အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အခန်း (၂၄၅) - ကျုပ် မိန်းမတွေကို စိတ်မဝင်စားဘူး
သုံးရက်အကြာ…။
လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုပေါ်တွင် ချူလျန်၊ လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ သုံးဦးသည် ထိုဝတ်စုံများကို သပ်ရပ်စွာဝတ်ဆင်ထားပြီး ဤနေရာသို့ ညီညာစွာလျှောက်လှမ်းလာကြရာ သူတို့၏ပုံစံမှာ အထူးပင်မျက်စိကျစရာ ကောင်းနေလေသည်။
ယခုကဲ့သို့ နေသာသောနေ့ခင်းဘက်တွင်သာ သူတို့သုံးဦးအနေဖြင့် ဝတ်ရုံမည်းများကို မဝတ်ဆင်ထားလျှင် သိသာပေါ်လွင်နေမည် မဟုတ်ပေ။
အရှေ့ပိုင်းလမ်းပြ၏ ညွှန်ကြားချက်အရ ဤနေရာတွင်စောင့်ဆိုင်းနေပါက သူတို့ကို အရိုးဖြူနန်းဆောင်သို့ ခေါ်ဆောင်သွားမည့်သူများ ရောက်လာမည်ဖြစ်သည်။
"ကျုပ်တို့ကျောင်းတိုက်က လူကြီးတွေရဲ့ သဘောထားကတော့ အရိုးဖြူနန်းဆောင်မှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိနေမယ်ဆိုရင် သူတို့ရဲ့အခြေအနေကို အရင်စောင့်ကြည့်ဖို့ပါ..”
“ဘာမှ ထူးထူးခြားခြားမရှိဘူးဆိုရင်တော့ တည်နေရာကိုရှာတွေ့တာနဲ့ တစ်ခါတည်း ဖြိုခွင်းလိုက်တာ ပိုကောင်းတယ်တဲ့…"
ဘုန်းတော်ကြီးပုရှန်က လမ်းလျှောက်ရင်း ပြောလိုက်၏။
ယနေ့ခေတ် လူ့လောကတွင် တရားဓမ္မသည် အထင်အရှားကြီးစိုးလျက်ရှိသည်။ မိစ္ဆာဂိုဏ်းများသည် အားနည်းခြင်းမရှိသော်ငြား ယွီမင်းဆက်နှင့် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့၏ အင်အားများကို ပေါင်းစပ်လိုက်ပါက ၎င်းတို့ကို အပြီးတိုင်ချေမှုန်းနိုင်စွမ်း ရှိပေသည်။
အမှောင်ဘုရင်ဂိုဏ်းကဲ့သို့သော မိစ္ဆာဂိုဏ်းများသည် ယခုအချိန်အထိ ရေရှည်တည်တံ့နေနိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့၏ အစွမ်းထက်သောပုန်းကွယ်ခြင်း နည်းလမ်းများကြောင့်ပင်ဖြစ်သည်။
သူတို့သုံးဦးသာ ယခုတစ်ကြိမ် အရိုးဖြူနန်းဆောင်သို့ အန္တရာယ်ကင်းကင်း ရောက်ရှိသွားပြီး တည်နေရာကိုအတည်ပြုနိုင်ပါက ကြီးမားသောဂုဏ်ပြုခံရမည့် အောင်ပွဲတစ်ခုကို ရရှိမည်ဖြစ်သည်။
အရိုးဖြူနန်းဆောင်၏အရှင်သခင်ဖြစ်သော အရိုးဖြူတောင်အဘိုးအိုသည်လည်း ခရမ်းရွှေရောင်မြို့စားထက် မနိမ့်ကျသည့် ငါးကြီးတစ်ကောင်ပင်ဖြစ်လေသည်။
"ကျွန်မတို့တောင်ကြားက အကြီးအကဲတွေရဲ့အမြင်ကလည်း ဒီလိုပါပဲ…သုံးဖွဲ့ပေါင်းပြီး အရိုးဖြူနန်းဆောင်ကိုရှင်းပစ်ဖို့ပါ…"
လော့ယောင်ကလည်း ဝင်ပြောလိုက်သည်။
ချူလျန်သည် ရှုတောင်ဂိုဏ်းမှ မထွက်ခွာလာမီက အခြေအနေကို ပြန်လည် တွေးတောလိုက်သည်။
ထိုစဉ်က တီနွီဖုန့်သည် သူ၏ပခုံးကိုပုတ်ကာ ပြောခဲ့သည်။
"ဒီအရိုးဖြူတောင်အဘိုးအိုကို ငါ အမိဖမ်းပြမယ်…ဘယ်နတ်ပြည်က ဆင်းလာလာ သူ့ကို မကယ်နိုင်စေရဘူး…ဒါငါပြောတဲ့စကားပဲ.."
ထို့ကြောင့် သူကလည်း ခေါင်းညိတ်လိုက်လေ၏။
"ကျွန်တော့် ဆရာသခင်ရဲ့ သဘောထားကလည်း အတူတူပါပဲ…ဒီတစ်ကြိမ်မှာပဲ အရိုးဖြူနန်းဆောင်ကို အပြတ်ရှင်းဖို့ပါပဲ”
“ကျန်တာကတော့ အခြေအနေအရ ကြည့်လုပ်ရမှာပေါ့…"
သုံးဦးသားသည် ဤခရီးစဉ်၏ ရည်မှန်းချက်အပေါ် ယာယီအားဖြင့် သဘောတူညီမှု ရရှိသွားကြသည်။
ချိန်းဆိုထားသောနေရာသို့ ရောက်ရှိသွားသောအခါ အခြားသူများကြားသွားမည်ကို စိုးရိမ်သဖြင့် သုံးဦးသားသည် ပါးစပ်ပိတ်ကာနှုတ်ဆိတ်နေလိုက်ကြသည်။
ဘုန်းတော်ကြီးပုရှန်မှာ စကားမပြောသော်လည်း ခြေလှမ်းများကို ဟိုဘက်ဒီဘက် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသဖြင့် အတော်လေး စိုးရိမ်ပူပန်နေပုံပေါ်၏။
လူစုံသွားသည်နှင့် တပြိုင်နက် အဝေးရှိတောင်စောင်းပေါ်မှ အနက်ရောင်သစ်ပင်တစ်ပင်သည် အလင်းရောင်တစ်ချက် လင်းလက်သွားပြီးနောက် တဖြည်းဖြည်း လူသဏ္ဌာန်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုအရာမှာ မိစ္ဆာကျင့်ကြံသူတစ်ဦး၏ ရုပ်ဖျက်ထားမှုဖြစ်နေခြင်းပင်။
သစ်ပင်မည်းကြီးမှ လူအဖြစ် ပြောင်းလဲသွားသော ထိုသူသည် အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ဖြစ်သည်။ သူသည်လည်း အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း မျက်နှာကိုမူ ဖုံးကွယ်ထားခြင်း မရှိပေ။
မျက်လုံးများမှာ အပေါ်သို့ ကော့တက်နေပြီး သူ၏မျက်နှာထားမှာ အလွန် အေးစက်စက်နိုင်လှသည်။
သူက အနီးသို့လျှောက်လာပြီး သူတို့သုံးဦးကို ကြည့်ကာမေးလိုက်သည်။
"အရှေ့ပိုင်းလမ်းပြဆီကလား…"
"မြို့စားကြီး ခေါ်တော်မူတယ်…"
ချူလျန်က သူ့ကို လျှို့ဝှက်စကားဝှက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
"အင်း…"
မျက်လုံးကော့ကော့နှင့် ထိုလူက ခေါင်းညိတ်လိုက်သည်။
"ငါ့နာမည်က လျိုဆန်းပါ…အရှေ့ပိုင်းလမ်းပြက ငါ့အသက်ကို ကယ်ခဲ့ဖူးတယ် ဒါကြောင့် ငါက မြို့စားကြီးဆီပြောင်းပြီး အမှုထမ်းနေတာ”
“...ဒါပေမဲ့ ငါ့ရဲ့ကျင့်ကြံမှုအဆင့်က နိမ့်သလို အရိုးဖြူနန်းဆောင်မှာလည်း ရာထူးမကြီးဘူး… ဒီနေ့ မင်းတို့ကိုခေါ်လာပေးပေမဲ့ နောက်ရက်တွေကျရင် မင်းတို့ဘာသာကြိုးစားပြီး အထက်ကို တက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…"
"မြို့စားကြီးရဲ့ ယုံကြည်မှုကို လုံးဝအလဟဿ အဖြစ်မခံပါဘူး…"
သုံးဦးသားက ပြိုင်တူခေါင်းညိတ်ကာ ဖြေကြားလိုက်ကြသည်။
လျိုဆန်းက သူ၏လက်ကြီးကို ဝှေ့ယမ်းလိုက်ရာ ကော်ဇောတစ်ချပ်ကဲ့သို့ ကြီးမားသော အနက်ရောင်သစ်ရွက်ကြီးတစ်ရွက် ဖြန့်ကျက်ထွက်ပေါ်လာသည်။
ထို့နောက်သုံးဦးသားသည် ထိုအနက်ရောင်သစ်ရွက်ကြီးပေါ်သို့ တက်လိုက်ကြပြီး လျိုဆန်းက သူတို့ကို ကောင်းကင်ယံသို့ ခေါ်ဆောင်ကာပျံသန်းသွားလေသည်။
သစ်ရွက်ပေါ်တွင် လျိုဆန်းက သူတို့ကို ဆက်လက်မိတ်ဆက်ပေးလိုက်သည်။
"အရိုးဖြူနန်းဆောင်မှာ ခန်းမပေါင်း ရှစ်ရာနဲ့ မိစ္ဆာတပ်သားတစ်သိန်း ရှိတယ်လို့ သတင်းထွက်နေတာ”
“တကယ်တမ်း အဲဒီလောက်မများရင်တောင်မှ ကျုပ်တို့ အမှောင်ဘုရင်ဂိုဏ်းထဲမှာတော့ အကြီးဆုံးနန်းဆောင်တစ်ခုပဲ”
“သူတို့ရဲ့အုပ်ချုပ်မှုက တော်တော်လေးပေါ့ရော့တယ်…ပုံမှန်ဆိုရင် မင်းတို့ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ထားမှာမဟုတ်ဘူး”
“အစည်းအဝေး ခေါ်တဲ့အချိန်လောက်ပဲ အရောက်လာခဲ့ရင်ရပြီ…"
ဒီစကားကို ကြားသောအခါ လူတိုင်းမှာအံ့သြသွားခြင်း မရှိကြပေ။ ဤသည်မှာ ရှောင်လွှဲ၍မရသော အရာတစ်ခုပင်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းကဲ့သို့သော သမာသမတ်ကျသည့် အင်မော်တယ်ဂိုဏ်းများတွင် ခိုင်မာသောတောင်တံခါး တည်နေရာတစ်ခုရှိကြပြီး တပည့်အများစုမှာ တောင်ပေါ်တွင်သာ ကျင့်ကြံလေ့ရှိကြသည်။
သို့သော် မိစ္ဆာဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းမျိုးမှာမူ အချိန်မရွေးဖျက်ဆီးခံရနိုင်သည့် အန္တရာယ်ရှိနေသည်။ အကယ်၍ တပည့်အားလုံးကို တစ်နေရာတည်းတွင် စုစည်းထားပါက တစ်နေ့နေ့တွင် အပျောက် ရှင်းလင်းခံရနိုင်ခြေရှိပေသည်။
ထို့ကြောင့် ပုံမှန်အချိန်များတွင် သူတို့သည် လူစုခွဲကာ လှုပ်ရှားလေ့ရှိကြသည်။
အရိုးဖြူနန်းဆောင်သည် အမှောင်ဘုရင်ဂိုဏ်းအတွင်း၌ သာမက မိစ္ဆာဂိုဏ်းများ တစ်ခုလုံးတွင်ပါ အလွန်ရောင့်တက်ကြွားဝါသော ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။
အကြောင်းမှာ သူတို့၏လက်အောက်တွင် မိစ္ဆာတပ်သားများစွာရှိနေပြီး လှုပ်ရှားမှုများမှာလည်း အမြဲတမ်းထင်ပေါ်လွန်းသောကြောင့်ပင်။
အဝတ်နီနန်းဆောင်နှင့် တန်ချင်းနန်းဆောင်ကဲ့သို့သော အခြားနန်းဆောင်များတွင်မူ တပည့်လက်ချိုးရေတွက်၍ ရလောက်အောင်သာရှိကြလေသည်။
ထို့ကြောင့် သူတို့ ခိုးဝင်ရန်ပစ်မှတ်အဖြစ် အရိုးဖြူနန်းဆောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဤနေရာမှာ စိမ့်ဝင်ရန်အကောင်းဆုံး ဖြစ်နေသောကြောင့်ပင်။
"ငါ မင်းတို့ကို ခေါ်သွားမယ့်နေရာက သစ္စာစောင့်သိမှုခန်းမလို့ ခေါ်တယ်… ခန်းမသခင်နာမည်က ဟေးယွီ”
“သူ့ကို ဗိုလ်ချုပ်ဟေးယွီလို့လည်း ခေါ်ကြတယ်…သူက မကြာသေးခင် နှစ်တွေအတွင်းမှာ အရိုးဖြူနန်းဆောင်မှာထင်ပေါ်လာတဲ့ ခန်းမအသစ်တွေထဲက အတော်လေး ထူးချွန်တဲ့သူတစ်ယောက်ပဲ”
“ငါလည်း ဒီနှစ်နှစ်အတွင်း သူ့နောက်ကိုပဲလိုက်နေတာ…"
"သစ္စာစောင့်သိမှု ဟုတ်လား…"
သုံးဦးသားသည် ထိုအမည်ကို ကြားလိုက်ရသောအခါ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ကြရသည်။
……
မိုင်တစ်ထောင်ခန့် ဆက်တိုက်ပျံသန်းလာပြီးနောက် အဝေးတစ်နေရာမှ ထူထပ်သော တိမ်မည်းကြီးတစ်အုပ်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။
လျိုဆန်းသည် အနက်ရောင်သစ်ရွက်ကြီးကို မောင်းနှင်ကာ ထိုတိမ်မည်းကြီးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
ဝုန်း... ဝုန်း... ဝုန်း...
အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် သူတို့၏နားထဲတွင် မိုးခြိမ်းသံများ ပြည့်နှက်သွားသည်။
ခေတ္တမျှ ဆက်လက်ဖြတ်သန်းသွားပြီးနောက် မျက်စိရှေ့တွင် ရုတ်တရက် ရှင်းလင်းသွားတော့သည်။ သူတို့၏ရှေ့တွင် မြင့်မားခမ်းနားလှသော တောင်တန်းကြီးတစ်ခုသည် ကောင်းကင်ယံ၌မျောလွင့်နေကာ လူတို့၏မျက်လုံးထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်ကို မြင်လိုက်ရသည်။
ဤတောင်တန်းကြီး၏ အလွန်ထိတ်လန့်ဖွယ်အကောင်းဆုံးအချက်မှာ ၎င်းသည် ကြီးမားလှသောဦးခေါင်းခွံကြီးတစ်ခုမှ ပြောင်းလဲဖြစ်တည်နေခြင်းပင်။
တိတိကျကျပြောရလျှင် ထိုအရာသည် တောင်တန်းတစ်လုံးစာမျှ ရှိသော ဦးခေါင်းခွံကြီးတစ်ခုဖြစ်သည်။
နှစ်ကာလကြာရှည်လာသည်နှင့်အမျှ ၎င်း၏အပေါ်တွင် ကျောက်တုံးများနှင့် သစ်ပင်ပန်းမန်များဖုံးလွှမ်းသွားကာ တောင်တစ်ခု၏ပုံစံမျိုးဖြစ်လာခြင်း ဖြစ်သည်။
ယခုအခါ တောင်ပေါ်တွင် အဆောက်အအုံများစီတန်းလျက်ရှိပြီး အနက်ရောင် အရိပ်ကလေးများသည် အပေါ်တွင် အတက်အဆင်းလုပ်နေကြသည်။
ဦးခေါင်းခွံရှိ မျက်နှာပေါက်များမှာလည်း အခေါင်းပေါက်များအနေဖြင့် ကျန်ရှိနေသေးပြီး အတွင်း၌နန်းတော်ပုံစံ အဆောက်အအုံအချို့ရှိနေပေသည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုနန်းတော်ကြီး၏ဖွဲ့စည်းပုံမှာ အပြင်ဘက်ရှိ အဆောက်အအုံများထက် များစွာမြင့်မားနေပုံရပြီး ၎င်းသည် အရိုးဖြူတောင်အဘိုးအို၏နေအိမ် ဖြစ်နိုင်ပေသည်။
ဤမျှ ကြီးမားလှသောဦးခေါင်းခွံကြီးကို ပိုင်ဆိုင်ထားသူမှာ မည်သူမည်ဝါ ဖြစ်မည်ကိုပင် မသိနိုင်တော့ချေ။
ပတ်ပတ်လည်တွင် တိမ်မည်းများရစ်သိုင်းနေကာ လျှပ်စီးနဂါးများ လူးလာခေါက်ပြန် သွားလာနေကြသည်။
ရံဖန်ရံခါတွင် ရွှေရောင်အလင်းတန်းများက ဦးခေါင်းခွံကြီးကိုပတ်ချာလှည့်ကာ တောက်ပနေသဖြင့် နတ်ဘုရားများနှင့်မိစ္ဆာများ၏ ကမ္ဘာတစ်ခုနှင့်ပင် တူနေတော့သည်။
မိစ္ဆာဂိုဏ်းဝင်များ၏တည်နေရာကို ယခုအထိရှာမတွေ့နိုင်ခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။
အရိုးဖြူနန်းဆောင်ကဲ့သို့နေရာမျိုးသည် တိမ်မည်းများကြားတွင် ပုန်းကွယ်နေပြီး အချိန်မရွေးရွှေ့ပြောင်းနိုင်သဖြင့် ၎င်းကိုရှာဖွေရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ခုဖြစ်နေသည်။
"ဒီအရိုးဖြူတောင်က အချိန်မရွေး ရွှေ့ပြောင်းနိုင်တာဆိုတော့..."
ချူလျန်က စူးစမ်းစွာ ကြည့်ရှုရင်းမေးလိုက်သည်။
"အရိုးဖြူနန်းဆောင်ကတပည့်တွေ တောင်ပေါ်ကဆင်းသွားပြီဆိုရင် တောင်တံခါးဆီ ပြန်လာဖို့ ဘယ်လိုရှာရမလဲ…"
လျိုဆန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလေသည်။
"အရိုးဖြူတောင်ရဲ့ ရွေ့လျားမှုမှာ သတ်မှတ်ထားတဲ့လမ်းကြောင်းတစ်ခုရှိတယ်”
“အပြောင်းအလဲလုပ်တိုင်း လက်အောက်ခံတွေကိုအသိပေးတယ်…ဒါကြောင့် နောက်တစ်ကြိမ် ဘယ်ဒေသမှာရှိနေမလဲဆိုတာကို ကျုပ်တို့ကြိုသိနေတာပေါ့”
“ဘယ်အချိန်မဆို ပျောက်သွားပါစေ၊ ကျုပ်တို့က နေရာသစ်ကို မှတ်ထားဖို့ပဲ လိုတယ်လေ…"
ပို၍နီးကပ်လာလေလေ၊ ကြီးမားလှသော အရိုးဖြူတောင်ကြီး၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပို၍ခံစားလာရလေလေ ဖြစ်သည်။ တောင်ကြီး၏ အထက်တွင် ဖိအားတစ်ခုရစ်သိုင်းနေသကဲ့သို့ခံစားရပြီး အနီးသို့ ချဉ်းကပ်လာသူများကို အသက်ရှူရခက်ခဲစေသည်။
ထိုအရာကို နက်နက်နဲနဲခံစားကြည့်လိုက်သောအခါ ဤအရာမှာ မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုနှင့် တူနေကြောင်း ချူလျန် သတိထားမိလိုက်သည်။
မိမိကဲ့သို့ သမာသမတ်ကျသော အငွေ့အသက်များနှင့် ရင်းနှီးနေသည့် တပည့်များအနေဖြင့် အနေရခက်သလို ခံစားရနိုင်သော်လည်း တောင်ပေါ်ရှိ ထိုမိစ္ဆာဂိုဏ်းဝင်များအတွက်မူ ၎င်းတို့၏ခံစားချက်မှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပေမည်။
ထို့ကြောင့် သူသည် မိမိ၏အနေရခက်မှုကို ဖုံးကွယ်ထားလိုက်လေ၏။
လျိုဆန်းသည် သူတို့ကို တောင်ကြားရှိ မရေမတွက်နိုင်သော အဆောက်အအုံများဆီသို့ ခေါ်ဆောင်လာခဲ့ပြီး သစ္စာစောင့်သိမှုခန်းမဟူသော ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် ခန်းမတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
ဘေးနားရှိခန်းမများမှာ အလောင်းကောင်တောင်တန်းခန်းမ၊ သွေးပင်လယ်ခန်းမ စသည့် အမည်များကိုပေးထားကြသော်လည်း ရုတ်တရက်ထွက်ပေါ်လာသည့် သစ္စာစောင့်သိမှုခန်းမဟူသော အမည်မှာ မိစ္ဆာဂိုဏ်းများကြားတွင် အလွန်ကွဲထွက်နေပုံပေါ်သည်။
မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့်တပြိုင်နက် ခန်းမထဲသို့ပင် မဝင်ရသေးမီ သူတို့၏ခေါင်းပေါ်မှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။
"မိစ္ဆာမယ်နှစ်ပါး အရိုးဖြူတောင်ကို ကြွမြန်းလာတာကို ကြိုဆိုပါတယ်…"
သူတို့လှည့်ကြည့်လိုက်သောအခါ အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦးသည် အနီရောင်အလင်းတန်းတစ်ခုကို စီးနင်းကာ အဝေးကောင်းကင်မှ လျင်မြန်စွာ ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။
ဦးခေါင်းခွံ၏မျက်လုံးပေါက်များထဲမှ အလံများကို ထမ်းထားသည့် တမန်ဆယ်ကျော်ခန့် ထွက်ပေါ်လာကြသည်။
သူတို့သည် အတွင်းပိုင်းနန်းတော်မှ ထွက်လာကြခြင်းဖြစ်ပြီး ထိုအမျိုးသမီးနှစ်ဦးကို အော်ဟစ်ကာ လာရောက်ကြိုဆိုနေကြခြင်းဖြစ်သည်။
ဤဧည့်ခံမှုမှာ အလွန်ခမ်းနားကြီးကျယ်လှပေသည်။
တောင်ထိပ်ပေါ်ရှိ အရိုးဖြူနန်းဆောင်၏လက်အောက်ခံများ အားလုံးမှာမူ မိစ္ဆာမယ်နှစ်ပါး၏အလှကို မြင်တွေ့လိုစိတ်ဖြင့် ခေါင်းပြူကာ ကြည့်ရှုနေကြသည်။ ထိုမိစ္ဆာမယ် နှစ်ဦးမှာ အရိုးဖြူနန်းဆောင်တွင် လူကြိုက်များမှု အတော်လေးမြင့်မားပုံပေါ်လေ၏။
"ဟိုမှာ ဝတ်ရုံနီနန်းဆောင်က မိစ္ဆာမယ်တွေလေ…မင်းတို့လည်း ကြားဖူးကြမှာပါ…"
လျိုဆန်းက ရှင်းပြလိုက်သည်။
"သူတို့က အဆင့်(၂)မိစ္ဆာမယ်လျို နဲ့ အဆင့်(၄)မိစ္ဆာမယ်ယီ ဖြစ်ရမယ်”
“မိစ္ဆာဂိုဏ်းတွေထဲမှာ သူတို့ကိုအားပေးတဲ့သူတွေ အများကြီးပဲ…ဘာလို့လဲဆိုတော့ မိစ္ဆာဂိုဏ်းထဲကို ဝင်တဲ့မိန်းမတွေ နည်းတယ်လေ”
“လှပတဲ့သူ အနည်းအကျဉ်းရှိရင်တောင် အလွယ်တကူ ဖျက်ဆီးခံလိုက်ရတာချည်းပဲ…သူတို့လို နာမည်ကြီးလာတာကတော့ တကယ်ကို ရှားပါးတယ်”
“ဟေး... မင်း ဘာလို့ လှည့်သွားတာလဲ…"
သူစကားပြောရင်း လှည့်ကြည့်လိုက်ချိန်တွင် အသစ်ရောက်လာသော သုံးဦးထဲမှ တစ်ဦး၏အမူအရာမှာ အတော်လေး ထူးဆန်းနေသည်ကို သတိထားမိလိုက်ခြင်းပင်။
ထိုသူသည် တစ်ဖက်သို့ ကျောခိုင်းကာ လှည့်သွားသဖြင့် အခြားသူများနှင့် ကွဲပြားစွာ တစ်သီးတစ်သန့် ဖြစ်နေလေသည်။
"ဪ…"
ချူလျန်သည် တစ်ဖက်ရှိ မိစ္ဆာမယ်နှစ်ဦး၏အာရုံစိုက်ခံရမည်ကို စိုးရိမ်သဖြင့် ကျောခိုင်းထားရင်းကပင် ပါးစပ်မှအဆင်ပြေသလို ပြန်ဖြေလိုက်သည်။
"ကျုပ် မိန်းမတွေကို စိတ်မဝင်စားဘူး... တစ်ချက်ကြည့်ရတာတောင် စိတ်ရှုပ်စရာကောင်းတယ်…"
အခန်း (၂၄၆) - ကြာပန်းနက် (၁)
ကောင်းကင်ယံတွင် တိမ်မည်းများဖုံးလွှမ်းနေပြီး ဧရာမအရိုးခေါင်းကြီးက တောင်တန်းကြီးအလား တည်ရှိနေ၏။
အရိုးဖြူတောင်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခြောက်ခြားစရာကောင်းပေသည်။
မိစ္ဆာဂိုဏ်းမှကျင့်ကြံသူများမှာ ကောက်ကျစ်စဉ်းလဲကာ ရက်စက်ကြမ်းကြုတ်လှသဖြင့် ခြေတစ်လှမ်းမှားသည်နှင့် အသက်အန္တရာယ် ကြုံတွေ့ရနိုင်ပေ၏။
အပြင်ဘက်တွင် ခဏတာရပ်နားပြီးနောက် လျိုဆန်းက လူငယ်သုံးဦးကိုခေါ်ဆောင်ကာ သစ္စာစောင့်သိမှုခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားသည်။
လမ်းတစ်လျှောက်တွင် အချင်းချင်းအော်ဟစ်နှုတ်ဆက်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ဤခန်းမဆောင်ရှိ ဂိုဏ်းတူညီအစ်ကိုများကြား ဆက်ဆံရေးမှာ အတော်လေးရင်းနှီးပုံပေါ်ပေသည်။
ကျယ်ဝန်းသောစင်္ကြံလမ်းကို ဖြတ်လျှောက်သွားပြီးနောက် ခန်းမဆောင်အတွင်း မြင့်မားသောနေရာ၌ ခပ်စောင်းစောင်းထိုင်နေသည့် စစ်သူကြီးဟေးယွီကို တွေ့လိုက်ရ၏။
ထိုလူ၏အသွင်အပြင်မှာ အသက်မကြီးလှဘဲ လူငယ်တစ်ဦး၏ရုပ်ရည်မျိုးဖြစ်ကာ ခန္ဓာကိုယ်မှာ ပိန်ပါးလေသည်။
သူ၏မျက်ခုံးနှင့် မျက်လုံးများကြားတွင် မိစ္ဆာဆန်သောအငွေ့အသက်များရှိနေပြီး အနက်ရောင် သားမွေးဝတ်ရုံထူကြီးကို လွှမ်းခြုံထားပေသည်။
လျိုဆန်းကလူသုံးဦးကို ခေါ်လာသည်ကို မြင်သောအခါ စစ်သူကြီးဟေးယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာလေသည်။
"ဒါ မင်းခေါ်လာတဲ့ ညီငယ်တွေလား…ဘာလို့ မျက်နှာကို ဖုံးကွယ်ထားကြတာလဲ…"
လျိုဆန်းက လက်ယှက်ကာ အရိုအသေပေးလိုက်ပြီး ရှင်းပြလေသည်။
"ခန်းမဆောင်သခင်... အပြစ်မတင်ပါနဲ့…သူတို့ အရင်တုန်းက မိစ္ဆာဂိုဏ်းအသေးလေးတစ်ခုရဲ့ တပည့်တွေလုပ်ခဲ့ဖူးကြတာပါ”
“အရိုးဖြူနန်းတော်က စစ်သူကြီးဟေးယွီရဲ့ နာမည်ကို ကြားဖူးပြီး လာရောက်ပူးပေါင်းချင်လို့ပါတဲ့…”
“သူတို့ရဲ့ မူလဂိုဏ်းအတွက်တော့ သိပ်ပြီးဂုဏ်ယူစရာမကောင်းတာမို့ ရုပ်ကို နည်းနည်းဖုံးကွယ်ထားကြတာပါ"
မိစ္ဆာဂိုဏ်းတွင် အမွေအနှစ်ပေါင်းများစွာရှိရာ ဂိုဏ်းငယ်လေးများမှဆင်းသက်လာပြီး ဂိုဏ်းကြီးများထံသို့ ပြောင်းရွှေ့ပူးပေါင်းခြင်းမှာ အထူးအဆန်းတော့မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ စစ်သူကြီးဟေးယွီက နှုတ်ခမ်းတစ်ဖက်တွန့်ရုံမျှ ပြုံးလိုက်၏။ သူအတော်လေး သဘောကျသွားပုံရပေသည်။
"ကောင်းတယ်…အခု လူအင်အားလိုနေတဲ့ အချိန်ဆိုတော့ မင်းတို့ ရောက်လာတာ အချိန်ကိုက်ပဲ”
“ပန်းကန်လုံးတွေ ယူခဲ့စမ်း…"
ထို့နောက် လက်အောက်ငယ်သားတစ်ဦးက ပန်းကန်လုံးကြီးအချို့ကို ကမ်းပေးလာပြီး ထိုအထဲမှ တစ်လုံးတွင် အရက်များထည့်ထားလေသည်။
ချူလျန်တို့သုံးဦးက သူ၏ရည်ရွယ်ချက်ကို စဉ်းစားနေစဉ်မှာပင် စစ်သူကြီးဟေးယွီက မတ်တတ်ရပ်လိုက်ပြီး သူတို့အနီးသို့ ရုတ်တရက်ရောက်လာ၏။
ထို့နောက် ညာဘက်လက်ဖြင့် သူ၏ဝတ်ရုံပေါ်မှ အမွေးနက်တစ်ချောင်းကို ဆွဲနုတ်လိုက်လေသည်။
ထိုအမွေးနက်၏အစွန်းမှာ ဓားတစ်လက်ကဲ့သို့ ထက်မြက်နေပြီး သူက ဘယ်ဘက်လက်ဖြင့်ဆုပ်ကိုင်ကာ ညာဘက်လက်ဖြင့် ဆွဲချလိုက်ပေသည်။
ရှပ်...
သွေးများပန်းထွက်လာကာ တသွင်သွင်စီးကျလာပြီး ကြည်လင်နေသော အရက်ပန်းကန်ကို သွေးရောင်အဖြစ်သို့ ချက်ချင်းပြောင်းလဲသွားစေတော့၏။
စစ်သူကြီးဟေးယွီက ခမ်းနားကြီးကျယ်သော အသံဖြင့်ကြွေးကြော်လိုက်လေသည်။
"ဒီနေ့ ငါတို့ရဲ့ သစ္စာစောင့်သိမှုခန်းမဆောင်ကို ဝင်ရောက်လာပြီဆိုတော့ သွေးသောက်ညီနောင်အဖြစ် သစ္စာဆိုကြမယ်”
“ဒီနေ့ကစပြီး ငါတို့တွေက တသက်လုံးညီအစ်ကိုတွေပဲ…"
'ပြဿနာပဲ... ဘာလို့ သစ္စာစောင့်သိမှုခန်းမဆောင်လို့ ခေါ်တာလဲဆိုတာ အခုမှ သိတော့တယ်…ဒီလူက ခေါင်းဆောင်အစစ်ပဲ'
ချူလျန်က စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။
'သွေးသောက်သစ္စာဆိုတယ်ဆိုရင်တောင် ဒီလောက်ထိ ရက်ရက်စက်စက် လုပ်ဖို့ မလိုဘူးလေ ဒီအစ်ကိုကြီးက တအားကို ရိုးသားလွန်းနေပြီ’
‘ဒါ အရက်ထဲ သွေးရောတာမှ မဟုတ်တာ... သွေးတွေချည်းပဲလေ...'
သူတို့သုံးဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အရှေ့သို့ တက်သွားကာ ကိုယ့်လက်ချောင်းကို ကိုယ်ရှရာပေး၍ ပန်းကန်ထဲသို့ သွေးတစ်စက်စီ ချလိုက်ကြ၏။
ချူလျန်က ဝိညာဉ်အလင်းသွေးသန့်စင်ခြင်းပညာရပ်နှင့် နဂါးသွေးလျှို့ဝှက်ပညာရပ်တို့ကို ကျင့်ကြံထားသဖြင့် သူ၏သွေးမှာ ရွှေရောင်ဖြစ်လုနီးပါး ဖြစ်နေပေသည်။
ရေထဲသို့ကျသွားသောအခါ ထူးခြားသောရနံ့တစ်ခု ခပ်သဲ့သဲ့ထွက်ပေါ်လာ၏။
ကံကောင်းထောက်မစွာဖြင့် တစ်စက်တည်းသာဖြစ်၍ အရောခံလိုက်ရသောအခါ သိပ်မသိသာတော့ပေ။
စစ်သူကြီးဟေးယွီက ထိုသွေးအရက်ကို ပန်းကန်လုံးကြီးအချို့ထဲသို့ ခွဲထည့်လိုက်ပြီး ပန်းကန်ကို မြှောက်ကာ လေးနက်စွာပြောလိုက်လေသည်။
"ကျုပ် အရင်သောက်ပြမယ်…"
ထို့နောက် သူက တစ်ကျိုက်တည်း မော့သောက်လိုက်တော့၏။
သူ၏ ဤကဲ့သို့သောရဲရင့်မှုကြောင့် ချူလျန်တို့လူစုမှာ ကြက်သီးထသွားကြပြီး နှုတ်ခမ်းနှင့်သာ အနည်းငယ်ထိရုံမျှ သောက်လိုက်ကြပေသည်။
စစ်သူကြီးဟေးယွီက သူ၏ဝတ်ရုံကိုခါယမ်းလိုက်ပြီး သူတို့ မည်မျှသောက်သည်ကို ဂရုမစိုက်တော့ဘဲ ကုလားထိုင်ကြီးပေါ်သို့ ပြန်လည်ထိုင်ချလိုက်ကာ ပြောလိုက်လေသည်။
"ဟားဟားဟား... လွန်ခဲ့တဲ့ရက်ပိုင်းက နန်းတော်သခင်ဆီက အမိန့်ကျလာတယ်”
“အရိုးဖြူနန်းတော်က မကြာခင်မှာ စစ်ပွဲကြီးတစ်ပွဲ ဆင်နွှဲရလိမ့်မယ်တဲ့ အဲဒီအချိန်ကျရင် မိစ္ဆာစစ်တပ်တစ်သိန်းလုံး ထွက်လာရလိမ့်မယ်”
“ဒါ အောင်မြင်မှုတွေ ဖန်တီးဖို့ အကောင်းဆုံးအချိန်ပဲ…"
သူတို့သုံးဦးက တစ်ပြိုင်နက်တည်း ခေါင်းငုံ့ကာပြောလိုက်ကြ၏။
"ခွေးတစ်ကောင်၊ မြင်းတစ်ကောင်လို အစွမ်းကုန် အလုပ်အကျွေးပြုပါ့မယ်…"
သွေးသောက်သစ္စာဆိုပွဲ ပြီးဆုံးသွားသောအခါ စစ်သူကြီးဟေးယွီက လက်ဝှေ့ယမ်းပြကာ သူတို့ကို ထွက်သွားခွင့်ပြုလိုက်လေသည်။
"မင်းတို့ အရင်ထွက်သွားပြီး အရိုးဖြူတောင်နဲ့ ရင်းနှီးအောင်လုပ်ထားကြ”
“ဒီနှစ်ရက်အတွင်း ချန်ယင်းကို မင်းတို့အတွက် အလုပ်တစ်ခုရှာခိုင်းပြီး စွမ်းရည်ကို စမ်းသပ်ကြည့်မယ်…အဲဒီအချိန်ကျရင် သေသေချာချာကြိုးစားကြ…"
"ဟုတ်ကဲ့ပါ.."
သူတို့သုံးဦးက ပြန်လည်ဖြေကြားလိုက်ကြ၏။
အရိုးဖြူနန်းတော်ထဲသို့ ခိုးဝင်ရသည့် လုပ်ငန်းစဉ်က တွေးထားသည်ထက် အနည်းငယ် ပို၍လွယ်ကူနေပေသည်။
တစ်ခုတည်းသောအခက်အခဲမှာ ကျန်းမာရေးနှင့် မညီညွတ်ဟု ထင်ရသော ထိုသွေးသောက်အရက်ကို သောက်ရခြင်းပင်။
ဟေးယွီပြောသကဲ့သို့ပင် အရိုးဖြူနန်းတော်တွင် လှုပ်ရှားမှုများ ရှိလာမည်ဖြစ်ရာ ယခုအချိန်က လူအင်အားတိုးချဲ့နေသည့် အချိန်ဖြစ်သောကြောင့် အခွင့်ကောင်း ရသွားခြင်းလည်း ဖြစ်ပေသည်။
သူတို့ကို လမ်းညွှန်ခေါ်ဆောင်လာသော လျိုဆန်းကထပ်ပြောလေသည်။
"ကဲ... ကိစ္စတွေစီစဉ်ပြီးပြီဆိုတော့ မင်းတို့ဘာသာမင်းတို့ လှုပ်ရှားလို့ရပြီ”
“ငါတို့ သစ္စာစောင့်သိမှုခန်းမဆောင်က ညီအစ်ကိုတွေကို သိပ်ပြီး ကန့်သတ်မထားဘူး.. အဓိကကိစ္စတွေကိုမထိခိုက်သရွေ့ မင်းတို့ လွတ်လွတ်လပ်လပ် နေလို့ရတယ်…"
လျိုဆန်းက ဆက်ပြောလိုက်၏။
"အရိုးဖြူတောင်အတွင်းပိုင်း နန်းတော်ထဲကို မဝင်ရင်ရပြီ…"
သူတို့သုံးဦးက သစ္စာစောင့်သိမှုခန်းမဆောင်အတွင်း လျှောက်သွားနေကြသည်။
ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန် ကြည့်ရှုနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ရန်သူ၏အခြေအနေကို စုံစမ်းထောက်လှမ်းနေခြင်းပင်။
သစ္စာစောင့်သိမှုခန်းမဆောင်၏ အငွေ့အသက်မှာ မိစ္ဆာဂိုဏ်း၏ အခြားနေရာများနှင့် အမှန်တကယ် ကွာခြားနေပေသည်။
ခန်းမဆောင်အတွင်းရှိ ကျင့်ကြံသူများမှာ ပခုံးချင်းဖက်ကာ အော်ဟစ်သောက်စားနေကြပြီး သိုင်းလောကမှ လူမိုက်များ၏အကျင့်စရိုက်မျိုး ရှိနေကြ၏။
ကြည့်ရသည်မှာ စစ်သူကြီးဟေးယွီဆိုသည့် ခန်းမဆောင်သခင်က လက်အောက်ငယ်သားများအပေါ်လွှမ်းမိုးမှု အတော်လေး ကြီးမားပုံရပေသည်။
လမ်းတစ်လျှောက်တွင် ဘုန်းတော်ကြီးပုရှန်က မြင်သမျှအရာတိုင်းကို မှတ်ချက်ပေးနေပြီး စကားအလွန်များနေပေသည်။
လော့ယောင်ကမူ ယခင်အတိုင်း စကားနည်းနေဆဲဖြစ်ကာ ချူလျန်ကမူ သူတို့နှစ်ဦးကြားတွင် တည်တည်ငြိမ်ငြိမ်ရပ်နေ၏။ သို့သော် သူ၏ခန္ဓာကိုယ်က တစ်ခါတစ်ရံတွင် အနည်းငယ်တုန်ခါသွားတတ်ပေသည်။
ဘုန်းတော်ကြီးပုရှန်က နောက်ဆုံးတွင်မနေနိုင်တော့ဘဲ မေးလိုက်လေသည်။
"ခင်ဗျား ဘာလို့တုန်နေတာလဲ…"
ချူလျန်က ပြုံး၍သာ ဖြေလိုက်၏။
"ဘာမှမဟုတ်ပါဘူး.."
အရိုးဖြူတောင်သို့ ဝင်ရောက်လာကတည်းက ကြက်သွေးရောင်ကွပ်မျက်သူကြီးမှာ ရူးသွပ်မတတ် ဖြစ်နေလေပြီ။
၎င်းက စေတီတော်ဖြူအတွင်း၌ ကခုန်တော့မည့်အလားတုန်ခါနေပြီး ပြင်းထန်သော ဂနာမငြိမ်မှုများက ချူလျန်၏စိတ်ထဲသို့ ကူးစက်လာကာ ဤတရားမျှတမှုဓား၏ မိစ္ဆာများကို နှိမ်နင်းလိုသည့် ပြင်းပြသောဆန္ဒကို ဖော်ပြနေပေသည်။
ပစ်မှတ်က မည်သူဖြစ်ကြောင်းကိုပင် ခွဲခြား၍မရတော့ပေ။
မူလက ကြက်သွေးရောင်ကွပ်မျက်သူကြီးသည် သွေးရောင်အငွေ့အသက်များ မည်သူ့ထံမှ လာသည်ကို ရှင်းလင်းစွာခံစားသိရှိနိုင်သော်လည်း ဤနေရာရှိ နေရာအနှံ့တွင် သွေးရောင်အငွေ့အသက်များ ရစ်ပတ်နေသောကြောင့် အားလုံးရောထွေးနေတော့သည်။
ဖားလေးများ၏ အော်သံကဲ့သို့ ဆူညံပွက်လောရိုက်နေပေသည်။
သို့သော် ချူလျန်မှာ ဤဂနာမငြိမ်မှုကို အတင်းအကြပ် အောင့်အည်းထားရုံမှလွဲ၍ တခြားမတတ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ကြက်သွေးရောင်ကွပ်မျက်သူကြီး၏အစွမ်းများ မည်မျှပင် အားကောင်းစေကာမူ တစ်တောင်လုံးရှိလူအားလုံးကို ရှင်းလင်းပစ်ရန်မှာ မဖြစ်နိုင်ပေ။
ထိုစဉ် အပြင်ဘက်မှဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာပြီး လူတစ်ဦး၏ အော်ဟစ်သံကို ခပ်သဲ့သဲ့ကြားလိုက်ရတော့သည်။