အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အခန်း (၂၄၉) - ရှေးဟောင်းနဂါးသိုက် (၁)
ချူလျန်၏ အကြည့်များကအေးစက်နေ၏။
အလင်းရောင်ကြား၌ ပုန်းကွယ်နေသော ဤအမှောင်ထုနေရာကို အခွင့်ကောင်းယူကာ ရှင်းလင်းပစ်နိုင်မည်ဆိုပါက ပို၍ကောင်းမွန်ပေလိမ့်မည်။
လူသတ်ပြီးနောက် သူသည် ဤဆေးဆရာ၏ခန္ဓာကိုယ်ပေါ်တွင် ထပ်မံရှာဖွေလိုက်ရာ သိုလှောင်ရေး မှော်ပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ပြီး တိုက်ရိုက်ပင်ဖွင့်နိုင်လေသည်။
ထိုအထဲတွင် အလွန်တရာ အဖိုးတန်သောပစ္စည်းများ မရှိပေ။ ထို့နောက် ကလေးငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ထပ်မံရှာဖွေလိုက်ရာ ခါးဆီမှ သေးငယ်သော ကျောက်စိမ်းဘူးသီးခြောက်လေးတစ်လုံးကို စမ်းမိသွား၏။
ဤသည်မှာလည်း သိုလှောင်ရေးမှော်ပစ္စည်းတစ်ခုပင် ဖြစ်သည်။ သို့သော်လည်း အဆင့်အနည်းငယ်ပိုမြင့်ကာ သီးသန့်လက်သင်္ကေတ လိုအပ်ပေသည်။
ချူလျန်က အလောတကြီးမဖြစ်ဘဲ တောင်ပေါ်သို့ပြန်ရောက်မှသာ ကျွမ်းကျင်သူကို သွားရောက်ရှာဖွေကာ ဖွင့်ခိုင်းလိုက်လျှင် ရပြီဖြစ်သည်။
သူတို့သုံးယောက်က အရှေ့အနောက် ထပ်မံရှာဖွေလိုက်ရာ ဆေးဖော်စပ်ရာတွင် သုံးသော ပစ္စည်းအချို့နှင့် ရှားပါးဝိညာဉ်အပင်များကို တွေ့ရှိခဲ့ကြသည်။
ထို့ပြင် တောင်အနောက်ဘက်ရှိ မြေအောက်ဂူတစ်ခုထဲတွင် လူ့အရေခွံများနှင့် လူ့အရိုးစုအမြောက်အမြားကိုပါ တွေ့မြင်ခဲ့ရလေသည်။
"ကျက်သရေမရှိလိုက်တာ…"
လော့ယောင်က တိုးတိတ်စွာ ကျိန်ဆဲလိုက်သည်။
ပင်မခန်းမဆောင်သို့ ပြန်ရောက်လာချိန်တွင် ထိုချန်ယင်းလည်း ဝင်ရောက်လာခဲ့လေသည်။
အပြင်ဘက်မှ ဝင်္ကပါ စတင်ပွင့်လာပြီးကတည်းက သူသည် ဤဘက်မှ အခြေအနေများကို မမြင်ရတော့ပေ။
တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားခဲ့ပြီး သူက အချိန်အတော်ကြာ စောင့်ကြည့်ပြီးမှသာ ဝင်လာဝံ့ခြင်းဖြစ်၏။
အတွင်းဘက်ရှိ အခြေအနေကိုမြင်လိုက်ရသောအခါ သူလည်း အတော်လေး အံ့ဩသွားတော့သည်။
ဤလူသုံးယောက်က ဤမျှရှင်းလင်းပြတ်သားစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
တကယ်တမ်းတွင် စစ်သူကြီးဟေးယွီ၏ရည်ရွယ်ချက်က သူတို့ကို အခြေအနေ စမ်းသပ်ရန်သာ စေလွှတ်လိုက်ခြင်းဖြစ်သည်။
တစ်ဘဝစာညီအစ်ကိုများဟု ခေါ်ဆိုနေသော်လည်း ဤလူသစ်အချို့ကို အမြောက်စာအဖြစ် အသုံးချလိုသောစိတ်က မရှိဘဲမနေပေ။
မြေပြင်ပေါ်ရှိ အလောင်းများကိုကြည့်ကာ ချန်ယင်း၏မျက်လုံးများထဲတွင် ချီးကျူးလိုသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာလေ၏။
ကလေးငယ်ကိုပင် လွှတ်မပေးဘဲ အလွန်တရာရက်စက်လွန်းပေသည်။
"ဒီလောက်မြန်မြန် ရလာလိမ့်မယ်လို့ မထင်ထားဘူး... ခန်းမဆောင်သခင်ဟေးယွီ အလုပ်လုပ်တာ တကယ်ကိုသွက်လက်တာပဲ…”
“အရိုးဖြူနန်းဆောင်သခင် အလေးထားတာမဆန်းပါဘူး..."
လျိုမိုကျီးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
စစ်သူကြီးဟေးယွီက ဆွဲဆောင်မှုအပြည့်ရှိသောမိန်းမပျိုအား ကြည့်လိုက်ပြီး သူမ၏ ချီးမွမ်းစကားကို အလွန်သဘောကျသွားကာ ရင်ဘတ်ကိုပုတ်၍ ပြောလိုက်လေသည်…။
"ဟားဟား... ကိစ္စသေးသေးလေးပါဗျာ..."
သူပြောသည်မှာ အမှန်တကယ်ဖြစ်သည်။
မူလက ထိုဆေးဆရာကို ယခုလောက်လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မည်ဟု စစ်သူကြီးဟေးယွီ မထင်ထားခဲ့ပေ။
လူသစ်အနည်းငယ်ကို စမ်းသပ်ခိုင်းလိုက်ခြင်းသာဖြစ်ပြီး သေသွားလျှင်လည်း နှမြောစရာမရှိဟုသာ တွေးထားခဲ့သည်။
သို့သော် ထိုလူသစ်လေးများက ပစ္စည်းလု၊ လူသတ်၊ မီးရှို့သည်အထိ တစ်ခါတည်းအပြတ်ရှင်းသွားကာ ကိစ္စကို ပြတ်ပြတ်သားသားပြီးမြောက်အောင် လုပ်ဆောင်သွားလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။
ထို့ကြောင့်ပင် သူက ထိုလူသစ်များကို အထင်ကြီးသွားခြင်းဖြစ်ပေသည်။
သို့သော်ငြား ကြားပွဲစားခစားသည့်ကိစ္စကိုတော့ လျိုမိုကျီးအား ပြောပြရန် အဆင်မပြေပေ...။
"အရိုးဖြူနန်းဆောင်မှာ ခန်းမဆောင်သခင်တွေ အများကြီးရှိပေမယ့် ထူးချွန်တဲ့သူက လက်ချိုးရေလို့ရတဲ့ အနည်းငယ်ပဲရှိတာ…”
“အခုကြည့်ရတာ ခန်းမဆောင်သခင်ဟေးယွီက အဲဒီထဲမှာမှ ထိပ်တန်းစာရင်းဝင်ပဲနော်..."
လျိုမိုကျီးက ချီးမွမ်းစကားများကို ဝန်တိုခြင်းမရှိဘဲပြောဆိုလိုက်၏။
စစ်သူကြီးဟေးယွီ၏ ရင်ထဲတွင် ကြည်နူးသွားလေသည်…။
"မရဲပါဘူး... မရဲပါဘူးဗျာ..."
သူ မရဲပါဘူးဟု နှုတ်မှပြောနေသော်လည်း နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ ပြုံးလျက် ဆက်ပြောလိုက်သည်...။
"ကျုပ် ဟေးယွီ ဒီလောကထဲဝင်လာကတည်းက အားကိုးတာ အချက်သုံးချက်ပဲရှိတယ်…”
“ရက်စက်တယ်... သစ္စာရှိတယ်... ညီအစ်ကိုပေါတယ်... ဒါကလွဲရင် တခြားမရှိပါဘူး..."
လျိုမိုကျီးက သူ့အား မြှောက်ပင့်ပေးလိုက်ပြီးနောက် ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်လေ၏...။
"ဒီနုပျိုခြင်းဆေးလုံးက တကယ်ကို ကိစ္စသေးသေးလေးပါ... ကျွန်မဆီမှာ ကိစ္စကြီးတစ်ခုရှိတယ်…”
“ခန်းမဆောင်သခင်ဟေးယွီများ ပူးပေါင်းချင်စိတ်ရှိမလားမသိဘူးနော်..."
စစ်သူကြီးဟေးယွီက ထိုစကားကိုကြားသောအခါ မျက်နှာထားတည်သွားပြီး မေးလိုက်သည်။
"အို... ဘာကိစ္စကြီးလဲဗျ"
"အရင်တုန်းက လူတစ်ယောက်နဲ့အတူ လျှို့ဝှက်နယ်မြေတစ်ခုကို တွေ့ခဲ့တယ်... သော့ကို တစ်ယောက်တစ်ဝက်ယူထားပြီး နောင်ကြရင် အတူတူသွားရှာဖို့ ကတိပေးထားခဲ့ကြတာ..."
လျိုမိုကျီးက အေးဆေးစွာ ပြောလိုက်၏...
"ဒါပေမဲ့ အဲဒီလူက နောက်ပိုင်းဘယ်နားသွားသေလဲမသိဘူး... ကျွန်မလက်ထဲမှာ သော့တစ်ဝက်ပဲ ကျန်တော့တယ်…”
“ဒါပေမဲ့ ရှားပါးတဲ့ ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုဆိုတော့ ကျွန်မက လက်မလွှတ်ချင်ဘူးလေ…”
“ဒါနဲ့ပဲ ဆရာတစ်ယောက်ကို အကူအညီတောင်းထားတယ်... သူက သော့တစ်ဝက်တည်းနဲ့ လျှို့ဝှက်နယ်မြေကို ဖွင့်ကြည့်လို့ရတယ်တဲ့…”
“ဒါပေမဲ့ ကျင့်ကြံသူ ခုနစ်ဆယ့်နှစ်ယောက်ကို မြေကမ္ဘာမိစ္ဆာစွမ်းအင် သိုင်းကွက်အဖြစ်စီစဉ်ဖို့လိုတယ်... အဲဒါရှင်ရဲ့ ညီအစ်ကိုတွေကို အကူအညီတောင်းပြီး သိုင်းကွက်စီစဉ်ပေးလို့ရမလားလို့…”
“ကျွန်မဘက်က တန်ကြေးကြီးကြီး ပေးပါ့မယ်..."
စစ်သူကြီးဟေးယွီက ခေတ္တမျှစဉ်းစားလိုက်သည်။
သူ့ရှေ့ရှိ မိန်းမပျိုက ညှို့ဓာတ်ပြင်းပြင်းဖြင့် ကြည့်နေသော်လည်း သူသည် အလှအပကြောင့် ဦးနှောက်မူးဝေသွားမည့်သူမျိုး လုံးဝမဟုတ်ပေ။
စစ်သူကြီးဟေးယွီက မိမိကိုယ်ကိုယ် ရှင်းလင်းစွာသိမြင်ထားသည်။
မိစ္ဆာဂိုဏ်းမှ ယောက်ျားကိုးဆယ်ရာခိုင်နှုန်းခန့်က ထိုမိစ္ဆာမလေးနှင့် ရင်းနှီးကျွမ်းဝင်လိုကြသည်ဖြစ်ရာ သူမက မိမိကို လုံးဝစိတ်ဝင်စားမည်မဟုတ်ကြောင်း သူသိထား၏။
ယခု သူမ အနည်းငယ်သဘောကျဟန်ပြနေလျှင်ပင် မိမိကို ကူညီလာစေရန် ဆွဲဆောင်သည့် နည်းလမ်းတစ်ခုသာဖြစ်ပေမည်။
သူ့ရင်ထဲတွင် တွေးတောနေသည်မှာ အကျိုးအမြတ်ကိုသာ ဖြစ်လေသည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက မေးလိုက်၏။
"ရှေးဟောင်းလျှို့ဝှက်နယ်မြေကို ဖွင့်ဖို့ဆိုတာ သိပ်တော့ လွယ်မှာမဟုတ်ဘူးမလား..."
"ခန်းမဆောင်သခင်ဟေးယွီက တကယ်ကို ဉာဏ်ကောင်းတာပဲ"
လျိုမိုကျီးက ထပ်မံပြုံးလိုက်ပြန်သည်။
"ကျွန်မလည်း ရှင့်ကို ဖုံးကွယ်မထားပါဘူး... ဒီလုပ်ငန်းစဉ်က သေချာပေါက် အန္တရာယ်ရှိမှာပါ"
"မိစ္ဆာဂိုဏ်းထဲမှာ လူတိုင်းသိပါတယ်... ကျုပ် ဟေးယွီက တစ်သက်လုံး သစ္စာတရားကို အလေးထားဆုံးပဲ..”
“ညီအစ်ကိုတွေကို ကိုယ့်လက်ချောင်း ခြေချောင်းတွေလို သဘောထားတာ..."
စစ်သူကြီးဟေးယွီက စကားကို ခေတ္တရပ်ကာ ပြောလိုက်၏။
"အခု ကျုပ်ရဲ့ ညီအစ်ကိုတွေကို အန္တရာယ်သွားလုပ်ခိုင်းရမယ်ဆိုတော့"
"ပိုက်ဆံထပ်ပေါင်းပေးပါ့မယ်"
လျိုမိုကျီးက ဝင်ပြောလိုက်လေသည်။
"ဘယ်လျှို့ဝှက်နယ်မြေကို သွားရမှာလဲ... အချိန်ကရော..."
စစ်သူကြီးဟေးယွီက တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ ချက်ချင်း မေးလိုက်တော့၏။
လျိုမိုကျီးက ပြန်ဖြေလိုက်သည်။
"နောက်နှစ်ရက်နေရင် ရှေးဟောင်းနဂါးသိုက်ကို သွားမယ်..."
...
ချူလျန်တို့သုံးယောက်သည် ပထမဆုံးတာဝန် ပြီးဆုံးသွားပြီးနောက် ကြိုတင်ထွက်ခွာရန် စိတ်ကူးထားခဲ့ကြသည်။
သူတို့ထံတွင် သွားလာရေးကျောက်စိမ်းအဆောင်များ ပါလာသော်လည်း အရိုးဖြူတောင်ကြီးက လေထဲတွင် အမြဲပျံသန်းနေသဖြင့် မူလနေရာ၌သာ အဆောင်ကိုချေမွတ်လိုက်ပါက ဂိုဏ်းမှလူကြီးများ ရောက်လာချိန်တွင် လွဲချော်သွားနိုင်ချေများပေသည်။
ထို့ပြင် ရောက်လာသူများက အခြေအနေကိုသေချာမသိနိုင်သလို လူအင်အားလည်း လုံလောက်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ အရိုးဖြူနန်းဆောင်က တပည့်များ၏လွတ်လပ်ခွင့်ကို ကန့်သတ်မထားဘဲ ကိစ္စရှိ၍ခေါ်ယူချိန်တွင် အချိန်မီရောက်လာလျှင် ရပြီဖြစ်သည်။
သူတို့အနေဖြင့် အေးအေးဆေးဆေး ထွက်ခွာပြီးနောက် အရိုးဖြူတောင်၏ သွားရာလမ်းကြောင်းပေါ်ရှိ နယ်မြေအမည်များကို မှတ်သားထားရန်သာ လိုအပ်သည်။
ပြန်ရောက်ပြီးနောက် သမ္မာအဖွဲ့အစည်းများမှ လူအင်အားအလုံးအရင်းကို စုစည်း၍ သွားရောက်လိုက်ပါက အရိုးဖြူနန်းဆောင်ကို တစ်ပါတည်းနှိမ်နင်းနိုင်ကာ အမှောင်ဘုရင်ဂိုဏ်းကိုလည်း အထိနာစေနိုင်မည်ဖြစ်ပေသည်။
သို့သော် ထွက်ခွာရန်ပြင်နေချိန်တွင် နောက်နှစ်ရက်အကြာ၌ တာဝန်တစ်ခုရှိသဖြင့် လူတိုင်းသစ္စာစောင့်သိခြင်း ခန်းမဆောင်အတွင်းနေထိုင်ကာ အမိန့်ကိုစောင့်ဆိုင်းရမည်ဟု သတင်းရုတ်တရက် ထွက်ပေါ်လာတော့သည်။
သုံးယောက်သား အနည်းငယ် အနေရခက်သွားကြ၏။
သမ္မာလမ်းစဉ်မှ ဆင်းသက်လာသော သူတို့အတွက် ဤအရိုးဖြူတောင်ပေါ်တွင် တစ်မိနစ်လောက်ပိုနေရခြင်းကပင် နှိပ်စက်မှုတစ်ခုလို ဖြစ်နေသည်။
လော့ယောင်ကမူ အနည်းငယ်အဆင်ပြေသေး၏။ သူမ၏ ပကတိတရားသုံးပါး ချိုင့်ဝှမ်း၏ လေထုကလည်း သမ္မာနှင့် မိစ္ဆာ ရောထွေးနေသည့်ပုံစံ ဖြစ်သောကြောင့်ပင်။
အဆိုးရွားဆုံး ခံစားနေရသူမှာ ချူလျန်ပင် ဖြစ်လေသည်။
ကြက်သွေးရောင်ကွပ်မျက်သူကြီးက အလွန်အမင်းတုန်ခါနေသဖြင့် သူမှာ သေမတတ်ခံစားနေရကာ အချိန်မရွေးဓားကိုဆွဲထုတ်၍ ပတ်ဝန်းကျင်ကို အပြတ်ရှင်းလင်းပစ်လိုက်ချင်စိတ်များ ပေါက်နေတော့၏။
သစ္စာစောင့်သိခြင်းခန်းမဆောင်၏ အပေါ်ထပ်တွင် အခန်းများစွာရှိရာ သုံးယောက်သားက တစ်ယောက်ခန်းများကို အလွယ်တကူစီစဉ်လိုက်ပြီး နှစ်ရက်ခန့် နေထိုင်လိုက်ကြသည်။
ရက်စေ့သည်နှင့် စစ်သူကြီးဟေးယွီက ချက်ချင်းလူစုလိုက်ကာ ရဲရဲတောက်စိတ်ဓာတ်များဖြင့် အရိုးဖြူတောင်ပေါ်မှ ထွက်ခွာလာခဲ့ကြတော့သည်။
အခန်း (၂၅၀) - ရှေးဟောင်းနဂါးသိုက် (၂)
"ဒီတစ်ခါ လျှို့ဝှက်တာဝန်မလို့ သစ္စာစောင့်သိခြင်း ခန်းမဆောင်ရဲ့ အဓိကအဖွဲ့ဝင်တွေပဲ ပါဝင်ခွင့်ရတယ်လို့ကြားတယ်..."
သူတို့ကို ဂိုဏ်းထဲခေါ်သွင်းလာခဲ့သော လျိုဆန်းက အနားကပ်လာကာ တိုးတိုးလေး ပြောလိုက်၏။
"မင်းတို့ရဲ့ ပထမဆုံးတာဝန်ကို အရမ်းကောင်းကောင်းလုပ်နိုင်ခဲ့လို့ ခန်းမဆောင်သခင်ဟေးယွီက ဒီတစ်ခါ မင်းတို့ကို ခေါ်သွားတာ... သိပ်တော်တာပဲကွာ..."
ဟားဟား...
ချူလျန်က ရင်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။
'ဒီလိုကိုး...'
'အရင်တာဝန်တုန်းက ဒီလောက် ရက်ရက်စက်စက်မလုပ်ခဲ့ရင် ကောင်းသား…”
“အဲဒီလိုဆို အခုချိန် ရှုတောင်ဂိုဏ်းပြန်ပြီး ဂိုဏ်းတူအစ်မကျန်းနဲ့ ဟော့ပေါ့တောင် စားနေရလောက်ပြီ...'
စစ်သူကြီးဟေးယွီက အမွေးနက်ငှက်ကြီးတစ်ကောင်ကို စီးနင်းထားပြီး သူ့နောက်တွင် ညီအစ်ကိုတစ်သိုက်က အနီးကပ်လိုက်ပါလာကြသည်။ သူတို့သည် အနောက်မြောက်ဘက်သို့ ဦးတည်ကာ နေ့တစ်ဝက်တိတိပျံသန်းလာခဲ့ကြ၏။
ထိုအခြေအနေကြောင့် သစ္စာစောင့်သိခြင်းခန်းမဆောင်မှ လူအများစုမှာ အနည်းငယ် ထူးဆန်းနေကြသည်။ဘယ်ကို သွားနေကြရပါသနည်း။
အနောက်ဘက်သို့ဆက်သွားနေပါက ယွီမင်းဆက်နယ်မြေအပြင်ဘက်သို့ပင် ရောက်သွားတော့မည် မဟုတ်ပါလော။
နာရီဝက်ခန့်ကြာပြီးနောက်မှ စစ်သူကြီးဟေးယွီက အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
"ဒီကနေ့ ခရီးစဉ်ကိုလျှို့ဝှက်ထားရမယ်... ရှေ့နေရာက ငါတို့ရဲ့ ခရီးစဉ်ပန်းတိုင်ပဲ..."
ရှေ့တွင် အဆုံးအစမရှိသော အမည်းရောင်ချောက်ကမ်းပါးကြီးတစ်ခုကို မြင်လိုက်ရသည်။
ကမ္ဘာမြေကြီး၏အလယ်ဗဟိုရှိ ဒဏ်ရာကြီးတစ်ခုအလား ထင်မှတ်ရပြီး ကောင်းကင်ယံမှ စီးမိုးကြည့်လျှင်ပင် အဆုံးသတ်ကိုမမြင်နိုင်ပေ။
ရှေးဟောင်းနဂါးသိုက်ပင်။
ချူလျန်သည် ဤဒဏ္ဍာရီလာနေရာအကြောင်းကို အစောကတည်းက ကြားဖူးသော်လည်း ယနေ့မှ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း ဖြစ်ပေသည်။
ဤနေရာကြီးမှာ နှစ်ပေါင်းများစွာစွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သော်လည်း တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်တုန်စေလောက်သော ဖိအားတစ်မျိုးကို ခံစားလိုက်ရဆဲပင်။
စစ်သူကြီးဟေးယွီက အဖွဲ့ကိုဦးဆောင်၍ ချောက်ကမ်းပါးထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလေသည်။
ဘေးဘက်မှ ကျယ်လောင်သောဟိန်းဟောက်သံများ အခါအားလျော်စွာ ထွက်ပေါ်လာသော်လည်း မည်သည့်သတ္တဝါမှ အဖွဲ့ကို လာရောက်ရန်စရဲခြင်း မရှိပေ။
ချောက်ကမ်းပါး၏ အပေါ်ယံအလွှာမှာ မည်းနက်နေသောကျောက်နံရံများဖြစ်ပြီး အဆုံးစွန်ထိကြည့်လိုက်လျှင် အခြားအရောင်များလုံးဝမရှိပေ။
သို့သော် အောက်ဘက်သို့ ဆက်လက်ဆင်းသက်သွားပြီး အလွန်နက်ရှိုင်းသော နေရာတစ်ခုသို့ရောက်သောအခါ မြက်ခင်းစိမ်းများ၊ သစ်ပင်စိမ်းများနှင့် အရောင်အသွေးစုံလင်သော ပန်းမန်များကို စတင်မြင်တွေ့လာရတော့၏။
နောက်ဆုံးမြေပြင်သို့ ဆင်းသက်လိုက်ချိန်တွင်မူ သစ်ပင်ပန်းမန်များ ဝေဆာနေသော တောနက်ကြီးတစ်ခု၏ မြင်ကွင်းဖြစ်နေလေပြီ။
ပေတစ်သောင်းကျော်နက်ရှိုင်းသော ဤချောက်ကမ်းပါးအောက်တွင် ဤသို့သော ကမ္ဘာလေးတစ်ခုရှိနေလိမ့်မည်ဟု မြင်တွေ့ရသူတိုင်းက အံ့မခန်း ဖြစ်သွားကြတော့သည်။
တောအုပ်၏ ချိုင့်ဝှမ်းအဝင်ဝတွင် မီးတောက်ကဲ့သို့နီရဲသော ဂါဝန်ကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုအပြည့်ရှိသော မိန်းမပျိုတစ်ဦးရပ်နေလေသည်။
သူမဘေးတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးလည်း ရှိနေကာ သူ၏မျက်နှာမှာကြမ်းတမ်းပြီး မျက်လုံးများက ရေခဲတမျှအေးစက်နေ၏။
လျိုမိုကျီးလား။
ထိုမိန်းမပျိုကိုမြင်လိုက်ရချိန်တွင် ချူလျန်တစ်ယောက် ကြာပန်းနက်ကို ချက်ချင်း သတိရသွားတော့သည်။
...
"ဒါက ကျွန်မပင့်ဖိတ်ထားတဲ့ သိုင်းကွက်ဆရာဆရာမုပဲ..."
လျိုမိုကျီးက ရှေ့ထွက်၍ မိတ်ဆက်ပေးလိုက်၏။
"ဒါကတော့ အရိုးဖြူနန်းဆောင်က ခန်းမဆောင်သခင်ဟေးယွီ..."
"ဆရာမု... နာမည်ကြားနေတာ ကြာပါပြီဗျာ..."
စစ်သူကြီးဟေးယွီက အလျင်အမြန် နှုတ်ဆက်လိုက်လေသည်...
"အင်း..."
ထိုဆရာမုဆိုသူက အတော်လေးအေးစက်စက်နိုင်လှပြီး ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
သို့သော် စစ်သူကြီးဟေးယွီက ဒေါသမထွက်ဘဲ တဟီးဟီးပြုံးလိုက်၏။
ဤဆရာမုမှာ မိစ္ဆာဂိုဏ်းထဲတွင် နာမည်မသေးလှပေ။
မည်သည့် ကြီးမားသောအမွေအနှစ်ဂိုဏ်းမှ မဟုတ်သော်လည်း သူ၏ အဆင့်အတန်းက အလွန်မြင့်မားလေသည်။
အဂ္ဂိရတ်ပညာရှင်၊ လက်နက်သွန်းလုပ်သူများကဲ့သို့ပင် ဤသို့သော အထူးစွမ်းရည်ရှိသည့် ပညာရှင်များ မည်သူမဆို အကူအညီတောင်းရမည့် အချိန်ရောက်မလာနိုင်ဘူးဟု အာမမခံနိုင်ပေ။
သူတို့သည် အဆက်အသွယ် ကွန်ရက်ကျယ်ပြန့်ကြပြီး ဩဇာအာဏာလည်း အတော်အတန်ရှိတတ်ကြသဖြင့် အနည်းငယ်လေးစားမှုပြသခြင်းက အမြဲတမ်းမှန်ကန်ပေသည်။
အရင်အဂ္ဂိရတ်ပညာရှင်ကို သတ်ပစ်ရခြင်းမှာ သူက မိစ္ဆာဂိုဏ်းမှ မဟုတ်သောကြောင့်ပင်။
စစ်သူကြီးဟေးယွီအနေဖြင့် နောင်တွင်လည်း သူနှင့် ထပ်မံပတ်သက်စရာ အကြောင်းမရှိသဖြင့် သိပ်ဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤဆရာမုကိုမူ နောင်တစ်ချိန်တွင် သေချာပေါက် အသုံးလိုလာနိုင်လေသည်။
သိုင်းကွက်ပညာရပ်ကို လူတိုင်း အနည်းငယ်စီနားလည်တတ်ကြသော်လည်း သိုင်းကွက်ပညာရပ်ကို အထူးပြုလေ့လာသော သိုင်းကွက်ဆရာများမှာ အလွန်ရှားပါးလှသည်။
သိုင်းကွက်ဆရာများ၏ တည်ရှိမှုက အဂ္ဂိရတ်ပညာရှင်များ၊ လက်နက်သွန်းလုပ်သူများထက်ပင် ပို၍ရှားပါးသဖြင့် အဆင့်အတန်းမှာလည်း သဘာဝကျကျ ပိုမြင့်မားလေသည်။
ဆရာမုက စစ်သူကြီးဟေးယွီ၏ နောက်ကွယ်ရှိ လူခုနစ်ဆယ့်နှစ်ယောက်ကို အကဲခတ်ကြည့်လိုက်ပြီး မေးလိုက်၏။
"ကျင့်ကြံခြင်းအဆင့်က တတိယအဆင့်နဲ့ အထက်တွေချည်းပဲမလား..."
"ဟုတ်ပါတယ်... ခင်ဗျားရဲ့ တောင်းဆိုချက်အရ ခေါ်လာတဲ့ ညီအစ်ကိုတွေက တတိယအဆင့် စတုတ္ထအဆင့်က ကျွမ်းကျင်သူတွေချည်းပါပဲ..."
စစ်သူကြီးဟေးယွီက ဖြေကြားလိုက်သည်။
ဆရာမုက လက်မြှောက်ကာ သိုင်းကွက်ပုံစံတစ်ခုကို လွှင့်ထုတ်လိုက်ပြီး ပြောလိုက်၏။
"ဒီအပေါ်က သိုင်းကွက်နေရာနဲ့ စကြဝဠာအစီအစဉ်အတိုင်း နေရာယူကြ... မြေကမ္ဘာမိစ္ဆာစွမ်းအင်သိုင်းကွက်အဖြစ်စီစဉ်ပြီး ငါ့ကို ကူညီဖို့ ဒီမြေအောက်ယင်စွမ်းအင်ကြောကို ဆွဲငင်ရမယ်…”
“တစ်နာရီအတွင်း သိုင်းကွက်ကြီးပြီးမြောက်အောင် ကြိုးစားကြ..."
"ကောင်းပြီ..."
စစ်သူကြီးဟေးယွီက ခေါင်းတစ်ချက်ညိတ်လိုက်သည်။
"ကျုပ်ကိုသာ အားကိုးလိုက်ဗျာ..."
သူသည် နောက်သို့လှည့်ကာ သိုင်းကွက်ပုံစံကို လက်အောက်ငယ်သားများအား ရှင်းပြလိုက်၏။
ယခုကဲ့သို့သော သိုင်းကွက်ကြီးများတွင် အနည်းဆုံး သိုင်းကွက်ငယ်ဆယ်ခုကျော် ပါဝင်တတ်ပြီး အလွန်နက်နဲသော ပညာရပ်တစ်ခုဖြစ်သည်။
သို့သော် ဆရာမု၏သိုင်းကွက်ပုံစံမှာ အသေးစိတ်ကျသော်လည်း ရှင်းလင်းလွယ်ကူသဖြင့် နားလည်ရန်မခက်ခဲလှပေ။
ချူလျန်၊ လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ သုံးယောက်စလုံးမှာ သက်ဆိုင်ရာ အင်မော်တယ်ဂိုဏ်းများမှ ထိပ်တန်းပါရမီရှင်များဖြစ်ကြရာ တစ်ချက်ကြည့်ရုံဖြင့် မည်သို့လုပ်ရမည်ကို နားလည်သွားကြသည်။
ထိုအချိန်တွင် စစ်သူကြီးဟေးယွီမှာမူ မှောင်ခိုလောကမှ ညီအစ်ကိုများနှင့်အတူ ဦးနှောက်ခြောက်ခံကာ အပြန်ပြန်အလှန်လှန် ဆွေးနွေးလေ့လာနေရဆဲပင်။
ချူလျန်ကလည်း သူတို့ကိုဝင်ရောက်ညွှန်ပြရန် ပျင်းရိနေသဖြင့် လူအုပ်၏ အနောက်သို့ တိတ်တဆိတ်ဆုတ်ခွာသွားကာ ဟိုဘက်မှ လူနှစ်ယောက်ကို ခိုးကြည့်နေလိုက်လေသည်။
သူတို့ဘက်တွင် သိုင်းကွက်ပညာရပ်ကို လေ့လာနေကြချိန်၌ ဟိုဘက်မှ ဆရာမုနှင့် လျိုမိုကျီးတို့မှာလည်း တိုးတိုးတိတ်တိတ်စကားပြောနေကြ၏။
သူတို့နှစ်ယောက် စကားပြောပြီးသွားသည်ကို မြင်လိုက်ရပြီးနောက် ဆရာမုက နောက်သို့လှည့်ကာ ပေတစ်ရာခန့်မြင့်သော သစ်ပင်ကြီးများ ဝန်းရံထားသည့် နက်ရှိုင်းသော ချိုင့်ဝှမ်းအဝင်ဝကို ရှာဖွေကြည့်ရှုလိုက်သည်။
ထို့နောက် ကျောက်နံရံပေါ်ရှိ နွယ်ပင်များဆီသို့ လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
ဗုံး...
"ဒီနေရာပဲ ဖြစ်ရမယ်..."
သူက ပြတ်သားစွာ ပြောလိုက်သည်။
သူ၏ စကားသံနှင့်အတူ ဖုန်မှုန့်များကျဆင်းသွားချိန်တွင် နွယ်ပင်များ၏အနောက်၌ ထူးဆန်းသောပန်းပုလက်ရာများပါရှိသည့် ကျောက်နံရံတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ကျောက်နံရံပန်းပု၏ အလယ်ဗဟိုတွင် ကျောက်ပြားတစ်ခုရှိပြီး ထိုကျောက်ပြား၏ အလယ်မှာ ဟာလာဟင်းလင်းဖြစ်နေကာ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေပုံရသည်။
ဆရာမုက လျိုမိုကျီးဘက်သို့ လက်လှမ်းပြလိုက်၏။
လျိုမိုကျီးက ထူးဆန်းသော မှော်စာသားများ ထွင်းထုထားသည့် သံပြားခြမ်းတစ်ခုကို ကမ်းပေးလိုက်သည်။
ဆရာမုက ထိုသံပြားကို တပ်ဆင်လိုက်ရာ ကျောက်ပြား၏ တစ်ဝက်ကို ကွက်တိဖြည့်တင်းသွားလေသည်။
"မင်းလက်ထဲက တစ်ခုက ယန်သံပြားဖြစ်နေလို့ တော်သေးတာပေါ့…”
“နောက်တစ်ဝက်ကို မြေအောက်ယင်စွမ်းအင်နဲ့ ဆွဲငင်လို့ရတယ်...အကယ်၍ ယင်သံပြားပဲရှိနေရင် တော်တော်လေး ခက်ခဲသွားမှာ..."
ဆရာမုက ပြောလိုက်သည်။
"ဟင်းဟင်း... ဆရာမု ရှိနေလို့ တော်သေးတာပေါ့ရှင်..."
လျိုမိုကျီးက ပြုံးလျက် ပြောလိုက်၏။
သူတို့သည် ဤနေရာတွင် လူအများကို ရှောင်ကြဉ်ခြင်းမရှိသဖြင့် အရာအားလုံးသည် ချူလျန်၏မျက်လုံးထဲသို့ ရောက်ရှိသွားသည်။ သူ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ ရင်ထဲတွင် အနည်းငယ်လှိုင်းထသွားတော့၏။
ထိုသံပြားမျိုး... သူ့ဆီမှာလည်း တစ်ခုရှိနေသည် မဟုတ်ပါလော။