← Chapters

အခန်း ၁၈၉၃

Vol. 127 Ch. 1893

အခန်း ၁၈၉၃

Vol. 127 Ch. 1893

အခန်း( ၁၈၉၃ )

အစီအစဉ် ရေးဆွဲခြင်း

နတ်သခင် လင်ရှုနှင့် နတ်သခင် ကန်းယာတို့၏ အာရုံစိုက်မှုမှာ လုချန်းထံ၌သာ ရှိနေဆဲဖြစ်ကြောင်း ကြယ်မြစ် နတ်သခင် မြင်၏။

ထို့ကြောင့် ကြယ်မြစ် နတ်သခင်က

“လုချန်းအနေနဲ့ ကစဉ့်ကလျား ပင်လယ်ကနေ ကံကောင်းခြင်း အခွင့်အလမ်းတွေ ရရှိခဲ့သလားဆိုတာကိုတော့ နောင်ကျရင် စုံစမ်းစစ်ဆေးဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။”

“အခုလောလောဆယ် အရေးကြီးဆုံးကိစ္စကတော့ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ပါပဲ။”

ကြယ်မြစ် နတ်သခင်၏ သတိပေးမှုကို ကြားလျှင် နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ သဘောပေါက်သွားကြ၏။ ယခုတော့ လုချန်း မည်သည့်နေရာတွင် ရှိနေသည်ကို သူတို့ သိသွားပြီဖြစ်သောကြောင့် နောင်တွင် ကစဉ့်ကလျား ပင်လယ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို မေးမြန်းရန်က အတော်လေး လွယ်ကူသွားပေလိမ့်မည်။ ယခုအချိန်တွင် အရေးအကြီးဆုံး ပြဿနာကတော့ ထူးဆန်း သတ္တဝါတွေကို ချိပ်ပိတ်ဖို့ပင် ဖြစ်၏။

ထူးဆန်း သတ္တဝါများ၏ အရေအတွက်သာ ဆက်လက် တိုးပွားနေမည်ဆိုလျှင် တောင်ပိုင်းနယ်သည် မကြာမီ ထိုထူးဆန်း သတ္တဝါများတပ်၏ ဗဟိုဌာနချုပ် ဖြစ်လာပေလိမ့်မည်။

ထိုခဏတွင် နတ်သခင် ကန်းယာက ပြုံးလျက် ကြယ်မြစ် နတ်သခင်ကို

“ ခန်းမသခင် ပြောတာ မှန်ပါတယ်။ ဒါကြောင့် ကျုပ်တို့်တွေ ဝူယာနတ်သခင်နဲ့ သူ့နောက်ကွယ်က ထူးဆန်းတဲ့ နတ်သခင်ကို ဘယ်လို မျှားထုတ်ရမလဲဆိုတာကိုပဲ ဆက်ပြီး ဆွေးနွေးသင့်ပါတယ်။”

ကြယ်မြစ် နတ်သခင်က

“ကျုပ်ရဲ့အစီအစဉ်ကတော့ ပထမဆုံး လုချန်း အရိုင်းနယ်မြေထဲမှာ ရှိနေတယ်ဆိုတာကို ဝူယာနတ်သခင်ဆီ သတင်းပေးလိုက်မယ်။ နောက်ကျရင် လုချန်းရှိနေတဲ့ လျှို့ဝှက်လဝန်း နန်းတော်ကို တိုက်ခိုက်ဖို့ ခမ်းနားသော ကောင်းကင်ခန်းမကို ဦးဆောင်သွားမယ်။ အကယ်၍ ဝူယာနတ်သခင်နဲ့ သူ့နောက်ကွယ်က ထူးဆန်းတဲ့ သတ္တဝါတွေဟာ လုချန်းနဲ့ ပတ်သက်ပြီး တကယ်ပဲ တစ်ခုခုကို ကြောက်ရွံ့နေကြတာဆိုရင် သူ့ကို ရှင်းလင်းပစ်ဖို့ ဧကန်မုချ ကြိုးစားကြပါလိမ့်မယ်။ အဲဒီအချိန်ကျရင် အဲ့ဒီနောက်ကွယ်က ထူးဆန်းတဲ့ နတ်သခင်လည်း ပေါ်လာနိုင်ပါတယ်။”

ထိုဗျူဟာကို စမ်းသပ်ကြည့်ရန် ထိုက်တန်ကြောင်း နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ ခဏခန့် တွေးတောမိကြ၏။

အဆုံးတွင်တော့ ဝူယာနတ်သခင်၏ နောက်ကွယ်မှ ထူးဆန်းသော နတ်သခင်ကို မျှားမထုတ်နိုင်ခဲ့လျှင်ပင် ထူးဆန်း သတ္တဝါအဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်သော ဝူယာနတ်သခင်ကို ချိပ်ပိတ်နိုင်မည့် နည်းလမ်းကို သူတို့ မဖြစ်မနေ ရှာဖွေရမည်သာ ဖြစ်၏။

ထူးဆန်း နတ်သခင်တစ်ပါး တည်ရှိနေခြင်းက အသွင်ပြောင်းသွားသည့် ထူးဆန်းသတ္တဝါများ၏ အရေအတွက်ကို ဧကန်မုချ တိုးပွားစေမည် ဖြစ်ရာ ဝူယာနတ်သခင်ကို မည်သည့်ထူးဆန်း နတ်သခင်က အသွင်ပြောင်းလဲစေခဲ့သလဲဆိုသည်ကို ဝူယာနတ်သခင်ကိုယ်တိုင်ထံမှ သူတို့ စုံစမ်းသိနိုင်ကောင်း သိနိုင်ပေလိမ့်မည်။

ထို့နောက် နတ်သခင် လင်ရှုက

“ဒါဆိုရင်တော့ ကျုပ်တို့် သင့်တော်တဲ့ အချိန်တစ်ခုကို ရှာရမှာပေါ့။”

ထို့နောက်တွင်တော့ သူတို့သုံးဦးသည် သီးခြားအစီအစဉ်တစ်ခုကို စတင်ရေးဆွဲကြတော့၏။

သူတို့၏ ဗျူဟာက ရိုးရှင်းလှသည်။ ဝူယာနတ်သခင်ကို အရိုင်းနယ်မြေသို့ မျှားခေါ်ပြီး သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်မှ နတ်သခင်များ၏ အကူအညီဖြင့် ဝူယာနတ်သခင်ကို ချိပ်ပိတ်ရန်ပင် ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် နေဝင်တောင်တန်းသည် ထူးဆန်း သတ္တဝါများကို ချိပ်ပိတ်ရန် သတ်မှတ်ထားသော နေရာဖြစ်သဖြင့် ဝူယာနတ်သခင်ကိုလည်း ထိုနေရာ၌ပင် ချိပ်ပိတ်ရန် ဆုံးဖြတ်လိုက်ကြ၏။ ၎င်း၏ နောက်ကွယ်မှ ထူးဆန်း နတ်သခင် ပေါ်လာခြင်း ရှိမရှိကတော့ ကံတရားအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်ပေလိမ့်မည်။

ကြယ်မြစ် နတ်သခင်၊ နတ်သခင် လင်ရှုနှင့် နတ်သခင် ကန်းယာတို့ အစီအစဉ်ကို အတည်ပြုပြီးနောက် ကြယ်မြစ် နတ်သခင်သည် လုချန်းကို ဤကိစ္စတွင် ပါဝင်ပတ်သက်စေရန် ရည်ရွယ်ချက်ဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ချက်ချင်း ဦးတည်သွားတော့၏။

…..

လျှို့ဝှက်လဝန်း ကျောင်းတော်။

ကောင်းကင်တောင်ထိပ်။

နတ်သခင် ကောင်းကင်သည် ကောင်းကင်ခန်းမအတွင်း၌ ကျင့်ကြံနေစဉ် ရုတ်တရက် ခန်းမတံခါးဝ၌ ဝတ်ရုံစိမ်းဝတ်နတ်သမီးတစ်ပါး ပေါ်လာ၏။

နတ်သမီးက

“တောင်ထိပ်သခင်... ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခန်းမသခင်က ဂျူနီယာမောင်လေးချန်းကို တွေ့ချင်လို့ပါ။”

ထိုအရာကို ကြားလျှင် နတ်သခင် ကောင်းကင် ချက်ချင်းပင် မျက်လုံးများကို ဖွင့်လိုက်ပြီး တည်ကြည်သော လေသံဖြင့်

“သူက ချန်းလုကို ဘာကိစ္စနဲ့ ရှာတာလဲဆိုတာ ပြောခဲ့လား။”

ဝတ်ရုံစိမ်း နတ်သမီးက

“မပြောပါဘူး... သူက လူတစ်ယောက်ကို လာပြီး အကြောင်းကြားခိုင်းရုံတင်ပါပဲ၊ ပြီးတော့ ဒါဟာ နန်းတော်သခင်ရဲ့ ဆန္ဒလို့လည်း ပြောပါတယ်။”

နန်းတော်သခင်၏ ဆန္ဒဖြစ်ကြောင်း ဝတ်ရုံစိမ်းနတ်သမီး ပြောသည်ကို ကြားလျှင် လုချန်း၏ သရုပ်မှန်ကို ကြယ်မြစ် နတ်သခင် သိသွားပြီ ဖြစ်နိုင်ကြောင်း နတ်သခင် ကောင်းကင် ခန့်မှန်းမိလိုက်၏။

ထိုသို့ ဖြစ်နေမှတော့ ဤကိစ္စ သူမနှင့် မည်သို့မှ မသက်ဆိုင်တော့ပေ။

ထို့ကြောင့် နတ်သခင် ကောင်းကင်က လုချန်းထံသို့

“ကြယ်မြစ် နတ်သခင်က ရှင့်ကို လာရှာနေတယ်”

ဟု အသံလွှင့်လိုက်သည်။

ထိုအခိုက်အတန့်တွင် လုချန်းသည် သူ၏ အာရုံစိုက်မှု အားလုံးနီးပါးကို ယွမ်ယုတိအပေါ်တွင်သာ ထားရှိထားပြီး လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ ခန္ဓာကိုယ်ပေါ်တွင်တော့ နတ်အာရုံ အနည်းငယ်သာ ချန်ထားခဲ့၏။ သို့သော်လည်း ထိုနတ်အာရုံ အနည်းငယ်နှင်ပင် နတ်သခင် ကောင်းကင်၏ အသံလွှင့်ချက်ကို လုချန်း ကြားနိုင်ဆဲ ဖြစ်သည်။

ကြယ်မြစ် နတ်သခင် သူ့ကို အဘယ်ကြောင့် လာရှာရသနည်းဆိုသည်ကို လုချန်း သဘာဝအတိုင်း သိသော်လည်း လက်ရှိ အခြေအနေအရ အာရုံနှစ်ဖက် ခွဲရန် ခက်ခဲနေ၏။

လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ အင်အားရရှိစေရန်အတွက် ယွမ်ယုတိကို ဒေါသတကြီး ရင်ဆိုင်နေရသော လုချန်းသည် ဤကျင့်စဉ်အပိုင်းကို အမြန်ဆုံး အဆုံးသတ်ပြီး ယာယီအနားယူရန် ရည်ရွယ်ချက်ဖြင့် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို လည်ပတ်ရန် သူ၏ စွမ်းအားအားလုံးကို ချက်ချင်း ထုတ်သုံးလိုက်တော့၏။

လုချန်း ရုတ်တရက် အားကုန်ထုတ်သုံးလိုက်မှုကြောင့် လုံးဝ ပြင်ဆင်ထားခြင်း မရှိသော ယွမ်ယုတိလည်း မှင်တက်သွားပြီး ခဏခန့်အတွင်း လျှို့ဝှက်လဝန်း နန်းတော်၏ ရေခဲနန်းတော်ထဲတွင် အေးစက်သောနတ်သမီး၏ ညည်းညူသံများ စဉ်ဆက်မပြတ် ပဲ့တင်ထပ်သွားတော့၏။

လုချန်းထံ သတင်းစကား ပါးပြီးနောက် သူ ကောင်းကင်တောင်ထိပ်မှ ချက်ချင်း ထွက်ခွာသွားလိမ့်မည်ဟု နတ်သခင် ကောင်းကင် မျှော်လင့်ထားခဲ့၏။ သို့သော်လည်း လုချန်းသည် မည်သည့်လှုပ်ရှားမှုမှ မရှိပဲ သူ၏ ကျင့်ကြံခြင်းအခန်းထဲတွင် ဆက်လက် ထိုင်နေဆဲဖြစ်ပြီး သူမကိုလည်း မည်သည့်တုံ့ပြန်မှုမှ မပေးခဲ့ပေ။

နတ်သခင် ကောင်းကင်က လုချန်းထံသို့

“ရှင် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတာလား”

ထိုအခိုက်အတန့်တွင် နတ်သခင် ကောင်းကင်၏ နတ်အာရုံသည် လုချန်း ရှိနေသော အခန်းကို ဖြတ်သန်း ကြည့်ရှုလိုက်ရာ လုချန်းသည် မျက်လုံးများကို တင်းတင်းပိတ်ထားပြီး မျက်နှာတစ်ခုလုံး နီရဲကာ အတော်လေး စိတ်ကျေနပ်မှု ရရှိနေသည့် ပုံစံမျိုး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

ဒါက...

ဒါက ကျင့်စဉ်ချို့ယွင်းတာလား။

မည်သို့မှ တွေဝေမနေပဲ နတ်သခင် ကောင်းကင်သည် လုချန်း၏ အခန်းသို့ တိုက်ရိုက် သွားရောက်လိုက်ပြီး လုချန်း၏ အခြေအနေကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် လုချန်း ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်၏။

သူ့ရှေ့တွင် ရောက်နေသော နတ်သခင် ကောင်းကင်ကို မြင်လျှင် လုချန်းက

“ဆရာ... တစ်ခုခု လိုအပ်လို့လား”

လုချန်း နိုးလာသည်ကို မြင်လျှင် အမြဲတမ်း အေးစက်လေ့ရှိသော နတ်သခင် ကောင်းကင်၏ မျက်နှာထက်တွင် သံသယပွား‌သော အမူအရာတစ်ခု ပေါ်လာပြီး သူမက

“ရှင် ကျင့်စဉ်ချို့ယွင်းသွားတာလား”

လုချန်းက

“မဟုတ်ပါဘူး... ကျုပ် ကျင့်ကြံနေရင်းနဲ့ တစ်ခုခုကို နားလည်သဘောပေါက်သွားလို့ပါ။”

ကျင့်စဉ်ချို့ယွင်းခြင်း မရှိကြောင်း လုချန်းက ပြောဆိုသောကြောင့် နတ်သခင် ကောင်းကင်လည်း သူ၏ အခြေအနေကို ဆက်လက် စစ်ဆေးရန် မလုပ်တော့ပေ။

သူမက အေးစက်စွာဖြင့်

“ကြယ်မြစ် နတ်သခင်က ရှင့်ကို လာရှာနေတယ်။”

လုချန်းက

“အသိပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်... ကျုပ် နားလည်ပါပြီ။”

နတ်သခင် ကောင်းကင် လှည့်ပြန်ရန် ပြင်လိုက်စဉ်မှာပင် မစပ်စုပဲ မနေနိုင်ဖြစ်ကာ

“ကြယ်မြစ် နတ်သခင်က ရှင့်ရဲ့ သရုပ်မှန်ကို သိသွားပြီလား။”

လုချန်းက

“ဟုတ်တယ်... သူ သိသွားပြီ”

နတ်သခင် ကောင်းကင်က ဆက်ပြီး

“သူက ရှင့်ကို ဘာကိစ္စနဲ့ လာရှာတာလဲ”

လုချန်းက

“ဒါကိုတော့ ကျုပ် အခုလောလောဆယ် ထုတ်ပြောလို့ မရသေးဘူး။”

လုချန်းက ထုတ်မပြောလိုသဖြင့် နတ်သခင် ကောင်းကင်လည်း ထပ်မမေးတော့ပဲ နောက်တစ်ခဏတွင် သူမ ရပ်နေသည့် နေရာမှ ပျောက်ကွယ်သွားတော့၏။

နတ်သခင် ကောင်းကင် အခန်းထဲမှ ထွက်ခွာသွားပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ အခန်းထဲမှ လုချန်း ထွက်ခဲ့ပြီး ကောင်းကင်တောင်ထိပ်၏ ခြေရင်းသို့ ဦးတည်သွားလိုက်၏။

တောင်ခြေရင်း၌ လုချန်း ထွက်လာသည်ကို မြင်လျှင် ကြယ်မြစ် နတ်သခင်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအနည်းငယ် ချလိုက်မိ၏။ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဘိုးဘေးက ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်း မပြုရန် လျှို့ဝှက်လဝန်း ကျောင်းတော်ကို သတိပေးထားခဲ့ဖူးပြီး ယခုအခါ လုချန်းသည်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်၏ ဂိုဏ်းသားတစ်ဦး ဖြစ်နေသောကြောင့် လုချန်း ထွက်မလာမည်ကို သူ အနည်းငယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။

ယခုတော့ လုချန်း ထွက်လာခဲ့သဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် သူ၏ လုပ်ဆောင်ချက်များကို ကန့်သတ်ရန် အစီအစဉ်မရှိကြောင်း ဖော်ပြနေသည်။

လုချန်းက

“ ခန်းမသခင်အနေနဲ့ ဒီဂျူနီယာကို ဘာကိစ္စကြောင့် လာရှာရတာလဲဆိုတာ သိပါရစေ။”

ကြယ်မြစ် နတ်သခင်က တိုက်ရိုက်ပင်

“ဒီနေရာက စကားပြောဖို့ နေရာမဟုတ်ဘူး... ကျုပ်နောက်ကို လိုက်ခဲ့ပါ”

ထိုစကားများနှင့်အတူ ကြယ်မြစ် နတ်သခင်သည် အာကာသကို ဆွဲဖြဲရန် နတ်စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်ပြီး လုချန်းကို သူ၏ ခုနက ဧည့်ခန်းဆောင်သို့ ခေါ်ဆောင်သွားတော့၏။

ကြယ်မြစ် နတ်သခင်၏ ယာယီစံအိမ်သို့ ရောက်ရှိလျှင် အဆောင်အတွင်း၌ အခြားသော နတ်သခင်နှစ်ပါးကိုပါ လုချန်း တွေ့လိုက်ရ၏။ ထိုအခိုက်အတန့်တွင် ကြယ်မြစ် နတ်သခင်က လူတစ်ယောက်ကို ခေါ်ဆောင်လာသည်ကို မြင်လျှင် နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ နှစ်ဦးစလုံးလည်း လုချန်းကို စူးစိုက်ကြည့်လိုက်ကြ၏။

လုချန်းသည် ကစဉ့်ကလျား ပင်လယ်အတွင်း၌ မည်သည့် ထူးခြားသော အခွင့်အလမ်းမှ မရရှိခဲ့ကြောင်း ကြယ်မြစ် နတ်သခင်က ပြောခဲ့သော်လည်း သူတို့နှစ်ဦးကတော့ အနည်းငယ် မယုံကြည်လိုကြပေ။ လုချန်း တကယ်ပဲ အခွင့်အလမ်းတစ်ခုခုကို ရရှိခဲ့လျှင်ကောဟု သူတို့ တွေးတောနေကြ၏။

အထူးသဖြင့် ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ဖြစ်၏။

အဆုံးတွင်တော့ ထိုနေရာသည် လျှို့ဝှက်ဆန်းကြယ်လှသော ကစဉ့်ကလျား ပင်လယ် ဖြစ်နေသည်။ ရှေးယခင်ကတည်းကပင် လူတို့သည် ထိုနေရာကို အခွင့်အလမ်းများစွာဖြင့် ပြည့်နှက်နေသည်ဟု ယုံကြည်ခဲ့ကြ၏။

လုချန်းအပေါ် ဝိညာဉ်ရှာဖွေခြင်း မပြုလုပ်ရပါက ကစဉ့်ကလျား ပင်လယ်ထဲတွင် မည်သည့်အခွင့်အလမ်းမှ မရရှိခဲ့ပါဟူသော အချက်ကို သူတို့၏ စိတ်က ယုံကြည်လိမ့်မည် မဟုတ်ပေ။

အမှန်တော့ ယခုအချိန်သည် လုချန်းကို အရေးယူရမည့် အချိန်မဟုတ်ကြောင်း ထိုနှစ်ဦးစလုံး ကောင်းစွာ နားလည်ထားကြ၏။

လုချန်းကို ခန်းမဆောင်အတွင်းသို့ ခေါ်ဆောင်လာပြီးနောက် ကြယ်မြစ် နတ်သခင်က

“ဒီနှစ်ဦးကတော့ ချင်းယွမ်ကျောင်းတော်ရဲ့ ဒုတိယကျောင်းအုပ်ကြီး နတ်သခင် လင်ရှုနဲ့ သားရဲမဟာမိတ်ရဲ့ ဒုတိယမဟာမိတ်ခေါင်းဆောင် နတ်သခင် ကန်းယာတို့ပါ။”

လုချန်းက

“ဂျူနီယာက စီနီယာနှစ်ဦးကို ဂါရဝပြုပါတယ်။”

လုချန်း၏ အသံကို ကြားရလျှင် ထိုနှစ်ဦး သတိပြန်ဝင်လာကြပြီး သူတို့၏ လောဘဇောသန်နေသော အမူအရာများကို အနည်းငယ် ထိန်းချုပ်လိုက်ကြတော့၏။

--

……………

All Chapters