← Chapters

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အခန်း ၁၈၉၈

Vol. 127 Ch. 1898

အခန်း( ၁၈၉၈)

သရုပ်ဆောင်လွန်နေသူ

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း အနည်းငယ် ပြုံးလိုက်ပြီးနောက်

“ဆရာက ကျုပ်အတွက် စိတ်ပူနေတာလား”

လုချန်း၏ အပြုံးကို မြင်လျှင် ယွမ်ယုတိ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူမ၏ မျက်နှာအမူအရာက ပို၍ပင် အေးစက်လာ၏။ လုချန်း၏ အပြုံးတိုင်း၌ တစ်မျိုးတစ်ဖုံ ကောက်ကျစ်လှည့်ဖြားမှု ရှိနေသည်ဟု သူမ အမြဲတစေ ခံစားမိနေသည်။

မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ယွမ်ယုတိက

“စိတ်ကူးယဉ်မနေနဲ့။ ရှင်က ကျွန်မရဲ့ စွမ်းအားတိုးတက်ဖို့အတွက် ကိရိယာတစ်ခုသက်သက်ပဲ။ ရှင် တစ်ခုခုဖြစ်သွားရင် ကျွန်မ တခြားမဟာလမ်းစဉ်တွေကို နားမလည်နိုင်ပဲ ဧကရာဇ်လမ်းစဉ်ဆီ လျှောက်လှမ်းမယ့် ကိုယ်ပိုင်လမ်းကို ရှာမတွေ့တော့မှာ စိုးရိမ်လို့ပဲ။”

လုချန်းက

“ဒါဆို တပည့်က ဆရာအတွက် သိပ်ကို အရေးပါတဲ့သူ ဖြစ်နေတာပေါ့။”

ယွမ်ယုတိ၏ မျက်နှာအမူအရာ ပို၍ပင် အေးစက်ခက်ထန်သွားသည်။ အမှန်တရားက ထိုသို့ ဖြစ်နေသော်လည်း လုချန်းက ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်သည့်အခါ သူမကို တစ်မျိုးကြီး ခံစားရစေ၏။

ယွမ်ယုတိ တိတ်ဆိတ်နေသည်ကို မြင်လျှင် လုချန်းက

“စိတ်ချပါ ဆရာ။ တပည့် ဘာမှမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့က ရင်သွေးမရသေးဘူးလေ။ ကျုပ် တစ်ခုခုဖြစ်သွားရင် ဆရာက အနာဂတ်မှာ တစ်ယောက်တည်း အထီးကျန်ရစ်ခဲ့မှာ မဟုတ်ဘူးလား။”

လုချန်း ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ယွမ်ယုတိက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ သူမပတ်ဝန်းကျင်ရှိ အအေးဓာတ်က ချက်ချင်း ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ခဲသွားစေ၏။

ထို့နောက် ချက်ချင်းပင် ကုတင်ပေါ်မှ ယွမ်ယုတိ ထရပ်လိုက်၏။ လက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ ကိုယ်ပေါ်တွင် မိုးပြာရောင် ဝတ်ရုံပါးတစ်ထည် ပေါ်လာပြီး အေးစက်စွာဖြင့် ယွမ်ယုတိက

“လက်တွေ့မကျတဲ့အရာတွေကို စိတ်ကူးယဉ်မနေနဲ့။ ရှင်နဲ့ ရင်သွေးရဖို့ ကျွန်မ ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။”

ယွမ်ယုတိက

“ကဲ... ရှင် လုပ်စရာရှိတာတွေကို သွားလုပ်တော့”

ထိုစကားကို ပြောပြီးသည်နှင့် ယွမ်ယုတိ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွား၏။ လုချန်းက သူ့ကို ပေးမကူညီသဖြင့် လျှို့ဝှက်လဝန်းနန်းတော်ကိုသာ စောင့်ကြည့်ရန် သူမ ဆုံးဖြတ်လိုက်၏။ ထိုနတ်သခင်များ ပြဿနာရှာရန် တကယ်ရောက်လာပါက နေဝင်တောင်တန်းဆီသို့သာ သူမ ဆုတ်ခွာသွားမည် ဖြစ်သည်။

ထို့ပြင် သေဆုံးမည့်သူမှာလည်း လုချန်း၏ ကိုယ်ပွားတစ်ခုသာ ဖြစ်၏။ သူ၏ကိုယ်ပွားတစ်ခု လျှို့ဝှက်လဝန်း နန်းတော်တွင် ရှိနေသရွေ့ မည်သည့်အန္တရာယ်နှင့် ကြုံတွေ့ရပါစေ လုချန်း၏ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြု၍ နဂါးနယ်မြေမှ တိုက်ရိုက် သူတို့ ထွက်ခွာသွားနိုင်၏။

လက်ရှိတွင် လုချန်း၏ ဘေးကင်းရေးကို သူမ စိတ်မပူမိသော်လည်း လုချန်းတို့လူစုက ထူးဆန်းသော သတ္တဝါများကို ချိပ်ပိတ်နိုင်ပါ့မလားဟူသောအချက်ကိုတော့ စိုးရိမ်မိ၏။ ဤထူးဆန်းသော သတ္တဝါများအကြောင်းကို သူမ အများကြီး မသိသော်လည်း ပြီးခဲ့သည့်အကြိမ် ကောင်းကင်ယံတွင် လျှို့ဝှက်ဆန်းကြယ် စွမ်းအား ပေါ်ပေါက်လာစဉ်က ဤသတ္တဝါများသည် ရင်ဆိုင်ရန် မလွယ်ကူကြောင်း သူမ သဘောပေါက်ခဲ့၏။

ထို့ပြင် လုချန်းထံမှ သူမ ရရှိထားသော မှတ်ဉာဏ်များအရ ထူးဆန်းသော သတ္တဝါများသည် မသေမျိုးများ ဖြစ်ကြ၏။

မသေနိုင်သော သတ္တဝါများကို ရင်ဆိုင်ရခြင်းက ပြဿနာကို ပိုခက်ခဲရှုပ်ထွေးစေ၏။

…..

နောက်တစ်ခဏတွင် နေဝင်တောင်တန်း၏ အစွန်းနား၌ ယွမ်ယုတိ၏ ပုံရိပ် ပေါ်လာ၏။ သူမသည် တောင်တန်းအတွင်းသို့ ဝင်မသွားပဲ အခြေအနေကို စောင့်ကြည့်ရန် နေရာတစ်ခု ရှာဖွေကာ ကြယ်မြစ် နတ်သခင်တို့လူစု ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။

ကြယ်မြစ် နတ်သခင်နှင့် အပေါင်းအပါများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝူယာနတ်သခင်မှလွဲ၍ ကျန်ရှိသူအားလုံးကို ဟန့်တားပြမည်ဖြစ်သည်။ အကယ်၍ ဝူယာနတ်သခင်တွင် လုချန်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက် တစ်ခုခု ရှိနေပါက လုချန်းကို သူ ဧကန်မုချ တိုက်ခိုက်လိမ့်မည် ဖြစ်၏။

ထိုအချိန် ကျောက်တုံးကြီးချိုင့်ဝှမ်းထဲသို့ ဝူယာနတ်သခင်ကို လုချန်း ဆွဲခေါ်နိုင်ခဲ့လျှင် သူတို့၏ အစီအစဉ် တစ်ဝက်အောင်မြင်သွားပြီ ဖြစ်သည်။

ယွမ်ယုတိသည် နေဝင်တောင်တန်း၏ အစွန်းတွင် ဆယ်ရက်ခန့် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် နဂါးနယ်မြေဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော အစွမ်းထက်သည့် အငွေ့အသက်သုံးခုကို အာရုံခံမိလိုက် တော့သည်။

ကျင့်စဉ် ဂူအတွင်းရှိ ယွမ်ယုတိ၏ မျက်လုံးများကို ပွင့်လာသည်။ နောက်တစ်ခဏ၌ အေးစက်သော လေထုများ ဝန်းရံလျက် သူမ၏ ခန္ဓာကိုယ်သည် အပေါ်သို့ လွင့်ပျံသွားကာ ကောင်းကင်မြင့်ထက်တွင် ပေါ်လာ၏။

ခဏအကြာတွင် ကြယ်မြစ် နတ်သခင်နှင့် သူ၏ အဖော်နှစ်ယောက်သည် နေဝင်တောင်တန်းမှ ထွက်ခွာလာပြီး နဂါးနယ်မြေထဲသို့ ဝင်ရောက်လာကြပြီဖြစ်သည်။ နေဝင်တောင်တန်းမှ ခြေလှမ်းလှမ်းလိုက်သည်နှင့် ကောင်းကင်ထက်ရှိ ယွမ်ယုတိကို သူတို့ မြင်လိုက်ရ၏။

နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ ယွမ်ယုတိ၏ အေးစက်သော အသံ ဟိန်းထွက်သွား၏။

ယွမ်ယုတိက

“ကျင့်ကြံဖော်သုံးဦး... နဂါးနယ်မြေက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ ပိုင်နက်ဖြစ်တယ်။ အရိုင်းနယ်မြေထဲကို ဝင်ချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး တခြားလမ်းကနေ ပတ်သွားကြပါ။”

ထိုအရာကို ကြားသောအခါ နှုတ်ခမ်းထောင့်ကို အနည်းငယ် မြှင့်တင်လျက် ဝူယာနတ်သခင်က

“လျှို့ဝှက်လဝန်းနန်းတော်သခင်က မှတ်ဉာဏ် သိပ်နည်းတာပဲ။ ကျုပ်ကို ဒီလောက်မြန်မြန်ကြီး မေ့သွားတာလား။”

မျက်နှာအမူအရာ မရှိပဲ ဝူယာနတ်သခင်ကို ယွမ်ယုတိ တစ်ချက် ကြည့်လိုက်၏။ ဝူယာနတ်သခင်ထံမှ စိတ်မသက်မသာဖြစ်စရာ အငွေ့အသက်တစ်ခုကို သူမ ဝေဝါးဝါး အာရုံခံမိနေ၏။ သို့သော် ထိုကြောက်မက်ဖွယ် ခံစားချက်အပြင် တစ်စုံတစ်ခု ရင်းနှီးနေသကဲ့သို့လည်း သူမ ခံစားရပြန်၏။

ယွမ်ယုတိ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဘာတွေ ဖြစ်ပျက်နေတာလဲဟု တွေးတောမိ၏။ ယခုက ထိုအရာများကို တွေးတောနေရမည့် အချိန်မဟုတ်သဖြင့် ထိုအပိုအတွေးများကို ယွမ်ယုတိ ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်၏။

အေးစက်စွာဖြင့် ယွမ်ယုတိက

“ရှင်တို့ရဲ့ ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တကယ် အထင်ကြီးတာပဲ။ နတ်သခင် သုံးယောက်တောင် တစ်ပြိုင်နက် စေလွှတ်တယ်ဆိုတော့...”

ကြယ်မြစ် နတ်သခင်က

“ကျုပ်က ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခန်းမသခင်ပဲ။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်... အကယ်၍ ခင်ဗျား လုချန်းရဲ့ ပင်မကိုယ်ကို လွှဲအပ်ပေးမယ်ဆိုရင် ကျုပ်တို့ ချက်ချင်း ထွက်ခွာသွားမှာဖြစ်တယ်။ အရိုင်းနယ်မြေထဲကို ခြေချမှာမဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျား ဆက်ပြီး မိုက်မဲနေမယ်ဆိုရင်တော့ ခင်ဗျားရဲ့ နတ်ကိုယ်ထည်အစွမ်းကိုပဲ ကျုပ် စမ်းသပ်ကြည့်ရတော့မှာပဲ။”

ကြယ်မြစ် နတ်သခင်နှင့် နတ်သခင်ထိုက်ဟွာတို့ကို ဟန်ပြဟန့်တားခြင်းကသာ သူမ၏ ရည်ရွယ်ချက် ဖြစ်သဖြင့် ယွမ်ယုတိ ဘာမှ ဆက်မပြောတော့ပေ။ ယခု သူမ လုပ်ဆောင်ရန် လိုအပ်သည်မှာ တိုက်ခိုက်ရန်သာ ဖြစ်ပြီး ကျန်ရှိသည့် ကိစ္စရပ်များကို လုချန်း၊ ချင်းယွမ်ကျောင်းတော်နှင့် သားရဲမဟာမိတ်မှ နတ်သခင်များထံ လွှဲအပ်ထားလိုက်၏။

ချက်ချင်းပင် ကြီးမားလှသော ဖိအားတစ်ခု ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ကောင်းကင်ယံ၌ ကြီးမားလှသော လမင်းကြီးတစ်စင်း ပေါ်ထွက်လာခဲ့သည်။

လမင်းကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အရာအားလုံး ခဲသွားပြီး အေးစက်လှသော အငွေ့အသက်တစ်ခု ကောင်းကင်အနှံ့ ပျံ့နှံ့သွား၏။

ယွမ်ယုတိက အစကတည်းက သူမ၏ နတ်ကိုယ်ထည်အစွမ်းကို အသုံးပြုသည်ကို မြင်သောအခါ နတ်သခင်ထိုက်ဟွာနှင့် ဝူယာနတ်သခင်တို့ကို တည်ကြည်စွာ ကြည့်လျက် ကြယ်မြစ် နတ်သခင်က

“ထိုက်ဟွာ... ခင်ဗျားနဲ့ ကျုပ်နဲ့ လျှို့ဝှက်လဝန်းနန်းတော်သခင်ကို ဟန့်တားထားနိုင်မယ့် နည်းလမ်းကို ရှာရမယ်။ ဝူယာ... ခင်ဗျားက လုချန်းရဲ့ ရုပ်ရည်ကို သိတာပဲ။ သူ့ကို သွားခေါ်လာခဲ့။ ပြီးတော့ အဲဒါက သူ့ရဲ့ ပင်မကိုယ် ဟုတ်မဟုတ် သေချာအောင် အတည်ပြုခဲ့ဦး။”

ဝူယာနတ်သခင် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ကြီး ရုတ်တရက် မှောင်မိုက်သွား၏။ ကောင်းကင်ယံ၌ ထောင်ပေါင်းများစွာသော ကြယ်တာရာများ ပေါ်လာပြီး နဂါးနယ်မြေတစ်ခုလုံးကို ကြယ်မြစ်တစ်ခု ဝန်းရံထားသည့်နှယ် ဖြစ်သွားစေ၏။

တစ်ချိန်တည်းမှာပင် ပေတစ်ထောင်ခန့်မြင့်သော နိယာမ ပုံရိပ်ကြီးတစ်ခု နတ်သခင်ထိုက်ဟွာ၏ နောက်၌ ပေါ်ပေါက်လာ၏။ ထိုသူနှစ်ဦးက လှုပ်ရှားမှု ပြုလုပ်လိုက်ပြီဖြစ်ကြောင်းနှင့် ကြယ်မြစ် နတ်သခင်ကလည်း ကြယ်တာရာ နတ်ကိုယ်ထည်၏ စွမ်းအားကို နှိုးဆွလိုက်ပြီဖြစ်ကြောင်း မြင်ရသဖြင့် ဝူယာနတ်သခင်တွင် ဆက်ပြောစရာ စကားမရှိတော့ပေ။

ချင်နိုင်ငံဆီသို့ ဦးတည် မထွက်ခွာမီ ဝူယာနတ်သခင်က

“ကောင်းပြီ”

ဟု တစ်ခွန်းတည်းသာ ဆိုသွားတော့သည်။

ယွမ်ယုတိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရာ သူမ၏ အနောက်ရှိ လမင်းကြီးထံမှ လှိုင်းတံပိုးကဲ့သို့ ထိုးထွက်လာသော နတ်စွမ်းအားများနှင့်အတူ ပို၍ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကောင်းကင်ထက်မှ ကျဆင်းလာပြီး ဝူယာနတ်သခင်၏ ခန္ဓာကိုယ်ကို ဟင်းလင်းပြင်ထဲ ရပ်တန့်သွားစေ၏။

ကြယ်မြစ် နတ်သခင် မျက်မှောင်ကြုတ်မိသွားပြီး ယွမ်ယုတိ သရုပ်ဆောင်လွန်နေတာလားဟု တွေးလိုက်၏။ ဝူယာနတ်သခင်မှလွဲ၍ ကျန်ရှိသူအားလုံးကို ဟန့်တားဟန်ဆောင်ရန်သာ လုချန်းက သူမကို ပြောထားခဲ့ပြီး မဟုတ်ပါလား။

ယခုမူ ယွမ်ယုတိက ဝူယာနတ်သခင်ကိုပါ ထိန်းချုပ်ထားသဖြင့် နောက်ပိုင်းတွင် သူ့ကို ချိပ်ပိတ်နည်းဗျူဟာပုံစံထဲသို့ မည်သို့ ဆွဲဆောင်ရမည်နည်း။

ထို့နောက်တွင် ကောင်းကင်ယံရှိ ဖြစ်ရပ်ဆန်းကို ကြယ်မြစ် နတ်သခင် လှုံ့ဆော်လိုက်ရာ နောက်တစ်စက္ကန့်၌ ကျယ်ပြောလှသော ကြယ်တာရာစွမ်းအားများသည် လရောင်ဖြစ်ရပ်ဆန်းနှင့် တန်းတူညီမျှသော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ ခဏချင်းအတွင်းမှာပင် ဝူယာနတ်သခင်အပေါ် သက်ရောက်နေသော ဖိအားများ ပျယ်လွင့်သွား၏။

ဝူယာနတ်သခင်လည်း ယင်းအခွင့်အရေးကို ဖမ်းဆုပ်လျက် အာကာသကို ဆွဲဖြဲကာ အာကာသအက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွား၏။

မကြာမီ ချင်နိုင်ငံသို့ ဝူယာနတ်သခင် ရောက်ရှိသွားပြီး သူ၏ နတ်အာရုံကို ဖြန့်ကြက်လိုက်ရာ အချိန်အနည်းငယ်အတွင်းမှာပင် လုချန်း၏ အငွေ့အသက်ကို အာရုံခံမိသွား၏။

လုချန်းကလည်း နည်းနည်းမှ တုံးဆိုင်းမှု မရှိပဲ ကျောက်တုံးကြီးချိုင့်ဝှမ်းဆီသို့ ချက်ချင်း ထွက်ပြေးသွား၏။

မျက်မှောင်ကြုတ်လျက် ဝူယာနတ်သခင်က

“ထွက်ပြေးဖို့ ကြိုးစားနေတာလား။ ဒီလောက်မလွယ်ဘူး”

ယွမ်ယုတိကို ဟန့်တားရန် ကြယ်မြစ် နတ်သခင်ကို များစွာ အားစိုက်ထုတ်ခိုင်းထားရသဖြင့် လုချန်းကို သူ ဘယ်တော့မှ အလွတ်မပေးဟု ဝူယာနတ်သခင် တွေးလိုက်၏။ လုချန်းကို သတ်ဖြတ်နိုင်ပြီး သူ ဆက်လက် အင်အားမကြီးထွားနိုင်တော့ပါက ထူးဆန်း သတ္တဝါများ ချိပ်ပိတ်မှု လုံးဝပျယ်လွင့်မည့်နေ့တွင် ထျန်းရန် နတ်ဘုရားနယ်မြေသည် သူတို့၏ နိဗ္ဗာန်ဘုံ ဖြစ်လာလိမ့်မည် ဖြစ်၏။

ထိုအတွေးနှင့်အတူ ဝူယာနတ်သခင်၏ မျက်နှာထက်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှ မည်းမှောင်သော မိစ္ဆာစွမ်းအား အလင်းတန်းများ ထွက်ပေါ်လာ‌တော့၏။

--

…………

All Chapters