဲ့ အလုံးစုံ စရိုက်လက္ခဏာကို ဘယ်လိုမှကိုယ်စားမပြုနိုင်ဘူး”
“ကျုပ်က သူနဲ့ မတူဘူးဗျာ ရှုတောင်ဂိုဏ်းမှာ ကျုပ်က အမြဲတမ်း နာမည်ကောင်းနဲ့နေတာဗျ.."
ထိုသို့ ပြောနေစဉ်မှာပင် အဝေးတစ်နေရာမှ ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြန်လေသည်။
ရောက်လာသူမှာ ရှန်ဇီလျန်ဖြစ်နေပြီး သူ၏မျက်နှာထားက အလွန်ဆိုးရွားနေကာ အလွန်ဝမ်းနည်းနေသည့်ပုံ ပေါက်နေသည်။
သူ၏ကျောတွင်လည်း အထုပ်ငယ်တစ်ခုကို လွယ်ထားသေး၏။
"မင်းကရော ဘာဖြစ်လာပြန်ပြီလဲ…"
ချူလျန်က မေးလိုက်သည်။
"ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ စီးပွားရေးလုပ်တာ အရမ်းကြီးကျယ်သွားတော့ ကျွန်တော့်အဖေ သိသွားတယ်.."
ရှန်ဇီလျန်က ငိုသံပါကြီးဖြင့်ပြောလေသည်။
"သူက ခင်ဗျားတို့ ငွေဓားတောင်ထွတ်က လူတွေအားလုံးက အရှက်မရှိတဲ့ လူယုတ်မာတွေချည်းပဲတဲ့”
“ကျွန်တော်က အဲဒီလိုလူတွေနဲ့ သူငယ်ချင်း ဖြစ်နေရသလားဆိုပြီး သားအဖအဖြစ်ကနေ ပြတ်စဲတော့မယ်တဲ့လေ”
“အစ်ကိုကြီး... ကျွန်တော် အိမ်ကနေထွက်ပြေးလာခဲ့ပြီ…"
ချူလျန်က နဖူးကို လက်ဖြင့်ရိုက်ချလိုက်မိ၏။
'ဒါ ဘာကိစ္စတွေလဲကွာ...'
သူ၏နောက်ကွယ်မှ လော့ယောင်နှင့် ပုရှန်တို့၏ အကြည့်များက ပို၍ပင် သေချာသွားပုံရလေသည်။
"ဖြောင့်မတ်မှန်ကန်တဲ့စိတ်ဓာတ်ဆိုပါလား..."
ပုရှန်က ပြောလိုက်၏။
"နာမည်ကောင်းနဲ့နေတာ ဆိုပါလား..."
လော့ယောင်ကလည်း ဝင်ပြောလိုက်သည်။
"..."
ချူလျန်တစ်ယောက် ဆွံ့အသွားတော့သည်။