← Chapters

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အခန်း( ၁၈၉၁ )

ထျန်းရန်နတ်ဘုရားနယ်မြေ စည်းလုံးညီညွှတ်ရေး

နတ်သခင် ဝမ်ကျဲ၏ စကားကို ကြားလျှင် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များအားလုံး ပြန်လည်တိတ်ဆိတ်သွားကြပြန်၏။

မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သူတို့ ရေရေရာရာ မသိသေးသော်လည်း ကျောင်းအုပ်ကြီးက ယခုအချိန်တွင် တံခါးပိတ်ကျင့်စဉ်စခန်းမှ ထွက်လာကာ ထူးဆန်းသော သတ္တဝါများအကြောင်း ပြောပြနေသည်မှာ ထိုသတ္တဝါများ ပြန်လည်ရောက်ရှိလာတော့မည့် သဘောပင်။

ခဏအကြာတွင် နတ်သခင် ဝမ်ကျဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အစည်းအဝေးခန်းမထဲ အလင်းလုံးတစ်လုံး ပေါ်လာ၏။

နတ်သခင် ဝမ်ကျဲက

“ဒါက လင်ရှု သယ်ဆောင်လာတဲ့ ထောက်လှမ်းရေးအချက်အလက်တွေပဲ။ အားလုံး ကြည့်ရှုလိုက်ကြပါဦး။”

ထိုအရာကို ကြားလျှင် အလင်းလုံးအတွင်းရှိ အကြောင်းအရာများကို အစည်းအဝေးခန်းမအတွင်းရှိ နတ်သခင်များ ချက်ချင်း စစ်ဆေးကြည့်ရှုကြ၏။ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် နတ်သခင် ဝမ်ကျဲ စောစောက ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောမိကာ သူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပျက်ယွင်းသွားကြ၏။

သူတို့ ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ထူးဆန်းသော သတ္တဝါများ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သောကြောင့် ကျောင်းအုပ်ကြီးက သူတို့ကို ထိုအရာများ ပြောပြနေခြင်း ဖြစ်၏။

ထိုခေတ်ကာလကို သူတို့ ကိုယ်တိုင် မကြုံတွေ့ခဲ့ဖူးသော်လည်း ကျောင်းအုပ်ကြီးက ထိုထူးဆန်းသော သတ္တဝါများကို နတ်ဆိုးဧကရာဇ်ထက်ပင် ပိုကြီးမားသော ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည်ဆိုလျှင် ထိုသတ္တဝါများသည် ထျန်းရန်လောကကြီးဆီသို့ ပို၍ကြီးမားသော ကပ်ဘေးကို သယ်ဆောင်လာမည်မှာ အမှန်ပင်။

ခဏခန့် တိတ်ဆိတ်သွားပြီးနောက် နတ်သခင်တစ်ပါးက

“ကျောင်းအုပ်ကြီး... အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက ဒီလောက်တောင် အစွမ်းထက်တာ။ နောက်ဆုံးမှာ သူတို့ကို ဘယ်လိုများ နှိမ်နင်းနိုင်ခဲ့တာလဲ။”

ထိုအရာကို ကြားလျှင် ခါးသက်သက်ပြုံးလိုက်သော နတ်သခင် ဝမ်ကျဲက

“နှိမ်နင်းတယ် ဟုတ်လား... အဲ့ဒါက အဲဒီလောက် မလွယ်ကူဘူး။ နတ်ဧကရာဇ် အတော်များများ စွမ်းအားချင်းပူးပေါင်းပြီး အဲ့ဒီထူးဆန်းတဲ့ သတ္တဝါတွေကို အခုခေတ် နေဝင်တောင်တန်းဖြစ်လာမယ့် အရိုင်းနယ်မြေနဲ့ တောင်ပိုင်းနယ်စပ်မှာ ချိပ်ပိတ်ရုံပဲ ချိပ်ပိတ်နိုင်ခဲ့တာ။ အဲ့ဒီထူးဆန်းတဲ့ သတ္တဝါတွေက ပင်ကိုယ်ကတည်းက သေဆုံးပြီးသားအရာတွေ ဖြစ်နေလို့ သတ်ရတာ အရမ်းခက်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပျက်စီးသွားရင်တောင် ခဏလေးအတွင်းမှာတင် ပြန်ပြီး ကောင်းလာနိုင်ကြတယ်။”

ဒါက...

နတ်သခင် ဝမ်ကျဲ၏ စကားကို ကြားလျှင် ချင်းယွမ်ကျောင်းတော်မှ အကြီးအကဲများ ထပ်မံ၍ မှင်တက်သွားကြပြန်၏။

သတ်ရခက်တယ် ဟုတ်လား...

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပြန့်နှံ့လာသည်နှင့်အမျှ လူအမြောက်အမြား ထိုစွမ်းအား၏ ဝါးမြိုမှုကို ကြုံတွေ့ရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထူးဆန်းသော စစ်တပ်ကြီးသည် ပိုစွမ်းအားကြီးမားလာမည် မဟုတ်ပါလား။

သူတို့အနေနှင့် ထိုစစ်တပ်ကို အနိုင်ယူနိုင်ပါဦးမည်လား။

ခဏခန့် အစည်းအဝေးခန်းမကြီးတစ်ခုလုံး အပ်ကျသံပင် ကြားရအောင် တိတ်ဆိတ်သွား၏။ နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ရသည်မှာ အတော်ကြီး ခက်ခဲလှပြီဟု အစက သူတို့ ထင်မှတ်ထားခဲ့ကြသော်လည်း ယခုတော့ ပို၍ အစွမ်းထက်သော ရန်သူတစ်ဦး ပေါ်ထွက်လာခဲ့ပေပြီ။

အနည်းဆုံးတော့ နတ်ဆိုးဧကရာဇ်သည် ထျန်းရန် နတ်ဘုရားနယ်မြေမှ ဖြစ်ပြီး ၎င်းကို အုပ်ချုပ်ရန်သာ ရည်ရွယ်ချက်ရှိ၏။ သူမ၏ ကျင့်စဉ်အဆင့် ပြန်လည်ကောင်းလာပါက ထျန်းရန် နတ်ဘုရားနယ်မြေ၏ မဟာအင်အားစုများသည် သူမထံတွင် အညံ့ခံရန် ရွေးချယ်နိုင်သေးသည်။

သို့သော် ထူးဆန်းသော သတ္တဝါများ၏ ရည်ရွယ်ချက်ကတော့ ထျန်းရန် နတ်ဘုရားနယ်မြေရှိ သတ္တဝါအားလုံးကို သတ်ဖြတ်ရန် ဖြစ်၏။

အကယ်၍ ထိုထူးဆန်းသော သတ္တဝါများ ပိုစွမ်းအားကြီးမားလာပါက ထျန်းရန် နတ်ဘုရားနယ်မြေသည် ပျက်စီးခြင်းတရားနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။

အချိန်မည်မျှကြာသွားသည်မသိ နတ်သခင်တစ်ပါးက

“ကျောင်းအုပ်ကြီး... အခု ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်သင့်လဲ။”

နတ်သခင် ဝမ်ကျဲက

“ကြယ်မြစ်နတ်သခင် ပြောခဲ့သလိုပဲ... အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက တကယ်ပဲ ချိပ်ပိတ်မှုကို ဖျက်ဆီးပြီး ပြန်လာတာဆိုရင်တော့ ထျန်းရန် နတ်ဘုရားနယ်မြေရဲ့ အင်အားစုအားလုံး စည်းလုံးကြရမယ်။ အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက တောင်ပိုင်းနယ်ကို တိုက်ရိုက်သိမ်းပိုက်မယ့်အစား ခမ်းနားသော ကောင်းကင်ခန်းမထဲကို စိမ့်ဝင်ဖို့ ရွေးချယ်ခဲ့ကြတယ်။ ဒါကိုကြည့်ရင် ချိပ်ပိတ်မှု ပျက်စီးပြီး ထွက်လာတဲ့သူ အရေအတွက် သိပ်မများသေးဘူးဆိုတာ သိသာတယ်။ ဒါကြောင့် သူတို့ တောင်ပိုင်းနယ်တစ်ခုလုံးကို မသိမ်းပိုက်နိုင်သေးတာပဲ။”

နတ်သခင် ဝမ်ကျဲကပင် ဆက်လက်၍

“အခုက သူတို့ကို ထပ်ပြီး ချိပ်ပိတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ အကယ်၍ သူတို့ကို ဒီအတိုင်း လွှတ်ထားပြီး တောင်ပိုင်းနယ်တစ်ခုလုံးကို သိမ်းပိုက်ခွင့်ပေးလိုက်ရင် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကြောင့် သတ္တဝါတွေ ပိုပြီး ညစ်ညမ်းလာလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ကျုပ်တို့ နောက်ကျသွားပြီ။”

“ဟိုးအရင်တုန်းက အဲဒီထူးဆန်းတဲ့ သတ္တဝါတွေ ဆင်းသက်လာတုန်းက နတ်ဧကရာဇ် အပါးအတော်များများ ပူးပေါင်းဆောင်ရွက်ခဲ့ရတာ။ အခုအချိန်မှာတော့ ထျန်းရန် နတ်ဘုရားနယ်မြေမှာ နတ်ဧကရာဇ် တစ်ပါးမှ မရှိတော့ဘူး။ တကယ်လို့ ထူးဆန်းတဲ့ စစ်တပ်ကြီးသာ ပေါ်ပေါက်လာရင် အကျိုးဆက်က တွေးဝံ့စရာတောင် မရှိဘူး”

ဟု ရှည်လျားစွာ ရှင်းပြလိုက်သည်။

နတ်သခင် ဝမ်ကျဲ၏ စကားကို ကြားပြီးနောက် ခန်းမအတွင်းရှိ နတ်သခင်များအားလုံး ထပ်မံ၍ တိတ်ဆိတ်သွားကြပြန်၏။

သက်ပြင်းတစ်ချက် ချလိုက်သော နတ်သခင် ဝမ်ကျဲက

“ထူးဆန်းတဲ့ သတ္တဝါတွေကို ရင်ဆိုင်ဖို့ဆိုရင် ကျုပ်တို့ နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားကိုလည်း ငှားသုံးဖို့ လိုအပ်လိမ့်မယ်။ “

ဒါက...

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေကြ၏။

သူတို့သည် နတ်ဆိုးဧကရာဇ်ကို မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းပြီး ရင်ဆိုင်ခဲ့တာပင် မကြာသေးပေ။ ယခုတော့ သူမ၏ အကူအညီကို လိုအပ်နေကြပေပြီ။

နတ်သခင်တစ်ပါးက စိုးရိမ်တကြီးဖြင့်

“နတ်ဆိုးဧကရာဇ်က သဘောတူပါ့မလား”

နတ်သခင် ဝမ်ကျဲက

“နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားက သက်ရှိလူသားတွေရဲ့ အဆိုးမြင်စိတ်တွေကနေ လာတာ။ အကယ်၍ ထျန်းရန် နတ်ဘုရားနယ်မြေက လူတိုင်းသာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေရဲ့ ဝါးမြိုမှုကြောင့် ထူးဆန်းတဲ့ စစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားရင် နတ်ဆိုးဧကရာဇ်က သူတို့ဆီကနေ စွမ်းအားကို စုပ်ယူနိုင်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် သူက ဒီလိုအရာမျိုး အဖြစ်ခံမှာ မဟုတ်ဘူး။”

နတ်သခင် ဝမ်ကျဲ၏ အမြင်အရ နတ်များ ထူးဆန်းသော သတ္တဝါများ ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် စိတ်ခံစားချက် သို့မဟုတ် အလိုဆန္ဒမရှိသော သေဆုံးပြီးသား ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားကြပေလိမ့်မည်။ ထိုသို့ဆိုလျှင် နတ်ဆိုးဧကရာဇ်၏ စွမ်းအားအရင်းအမြစ်ကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားပေမည်။

အကယ်၍ ထျန်းရန် နတ်ဘုရားနယ်မြေရှိ လူတိုင်း ထူးဆန်းသော သတ္တဝါများ ဖြစ်သွားပါက နတ်ဆိုးဧကရာဇ်သည်လည်း သူမ၏ စွမ်းအားအရင်းအမြစ် ဆုံးရှုံးသွားမည် ဖြစ်၏။ ၎င်းက သူမ၏ အဓိက အကျိုးစီးပွားကို ထိခိုက်စေသဖြင့် သူမအနေနှင့် ဧကန်မုချ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

မျက်မှောက်၌ ရှိနေသော နတ်သခင်များကို ဝေ့ကြည့်လိုက်သည့် နတ်သခင် ဝမ်ကျဲက

“ခင်ဗျားတို့ထဲက ဘယ်သူက မြောက်ပိုင်းနယ်ကို သွားဖို့ ဆန္ဒရှိလဲ။”

ထိုအရာကို ကြားလျှင် နတ်သခင်များအားလုံး ချွေးစေးများ ပြန်လာကြ၏။

မြောက်ပိုင်းနယ်ကို သွားရမယ် ဟုတ်လား...

ကျောင်းအုပ်ကြီး တစ်ယောက် ဧကန်မုချ စနောက်နေတာ ဖြစ်ရမည်။

နတ်ဆိုးဧကရာဇ်နှင့် စစ်ပွဲပြီးဆုံးသွားသည်မှာ မကြာသေးသဖြင့် မြောက်ပိုင်းနယ်သို့ သွားခြင်းက သူမကို အမျက်ဒေါသထွက်စေနိုင်ပြီး သူတို့ ပြန်လည်ရောက်ရှိလာနိုင်တော့မှာ မဟုတ်သည့် ဖြစ်နိုင်‌ခြေလည်းရှိသည်။

သူတို့ တွေးတောနေသည်ကို သိသော နတ်သခင် ဝမ်ကျဲက

“ကျုပ်တို့မှာ တခြားရွေးချယ်စရာမရှိဘူး။ ထူးဆန်းတဲ့ သတ္တဝါတွေကို အနိုင်ယူဖို့ဆိုရင် နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားကို ကျုပ်တို့ မဖြစ်မနေ အသုံးချရမယ်။ တကယ်လို့ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ကျူးကျော်မှုက ကျုပ်တို့ မျှော်လင့်ထားတာထက် ကျော်လွန်နေရင် နတ်ဆိုးဧကရာဇ်ရဲ့ ကျင့်စဉ်အဆင့် ပြန်လည်ကောင်းလာဖို့အထိတောင် ကျုပ်တို့ ကူညီပေးရလိမ့်မယ်။”

ထူးဆန်းသော သတ္တဝါများ အလွန် များပြားလာပါက နတ်သခင်များ၏ စွမ်းအားတစ်ခုတည်းနှင့် မလုံလောက်နိုင်တော့ပေ။ အရေးကြီးဆုံးအချက်မှာ ဟိုးယခင်တုန်းက နတ်သခင် အမြောက်အမြား ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားအောက်သို့ ကျရောက်ခဲ့ကြခြင်း ဖြစ်၏။

အကယ်၍ ထိုသတ္တဝါများ သူတို့အပေါ် ရှိ ချိပ်ပိတ်မှုကို ဖျက်ဆီးနိုင်ခဲ့ပါက ယခုအချိန်တွင် သူတို့ထဲ၌လည်း နတ်သခင် အဆင့်များစွာ ရှိနေနိုင်ခြေရှိ၏။

ထူးဆန်းသော နတ်သခင်များ၏ စွမ်းအားသည် ထျန်းရန် နတ်ဘုရားနယ်မြေရှိ နတ်သခင်များနှင့် အတူတူပင် ဖြစ်၏။ သို့သော် အကြီးမားဆုံး ပြဿနာမှာ သူတို့၏ မသေမျိုး ဖြစ်နေခြင်းပင်။

ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့လျှင်တောင် ထိုထူးဆန်းသော နတ်သခင်များသည် စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိလာကြမည် ဖြစ်ရာ သူတို့ကို ချိပ်ပိတ်ရန်အတွက် နတ်ဧကရာဇ်တစ်ပါး၏ စွမ်းအား လိုအပ်လိမ့်မည်။

လက်ရှိတွင် ထျန်းရန် နတ်ဘုရားနယ်မြေ၌ နတ်ဧကရာဇ်တစ်ပါးမှ မရှိသဖြင့် သူတို့အနေနှင့် နတ်ဆိုးဧကရာဇ်ကိုသာ မှီခိုအားထားရန်သာ ကျန်ရှိတော့၏။

နတ်သခင် ဝမ်ကျဲ၏ စကားကို ကြားပြီးနောက် လူအုပ်ကြီးလည်း တိတ်ဆိတ်ခြင်းထဲသို့ ထပ်မံကျရောက်သွားကြပြန်၏။ သူတို့ နားလည်သဘောပေါက်ကြသော်လည်း မြောက်ပိုင်းနယ်သို့ သွားကာ အသေခံရန်တော့ မည်သူမှ ဆန္ဒမရှိကြပေ။ အထူးသဖြင့် စစ်မြေပြင်မှ ပြန်လည်ရောက်ရှိလာကြသူများ ဖြစ်၏။

မည်သူမှ မစွန့်စားပေးချင်သည်ကို မြင်လျှင် နတ်သခင် ဝမ်ကျဲက

“ဘယ်သူမှ ဆန္ဒမရှိဘူးဆိုရင်တော့ ကျုပ်တို့ မဲနှိုက်ကြမယ်။၊ မဲပေါက်တဲ့သူ သွားရမယ်”

ဒါကတော့ အမျှတဆုံး နည်းလမ်းပင်။

တစ်ယောက်ယောက်ကတော့ သွားရမည် ဖြစ်ပြီး ၎င်းက ထျန်းရန် နတ်ဘုရားနယ်မြေရှိ မဟာအင်အားကြီးအုပ်စု အားလုံးကို စည်းလုံးရန်အတွက် အရေးတကြီး လိုအပ်နေသော ကိစ္စရပ်တစ်ခုလည်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါးက

“သားရဲမဟာမိတ်ခေါင်းဆောင်လည်း ဒီသတင်းကို ရရှိပြီးလောက်ပြီ။ သူတို့လည်းမြောက်ပိုင်းနယ်က နတ်ဆိုးဧကရာဇ်ဆီ လူလွှတ်ပြီး သတင်းပို့လောက်တယ်။ အဲ့ဒါဆိုရင်တော့ ကျုပ်တို့ သွားစရာမလိုတော့ဘူး။”

ထိုအရာကို ကြားလျှင် နှာခေါင်းရှုံ့လိုက်သော နတ်သခင် ဝမ်ကျဲက

“တကယ်လို့ သားရဲမဟာမိတ်ခေါင်းဆောင်ကလည်း ခင်ဗျားတွေးသလိုပဲ တွေးနေရင် ဘယ်လိုလုပ်မလဲ။”

ဒါက...

နတ်သခင် ဝမ်ကျဲက

“ဒါ့အပြင် သားရဲမဟာမိတ်ခေါင်းဆောင်က ဒီကျူးကျော်မှုကနေ သယ်ဆောင်လာမယ့် ကပ်ဘေးကို နားမလည်တာမျိုး ဖြစ်နိုင်သလို၊ အလေးအနက်မထားတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲ့ဒီတော့ ကျုပ်ကိုယ်တိုင်က အဲ့ဒီခေတ်ကာလကို ဖြတ်သန်းခဲ့ပြီး အကျိုးဆက်တွေကို သိနေတဲ့အတွက် စံပြအနေနဲ့ ဦးဆောင်ပြီး အင်အားစုတွေကို စည်းရုံးရမယ်။ ထူးဆန်းတဲ့ စစ်တပ်အတွက် ပြင်ဆင်ရမယ်။”

နတ်သခင် ဝမ်ကျဲ၏ ပြတ်သားမှုကို မြင်လျှင် နတ်သခင်များအားလုံး မတတ်သာပဲ နာခံမှုရှိရှိဖြင့် မဲနှိုက်ကြတော့၏။

--

……………

All Chapters