← Chapters

အခန်း ၁၈၉၉

Vol. 127 Ch. 1899

အခန်း ၁၈၉၉

Vol. 127 Ch. 1899

အခန်း (၁၈၉၉ )

လိုက်သူနှင့် ပြေးသူ

ရွှေနတ်အဆင့် အဆင့်၌သာ ရှိသဖြင့် လုချန်း၏ ကိုယ်ပွား ထွက်ပြေးသည့်အရှိန်က မမြန်လှပေ။ ထို့ကြောင့် လုချန်း၏ အရှေ့တွင် ဝူယာနတ်သခင် ခဏချင်းအတွင်း ပေါ်လာကာ လမ်းကို ပိတ်ဆို့လိုက်၏။

ဝူယာနတ်သခင်က လုချန်းကို

“လုချန်း... ခင်ဗျား ဘယ်ကို ပြေးနိုင်ဦးမှာလဲ”

ဝူယာနတ်သခင်ထံမှ ထွက်ပေါ်နေသည့် နက်မှောင်ပြီး လျှို့ဝှက်ဆန်းကြယ်သော နတ်အငွေ့အသက်ကို မြင်လျှင် လုချန်း မျက်မှောင်ကို အလွန် ကြုတ်လိုက်မိ၏။ ထိုအငွေ့အသက်ကြောင့် လုချန်း တစ်ကိုယ်လုံး ကြက်သီးများထကာ အလွန် နေရခက်သွား ရုံသာမက ရင်ထဲ၌လည်း အကြောင်းရင်းမရှိပဲ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာ၏။

ဤအငွေ့အသက် ထျန်းရန်နတ်ဘုရား နယ်မြေမှ မဟုတ်နိုင်ကြောင်း လုချန်း စိတ်ထဲ၌ ရိပ်မိလိုက်၏။ သူ၏ လက်ရှိ ရွှေနတ်အဆင့် ကျင့်စဉ်ဖြင့် ကျောက်တုံးကြီးချိုင့်ဝှမ်းသို့ လွတ်မြောက်အောင် ပြေးရန် မဖြစ်နိုင်တော့ကြောင်းကိုလည်း လုချန်း ကောင်းစွာ သိထား၏။ ထို့ကြောင့် တုံ့ဆိုင်းမနေပဲ နတ်ဘုရင်၏ ကျိန်စာကို လုချန်း ချက်ချင်း ထုတ်သုံးလိုက်တော့၏။

နောက်တစ်ခဏ၌ လုချန်း၏ ခန္ဓာကိုယ်မှ ကြီးမားကျယ်ပြန့်လှသော အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း ဝူယာနတ်သခင်ကတော့ တုန်လှုပ်ခြင်းမရှိပဲ အေးစက်လျက် ရှိနေ၏။ အလွန်ဆုံးရှိလှ နတ်ဘုရင်အဆင့်သာ ရှိသည့် လုချန်း၏ စွမ်းအားကို နတ်သခင်အဆင့်ရှိသော သူအနေနှင့် မှုစရာမလိုပေ။

ထို့ပြင် ပို၍ အရေးကြီးသည်မှာ သူပိုင်ဆိုင်ထားသော စွမ်းအားမှာ ထျန်းရန်နတ်ဘုရား နယ်မြေမှ စွမ်းအားမဟုတ်ခြင်းပင်။ ဝူယာနတ်သခင် တုံ့ဆိုင်းမနေပဲ အရိပ်ပင် မမြင်ရလောက်အောင် မြန်ဆန်လှသည့် အရှိန်ဖြင့် လုချန်းထံသို့ ချက်ချင်း တိုးဝင်တိုက်ခိုက်လိုက်၏။ လုချန်းကို သတ်ဖြတ်နိုင်လျှင် သူ၏ တာဝန်က ပြီးမြောက်သွားမည် ဖြစ်သည်။

လုချန်း ထပ်မံထွက်ပြေးခြင်း မပြုတော့ပေ။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် ဤလျှို့ဝှက်ဆန်းကြယ်စွမ်းအားအပေါ် နှိပ်ကွပ်နိုင်စွမ်း ရှိ၊ မရှိကို သူ စမ်းသပ်ကြည့်ချင်နေမိ၏။ ထို့ကြောင့် နောက်တစ်ခဏ၌ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လုချန်း ချက်ချင်း ထုတ်ဖော်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ယံတစ်ခုလုံးတွင် နီရဲသော ဆီမီးအိမ်များ ပြည့်နှက်သွားကာ တစ်လောကလုံးကို ကြက်သွေးရောင် တောက်ပသွားစေ၏။ သို့သော် ထိုမီးအိမ်များမှ ဖြာထွက်လာသည့် နတ်အလင်းတန်းများသည် တိုးဝင်လာနေသော ဝူယာနတ်သခင်ကို စိုးစဉ်းမှ တားဆီးနိုင်စွမ်း မရှိပေ။

နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက ဝူယာနတ်သခင်အပေါ် မည်သို့မှ သက်ရောက်မှုမရှိသည်ကို လုချန်း မြင်လျှင် နတ်သတ်ဓားကို ချက်ချင်း ထုတ်ယူကာ နတ်စွမ်းအားများ စုစည်းပြီး ခုတ်ပိုင်းလိုက်တော့၏။

ပိလော့နဂါးပြာဟိန်းသံ...

ကောင်းကင်ပြင်ထက်၌ သွေးရောင်လွှမ်းနေသည့် နဂါးကြီးတစ်ကောင်သည် ဝူယာနတ်သခင်ထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွား၏။ ဝူယာနတ်သခင်ကတော့ အေးစက်စွာ တစ်ချက်ကြည့်လိုက်ရုံသာ ကြည့်လိုက်ပြီး နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မိစ္ဆာစွမ်းအားများကို ပိုထူထပ်လာစေလိုက်သည်။

လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားလှသော လက်ဝါးရိပ်ကြီးတစ်ခု လေထုထဲ၌ ရုတ်တရက် ပေါ်လာ၏။ ထိုလက်ဝါးရိပ်ကြီးနှင့် သွေးနဂါးကြီး တိုက်မိသွားသည့်အခါတွင်တော့ သွေးနဂါးကြီးလည်း ချက်ချင်းပင် ပျောက်ကွယ်သွားရသည်။

လုချန်း မျက်မှောင်ကို ပိုကြုတ်လိုက်မိ၏။ လက်ရှိ၌ နတ်ဘုရင်အဆင့် စွမ်းအားသာ ရှိသော်လည်း ကောင်းကင်အဆင့် နတ်လက်နက်ကို ကိုင်စွဲကာ ကောင်းကင်အဆင့် နတ်နိယာမပညာရပ်ကိုပင် ထုတ်သုံးထားခြင်း ဖြစ်၏။

ပုံမှန်အခြေအနေမျိုးတွင် ဆိုပါက သာမန်နတ်သခင်အဆင့်တစ်ဦးနှင့်ပင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ သို့သော် ထိုမျှအထိ ပြင်းထန်လှသည့် တိုက်ကွက်ကို ဝူယာနတ်သခင်က အားမစိုက်ထုတ်ရပဲ အလွယ်တကူ ပယ်ဖျက်လိုက်နိုင်၏။

ဤသည်က လျှို့ဝှက်ဆန်းကြယ်သတ္တဝါတစ်ကောင်၏ အစွမ်းသတ္တိပေလား။

ထို့ပြင် အော်ဂလီဆန်စရာကောင်းသည့် ပုပ်စော်နံလှသော အနံ့ဆိုးတစ်ခုကိုပါ လုချန်း ခပ်ရေးရေး ရလိုက်မိ၏။ ထိုအနံ့ဆိုးသည် အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှပြီး အော့အန်ချင်စိတ်ကို ဖြစ်ပေါ်စေ၏။

၎င်းသည် ဝူယာနတ်သခင်ထံမှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအား ဖြစ်ကြောင်း လုချန်း ချက်ချင်း သဘောပေါက်လိုက်၏။ သူ၏ ခန္ဓာကိုယ်အပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိမည်ကို မသိနိုင်သဖြင့် ထိုမိစ္ဆာစွမ်းအားများ ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်ရန် လုချန်း အလျင်အမြန်ပင် အသက်အောင့်လိုက်ရ၏။

လုချန်း ထွက်မပြေးသေးပဲ ရှိနေဆဲပင်။ သူ၏ ဖဲချပ်များကို အကုန်အစင် မထုတ်ရသေးပေ။

လျှို့ဝှက်ဆန်းကြယ်စွမ်းအား၏ တိုက်စားဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် ဝူယာနတ်သခင်၌ မည်မျှအထိ အစွမ်းထက်သည့် နည်းဗျူဟာများ ရှိနေသည်ကို သူ စမ်းသပ်ကြည့်ချင်သေး၏။ ထို့နောက် နတ်ဘုရင် နိယာမ ကိုယ်ထည်ကို လုချန်း ဆင့်ခေါ်လိုက်တော့၏။

လုချန်းသည် သူ၏ နတ်စွမ်းအားအားလုံးကို စုစည်းကာ ဂါထာမန္တန်တစ်ခုကို ထုတ်ဖော်လိုက်ရာ သူ၏ နောက်ကျောဘက်၌ ကြီးမားထည်ဝါလှသော ရွှေရောင်နိယာမကိုယ်ထည်ကြီးတစ်ခု ပေါ်ပေါက်လာ၏။

ကိုးဆင့်ဝိညာဉ်ပိတ်ပင်ခြင်းပညာရပ်...

လုချန်း၏ လက်နှစ်ဖက်မှ ပြင်းထန်လှသော ဝိညာဉ်စွမ်းအားလှိုင်းတံပိုးများ ထွက်ပေါ်လာပြီး ဝူယာနတ်သခင်၏ ဦးနှောက်ဆီသို့ ဒုန်းစိုင်းပြေးဝင်သွား၏။ သို့သော် လုချန်းကို အံ့အားသင့်သွားစေသည်က ဝူယာနတ်သခင်သည် နည်းနည်းမှ ထိခိုက်မှုမရှိပဲ တည်ငြိမ်နေခြင်းပင်။

စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ပညာရပ်များပင် ဤလျှို့ဝှက်ဆန်းကြယ်သတ္တဝါအပေါ် အလုပ်မဖြစ်သဖြင့် လုချန်း၏ မျက်နှာအမူအရာ ပို၍ လေးနက်ခက်ထန်သွား၏။

ဝူယာနတ်သခင်က နှာခေါင်းရှုံ့လျက်

“သေခါနီး ရုန်းကန်နေတာပဲ”

ထိုသို့ပြောရင်း ဝူယာနတ်သခင်၏ ပတ်လည်ရှိ မိစ္ဆာစွမ်းအားများသည် ကမ္ဘာဦးသတ္တဝါကြီးတစ်ကောင်၏ အရိုးများဖြင့် သွန်းလုပ်ထားသကဲ့သို့ ထည်ဝါပြီး ကြီးမားလှသော လခြမ်းဓားကြီးအဖြစ်သို့ ပြောင်းလဲသွားကာ လွှမ်းမိုးချုပ်ကိုင်ထားသည့် လျှို့ဝှက်ဆန်းကြယ်စွမ်းအားများနှင့် ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ်နေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လုချန်း၏ မလှမ်းမကမ်းနေရာ၌ ဝူယာနတ်သခင် ပေါ်လာပြီး ထိုလခြမ်းဓားကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လုချန်းထံသို့ တည့်တည့်မတ်မတ် ခုတ်ပိုင်းလိုက်တော့၏။

ထိုသို့ ဆက်လက်အချိန်ဆွဲနေပါက ဝူယာနတ်သခင်၏ လက်ချက်ဖြင့် သူ၏ ခန္ဓာကိုယ် ပျက်စီးသွားရလိမ့်မည်ဖြစ်ကြောင်း လုချန်း ရိပ်မိလိုက်၏။ လျှို့ဝှက်ဆန်းကြယ်သတ္တဝါတစ်ကောင်နှင့် ရင်ဆိုင်ရသည်မှာ အလွန်ပင် ခက်ခဲလွန်းလှသဖြင့် ယခုတော့ ကျောက်တုံးကြီးချိုင့်ဝှမ်းဆီသို့ သွားရမည့် အချိန်တန်ပေပြီ။

နောက်တစ်ခဏ၌ သူ၏ နတ်စွမ်းအားအားလုံးနှင့် သတ်ဖြတ်ခြင်းစွမ်းအားကို ပေါင်းစပ်စုစည်းပြီး ဓားကို လုချန်း နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပြန်၏။

သွေးရောင်လွှမ်းနေသည့် နဂါးကြီးတစ်ကောင်သည် ဝူယာနတ်သခင်ထံသို့ ထပ်မံ၍ ဒုန်းစိုင်းပြေးဝင်သွားပြန်၏။ ဝူယာနတ်သခင်ကတော့ လုချန်း၏ တိုက်ကွက်ကို လုံးဝအထင်သေးသည့် အရိပ်အယောင်ဖြင့် လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။

မျက်စိတစ်မှိတ်အတွင်း ဝူယာနတ်သခင်က ထိုလခြမ်းဓားကြီးကို လွှဲယမ်းလိုက်ရာ ဓားသွားပေါ်မှ မိစ္ဆာစွမ်းအားများနှင့် ထိတွေ့သွားသည့် သွေးနဂါးကြီးလည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။

သို့သော် သွေးနဂါးကြီး ပျောက်ကွယ်သွားသည့်အခါတွင်တော့ လုချန်း၏ ပုံရိပ်ကို ဘယ်နားမှာမှ ရှာမတွေ့တော့ကြောင်း ဝူယာနတ်သခင် သတိပြုမိလိုက်တော့သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး နတ်အာရုံကို ချက်ချင်းပင် ဖြန့်ကြက်လိုက်၏။

နတ်အာရုံဖြင့် ထောက်လှမ်းကြည့်လိုက်ရာ အရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးပိုင်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်နေသည့် လုချန်းကို ဝူယာနတ်သခင် တွေ့ရှိသွားသဖြင့် နောက်သို့ ချက်ချင်းပင် အမှီလိုက်တော့၏။

လုချန်းသည် နတ်ဘုရင်၏ ကျိန်စာမှ ကျန်ရှိနေသည့် နတ်စွမ်းအားများကို အသုံးပြုကာ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာပုံစံတစ်ခုကို တည်ဆောက်ပြီး ကျောက်တုံးကြီးချိုင့်ဝှမ်း အနီးအနားရှိ နေရာတစ်ခုဆီသို့ ချက်ချင်း နေရာရွှေ့ပြောင်းလိုက်ခြင်း ဖြစ်၏။

ယခု ချောက်ကမ်းပါးထိပ်တွင် ရပ်နေသည့် လုချန်းသည် ဝူယာနတ်သခင် သူ၏ ထောင်ချောက်ထဲသို့ ဝင်လာပါ့မလားဟုသာ အတွေးများနေမိ၏။

ကျောက်တုံးကြီးချိုင့်ဝှမ်းထဲတွင် နတ်သခင် ခြောက်ဦး ပုန်းအောင်းနေကြ၏။ အထူးနည်းလမ်းများဖြင့် သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ထားကြသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သတ္တဝါ၌ အထူးအာရုံခံနိုင်စွမ်း ရှိမနေနိုင်ဟု အပ်ချမတ်ချ ပြောရန် ခက်ခဲလှပေသည်။

ဝူယာနတ်သခင်သာ ကျောက်တုံးကြီးချိုင့်ဝှမ်းအတွင်းရှိ မြောက်မြားစွာသော နတ်သခင်များ၏ တည်ရှိမှုကို အာရုံခံမိသွားပါက ထိုနေရာသို့ ခြေဆန့်လာရဲမည် မဟုတ်ပေ။

လုချန်း စိတ်ပျံ့လွင့်နေစဉ်မှာပင် ရုတ်တရက် သူ၏ရင်ထဲ၌ မသက်မသာ ဖြစ်သွား၏။ မကြာမီမှာပင် သူရှိရာနေရာဆီသို့ ပြင်းထန်လှသော အငွေ့အသက်တစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်ကို သူ သိလိုက်ရ၏။

ဝူယာနတ်သခင် သူနောက်သို့ ထပ်ကြပ်မကွာ လိုက်လာနေပြီဖြစ်ကြောင်း လုချန်း ချက်ချင်းပင် ရိပ်မိလိုက်တော့၏။ ထို့ကြောင့် တုံ့ဆိုင်းမနေပဲ ကျောက်တုံးကြီးချိုင့်ဝှမ်းဆီသို့ လုချန်း ချက်ချင်း ပြေးဝင်လိုက်တော့၏။

ကျောက်တုံးကြီးချိုင့်ဝှမ်းသည် မိုးထိလုမတတ် မြင့်မားလှသည့် ကျောက်တိုင်ကြီးပေါင်း မြောက်မြားစွာဖြင့် အလွန်ပင် ကျယ်ပြောလှပေသည်။ ထိုကျောက်တိုင်ကြီးများသည် လူရိပ်လူခြေကို ဖုံးကွယ်ပေးနိုင်သော်လည်း နတ်သခင်အဆင့်တစ်ဦးကိုတော့ လှည့်စားနိုင်စွမ်း မရှိပေ။

လုချန်း၏ အငွေ့အသက်ကို အာရုံခံခြင်းအားဖြင့် လုချန်း ပုန်းအောင်းနေသည့် နေရာကို ဝူယာနတ်သခင် ချက်ချင်းပင် ရှာဖွေတွေ့ရှိသွား၏။

နောက်တစ်ခဏ၌ လုချန်း ပုန်းကွယ်နေသည့် ကျောက်တိုင်ကြီး၏ ရှေ့မှောက်တွင် ဝူယာနတ်သခင် ရုတ်တရက် ပေါ်လာတော့၏။ လူကို အလွန် နေရခက်စေသည့် ဝူယာနတ်သခင်၏ ပတ်လည်ရှိ မိစ္ဆာစွမ်းအားများလည်း ပို၍ ထူထပ်သိပ်သည်းလာ၏။ ထိုမိစ္ဆာစွမ်းအားများ လွှမ်းမိုးလာမှုကြောင့် သူကိုယ်သူ ညစ်ပတ်ပေရေသည့် အညစ်အကြေးများဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ လုချန်း ခံစားလိုက်ရ၏။

လုချန်း ရပ်တန့်လိုက်သည်ကို မြင်သောအခါ ဝူယာနတ်သခင်က လုချန်းကို နှာခေါင်းရှုံ့ကြည့်လျက်

“ခင်ဗျားရဲ့ နတ်စွမ်းအားတွေ ကုန်ခါနီးနေပြီ ထင်တယ်။ ကဲ... အခု ခင်ဗျား ဘယ်ကို ပြေးနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။”

လုချန်း၏ မျက်နှာထက်၌ မျှော်လင့်ချက်မဲ့ပြီး ထိတ်လန့်နေမည့် အရိပ်အယောင်ကို မြင်ရလိမ့်မည်ဟု မျှော်လင့်ထားသည့် ဝူယာနတ်သခင်သည် သူ့ကို မျှော်ကြည့်လျက် ပြုံးနေသည့် လုချန်းကို မြင်လိုက်ရသဖြင့် အလွန်ပင် အံ့အားသင့်သွားရ၏။ အခြေအနေ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ဝူယာနတ်သခင် ချက်ချင်းပင် ရိပ်မိလိုက်၏။

ထိုစဉ် သူ၏ ပတ်ဝန်းကျင်၌ အခြားသော နတ်သခင်များ၏ အငွေ့အသက်များ ရှိနေသည်ကိုလည်း သတိပြုမိလိုက်သည်။ သူ အချိန်မီ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ၏ အောက်ခြေမြေပြင်ထက်၌ ကြီးမားလှသည့် အပြာရောင် နည်းဗျူဟာ အင်းကွက်ကြီးတစ်ခု ဘွားခနဲ ပေါ်ပေါက်လာ၏။

အဝေးမှ ဟိန်းထွက်လာသည့် အသံတစ်ခုက

“ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံ... သက်ဝင်စေ...”

ထိုအသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လှသော စွမ်းအားတစ်ခုက ဝူယာနတ်သခင်ကို ကောင်းကင်ထက်မှ အောက်သို့ အရှိန်အဟုန်ဖြင့် ဆွဲချလိုက်တော့သည်။ ဝူယာနတ်သခင် မြေပြင်သို့ ပြုတ်ကျသွားသည့် တစ်ခဏ၌ပင် ပြိုလဲကျလာသည့် ကျောက်တိုင်ကြီးများနှင့် ဖုန်မှုန့်များက ကျောက်တုံးကြီးချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားစေ၏။

ထို့နောက် ကောင်းကင်ထက်၌ လူရိပ်ပေါင်း မြောက်မြားစွာ ပေါ်လာပြီး အောက်ဘက်ရှိ ဝူယာနတ်သခင်ကို ငုံ့ကြည့်လိုက်ကြ၏။

ဖုန်မှုန့်များ လွင့်စင်သွားသည့်အခါ ဝူယာနတ်သခင်၏ ပုံရိပ်ကို အားလုံး ထပ်မံ မြင်တွေ့လိုက်ရပြန်၏။ ထိုကြီးမားလှသည့် အပြာရောင် နည်းဗျူဟာ အင်းကွက်ကြီးထံမှ ဖြာထွက်လာသော ပြင်းထန်လှသည့် ဖိအားစွမ်းအားများသည် ဝူယာနတ်သခင်ကို မြေကျင်းကြီးတစ်ခုအတွင်း၌ လုံးဝ မလှုပ်နိုင်အောင် ဖိနှိပ်ချုပ်ချယ်ထားလိုက်တော့သည်။

--

………….

All Chapters