← Chapters

အခန်း ၁၈၉၇

Vol. 127 Ch. 1897

အခန်း ၁၈၉၇

Vol. 127 Ch. 1897

အခန်း (၁၈၉၇ )

ရှောင်ရွှီရင်တွင် ကိုယ်ဝန်ရှိလာခြင်း

စိမ်းပြာရောင် မျက်နှာကြက်အောက်ရှိ လက်ရာမြောက် သစ်သားကုတင်ကြီးသည် တုန်ခါမှုနှင့်အတူ လိုက်ပါလှုပ်ရှားနေကြ၏။ ကုတင်၏ ထောင့်စွန်းများတွင် တန်ဆာဆင်ထားသော ကျောက်မျက်ရတနာများသည်လည်း လှုပ်ရှားလင်းလက်နေကြသည်။

အပြင်ဘက်မှ နေရောင်ခြည်သည် အခန်းထဲသို့ ဖြာကျလာပြီး ကျောက်မျက်ရတနာများမှ ရောင်ပြန်ဟပ်လာသော နေအလင်းတန်းများသည် ကုတင်ပေါ်တွင် လဲလျောင်းနေ သူများပေါ်သို့ ရောင်စုံအလင်းစက်များအဖြစ် ဖြန့်ကျဲနေတော့သည်။

ရှောင်ရွှီရင်ကို လုချန်း ငုံ့ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် ညှို့ဓာတ်ပြင်းလှသော ရှက်သွေးများ သူမ၏ မျက်နှာထက်တွင် ဖုံးလွှမ်းနေပြီး လုချန်းကို မေတ္တာစိတ်အပြည့်ဖြင့် စိုက်ကြည့်နေ၏။

သူ၏အလုပ်ကို လုချန်း ဆက်လုပ်တော့မည့်ဆဲဆဲတွင် စနစ်၏ သတိပေးသံ သူ၏နားထဲ ရုတ်တရက် မြည်လာ၏။

[ဇနီးသည်အား ကိုယ်ဝန်ရရှိအောင် ကူညီပေးခဲ့သည့်အတွက် သခင်အား ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် ‘ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ’ ကို ရရှိပါသည်။]

စနစ်၏အသံကို ကြားလျှင် လုချန်း ခဏခန့် မှင်တက်သွားပြီးနောက် အလွန် ဝမ်းသာသွားတော့သည်။

ယွမ်ယုတိ ပြောခဲ့သည့်နည်းလမ်း တကယ် အလုပ်ဖြစ်ခဲ့၏။ ရှောင်ရွှီရင်လည်း တကယ်ပင် ကိုယ်ဝန်ရရှိသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း စနစ်၏ ဤဆုလာဘ်ကတော့...

ထို့နောက် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ကောင်းကင်ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ မိတ်ဆက်ကို လုချန်း စစ်ဆေးကြည့်လိုက်သည်။

[ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ : လောကရှိ မည်သည့်သက်ရှိသတ္တဝါကိုမဆို ချိပ်ပိတ်နိုင်သည်။ အသက်သွင်းရန်အတွက် အတိုင်းအဆမရှိသော နတ်စွမ်းအားများ လိုအပ်သည့် သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံတစ်ခု ဖြစ်သည်။]

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤနည်းဗျူဟာပုံစံကို မည်သည့်နေရာတွင် အသုံးပြုရမည်ကို လုချန်း ကြိုတင် တွေးမိသွားခဲ့ပြီ ဖြစ်၏။

အတွေးများစွာ မတွေးတော့ပဲ စနစ်စာမျက်နှာကို လုချန်း ချက်ချင်း ပိတ်လိုက်တော့သည်။

လုချန်း အာရုံပျံ့လွင့်သွားသည်ကို သတိပြုမိသွားသည့် ရှောင်ရွှီရင်က

“ဘာ... ဘာဖြစ်လို့လဲဟင်”

ဟု တိုးညင်းစွာ မေး၏။

လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် သူမ၏နှုတ်ခမ်းများကို ညင်သာစွာ ငုံ့နမ်းလိုက်ကာ သူမ၏မျက်ဝန်းများကို စိုက်ကြည့်လျက်

“ခင်ဗျားအတွက် သတင်းကောင်းတစ်ခု ရှိတယ်”

လုချန်း၏ စကားကို ကြားလျှင် ရှောင်ရွှီရင်က အလိုလိုသိစိတ်အရ

“ကျွန်မ... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလား။”

သူမအား မပြောရသေးမီမှာပင် ရှောင်ရွှီရင်က တိုက်ရိုက် ခန့်မှန်းမိသွားသောကြောင့် လုချန်း ခဏခန့် ကြောင်အသွား၏။

မှင်တက်နေသော လုချန်းကို ကြည့်ကာ ရှောင်ရွှီရင်က ခပ်ဖွဖွ ပြုံးလျက်

“မေ့သွားပြီလား။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကျွန်မကို ကိုယ်ဝန်ရစေမယ့် ထူးခြားတဲ့နည်းလမ်း ရှိတယ်ဆိုပြီး ရှင်ပြောခဲ့တယ်လေ။”

ရှောင်ရွှီရင်၏ စကားကို ကြားမှပင် သူကိုယ်တိုင် သူမအား အစောကတည်းက သတိပေးခဲ့မိသည်ကို လုချန်း သတိရသွားတော့သည်။ ယခု ရုတ်တရက် သတင်းကောင်းဟု ပြောလိုက်သည့်အခါ ထိုသတင်းကောင်း ဘာဖြစ်မည်ကို ရှောင်ရွှီရင် သဘာဝအတိုင်း ရိပ်မိသွားခြင်း ဖြစ်၏။

သူက ပြုံးလျက်

“ခင်ဗျားကို ကြိုမပြောခဲ့သင့်ဘူး”

“ဘယ်လိုလဲ... ဒီအံ့ဩစရာလက်ဆောင်ကို သဘောကျရဲ့လား။”

လုချန်းကို မြတ်နိုးစွာ ကြည့်ရင်း ရှောင်ရွှီရင်က

“သဘောကျတာပေါ့... အများကြီးကို သဘောကျတာ”

ဟု တုံ့ပြန်၏။

ကောက်ရှီယွမ်က လုချန်းအတွက် ရင်သွေးတစ်ဦး ဖွားမြင်ပေးခဲ့သည့် အချိန်မှစ၍ ရှောင်ရွှီရင် အတော်လေး အားကျခဲ့ရသည်။ နှစ်ယောက်လုံးသည် လုချန်းနှင့် တစ်ချိန်တည်း လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး သူမကပင် လုချန်း၏ မိန်းမအဖြစ် အရင်ဆုံး အဆင့်တက်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ကောက်ရှီယွမ်က ကလေးမွေးဖွားပြီးခဲ့ပြီဖြစ်သော်လည်း သူမ၏ ဝမ်းဗိုက်ကတော့ မည်သည့်အရိပ်အယောင်မှ မရှိသေးသဖြင့် ရှောင်ရွှီရင် စိတ်မကောင်းဖြစ်ခဲ့ရသည်။

ယခုတော့ နောက်ဆုံးတွင် ကိုယ်ဝန်ရရှိခဲ့ပြီး လုချန်းအတွက် သားသမီး ဖွားမြင်ပေးနိုင်ပြီဖြစ်ရာ သူမ၏ စိတ်ထဲတွင်အတိုင်းထက်အလွန် ပျော်ရွှင်နေမိတော့သည်။

စနစ်အကြောင်းကို ရှောင်ရွှီရင် မသိသော်လည်း ရင်သွေး ရရှိရန်အတွက် လုချန်း မည်မျှအထိ အစွဲအလမ်းကြီးသည်ကို သူမ ကောင်းစွာ သိထား၏။ ထိုစွဲလမ်းမှုကို သူတို့၏ နေ့စဉ်ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် သိမြင်နိုင်သဖြင့် သူမ အမြဲတစေ စိုးရိမ်ပူပန်နေခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ သူမ ကိုယ်ဝန်မရနိုင်ခဲ့ပါက တစ်နေ့တွင် လုချန်း၏ အချစ်ကို ဆုံးရှုံးရလေမလားဟု စိုးရိမ်ခဲ့မိသည်။

ယခုတော့ သူမ နောက်ဆုံးတွင် သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်၏။

အမှန်စင်စစ် သူမ ကိုယ်ဝန်မရနိုင်သေးလျှင်ပင် လုချန်းက သူမအား စွန့်ပစ်မည်မဟုတ်ပေ။ သို့သော်လည်း လုချန်း၏ ရင်ထဲကအတွေးကို မသိနိုင်သဖြင့် ရှောင်ရွှီရင်တွင် စိုးရိမ်စိတ်အချို့ ရှိနေခြင်းက ပုံမှန်ပင် ဖြစ်၏။

ထိုအခိုက်အတန့်တွင် လုချန်းသည် လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ရှောင်ရွှီရင်၏ နားထင်နားမှ ဆံစများကို အသာအယာ သပ်တင်ပေးကာ ‌ကျီစယ်သော အပြုံးဖြင့်

“အခုတော့ ခင်ဗျား ကောင်းကောင်း အနားယူလို့ရပြီ”

ထိုအရာကို ကြားလျှင် ရှောင်ရွှီရင်၏ ပါးပြင်နှစ်ဖက်၌ အရှက်သွေးများ ဖြန်းခနဲ နီမြန်းသွား၏။ မကြာသေးမီက လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံစဉ်အတွင်း သူအသုံးပြုခဲ့သော နတ်နိယာမမှာ အလွန် ပြင်းထန်လှသဖြင့် သူမ တစ်ခါတစ်ရံ မခံမရပ်နိုင်ဖြစ်ကာ အနားယူရန် တောင့်တခဲ့ရသည်။

လုချန်း၏ စုံတွဲကျင့်စဉ်က သူမအား မည်သည့်ထိခိုက်မှုမှ မဖြစ်စေသော်လည်း ‘ဝိညာဉ်ညှို့ဓာတ် ကျမ်းစာ’ မှ စဉ်ဆက်မပြတ် လှုံ့ဆော်မှုများက အမြဲတစေ ရှိနေခဲ့သဖြင့် နတ်တစ်ပါး ဖြစ်သည့်တိုင်အောင် သူမ တောင့်ခံနိုင်ရန် ခက်ခဲခဲ့ရသည်။

နတ်သမီး၏ ရှက်သွေးဖြာနေသော ဟန်ပန်ကို မြင်လျှင် လုချန်း၏ ရင်ထဲ ဆန္ဒများ ထကြွလာပြန်သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် နတ်သခင် ကန်းယာနှင့် နတ်သခင် လင်ရှုတို့ ချင်နိုင်ငံ နတ်နန်းတော်သို့ ရောက်ရှိလာသည်ကို သူ ခံစားလိုက်ရ၏။

သူက ချက်ချင်းပင် တစ်ဖက်သို့လှည့်ကာ ရှောင်ရွှီရင်ကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်ပြီး သူ၏အာရုံကို ချင်နိုင်ငံ နန်းတော်ဆီသို့ လွှဲပြောင်းလိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် လုချန်း ရှိနေသည့် ဧကရာဇ် စာကြည့်ဆောင်အတွင်းသို့ နတ်သခင် လင်ရှုနှင့် နတ်သခင် ကန်းယာတို့ ပေါ်လာကြ၏။

လုချန်းက

“စီနီယာနှစ်ယောက်မှာ ဘာအရေးကြီးတဲ့ ကိစ္စရှိလို့လဲခင်ဗျာ”

ဟု ချက်ချင်း မေးလိုက်သည်။

နတ်သခင် လင်ရှုက တိုက်ရိုက်ပင်

“ကြယ်မြစ် နတ်သခင်က ကျုပ်တို့ကို အစောကပဲ သတင်းပို့ထားတယ်။ သူတို့ မကြာခင် ရောက်လာတော့မယ်။”

ထိုအရာကို ကြားလျှင် လုချန်းက

“စီနီယာတို့ ကျုပ် ဘာလုပ်ပေးဖို့ လိုမလဲ”

ဟု ချက်ချင်း မေးလိုက်၏။

နတ်သခင် လင်ရှုက

“ကျုပ်တို့ ကျောက်တုံးကြီးချိုင့်ဝှမ်းမှာ ချိပ်ပိတ်နည်းဗျူဟာပုံစံကို ပြင်ဆင်ပြီးသွားပြီ။ ခင်ဗျားက ဝူယာနတ်သခင်ကို အဲ့ဒီနေရာ မျှားခေါ်ဖို့ အခွင့်အရေး ရှာရမယ်။”

လုချန်း ခဏခန့် စဉ်းစားလိုက်၏။ ထိုနေရာသည် အရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးတွင် တည်ရှိသောကြောင့် ထိုသို့လုပ်ဆောင်ခြင်းက ချင်နိုင်ငံနှင့် လျှို့ဝှက်လဝန်း နန်းတော်တို့ကို ထိခိုက်စေမည်မဟုတ်ပေ။

“ကောင်းပါပြီ။ ဝူယာနတ်သခင် ကျုပ်ကို လာရှာတာနဲ့ ကျုပ် ကျောက်တုံးကြီးချိုင့်ဝှမ်းဆီကို တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ပါ့မယ်။”

နတ်သခင် လင်ရှု ရုတ်တရက် တစ်ခုခုကို သတိရသွားကာ

“ခင်ဗျားနဲ့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်နဲ့ ဆက်ဆံရေး ကောင်းတယ်လို့ ကျုပ်ကြားမိတယ်။”

လုချန်းက

“ကျုပ် နတ်ဘုရား နိုင်ငံကို တည်ထောင်တုန်းက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်ဂိုဏ်း ကံစွမ်းအားအချို့ကို ချေးသုံးခဲ့ရပါတယ်။”

နတ်သခင် လင်ရှုက

“ဒါဆိုရင် ခင်ဗျား ကျောက်တုံးကြီးချိုင့်ဝှမ်းကို သွားတဲ့အခါ နန်းတော်သခင်ကို လိုက်မလာခိုင်းတာ အကောင်းဆုံးပဲ။ သူ့ကို နေဝင်တောင်တန်းရဲ့ အခြေအနေကို စောင့်ကြည့်ခိုင်းပါ။ ထူးဆန်းတဲ့ သတ္တဝါတွေ ထွက်ပေါ်လာသလားဆိုတာကို ကြည့်ခိုင်းလိုက်ပါ။”

လုချန်းက

“ကောင်းပါပြီ။ ကျုပ် သူ့ဆီ အသံလွှင့်စာ ပို့လိုက်ပါ့မယ်။”

နတ်သခင် လင်ရှုတို့လူစုက ယွမ်ယုတိအား အဘယ်ကြောင့် အတူမလိုက်စေချင် ကြောင်းကို လုချန်း ကြိုတင်၍ ရိပ်မိထားပြီးသားဖြစ်၏။ သူတို့ သူ့ကို လုပ်ကြံရန် စီစဉ်သည့်အခါ အနှောင့်အယှက် ဖြစ်လာမှာကို စိုးရိမ်နေကြခြင်းသာ ဖြစ်သည်။

အင်အားစုသုံးခု ပေါင်းစည်းလိုက်လျှင် နတ်သခင် အမြောက်အမြား ရှိနေသော်လည်း ထူးဆန်းသော သတ္တဝါကို ချိပ်ပိတ်ပြီးနောက် သူတို့၏ စွမ်းအားများ လျော့နည်းသွားနိုင်သည်။ အကယ်၍ သူတို့ လုချန်းကို အရေးယူသည့်အခါ ယွမ်ယုတိက ကြားဝင်ကူညီပါက ၎င်းက လုချန်းကို ထွက်ပြေးရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

လုချန်း သံသယဝင်ခဲ့သည့်အတိုင်းပင် နတ်သခင် လင်ရှုတို့ လူစုသည်လည်း ဤအချက်ကို စိုးရိမ်နေကြခြင်း ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်သခင်တွင် နတ်ကိုယ်ထည် ရှိပုံရပြီး စွမ်းအားလည်း အလွန်ထက်မြက်လှသဖြင့် သူမ၏ ကာကွယ်မှုအောက်တွင် လုချန်းကို အလွယ်တကူ ဖမ်းဆီးရန် ခဲယဉ်းလိမ့်မည်ဟု ကြယ်မြစ် နတ်သခင်ထံမှ သူတို့ ကြားသိထားခဲ့ကြသည်။

…..

တစ်ချိန်တည်းမှာပင်။

လျှို့ဝှက်လဝန်း နန်းတော်၌။

လုချန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်ပြီးနောက် ကြိုတင်သတိပေးမှု တစ်စုံတရာ မရှိပဲ ရုတ်တရက် နောက်သို့ ဆုတ်ခွာလိုက်၏။

ထိုအခါ စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ယွမ်ယုတိလည်း ခဏခန့် ထိတ်လန့်သွားသည်။ မိုးကြိုးလမ်းစဉ်ကို နားလည်သဘောပေါက်ပြီး မိုးကြိုးနှင့် လျှပ်စီးစွမ်းအားကို ထိန်းချုပ်နိုင်တော့မည့်ဆဲဆဲတွင် လုချန်းက သူ၏ကျင့်စဉ်ကို ရုတ်တရက် ရပ်တန့်လိုက်ရုံသာမက တိုက်ရိုက်ပင် ထရပ်လိုက်သည်ကို သူမ မြင်လိုက်ရသောကြောင့် ဖြစ်၏။

ထရပ်လိုက်သော လုချန်းကို စိုက်ကြည့်ကာ ယွမ်ယုတိက

“ဘာဖြစ်လို့လဲ”

ဘာကိစ္စမှ မရှိပဲ လုချန်း ထရပ်မည်မဟုတ်ကြောင်း သူမ ယုံကြည်ထား၏။ ထို့ပြင် ဤကိုယ်ထည်မှာ လုချန်း၏ ရုပ်သေးကိုယ်ထည်များထဲမှ တစ်ခုသာဖြစ်ပြီး သူ၏ ရုပ်သေးရုပ်ခန္ဓာကိုယ်အတွက် ဘာမှ လုပ်ရန် မလိုပေ။

၎င်းကို သူမ ကျင့်ကြံရန်အတွက် ဤနေရာတွင် ထားခဲ့နိုင်သည်။ တစ်ခုခု ဖြစ်ပျက်ခဲ့သဖြင့် သူ ယခုလို ထရပ်လိုက်ခြင်းဖြစ်ရမည်။ သူတို့ ဆက်လက်လုပ်ဆောင်ရန် မသင့်တော်တော့ကြောင်း ပြသနေခြင်း ဖြစ်သည်။

လုချန်းက

“ကြယ်မြစ် နတ်သခင်ရဲ့ အစီအစဉ် စတင်တော့မယ်။ သူတို့ မကြာခင် နဂါးနယ်မြေကို ရောက်လာတော့မှာမို့လို့ ခင်ဗျား ပြင်ဆင်ထားသင့်တယ်။”

ထိုအခါမှ လုချန်းသည် အဘယ်ကြောင့် ကြိုတင်သတိပေးခြင်းမရှိပဲ သူတို့၏ ပျော်ရွှင်စရာအချိန်ကို ဖြတ်တောက်ကာ ရုတ်တရက် ဆုတ်ခွာသွားခဲ့သလဲဆိုသည်ကို ယွမ်ယုတိ ချက်ချင်း ရိပ်မိသွားတော့သည်။

ဝူယာနတ်သခင်တို့လူစု ရောက်ရှိလာခဲ့ကြပြီ။

သူတို့၏ အစီအစဉ်မှာ ကြယ်မြစ် နတ်သခင်တို့လူစုကို အချိန်ဆွဲရန်အတွက် သူမကို တိုက်ခိုက်ခိုင်းရန်ဖြစ်ပြီး ထိုအချိန်တွင် လုချန်းက ဝူယာနတ်သခင်ကို ကြိုတင်ပြင်ဆင်ထားသော နည်းဗျူဟာပုံစံဆီသို့ မျှားခေါ်ကာ သူ့ကို ချိပ်ပိတ်ရန် ဖြစ်သည်။

ထို့ကြောင့် ယွမ်ယုတိကိုယ်တိုင် မကြာမီ လှုပ်ရှားရတော့မည် ဖြစ်သည်။ သို့သော် သူမ၏ ပါဝင်ပတ်သက်မှုမှာ ကြယ်မြစ် နတ်သခင်နှင့် ထိုက်ဟွာနတ်သခင်တို့ကို အချိန်ဆွဲထားရန်မျှသာဖြစ်၏။ လုချန်းတွင် မည်သည့်ကာကွယ်မှုမှ မရှိတော့သည့် ပုံစံမျိုးကို ဖန်တီးရန် ဖြစ်၏။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိက

“ဝူယာနတ်သခင်ကို ချိပ်ပိတ်ပြီးရင် ရှင် ကျွန်မကို ဝင်မစွက်ဖက်စေချင်တာ တကယ်ပဲလား။”

ထူးဆန်း သတ္တဝါများကို ချိပ်ပိတ်ပြီးသည်နှင့် ကြယ်မြစ် နတ်သခင်တို့လူစု လုချန်းအပေါ် ရန်မူလာလိမ့်မည်ကို သူမ ကြိုတင်တွေးဆထားပြီး ဖြစ်၏။

လုချန်းတွင် ထူးခြားသော ဇစ်မြစ် ရှိနေပြီး သူ၏နောက်ကွယ်တွင် အလွန် စွမ်းအားကြီးမားသော နတ်သခင်တစ်ပါး ရှိနေသည်ကို ယွမ်ယုတိ သိထားသော်လည်း အင်အားစုသုံးစုတွင် နတ်သခင် အမြောက်အမြား ရှိနေသည်။ လုချန်းနှင့် နတ်သခင်ဝမ်ရှုတို့သည် ထိုမဟာအင်အားစုကြီး သုံးခုကို ယှဉ်နိုင်မည်မဟုတ်ပေ။

--

All Chapters