အခန်း (၂၄၇-၂၄၈)
Vol. 25 Ch. 247-248
အခန်း (၂၄၇) - ကြာပန်းနက် (၂)
"လျိုမိုကျီ... လျိုမိုကျီ ရောက်လာပြီ…"
သူတို့သုံးဦးက ခန်းမဆောင်အတွင်းသို့ ပြန်လည်ကြည့်ရှုလိုက်ရာ မီးတောက်ကဲ့သို့ နီရဲနေသော စကတ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးလှပကြော့ရှင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရပေသည်။
ဤလျိုမိုကျီမှာ ဝတ်ရုံနီနန်းတော်တွင် ဒုတိယအဆင့်ရှိပြီး အသက်အရွယ်မှာ ယီမိုကျီထက် အတော်လေးကြီးပုံရကာ လူလတ်ပိုင်းအရွယ်အလှပန်းတစ်ပွင့်နှင့် တူပေသည်။
သူမ၏မျက်ခုံးများမှာ နွေဦးတောင်တန်းများကဲ့သို့ သွယ်လျနေပြီး မျက်လုံးများမှာ ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်နေကာ သူမ၏မျက်နှာသွင်ပြင်တစ်ခုလုံးက ပြောမပြတတ်လောက်အောင် ဆွဲဆောင်မှုအပြည့်ရှိနေပေသည်။
သူမ၏ခန္ဓာကိုယ်မှာ ပြည့်ဖြိုးလှပပြီး အနီရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားရာ ခါးနေရာတွင် အနည်းငယ်ဟနေပြီး နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော အသားအရေများကို ဖော်ပြနေ၏။
သူမ၏ခါးနေရာတွင် အနက်ရောင်ကြာပန်းတစ်ပွင့်ကို တက်တူးထိုးထားရာ အလွန်ပင် ဆွဲဆောင်မှုရှိလှပေသည်။
ချူလျန်က ထိုတက်တူးကိုကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
'ဒီအနက်ရောင် ကြာပန်းကို ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ…'
စစ်သူကြီးဟေးယွီက ဤအမျိုးသမီးကို မြင်သောအခါ ချက်ချင်းမတ်တတ်ရပ်လိုက်၏။
သူက အသံကျယ်ကြီးဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
"လျိုမိုကျီ ကိုယ်တိုင်ရောက်လာတာကို ကြိုတင်ပြီး ဘာလို့ အကြောင်းမကြားရတာလဲဗျာ…ကျုပ် ကြိုဆိုဖို့တောင် အချိန်မရလိုက်ဘူး"
လျိုမိုကျီက ဆွဲဆောင်မှုအပြည့်ရှိသော နူးညံ့သည့်အသံဖြင့်ပြန်ဖြေလိုက်၏။
"ဟင်းဟင်း... ရုတ်တရက်ကြီးရောက်လာလို့ ခန်းမဆောင်သခင်ဟေးယွီက ကျွန်မကို ရိုင်းစိုင်းတယ်လို့ မထင်ရင်တော်ပါပြီရှင်"
စစ်သူကြီးဟေးယွီက ပွင့်လင်းစွာ ပြောလိုက်လေသည်။
"ဘယ်လိုလုပ် အဲဒီလိုဖြစ်ရမှာလဲဗျ…ဝတ်ရုံနီနန်းတော်နဲ့ အရိုးဖြူနန်းတော်က တစ်သားတည်းပဲလေ”
“ကျုပ်တို့ရဲ့ သစ္စာစောင့်သိမှုခန်းမဆောင်က လျိုမိုကျီ အချိန်မရွေး လာရောက်လည်ပတ်တာကို ကြိုဆိုပါတယ်ဗျာ…"
လျိုမိုကျီက တိုးညှင်းစွာရယ်မောလိုက်ပြီး ပြောလေသည်။
"အဲဒီလို ပေါ့ပေါ့ဆဆလာနှောင့်ယှက်လို့ ဘယ်ကောင်းပါ့မလဲ”
“ဟင်းဟင်း... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီတစ်ခေါက် လာတာက ခန်းမဆောင်သခင်ဟေးယွီကို အကူအညီတောင်းချင်လို့ပါ…"
စစ်သူကြီးဟေးယွီက အနည်းငယ်အံ့အားသင့်သွားပြီး မေးလိုက်၏။
"အိုး... မိုကျီက ကျုပ်ရဲ့ အကူအညီကို ဘာကိစ္စကြောင့်များလိုအပ်တာလဲ"
သူ အံ့အားသင့်သွားသည်မှာ သဘာဝကျပေသည်။
အကြောင်းမှာ သူနှင့် လျိုမိုကျီသည် သီအိုရီအရ မျိုးဆက်တူဖြစ်သော်လည်း ဝတ်ရုံနီနန်းတော်တွင် မိုကျီ လေးဦးသာရှိပြီး ဝတ်ရုံနီနန်းတော်သခင်၏ တိုက်ရိုက်တပည့် လေးဦးဖြစ်သောကြောင့် သူတို့၏ အဆင့်အတန်းမှာ အလွန်မြင့်မားကာ ကျင့်စဉ်အဆင့်မှာလည်း နက်ရှိုင်းလှပေသည်။
အရိုးဖြူနန်းတော်တွင်မူ ခန်းမဆောင်ရှစ်ရာရှိသည်ဟု ဆိုကြပြီး စစ်သူကြီးဟေးယွီမှာ အရိုးဖြူတောင်အဘိုးအို၏လက်အောက်ရှိ ခန်းမဆောင်သခင်ရှစ်ရာအနက်မှ တစ်ဦးသာဖြစ်ပေသည်။
ထို့ကြောင့် ဤနှစ်ဦး၏အဆင့်အတန်းမှာ နှိုင်းယှဉ်၍မရနိုင်ပေ။
လျိုမိုကျီက ရှင်းပြလိုက်၏။
"သိပ်ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး…ကျွန်မတို့ ဝတ်ရုံနီနန်းတော်မှာ လူအင်အားနည်းလွန်းလို့ အချိန်မပေးနိုင်လို့ပါ”
“ခုလေးတင် အရိုးဖြူတောင်အဘိုးအိုနဲ့ တွေ့ခဲ့တာ…အဘိုးအိုက ရှင့်ဆီ လာပြီး အကူအညီတောင်းခိုင်းလိုက်လို့ပါ"
စစ်သူကြီးဟေးယွီက တုန်လှုပ်သွားပြီး ပြောလိုက်လေသည်။
"နန်းတော်သခင်ရဲ့ အမိန့်ကိုး…အဲဒီလိုဆိုရင်တော့ ကျုပ်ငြင်းစရာမရှိပါဘူး"
သူသည် တစ်နှစ်ပတ်လုံး နန်းတော်သခင်ကို တစ်ကြိမ်ပင် တွေ့ခွင့်ရရန်မသေချာပေ။
ဤတာဝန်ကို အရိုးဖြူတောင်အဘိုးအိုကိုယ်တိုင် ပေးအပ်လိုက်ခြင်းဖြစ်ရာ သူသေချာပေါက် အလေးအနက်ထား ဆောင်ရွက်ရမည်သာဖြစ်သည်။
လျိုမိုကျီက ပြောလိုက်၏။
"ကျွန်မတို့ ညီအစ်မတွေက ထာဝရနုပျိုခြင်းဆေးလုံးတစ်ဖိုလောက် လိုချင်နေတာပါ..”
“...ဒါပေမဲ့ သင့်တော်တဲ့ ဆေးဆရာကို ဘယ်မှာရှာရမလဲမသိလို့ ရှင့်ကို အကူအညီတောင်းပြီး ရှာခိုင်းမလို့ပါ…"
စစ်သူကြီးဟေးယွီက သူ၏ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်လေသည်။
"ကောင်းပြီလေ…ကျုပ် တာဝန်ထားလိုက်ပါ…"
"ဒါဆိုရင်လည်း ခန်းမဆောင်သခင်ဟေးယွီကို ကျေးဇူးတင်ပါတယ်ရှင်…"
လျိုမိုကျီက ခပ်ဖွဖွအရိုအသေပေးလိုက်ပြီးနောက် ညို့ယူဖမ်းစားနိုင်သော ဟန်ပန်ဖြင့် ပြန်လည်ထွက်ခွာသွားလေသည်။
သစ္စာစောင့်သိမှုခန်းမဆောင်မှ လူမိုက်များအားလုံးက သူမ၏လှုပ်ခါနေသောခါးနှင့် တင်ပါးများကို မျက်တောင်မခတ်တမ်းငေးကြည့်နေကြ၏။
ချူလျန်၏အကြည့်များမှာလည်း ထိုအထဲတွင် ပါဝင်နေပေသည်။
ဘေးတွင်ရှိနေသော လော့ယောင်က သူ၏အမူအရာကို မြင်သောအခါ အေးစက်စက်နှာမှုတ်လိုက်ပြီး ပြောလေသည်။
"နင် မိန်းမတွေကို တစ်ချက်ကြည့်ရုံနဲ့တင် စိတ်အနှောင့်အယှက်ဖြစ်တယ်ဆို…"
ဘုန်းတော်ကြီးပုရှန်ကလည်း ဘေးမှနေ၍ နောက်ပြောင်ကာဖြည့်စွက်ပြောလိုက်၏။
"နှစ်ချက်လောက် ကြည့်လိုက်ရင်တော့ အဆင်ပြေသွားမှာပေါ့ဗျာ…"
ချူလျန်က ရှင်းပြလိုက်လေသည်။
"ကျွန်တော် သူ့ကို ကြည့်နေတာ မဟုတ်ဘူး…သူ့ခါးပေါ်က တက်တူးကို ကြည့်နေတာ…"
ဘုန်းတော်ကြီးပုရှန်က နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
"အော်... သိုင်းသူရဲကောင်းချူက ဒီလိုပုံစံမျိုးကို သဘောကျတာကိုး…"
လော့ယောင်က မျက်မှောင်ကြုတ်လိုက်ပြီး ရွံရှာသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"..."
ချူလျန်မှာ ဆွံ့အသွားတော့၏။
သူက လျိုမိုကျီ၏ခါးပေါ်မှ တက်တူးကို စိုက်ကြည့်နေရခြင်းမှာ ထိုပုံစံက ရင်းနှီးနေသည်ဟု ထင်ရသောကြောင့်ဖြစ်သည်။
သူ အနည်းငယ်စဉ်းစားလိုက်သောအခါ တစ်နေ့က တောင်ပိုင်းလမ်းပြ၏ မြေသိုအရှင်ထံမှ ရှာဖွေတွေ့ရှိခဲ့သော သေသပ်လှပသည့် အမျိုးသမီးရင်စည်းလေးကို သတိရသွားလေသည်။
ထိုအမျိုးသမီးရင်စည်းပေါ်တွင် ထပ်တူညီသော အနက်ရောင်ကြာပန်းတစ်ပွင့်ကို ပန်းထိုးထားပေသည်။
'ဒါဆို ဒီလျိုမိုကျီက အဲဒီအမျိုးသမီးရင်စည်းရဲ့ ပိုင်ရှင်များလား…'
'ဒါပေမဲ့ တောင်ပိုင်းလမ်းပြက ဇီကျင်းဟိုရဲ့ လက်အောက်ခံဖြစ်ပြီး လျိုမိုကျီက ဝတ်ရုံနီနန်းတော်ရဲ့ တိုက်ရိုက်တပည့်လေ”
“သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်းကတော့ လိုက်ဖက်ပါတယ်…ဒါပေမဲ့ မင်ဝမ်ဂိုဏ်းထဲမှာ ဘယ်ညာကိုယ်ရံတော်တွေနဲ့ မရဏနန်းတော်လေးခုက ရေနဲ့မီးလို ဖြစ်နေကြတာကို…”
“သူတို့နှစ်ယောက် ပတ်သက်နေတယ်ဆိုတာက သာမန်ဖောက်ပြန်တဲ့ကိစ္စလောက် ရိုးရှင်းမှာမဟုတ်ဘူးထင်တယ်...'
ယခုလေးတင် သူ ထိုကိစ္စကို စဉ်းစားနေခြင်းဖြစ်သည်။ သို့သော် ယခုအခါ လော့ယောင်နှင့် ပုရှန်တို့၏ အထင်လွဲခြင်းကိုခံလိုက်ရသည်။
သူ ရှင်းပြချင်သော်လည်း ထိုအမျိုးသမီးရင်စည်းကို ထုတ်ပြလိုက်ပါက သူသည် နှာဘူးတစ်ယောက်ဖြစ်ကြောင်း ပို၍သက်သေပြလိုက်သလို ဖြစ်သွားပေမည်။
မည်သို့ပင်ဖြစ်စေ သူတို့၏စိတ်ထဲတွင် သူ၏ပုံရိပ်မှာ ကောင်းမွန်နေခြင်း မရှိတော့ရာ ချူလျန် လက်နှစ်ဖက်ကိုဖြန့်လိုက်တော့၏။
'ခင်ဗျားတို့ ထင်ချင်သလိုသာ ထင်ကြပါတော့ဗျာ..'
‘ဟုတ်တယ်ကွာ... ဟုတ်တယ်လို့...’
"ခမ်းမဆောင်သခင်ရဲ့ အဓိပ္ပာယ်က ဆေးလုံးကို သူလိုချင်ပေမယ့် ပိုက်ဆံတော့ မပေးချင်ဘူးဆိုတာပဲ…."
အနက်ရောင်ဝတ်စုံကျပ်ကို ဝတ်ဆင်ထားသော အမျိုးသား၏ မျက်နှာက မှိုင်းညို့နေ၏။
"မင်းတို့ နားလည်ကြလား…"
"နားလည်ပါပြီ…"
ချူလျန်တို့သုံးယောက်က ပြန်ဖြေလိုက်လေသည်။
ယခုအချိန်တွင် သူတို့သည် တောင်ကြားတစ်ခု၏ အပြင်ဘက်၌ရပ်နေကြသည်။ အတွင်းဘက်တွင် မြူပါးပါးများဖုံးလွှမ်းနေပြီး မြူခိုးများ၏အလယ်တွင် မှောင်မိုက်နေသော စံအိမ်တစ်ခုရှိနေလေ၏။
ဤနေရာသို့ ရောက်လာရခြင်းအကြောင်းရင်းမှာ မိစ္ဆာမယ်လျို အရိုးဖြူတောင်သို့ သွားခဲ့သည့်ကိစ္စမှစတင်ရပေမည်။
သူမသည် ဆရာသခင်၏ကိုယ်စား အရိုးဖြူတောင်အဘိုးအိုနှင့် သွားရောက်တွေ့ဆုံပြီးနောက် ကိုယ်ရေးကိုယ်တာကိစ္စအချို့ကို အခွင့်သင့်သဖြင့် ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ကြောင့် အရိုးဖြူတောင်အဘိုးအိုက သူမကို စစ်သူကြီးဟေးယွီထံသို့ သွားရောက်ကာ အကူအညီတောင်းခံရန် စေခိုင်းခဲ့ခြင်းဖြစ်၏။
မိစ္ဆာမယ်လျိုသည် အလှမပျက်နုပျိုဆေးလုံးတစ်အိုး ဖော်စပ်ပေးမည့်သူကို ရှာဖွေလိုခြင်း ဖြစ်လေသည်။
အမျိုးသမီး ကျင့်ကြံသူများအတွက် အမြဲတမ်းနုပျိုနေခြင်းဆိုသည်မှာ ပို၍ပင် အရေးကြီးတတ်သည်။
သို့သော်လည်း သတ္တမအဆင့်မှ အစွမ်းထက်ကျင့်ကြံသူများမှလွဲ၍ အောက်ပိုင်းအဆင့်ခြောက်ဆင့်မှ ကျင့်ကြံသူများမှာ အိုမင်းရင့်ရော်ခြင်းကို မလွဲမသွေ ရင်ဆိုင်ရစမြဲဖြစ်၏။
အလွန်နှေးကွေးသည်ဟု ဆိုလျှင်တောင်မှ ထိုဖြစ်စဉ်က အမြဲတမ်း လည်ပတ်နေပေသည်။
ယခင်က ချူလျန်သည် ပင်လယ်ဘုရင်ဂိုဏ်းမှ ဝမ်ရန်မော့နှင့် ဆုံတွေ့ဖူးခဲ့ပြီး ထိုသူက နုပျိုလှပဆေးလုံးတစ်အိုးဖြင့် အမျိုးသမီး ကျင့်ကြံသူများနှင့် ရင်းနှီးအောင် လုပ်ဆောင်နိုင်ခဲ့သည်။
နုပျိုလှပဆေးလုံးသည် သမ္မာလမ်းစဉ်မှဆေးလုံးများထဲတွင် အိုမင်းရင့်ရော်မှုကို ကာကွယ်ရာ၌ အကောင်းဆုံးဟုဆိုနိုင်၏။ သို့သော်လည်း အလှမပျက်နုပျိုဆေးလုံးနှင့် ယှဉ်လိုက်ပါက အတော်လေးအလှမ်းဝေးနေဆဲ ဖြစ်လေသည်။
သို့သော်ငြား ဤအလှမပျက်နုပျိုဆေးလုံးမှာ မိစ္ဆာဆေးလုံးဖြစ်နေပေသည်။
မိစ္ဆာဆေးလုံးဟု ဆိုသည်မှာ မိစ္ဆာဂိုဏ်းမှကျင့်ကြံသူအချို့ တီထွင်ထားပြီး ရက်စက်ကြမ်းကြုတ်သော နည်းလမ်းအချို့ကိုအသုံးပြု၍ ဖော်စပ်ထားသည့် ဆေးလုံးမျိုးဖြစ်၏။
စစ်သူကြီးဟေးယွီသည် အချိန်နှင့်ခွန်အားများစွာ အကုန်ခံကာ စုံစမ်းပြီးနောက် အလှမပျက်နုပျိုဆေးလုံးကို ကျွမ်းကျင်စွာဖော်စပ်နိုင်သော ဆေးဆရာတစ်ဦးကို ရှာတွေ့ခဲ့ကာ ထိုဆေးလုံးကို ဝယ်ယူရန်ပြင်ဆင်ခဲ့လေသည်။
အလှမပျက်နုပျိုဆေးလုံးသည် ကျင့်ကြံခြင်းအဆင့်ကို မတိုးတက်စေသကဲ့သို့ နယ်ပယ်ကိုလည်း မမြင့်တင်ပေးနိုင်သော်လည်း အလွန်တရာအဖိုးတန်ပေသည်။
မိစ္ဆာမယ်လျိုက သူ့ကို ဆေးဆရာရှာဖွေပေးရန် အကူအညီတောင်းသည့်အခါတွင် ငွေကြေးအမြောက်အမြားကို ချန်ထားရစ်ခဲ့ပြီး ထိုပမာဏမှာ ဆေးလုံး၏တန်ဖိုးထက်ပင် ပိုများနေခဲ့၏။
သို့သော်လည်း ယခုစစ်သူကြီးဟေးယွီမှာမူ ဆေးလုံးကိုလည်းလိုချင်သလို ပိုက်ဆံကိုလည်း မကုန်ချင်ဖြစ်နေလေသည်။
အခန်း (၂၄၈) - သစ္စာခံလုပ်ရပ်
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏လက်အောက်၌ စမ်းသပ်ရန်လိုအပ်နေသော ညီငယ်အသစ်အချို့ ရှိနေသဖြင့် ဤကိစ္စကို ချူလျန်တို့ထံသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်၏။
သူတို့ ရှေ့မှ အနက်ရောင်ဝတ်စုံကျပ် ဝတ်ဆင်ထားသူ၏အမည်မှာ ချန်ယင်းဖြစ်ပြီး စစ်သူကြီးဟေးယွီ၏ညာလက်ရုံး ဖြစ်ကာ ဤလုပ်ငန်းစဉ်ကို ဦးဆောင်ရန် ရောက်ရှိလာခြင်းဖြစ်လေသည်။
"မင်းတို့ရဲ့လှုပ်ရှားမှုတွေကို ငါ အမှောင်ထဲကနေ အမြဲစောင့်ကြည့်နေမယ်…”
“ဒါပေမယ့် ဝင်ပါမှာတော့ မဟုတ်ဘူး…တကယ်လို့ ငါ ဝင်ပါဖို့ လိုအပ်လာပြီဆိုရင်တော့ မင်းတို့ရဲ့ တာဝန် ကျရှုံးသွားပြီလို့ပဲမှတ်လိုက်…"
ချန်ယင်းက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူက မေးငေါ့ပြလိုက်၏။
"သွားကြတော့…"
ချူလျန်တို့သုံးယောက်က အမိန့်ကိုနာခံလိုက်ပြီးနောက် လေးနက်သော မျက်နှာထားများဖြင့် စံအိမ်ရှိရာသို့ ပျံသန်းသွားကြလေသည်။
ဤတာဝန်က သစ္စာခံလုပ်ရပ်တစ်ခုနှင့် တူညီနေသဖြင့် မဖြစ်မနေအကောင်းဆုံး လုပ်ဆောင်ရမည် ဖြစ်၏။
ဒေါက် ဒေါက် ဒေါက်..။
ဘုန်းတော်ကြီးပုရှန်က ရှေ့သို့တက်ကာ စံအိမ်၏တံခါးကြီးကို ခေါက်လိုက်လေသည်။
ဤမြူခိုးများထဲတွင် ဝင်္ကပါတစ်ခုရှိနေပြီး အကယ်၍ စံအိမ်အတွင်းမှ တံခါးလာမဖွင့်ပေးပါက သူတို့အနေဖြင့် အတင်းအဓမ္မဝင်ရောက်ရန် လုံးဝမဖြစ်နိုင်ပေ။
အတွင်းဘက်မှ ကလေးငယ်တစ်ဦး၏ အသံထွက်ပေါ်လာ၏။
"ဘယ်သူလဲ…"
"ဟေးယွီရဲ့ တပည့်တွေပါ…"
ချူလျန်က ဩရှရှအသံဖြင့် ပြန်ဖြေလိုက်လေသည်။
ဂျီး...။
သေးငယ်သောပုံရိပ်လေးတစ်ခုက တံခါးကြီးကို တွန်းဖွင့်လိုက်သည်။ သူသည် ဆံထုံးလုံးလေးထုံးထားသော ကလေးငယ်တစ်ဦးဖြစ်ပြီး နှုတ်ခမ်းနီနီ၊ သွားဖြူဖြူလေးများဖြင့် အတော်လေးချစ်စရာကောင်းလှ၏။
ချူလျန်သည် ထိုကလေးကို အမှတ်တမဲ့ဖြင့် နောက်တစ်ကြိမ်ထပ်ကြည့်လိုက်မိသည်။
"ဝင်ခဲ့ကြပါ…ဆရာသခင်က အထဲမှာ စောင့်နေတာအတော်ကြာပါပြီ…"
ထိုတာအိုကလေးငယ်က စူးရှကြည်လင်သောအသံဖြင့် ပြောလိုက်လေသည်။
ထို့နောက် သူသည် လှည့်ကာ လူသုံးယောက်ကိုဦးဆောင်၍ စံအိမ်အတွင်းသို့ ဝင်ရောက်သွားပြီး စံအိမ်၏ပင်မခန်းမဆောင်ရှေ့သို့ ရောက်ရှိသွားသည်။ လမ်းတစ်လျှောက်ရှိ တစ်ဖက်တစ်ချက်စီတွင် ရှားပါးပန်းမန်များနှင့် သစ်ပင်များရှိနေပြီး မွှေးကြိုင်သောရနံ့များ လွင့်ပျံနေကာ အလွန်တရာ မျက်စိပသာဒဖြစ်စရာ မြင်ကွင်းမျိုးပင်။
တကယ်တမ်းတွင် ဤဆေးဆရာသည် မိစ္ဆာဂိုဏ်းမှ လူတစ်ယောက်မဟုတ်ပေ။ သူသည် ဤစံအိမ်ကိုတည်ဆောက်ကာ ကိုယ်ပိုင်ဂိုဏ်းတစ်ခုကို တည်ထောင်ထားပြီး ကျင့်ကြံခြင်းလောကတွင် အသင့်အတင့် နာမည်ရထားသူဖြစ်၏။
အကယ်၍ သူ၏နေရာတွင် အလှမပျက်နုပျိုဆေးလုံးရှိနေကြောင်းကို မိစ္ဆာဂိုဏ်း၏ လမ်းကြောင်းများမှတစ်ဆင့် မသိခဲ့ရပါက ချူလျန်တို့သုံးယောက်အနေဖြင့် ဤမျှ နာမည်ကြီးသောဆေးဆရာတစ်ဦးက လျှို့ဝှက်စွာဖြင့် မိစ္ဆာဆေးလုံးများ ဖော်စပ်နေလိမ့်မည်ဟု လုံးဝထင်မှတ်ထားမည်မဟုတ်ပေ။
...
ခန်းမဆောင်ကြီး၏ရှေ့တွင် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းဆေးဆရာက အထက်နေရာတွင် တိတ်ဆိတ်စွာထိုင်နေသည်။ သူတို့ကို မြင်သောအခါ သူက ပြုံး၍ဆီးကြိုလိုက်လေသည်။
"မိတ်ဆွေတို့... အလှမပျက်နုပျိုဆေးလုံးကို ပြင်ဆင်ထားပြီးပါပြီ…ကျွန်တော်တို့ သဘောတူထားတဲ့ ဈေးနှုန်းအတိုင်း ချူးချွဲဒင်္ဂါးတွေကို ယူလာခဲ့ကြတယ် မဟုတ်လား…"
ပစ္စည်းချင်း ဖလှယ်သည့် အခြေအနေမျိုးမဟုတ်ပါက ကျင့်ကြံခြင်းလောက၏ အရောင်းအဝယ်အများစုတွင် တောက်ထျယ်မြို့မှ ဝိညာဉ်ကျောက်တုံးဒင်္ဂါးများကို အသုံးပြု၍ ရှင်းလင်းကြသည်။
အကြောင်းမှာ တောက်ထျယ်မြို့အတွင်း၌ အရင်းအမြစ်များစုစည်းနေပြီး ၎င်းတို့၏ ငွေကြေးမှာ ခိုင်မာမှုအရှိဆုံးဖြစ်သောကြောင့်ပင်။
"ပါလာပါတယ်…"
ချူလျန်က ကျောက်စိမ်းပြားတစ်ပြားကို ထုတ်ယူကာမေးလိုက်၏။
"ဆေးလုံးကရော…"
ဆေးဆရာက လက်ကို ညင်သာစွာလက်ခုပ်တီးလိုက်ရာ ထိုတာအိုကလေးငယ်က အနီရောင်ဘူးသီးခြောက်လုံးတစ်လုံးကို ယူလာပြီး စားပွဲပေါ်သို့ တင်ပေးလိုက်လေသည်။
"ဒီအလှမပျက်နုပျိုဆေးလုံးကို ကျွန်တော် အကြိမ်ပေါင်းများစွာ ဖော်စပ်ခဲ့ဖူးပါတယ်…လုံးဝ ပြဿနာမရှိစေရပါဘူး…"
သူက ပြုံးရွှင်စွာ ပြောလိုက်သည်။
ချူလျန်က ဆေးလုံးကိုကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်သွား၏။
ထိုဘူးသီးခြောက်လုံးထဲတွင် အနည်းဆုံး လူ့အသက်ဆယ်ဂဏန်းလောက် ပါဝင်နေပေသည်။
သူက ရုတ်တရက် မေးလိုက်လေသည်။
"ခင်ဗျားဆီကနေ ဒီဆေးလုံးကို လာဝယ်တဲ့သူတွေအားလုံးက ကျုပ်တို့ မိစ္ဆာဂိုဏ်းက လူတွေချည်းပဲလား…"
"မိစ္ဆာဂိုဏ်း…"
ဆေးဆရာက ခေတ္တမျှကြောင်အသွားပြီးနောက် ပြုံးကာ ခေါင်းခါပြလိုက်၏။
"မိစ္ဆာဂိုဏ်းမှာ ဘယ်တုန်းက အမျိုးသမီးကျင့်ကြံသူတွေ အဲဒီလောက်များသွားမှာလဲ…”
“ဒီဆေးလုံးကို ဝယ်တဲ့သူတွေက အဆင့်မြင့်အရာရှိတွေ၊ သူဌေးတွေနဲ့ သမ္မာလမ်းစဉ်က နာမည်ကြီးပုဂ္ဂိုလ်တွေချည်းပါပဲ”
“သာမန်လူတွေက ဘယ်မှာဝယ်နိုင်မှာလဲဗျ…"
ချူလျန်က ခေါင်းညိတ်လိုက်ပြီး လက်ကိုလှန်ကာ ကျောက်စိမ်းပြားကို ပြန်သိမ်းလိုက်လေသည်။
"ဟင်…"
ဆေးဆရာ၏အကြည့်များက ရုတ်တရက် ကျဉ်းမြောင်းသွား၏။
"ကျုပ်တို့ ခန်းမဆောင်သခင်ရဲ့ သဘောကတော့ ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ချင်တယ်တဲ့…"
ချူလျန်က ပြောလိုက်သည်။
"မိတ်ဆွေဖွဲ့တာက ရပါတယ်….ဒါပေမယ့် မင်းရဲ့ အဓိပ္ပာယ်က ဘာလဲ…"
ဆေးဆရာက မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်လိုက်လေသည်။
"မိတ်ဆွေတွေကြားမှာ ပိုက်ဆံကိစ္စ တွက်ချက်စရာမလိုဘူးလေ…"
ချူလျန်က ပြန်ဖြေလိုက်၏။
"ဟားး…"
ထိုဆေးဆရာက ဒေါသထွက်ကာ ရယ်မောလိုက်ပြီး ခေါင်းခါလျက် အေးစက်သောအသံဖြင့် ပြောလိုက်လေသည်။
"မင်းတို့ရဲ့ ခန်းမဆောင်သခင်အကြောင်းကို ငါ စုံစမ်းပြီးပြီ…”
“အရိုးဖြူနန်းဆောင်မှာ ခန်းမဆောင်ရှစ်ရာရှိပေမယ့် သူက အဲဒီအထဲမှာ အကြီးဆုံးတောင် မဟုတ်ဘူးလေ…”
“ငါ့ဆီကနေ အချောင်လာနှိုက်ချင်ရင် အရိုးဖြူတောင်အဘိုးအိုကိုယ်တိုင် လာမှပဲ ရလိမ့်မယ်”
“စစ်သူကြီးဟေးယွီလောက်နဲ့တော့ မလုံလောက်သေးဘူး ဒါ့အပြင် သူက တပည့် အသေးအမွှားလေးတွေပဲ လွှတ်လိုက်သေးတယ်…"
သူသည် အလင်းနှင့် အမှောင် လမ်းကြောင်းနှစ်ခုကြားတွင် ဤကဲ့သို့ နေရောင်မရသောစီးပွားရေးမျိုးကို အမြဲလုပ်ဆောင်နေနိုင်ခြင်းမှာလည်း သဘာဝကျကျပင် အစွမ်းအစရှိသောကြောင့် ဖြစ်သည်။
သူ၏ စကားသံအဆုံးတွင် ခန်းမဆောင်အပြင်ဘက်ရှိမြူခိုးများက ရုတ်တရက် ထူထပ်လာလေ၏။
ဝုန်း...။
မိုးခြိမ်းသံနှင့် လေပြင်းတိုက်ခတ်သံများနှင့်အတူ ခန်းမဆောင်ကြီးတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေသော ကျွန်းဆွယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အတွင်းရှိဝိညာဉ်ချီများမှာ ပွက်ပွက်ဆူလာတော့သည်။
အပြင်ဘက် ခြံဝင်းအတွင်းရှိ ရှားပါးပန်းမန်များနှင့် သစ်ပင်များမှာ မြေကြီးကို ဖောက်ထွက်လာကြပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲပုံစံများအဖြစ်သို့ ပြောင်းလဲသွားကြလေ၏။
"ဂါး..."
ထိုမဟာဝင်္ကပါကြီး စတင်လှုပ်ရှားလာသည့် အခိုက်အတန့်မှာပင် ချူလျန်လည်း လှုပ်ရှားလိုက်လေသည်။
သူက လက်ညှိုးကိုမြှောက်ကာ ကြက်သွေးရောင်ကွပ်မျက်သူဓားကြီးကို ဆင့်ခေါ်လိုက်ပြီး လေထဲတွင် ယင်လက်ဖွဲ့များစွာကို ချက်ချင်းရေးဆွဲလိုက်ကာ ဘေးဘက်ရှိ အဆောင်ငယ်ဆီသို့ အပြင်းအထန်ထိုးစိုက်လိုက်၏။
ရွှီး...။
ပြင်းထန်သော ယင်စွမ်းအင်များဖြတ်သန်းသွားရာ နေရာတိုင်းတွင် နှင်းခဲများ ဖြစ်ပေါ်လာသော်လည်း ရေခဲလက်ဖွဲ့များနှင့်တော့မတူညီပေ။
အရိုးထဲထိ စိမ့်ဝင်သွားမတတ်အေးစက်မှုအပြင် ပြင်းထန်လှသော သေမင်းအငွေ့အသက်တစ်ခုလည်း ပါဝင်နေလေသည်။
ဖူး...။
ထိုဓားချက်မှာ ယင်နဂါးတစ်ကောင်အလား နံရံကိုထိုးဖောက်သွားပြီး ရှေ့ရှိပစ်မှတ်ကို ပေါ်လွင်စေ၏။
၎င်းမှာ ထိုတာအိုကလေးငယ်ပင် ဖြစ်လေသည်။
အစွမ်းထက်သော ဓားချက်တစ်ခုပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ တာအိုကလေးငယ်မှာ အလွန်အံ့ဩသွားပြီး အထိတ်တလန့်ဖြင့် လက်သင်္ကေတတစ်ခုကိုအသုံးပြုကာ ကာကွယ်ရန်သာ အချိန်ရလိုက်တော့သည်။
ဝုန်း...။
ထိုအချိန်မှာပင် သူ၏ရှေ့၌ နတ်ဘုရားပုံရိပ်ယောင်တစ်ခုပေါ်လာပြီး လက်နှစ်ဖက်ကိုပူးကာ ဗလာလက်ဖြင့် ဓားကိုဖမ်းဆုပ်ထားသည့် ဟန်ပန်ဖြင့် ထိုဓားချီယင်နဂါးကို ထိန်းချုပ်လိုက်လေ၏။
အသက်အန္တရာယ်ကြုံတွေ့လာရသည့် အခြေအနေအောက်တွင် အသက်အရွယ် အနည်းငယ်သာရှိသေးပုံပေါ်သော ဤတာအိုကလေးငယ်မှာ အမှန်တကယ်ပင် အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့်ကို ပေါက်ကွဲထွက်စေခဲ့ပေသည်။
သို့သော်လည်း ခေတ္တမျှသာနှောင့်နှေးသွားပြီးနောက် ကြက်သွေးရောင်ကွပ်မျက်သူဓားကြီးက သူ၏ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့၏။
ဤတရားမျှတခြင်း ဓား၏အရှိန်အဝါအောက်တွင် သူ၏အလျင်စလို ကာကွယ်မှုက မည်သို့အသုံးဝင်နိုင်မည်နည်း။
ချူလျန်၏ တိုက်ခိုက်မှုက ဆေးဆရာနှင့် တာအိုကလေးငယ်ကိုသာမက လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်ကိုပါ အံ့ဩသွားစေခဲ့သည်။
သူတို့သည်လည်း ချူလျန်က မည်သည့်အကြောင်းကြောင့် ဤကလေးငယ်ကို ရက်စက်စွာ တိုက်ခိုက်ရသနည်းဆိုသည်ကို နားမလည်ခဲ့ပေ။
ထိုတာအိုကလေးငယ်ထံမှ ကျင့်ကြံခြင်းအဆင့် ပေါက်ကွဲထွက်လာသည်ကို မြင်တွေ့ရမှသာ ချူလျန်၏ရည်ရွယ်ချက်ကို အကြမ်းဖျင်း ခန့်မှန်းမိကြလေသည်။
ရွှီး...။
ကြက်သွေးရောင်ကွပ်မျက်သူဓားကြီးက ပြန်လည်ပျံသန်းလာပြီးနောက် ထိုတာအိုကလေးငယ်၏ခန္ဓာကိုယ်မှာ အားပျော့စွာဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူ၏မျက်လုံးများထဲတွင် မကျေနပ်မှုနှင့် နာကြည်းမှုများ ပြည့်နှက်နေပြီး သူကိုယ်တိုင် မည်သည့်နေရာတွင် ပေါ်ထွက်သွားသနည်း ဆိုသည်ကို နားမလည်နိုင်ဖြစ်နေပုံရ၏။
"မင်း...သူကမှအစစ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ…”
ဆေးဆရာက တုန်ယင်စွာဖြင့် မတ်တတ်ထလာလေသည်။
တာအိုကလေးငယ်သေဆုံးသွားသည့် အခိုက်အတန့်တွင် သူသည် စတင်၍ ကြောက်လန့်လာခဲ့သည်။
အထူးသဖြင့် စောစောက ချူလျန်ပြသခဲ့သောစွမ်းရည်မှာ သူ၏ခန့်မှန်းချက်ထက် များစွာ သာလွန်နေသောကြောင့်ပင်။
"ဟား.."
ချူလျန်က အေးစက်စွာ ရယ်မောလိုက်ပြီး မည်သို့မှ ပြန်မဖြေခဲ့ပေ။
စောစောက ထိုတာအိုကလေးငယ်ကို ပထမဆုံးအကြိမ်မြင်လိုက်ရချိန်တွင် ကြက်သွေးရောင်ကွပ်မျက်သူဓားကြီးက လှုပ်ရှားလာခဲ့ပြီး သူ့ရှေ့မှ လူ၌ သွေးချီများရစ်ပတ်နေကြောင်း သူ့ကို သိရှိစေခဲ့သည်။
သို့သော်လည်း ထိုဆေးဆရာကို မြင်တွေ့ပြီးနောက်တွင်မူ ကြက်သွေးရောင်ကွပ်မျက်သူဓားကြီးက ပြန်လည်တိတ်ဆိတ်သွားပြီး သူ့အပေါ် မည်သည့် လှုံ့ဆော်မှုမှမဖြစ်ပေါ်ခဲ့ပေ။
ဤသည်မှာ သိသာထင်ရှားစွာပင် ပုံမှန်မဟုတ်ပေ။
သူတို့ သုံးယောက်က သူ့ထံသို့ ဝန်းရံလာသည်ကို မြင်လိုက်ရသောအခါ ဤဆေးဆရာက အလျင်စလိုပြောလိုက်လေသည်။
"ဆေးလုံးကို မင်းတို့ ယူသွားလိုက်ပါ…ပိုက်ဆံကိုလည်း မယူတော့ပါဘူး”
“ငါ့ဆရာသခင်သေသွားပြီပဲ... ငါ... မင်းတို့ ငါ့ကို လွှတ်ပေးကြပါ…”
“ငါ..ငါတို့…မိတ်ဆွေဖွဲ့ကြတာပေါ့…"
ရွှီး...။
ဓားသည်ကား တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့သည်။