← Chapters

အခန်း ၁၈၉၆

Vol. 127 Ch. 1896

အခန်း ၁၈၉၆

Vol. 127 Ch. 1896

အခန်း (၁၈၉၆)

ပင်မကိုယ် ဟုတ်မဟုတ်

ခမ်းနားသော ကောင်းကင်ခန်းမ။

ရွှေရောင်အလင်းတန်းများ ရစ်ပတ်ထားသည့် ခမ်းနားလှသော ခန်းမကြီးအတွင်း၌ နတ်အငွေ့အသက်များ ဝေဆာလျက်ရှိနေ၏။

ခန်းမ၏ အထက်ထက်တွင် ထိုင်နေသည့် ကြယ်မြစ် နတ်သခင်သည် ခန်းမအတွင်းရှိ နတ်သခင်အချို့ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။

ခန်းမအတွင်းရှိ နတ်သခင်များကို ကြယ်မြစ် နတ်သခင် တစ်ချက်ဝေ့ကြည့်လိုက်ရာ ဝူယာနတ်သခင် ရောက်မလာသေးသည်ကို သတိပြုမိသွားသဖြင့် သူ၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဖြစ်ပေါ်လာ၏။

ဝူယာနတ်သခင် တစ်ခုခုကို စုံစမ်းသိသွားတာလား။

သူတို့၏ အစီအစဉ်ကို သူ ရိပ်မိသွားတာများလား။

ဝူယာနတ်သခင် ခမ်းနားသော ကောင်းကင်ခန်းမထဲတွင် ရှိနေသေးခြင်း ရှိမရှိကို စမ်းသပ်ရန် သူ၏ နတ်အာရုံကို ကြယ်မြစ် နတ်သခင် ထုတ်လွှတ်လိုက်စဉ်မှာပင် အလင်းတန်းတစ်ခု ခန်းမထဲသို့ တိုးဝင်လာပြီး နောက်တစ်ခဏ၌ ဝူယာနတ်သခင် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာ၏။

ဝူယာနတ်သခင် ရောက်ရှိလာသည်ကို တွေ့ရသဖြင့် ကြယ်မြစ် နတ်သခင် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူ၏ သရုပ်မှန် ပေါ်သွားပြီး ဖြစ်သည်ကို ဝူယာနတ်သခင် ရိပ်မိပုံမရသေးပေ။

ထိုစဉ် နတ်သခင်ထိုက်ဟွာက ခန်းမသခင်ကို

“ခန်းမသခင်... ကျုပ်တို့ကို ဒီလောက် အလျင်အမြန် ဆင့်ခေါ်ရအောင် တစ်စုံတခု ကြီးကြီးမားမား ဖြစ်ပျက်လို့လား။”

ခမ်းနားသော ကောင်းကင်ခန်းမ၏ အကြီးအကဲများသည် အတူတကွ ဆုံတွေ့ရခဲလှ၏။ ကြယ်မြစ် နတ်သခင်က နတ်သခင်များ အားလုံးကို အစည်းအဝေးခန်းမသို့ ဆင့်ခေါ်ခဲ့ခြင်းကို ကြည့်လျှင် အရေးကြီးသော ကိစ္စတစ်ခုရှိနေကြောင်း ထင်ရှားလှသည်။

ကြယ်မြစ် နတ်သခင်က

“လုချန်းက လျှို့ဝှက်လဝန်း ကျောင်းတော်ကို ရောက်ရှိသွားပြီး နတ်သခင် ကောင်းကင်ရဲ့ တပည့်ရင်း ဖြစ်လာတယ်ဆိုတာကို ကျုပ် အတည်ပြုပြီးပြီ။”

“အစကတော့ လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ သယ်ဆောင်လာတဲ့ အခွင့်အရေးတွေကို လျှို့ဝှက်လဝန်း ကျောင်းတော်နဲ့ အတူတူ မျှဝေဖို့ ကျုပ် စဉ်းစားခဲ့တာ... ဒါပေမဲ့ နန်းတော်သခင် ယွမ်မုန့်ကတော့ လုချန်း ကစဉ့်ကလျား ပင်လယ်ထဲကနေ ဘာမှ မရခဲ့ဘူးလို့ အခိုင်အမာ ပြောနေတယ်။”

“နန်းတော်သခင် ယွမ်မုန့်က ငြင်းဆိုလေလေ လုချန်းဆီမှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရှိနေတယ်ဆိုတာ ပိုပြီး သက်သေပြနေလေလေပဲ... စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာတော့ လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာ ရှိနေတဲ့ လုချန်းက ကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး သူ့ရဲ့ ပင်မကိုယ်ကတော့ အရိုင်းနယ်မြေထဲမှာ ကျန်ရှိနေသေးတယ်ဆိုတာကို ကျုပ် ရှာဖွေတွေ့ရှိခဲ့တယ်။”

“သေချာ စဉ်းစားကြည့်တော့ ဝူယာ့ရဲ့ အကြံပြုချက်က မှန်ကန်ပါတယ်... တကယ်လို့ လုချန်းဆီမှာ ဧကရာဇ် ဖြစ်လာမယ့် အခွင့်အရေး ရှိနေတယ်ဆိုရင် အဲဒီအရာက လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ လက်ထဲကို မရောက်သွားစေရဘူး... ဒါကြောင့် အရိုင်းနယ်မြေကို ကိုယ်တိုင်သွားပြီး လုချန်းရဲ့ ပင်မကိုယ်ကို ရှာဖွေဖို့ ကျုပ် စဉ်းစားထားတယ်။”

ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ နတ်သခင်များ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၎င်းတို့ ထင်မြင်ယူဆထားသည့်အတိုင်း ဖြစ်နေသည်ဟု တွေးလိုက်ကြ၏။ ၎င်းတို့၏ ခန်းမသခင်သည် လုချန်းနှင့် ပတ်သက်သည့် အခွင့်အရေးများကို လက်မလွှတ်သေးပေ။

မဟာလမ်းစဉ် ကပ်ဘေးက ပိုပြင်းထန်လာပြီး ဖန်တီးခြင်း လမ်းစဉ်ကို တိုက်စားခံရမှု မြှင့်တက်လာနေသဖြင့် သက်တမ်းရင့် နတ်သခင်တစ်ဦးဖြစ်သည့် ၎င်းတို့၏ ခန်းမသခင်သည် နတ်ဧကရာဇ် အဆင့်သို့ တက်ရောက်ရန် အခွင့်အရေး မရှာဖွေနိုင်ပါက အနှေးနှင့်အမြန် သေဆုံးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထိုစဉ် ဝူယာနတ်သခင်က ခပ်ဖွဖွ ပြုံးလိုက်ရင်း

“ခန်းမသခင်... ကျုပ် အရိုင်းနယ်မြေကို ခင်ဗျားနဲ့အတူ လိုက်ပါဖို့ အဆင်သင့်ရှိပါတယ်။”

ကြယ်မြစ် နတ်သခင် အနည်းငယ် မှင်တက်သွား၏။ သူနှင့်အတူ အရိုင်းနယ်မြေသို့ လိုက်ပါရန် အခြားနတ်သခင်တစ်ဦးကို ရွေးချယ်ရန် သူ စဉ်းစားနေဆဲတွင် ဝူယာနတ်သခင်က မထင်မှတ်ဘဲ ကိုယ်တိုင်ဆန္ဒပြုလာခြင်း ဖြစ်၏။

ထိုအချက်က ဝူယာနတ်သခင် မည်သည့်အရာကိုမှ ရိပ်မိသေးခြင်း မရှိဟု ဆိုလိုသည်။ ထိုသို့ဆိုလျှင်တော့ အခြေအနေက ပို၍ ကောင်းသွားပြီဖြစ်သည်။

ကြယ်မြစ် နတ်သခင်က

“ကောင်းပြီ... ပိုပြီး စိတ်ချရအောင် အရိုင်းနယ်မြေကို နောက်ထပ် နတ်သခင်တစ်ယောက်ပါ ခေါ်သွားဖို့ ကျုပ် ရည်ရွယ်ထားတယ်။”

ထိုသို့ ပြောပြီးနောက် နတ်သခင်များအပေါ်သို့ ဝေ့ဝဲကြည့်လိုက်ပြီး နောက်ဆုံးတွင် နတ်သခင်ထိုက်ဟွာထံ၌ အကြည့်တို့ ရပ်တန့်သွား၏။

“ထိုက်ဟွာ... ခင်ဗျားလည်း ကျုပ်တို့နဲ့အတူ အရိုင်းနယ်မြေကို လိုက်ခဲ့ပါ။”

နတ်သခင်ထိုက်ဟွာက

“ဟုတ်ကဲ့ပါ ခန်းမသခင်”

ကြယ်မြစ် နတ်သခင်က

“ကျုပ် မရှိတဲ့ အချိန်အတွင်းမှာ အခြားအင်အားစုတွေက အခွင့်ကောင်းမယူနိုင်အောင် အားလုံးပဲ သတိကြီးကြီးထားပြီး စောင့်ကြပ်ကြပါ။”

ထို့နောက် ကြယ်မြစ် နတ်သခင်သည် အခြားညွှန်ကြားချက်အချို့ကို ထပ်မံမှာကြားပြီးနောက် ဝူယာနတ်သခင်၊ နတ်သခင်ထိုက်ဟွာတို့နှင့်အတူ အရိုင်းနယ်မြေသို့ ထွက်ခွာသွားခဲ့၏။

ခမ်းနားသော ကောင်းကင်ခန်းမတွင် နတ်သခင် အမြောက်အမြား ရှိသော်လည်း ၎င်းတို့အားလုံးကို ခေါ်ဆောင်သွား၍ မရပေ။ အားလုံးကို ခေါ်ဆောင်သွားပါက ခန်းမကို စောင့်ကြပ်မည့်သူ ကျန်ရှိတော့မည် မဟုတ်ပေ။

အကယ်၍ သူတို့မရှိခိုက် ရန်သူများ တိုက်ခိုက်လာလျှင် ပြန်ရောက်လာသည့်အခါ အပျက်အစီးများကိုသာ မြင်တွေ့ရပေလိမ့်မည်။

ထို့ပြင် ဤအစီအစဉ်၏ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ အရှေ့ပိုင်းနယ်မြေရှိ အုပ်ချုပ်သူအဆင့် အင်အားစုကြီးနှစ်ခုမှ နတ်သခင်များ၏ ကူညီထောက်ပံ့မှုဖြစ်၏။ သားရဲမဟာမိတ်တွင် နတ်သခင် သုံးဦးရှိပြီး ချင်းယွမ်ကျောင်းတော်တွင်လည်း သုံးဦးရှိရာ သူနှင့် နတ်သခင်ထိုက်ဟွာတို့ အပါအဝင် စုစုပေါင်း နတ်သခင် ရှစ်ဦးအထိ ရှိလာပေမည်။

ဝူယာနတ်သခင်နှင့် သူ့နောက်ကွယ်ရှိ ထူးဆန်း သတ္တဝါကို နတ်သခင် ရှစ်ဦးက ချိပ်ပိတ်နိုင်မည် မဟုတ်ဟု သူ လုံးဝ မယုံကြည်ပေ။ သို့သော် ထိုထူးဆန်း သတ္တဝါ ထွက်ပေါ်လာမည်လား ဆိုသည်ကတော့ လက်ရှိတွင် ကြယ်မြစ် နတ်သခင် အစိုးရိမ်ဆုံးကိစ္စ ဖြစ်သည်။

…….

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့၏။

နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ အပါအဝင် အခြားသူများသည် အရိုင်းနယ်မြေသို့ အရင်ဆုံး ဆိုက်ရောက်လာခဲ့ကြ၏။ အရိုင်းနယ်မြေသို့ ရောက်ရှိပြီးနောက် သူတို့၏ ပထမဆုံး လုပ်ငန်းစဉ်မှာ ချင်နတ်ဘုရားနိုင်ငံနှင့် လုချန်း၏ ပင်မကိုယ် တည်ရှိရာနေရာကို ရှာဖွေရန်ဖြစ်၏။

ညဉ့်နက်သန်းခေါင်ယံ အချိန်တစ်ခုတွင် အားကောင်းလှသော အငွေ့အသက် ခြောက်ခုသည် ချင်နတ်ဘုရားနိုင်ငံ၏ မြို့တော်သို့ သက်ဆင်းလာခဲ့၏။ ထိုအငွေ့အသက်များကို ခံစားမိသဖြင့် နတ်သခင် လင်ရှုနှင့် အခြားသူများ ရောက်ရှိလာကြောင်း လုချန်း သိသွားပြီး ကောင်းကင်ယံသို့ ပျံသန်းတက်လိုက်၏။

လုချန်းက နတ်သခင် လင်ရှုတို့ကို ဂါရဝပြုလိုက်ရင်း

“ကျုပ်ရဲ့ နတ်ဘုရားနိုင်ငံကို ကြွရောက်လာတဲ့ စီနီယာတို့ကို ကြိုဆိုပါတယ်... စီနီယာတို့ တည်းခိုဖို့အတွက် စံအိမ်တွေကို ကြိုတင်ပြင်ဆင်ထားပါတယ်။”

လုချန်းကို ကြည့်လိုက်ကြစဉ် နတ်သခင်များ၏ မျက်လုံးများထဲ၌ လောဘရိပ်အချို့ ဖြတ်ပြေးသွားကြ၏။ လုချန်းအပေါ် ဝိညာဉ်ရှာဖွေခြင်း အတတ်ကို ချက်ချင်း အသုံးပြုချင်စိတ်များ သူတို့၌ တဖွားဖွား ဖြစ်ပေါ်လာကြ၏။ သို့သော် လုချန်းသည် အရေးကြီးသော သားကောင်ဖြစ်နိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး သူတို့၏ အလိုဆန္ဒများကို ထိန်းချုပ်လိုက်ကြ၏။

ထိုစဉ် နတ်သခင် လင်ရှုက လုချန်း၏ ကျင့်စဉ်အဆင့် ရွှေနတ်အဆင့်မှာသာ ရှိတော့သည်ကို သတိပြုမိသွားပြီး သံသယစိတ်ဖြင့် ကြည့်လိုက်၏။

နတ်သခင် လင်ရှုက

“ကျုပ်တော့ တကယ် သိချင်မိတယ်... ခင်ဗျားက ရွှေနတ်အဆင့်ပဲ ရှိတာကို ချင်နတ်ဘုရားနိုင်ငံကို ဘယ်လို တည်ထောင်နိုင်ခဲ့တာလဲ။”

လုချန်းသည် အစက နတ်ဘုရင် အဆင့်တွင် ရှိခဲ့ဖူးသဖြင့် သူတို့ ရှေ့မှောက်ရှိ လုချန်းသည် ပင်မကိုယ် ဟုတ်မဟုတ် နတ်သခင် လင်ရှု သံသယဝင်နေမိ၏။ ကစဉ့်ကလျား ပင်လယ်မှ ထွက်ခွာလာပြီးနောက် သူ၏ စွမ်းအား ကျဆင်းသွားနိုင်သော်လည်း သူတို့ ရရှိထားသော သတင်းများအရ လုချန်းသည် မြောက်ပိုင်းနယ်၌ ရှိနေစဉ်အတွင်း နတ်ဘုရင်၏ စွမ်းအားကို အသုံးပြု၍ နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ဖူးသည်ဟု သိရ၏။

သူတို့ရှေ့မှောက်ရှိ လုချန်း ပင်မကိုယ် မဟုတ်ပါက သူ့ကို ဖမ်းဆီးခြင်းက အလကား ဖြစ်သွားမည် ဖြစ်သည်။ လုချန်း၏ ပင်မကိုယ်ကိုလည်း ပို၍သတိကြီးသွားစေကာ နောင်တွင် ရှာဖွေရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။

လုချန်းက ပြုံးလျက်

“နတ်ဘုရားနိုင်ငံကို တည်ထောင်တဲ့အချိန်မှာ ကံစွမ်းအားအချို့ကို ကျုပ်ချေးယူခဲ့တာပါ။”

နတ်သခင် လင်ရှုက

“ခင်ဗျားက မြောက်ပိုင်းနယ် စစ်မြေပြင်မှာ နတ်ဘုရင်ရဲ့ စွမ်းအားနဲ့ နတ်သခင်အဆင့် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့ဖူးတယ်လို့ ကျုပ် ကြားထားတယ်... အခုကျမှ ခင်ဗျားရဲ့ ကျင့်စဉ်က ဘာလို့ ရွှေနတ်အဆင့်အထိ ကျဆင်းသွားရတာလဲ။”

လုချန်းက

“ကစဉ့်ကလျား ပင်လယ်ကနေ ထွက်လာကတည်းက ကျုပ်ရဲ့ ကျင့်စဉ်က ပြန်မကောင်းလာသေးပါဘူး... မြောက်ပိုင်းနယ်မှာတုန်းကတော့ အရေးပေါ် အခြေအနေမို့လို့ ကျုပ်ရဲ့ နတ်ဝိညာဉ်ကို လောင်ကျွမ်းစေပြီး နတ်ဘုရင်ရဲ့ စွမ်းအားကို ခဏတာ ထုတ်ဖော်ခဲ့တာပါ။”

မြောက်ပိုင်းနယ်မှ သူ၏ လှုပ်ရှားမှုများကို သူတို့ စုံစမ်းစစ်ဆေးပြီးဖြစ်ကြောင်း လုချန်း သိထားသဖြင့် ဆက်လက် ဖုံးကွယ်ထားရန် အကြောင်းမရှိတော့ပေ။

နတ်သခင် လင်ရှုက ခပ်ဖွဖွ ရယ်မောလိုက်ပြီး

“အော်... အဲ့လိုလား... ခင်ဗျား ကိုယ်ပွားတစ်ခုနဲ့ ကျုပ်တို့ကို လာကြိုနေတာလို့ ကျုပ် တောင် ထင်မိမလို့။”

“ကျုပ် ခင်ဗျားကို သတိပေးလိုက်မယ်... ကိုယ်ပွားတစ်ခုနဲ့ ကျုပ်တို့ကို လှည့်စားလို့ ရနိုင်ပေမဲ့ အဲဒီ ထူးဆန်း သတ္တဝါကိုတော့ လှည့်စားလို့ ရမှာ မဟုတ်ဘူး။”

“အဲဒီ သတ္တဝါက အဲ့ဒီလောက် အလှည့်စားမခံဘူး... တကယ်လို့ ဒါက ကိုယ်ပွားတစ်ခုဖြစ်မှန်း သူ သိသွားပြီး ကျုပ်တို့ရဲ့ အစီအစဉ် ပျက်စီးသွားရင်တော့ ခင်ဗျားပဲ အကျိုးဆက်ကို ခံစားရလိမ့်မယ်။”

နတ်သခင် လင်ရှု၏ စကားများကို ကြားသောအခါ သူအား စမ်းသပ်ရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း လုချန်း ချက်ချင်း ရိပ်မိသွား၏။ ထိုထူးဆန်းသော သတ္တဝါကို ချိပ်ပိတ်ပြီးသည်နှင့် သူကို ချက်ချင်း အရေးယူ တိုက်ခိုက်ရန် သူတို့ ရည်ရွယ်ထားပုံရ၏။ ထို့ကြောင့် ဤခန္ဓာကိုယ် သူ၏ ပင်မကိုယ် ဟုတ်မဟုတ် သူတို့ စမ်းသပ်နေခြင်း ဖြစ်သည်။

သို့သော် လုချန်းကတော့ စိုးရိမ်ပူပန်ခြင်းမရှိပေ။ ထိုနတ်သခင် ခြောက်ဦးကို ၎င်းတို့အတွက် ပြင်ဆင်ထားသော စံအိမ်များဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့၏။

သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့ ရောက်ရှိလာပြီးနောက် ကြယ်မြစ် နတ်သခင်က ဝူယာနတ်သခင်ကို အရိုင်းနယ်မြေသို့ ခေါ်ဆောင်လာရန်သာ ကျန်ရှိတော့၏။

ထိုသို့ စောင့်ဆိုင်းခြင်းသည် ခြောက်လကျော်အထိ ကြာမြင့်ခဲ့၏။

ထိုအချိန်အတွင်း နတ်သခင် ကန်းယာတို့သည် အပြင်ဘက်တွင် ချိပ်ပိတ်ခြင်း နည်းဗျူဟာပုံစံကို တည်ဆောက်ရန်အတွက်သာ အချိန်အများစုကို ကွန်လွန်စေခဲ့ပြီး ချင်နတ်ဘုရားနိုင်ငံ၏ မြို့တော်သို့ ပြန်လာခဲလှ၏။

တစ်ဖက်တွင်လည်း လုချန်းသည် ဤလများအတွင်း အားလပ်မနေခဲ့ပေ။ သူ၏ အာရုံကို ရှောင်ရွှီရင်ထံသို့ ပြောင်းလဲလိုက်ပြီးနောက် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာမှတစ်ဆင့် ဖန်တီးခြင်း လမ်းစဉ်ကို သူမ လျင်မြန်စွာ နားလည်သဘောပေါက်အောင် ကူညီပေးခဲ့၏။

--

………..

All Chapters