အခန်း ၁၉၀၀
Vol. 127 Ch. 1900
အခန်း (၁၉၀၀ )
ချိတ်ပိတ်ရန် ထင်သလောက်မလွယ်
ဝူယာနတ်သခင်သည် ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံ၏ ဖိနှိပ်မှုစွမ်းအားကို ခန္ဓာကိုယ်ဖြင့် ကြံ့ကြံ့ခံရင်း တွင်းထဲ၌ ဒူးတစ်ဖက်ထောက်လျက် ရှိနေ၏။ သူ၏ ကိုယ်ပေါ်မှလည်း အနက်ရောင် အငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်နေသည်။
ထို့နောက် ခေါင်းအသာမော့ကာ ကောင်းကင်ယံရှိ နတ်သခင် ခြောက်ပါးကို ခပ်အေးအေး ကြည့်လိုက်သည်။
ဤအခြေအနေတွင်တော့ သူ အလှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ဝူယာနတ်သခင် ကောင်းကောင်း ရိပ်မိသွား၏။
ဝူယာနတ်သခင်က ခပ်အေးအေး လေသံဖြင့်
“ခင်ဗျားတို့ ဘယ်လိုမျိုး ရိပ်မိသွားတာလဲ”
ထိုနတ်သခင်များကို သူ မသိသော်လည်း ခြောက်ပါးစလုံး တစ်ပြိုင်နက်တည်း ပေါ်လာပြီး ချိပ်ပိတ်နည်းဗျူဟာပုံစံကို ချက်ချင်း အသုံးပြုလိုက်ခြင်းက သူ လျှို့ဝှက်ဆန်းကြယ် သတ္တဝါတစ်ကောင် ဖြစ်မှန်း သူတို့ ကြိုတင်သိထားကြောင်း သက်သေပြနေသည်။
နတ်သခင် လင်ရှုက
“သူနဲ့ စကားအပိုပြောနေဖို့ မလိုဘူး။ အခုချက်ချင်း ချိပ်ပိတ်လိုက်ကြစို့။”
ဝူယာနတ်သခင်၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော နတ်သခင်ကို ဆွဲမထုတ်နိုင်သေးသော်လည်း အနည်းဆုံး တစ်ယောက်ကို ချိပ်ပိတ်နိုင်ခြင်းကပင် မဆိုးလှပေ။
နတ်သခင် လင်ရှု၏ စကားအဆုံးတွင် နတ်သခင်များ အားလုံးသည် ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံထဲသို့ သူတို့၏ နတ်စွမ်းအားများကို တစ်ပြိုင်နက်တည်း ထည့်သွင်းလိုက်ကြ၏။
နောက်တစ်ခဏတွင် ပိုကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ဝူယာနတ်သခင် ခံစားလိုက်ရပြီး သူ၏အောက်ခြေ၌ အမည်းရောင် ဝဲဂယက်တစ်ခု ပေါ်လာကာ သူ၏ ခန္ဓာကိုယ်ကို အတွင်းသို့ ဆွဲသွင်းတော့သည်။
အမည်းရောင် ဝဲဂယက်၏ ဝါးမြိုခြင်းကို ဝူယာနတ်သခင် လုံးဝ ခံရတော့မည့်ဆဲဆဲတွင် သူ၏ ခန္ဓာကိုယ်တွင်းမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
ဝူယာနတ်သခင်က
“မိုက်မဲတဲ့ သွေးအစာတွေပဲ... ကောင်းကင်အဆင့် နည်းဗျူဟာပုံစံလေးတစ်ခုတည်းနဲ့ ချိပ်ပိတ်ဖို့ ကြိုးစားနေတာလား။ တကယ့်ကို စိတ်ကူးယဉ်နေတာပဲ။”
ထိုစကားများနှင့်အတူ ဝူယာနတ်သခင်၏ နောက်တွင် ပေတစ်ထောင်ခန့်မြင့်သော ဦးခေါင်းခွံ နိယာမ ကိုယ်ထည်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအရိုးစုကြီးထံမှ ပုပ်ပွခြင်းနှင့် သေခြင်းတရား အငွေ့အသက်များ သိပ်သည်းစွာ ထွက်ပေါ်နေသဖြင့် မည်သူ့ကိုမဆို စိတ်မသက်မသာ ဖြစ်စေ၏။
ထို့နောက် ချက်ချင်းပင် သူ၏လက်ထဲ၌ အရိုးတုတ်ကောက်ရှည်တစ်ခု ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို အသုံးပြုကာ ကောင်းကင်ယံရှိ နည်းဗျူဟာပုံစံ အင်းကွက်များဆီသို့ လွှဲခုတ်လိုက်သည်။
အရိုးတုတ်ကောက်ရှည်နှင့် နည်းဗျူဟာပုံစံ အင်းကွက်တို့ ထိတွေ့မိသည့် အချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားသွားပြီး နတ်သခင် လင်ရှုတို့လူစု၏ မျက်နှာအမူအရာများ သိသိသာသာ ပျက်ယွင်းသွား၏။
ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံကို ထိန်းသိမ်းထားရင်း ဝူယာနတ်သခင်၏ တုတ်ကောက်လွှဲချက်နောက်ကွယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူတို့ အထင်အရှား ခံစားလိုက်ရသည်။
နတ်သခင် လင်ရှုက အခြားနတ်သခင်များကို
“အစွမ်းကုန် ထုတ်ကြစို့”
ထို့နောက် နတ်သခင် ခြောက်ပါးစလုံး သူတို့၏ နတ်စွမ်းအား အပြည့်အဝကို ထုတ်ဖော်ကာ ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံကို အားသွန်ခွန်စိုက် လှုပ်ရှားစေခဲ့သည်။
နောက်တစ်ခဏတွင် ဝူယာနတ်သခင်၏ ခြေဖဝါးအောက်ရှိ အမည်းရောင် ဝဲဂယက် ပိုမိုကြီးမားလာပြီး ဆွဲငင်အားလည်း ပြင်းထန်လာသော်လည်း သူ၏ မျက်နှာအမူအရာကတော့ ပြောင်းလဲခြင်း မရှိသေးပေ။ ကြည့်ရတာ ချိပ်ပိတ်ခံရမည်ကို သူ စိုးရိမ်ပူပန်ပုံ မရပေ။
ဝူယာနတ်သခင်၏ နောက်ကွယ်တွင် ပေါ်ထွက်လာခြင်း မရှိသေးသည့် အခြားသော လျှို့ဝှက်ဆန်းကြယ် နတ်သခင်တစ်ပါး ရှိနေသေးသည်ဟု အမြဲ သံသယဝင်နေခဲ့ကြသဖြင့် ဤအခြေအနေက နတ်သခင် လင်ရှုတို့လူစုကို စိုးရိမ်စိတ် အနည်းငယ် ဝင်လာစေသည်။
နတ်သခင် လင်ရှုတို့လူစုသည် ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်သခင် ရုတ်တရက် ပေါ်လာမည်ကို အစိုးရိမ်ဆုံး ဖြစ်၏။
ဝူယာတစ်ယောက်တည်းကို ချိပ်ပိတ်ရန်ပင် ခက်ခဲနေပြီဖြစ်ရာ အကယ်၍ အခြားသော လျှို့ဝှက်ဆန်းကြယ် နတ်သခင်တစ်ပါးသာ ထပ်မံပေါ်လာပါက ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံ ပျက်စီးသွားနိုင်သည်။
နတ်သခင် ခြောက်ပါးစလုံး သူတို့၏ နတ်အာရုံကို ဖြန့်ကျက်ကာ ကျောက်တုံးကြီးချိုင့်ဝှမ်း၏ ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်နေကြသည်။
သို့သော်လည်း သူတို့ စိုးရိမ်သကဲ့သို့ ဖြစ်မလာပေ။ အချိန်အတော်ကြာသည်အထိ အခြားသော လျှို့ဝှက်ဆန်းကြယ် နတ်သခင်တစ်ပါးမှ ပေါ်မလာခဲ့ပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဝူယာနတ်သခင်က အရိုးတုတ်ကောက်ရှည်ကို ရူးသွပ်စွာ ဆက်တိုက်လွှဲယမ်းကာ နည်းဗျူဟာပုံစံ အတားအဆီးကို ဇွဲနပဲဖြင့် တိုက်ခိုက်နေပြီး အောက်ခြေရှိ အမည်းရောင် ဝဲဂယက်ကလည်း သူ့ကို ဆွဲမသွင်းနိုင်ဖြစ်နေသေးသည်။ ယခုတော့ သူတို့၌ ခေါင်းခဲစရာ အခြားပြဿနာတစ်ခု ရှိလာပြီဖြစ်သည်။
နတ်သခင် လင်ရှုတို့လူစု အသုံးပြုထားသည့် ချိပ်ပိတ်နည်းဗျူဟာပုံစံက ဝူယာကို ချိပ်မပိတ်နိုင်သည်ကို မြင်သော်လည်း လုချန်း အံ့ဩခြင်း မရှိပေ။
စနစ်၏ ဆုလာဘ်ဖြစ်သော ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ရရှိခဲ့စဉ်ကပင် ၎င်းသည် လျှို့ဝှက်ဆန်းကြယ် သတ္တဝါများအတွက် သီးသန့် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သူ သိခဲ့သည်။
အကယ်၍ သာမန် နည်းဗျူဟာပုံစံတစ်ခုခုဖြင့် လျှို့ဝှက်ဆန်းကြယ် သတ္တဝါကို ချိပ်ပိတ်နိုင်ပါက ၎င်းတို့သည် ကြောက်စရာကောင်းမည်မဟုတ်သလို သူ၏ ရင်ခုန်သံကိုလည်း မြန်စေမည်မဟုတ်ပေ။
လက်ရှိအခြေအနေအရ ဝူယာနတ်သခင်ကလည်း လွတ်မြောက်ရန် နည်းဗျူဟာပုံစံ အတားအဆီးကို မဖျက်ဆီးနိုင်သလို နတ်သခင် လင်ရှုတို့လူစုကလည်း သူ့ကို အတင်းအကျပ် ချိပ်မပိတ်နိုင်ပဲ ဖြစ်နေသည်။
နည်းဗျူဟာပုံစံ တည်တံ့နေစေရန်အတွက် နတ်စွမ်းအားများကိုသာ အဆက်မပြတ် ထည့်သွင်းပေးနေရုံသာ တတ်နိုင်ကြ၏။
ယခုအချိန်တွင် နတ်သခင် လင်ရှုတို့လူစု အနည်းငယ်မျှ စိတ်လျော့လိုက်သည်နှင့် ဝူယာက နည်းဗျူဟာပုံစံကို ဖျက်ဆီးပစ်နိုင်သည်။
လက်ရှိအခြေအနေအရတော့ မမျှော်လင့်ထားသော ဖြစ်ရပ်များ မရှိခဲ့လျှင် နတ်သခင်များ၏ စွမ်းအားဖြင့် နှစ်ပေါင်းများစွာအထိ အချိန်ဆွဲထားရန်က ပြဿနာမဟုတ်ပေ။
သို့သော်လည်း မကြာမီမှာပင် သူတို့ နောက်ထပ်ပြဿနာတစ်ခုကို သတိပြုမိသွားကြ၏။ ဝူယာထံမှ ထွက်ပေါ်လာသော လှည့်စားခြင်း အငွေ့အသက်များသည် ကျောက်တုံးကြီးချိုင့်ဝှမ်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး နတ်သခင် လင်ရှုတို့လူစုကိုပါ ကူးစက်လာခြင်း ဖြစ်သည်။
လှည့်စားခြင်း အငွေ့အသက်များနှင့် ထိမိသည်နှင့် ချက်ချင်းပင် သူတို့၏ နတ်အာရုံကို လာရောက်ရိုက်ခတ်သည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူတို့၏ သက်စောင့်စွမ်းအားများမှာလည်း သိသိသာသာ လျင်မြန်စွာ ကုန်ဆုံးလာသည်။
လှည့်စားခြင်း အငွေ့အသက်များ၏ ကြောက်မက်ဖွယ်ကောင်းမှုကို လုချန်းလည်း ခံစားမိ၏။ ၎င်းက လူတစ်ယောက်၏ သက်စောင့်စွမ်းအားကို ဝါးမြိုနေခြင်း ဖြစ်သည်။
နတ်သခင် လင်ရှုက လုချန်းကို
“လုချန်း... မြန်မြန် အကူအညီ သွားရှာတော့”
ဤအတိုင်းသာ ဆက်သွားပါက လှည့်စားခြင်း အငွေ့အသက်များက သူတို့ကို လျှို့ဝှက်ဆန်းကြယ် သတ္တဝါများအဖြစ် ပြောင်းလဲပစ်မည်ကို သူတို့ စိုးရိမ်နေကြသည်။
နတ်သခင် လင်ရှု၏ စကားကို ကြားလျှင် လုချန်း ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် အတားအဆီးအတွင်းရှိ ဝူယာက သွေးဆောင်ဖြားယောင်းသော လေသံဖြင့်
“အားလုံးပဲ... ခင်ဗျားတို့ရဲ့ အချိန်တွေ ကုန်ဆုံးတော့မယ်။ လှည့်စားခြင်းနယ်ပယ်ထဲကို ဘာလို့ ဝင်မလာကြတာလဲ။ ကျုပ်တို့ထဲက တစ်ယောက် ဖြစ်လာရင် ထာဝရ အသက်ရှင်နိုင်မှာ။”
နတ်သခင် လင်ရှုက အေးစက်စွာဖြင့်
“မိစ္ဆာ... ခင်ဗျားရဲ့ အလိမ်အညာတွေကို ရပ်စမ်း။”
နတ်သခင် လင်ရှု၏ ကြိမ်းမောင်းမှုကို ဝူယာနတ်သခင် ဂရုမစိုက်ပဲ အရိုးတုတ်ကောက်ရှည်ကို ဆက်လက်လွှဲယမ်းရင်း
“ကျုပ်တို့နဲ့ ပူးပေါင်းပါ... ထာဝရသက်တမ်းကို ရရှိရုံတင်မကပဲ လိုချင်တာမှန်သမျှ ရနိုင်ပြီး ဒီအကျဉ်းထောင်ကနေ လွတ်မြောက်လို့ ပြင်ပကမ္ဘာကြီးကိုလည်း သွားရောက် စူးစမ်းနိုင်မှာပါ။”
ဝူယာ၏ စကားကို ကြားရလျှင် ထိုလျှို့ဝှက်ဆန်းကြယ် သတ္တဝါများသည် သူ သံသယဝင်ခဲ့သကဲ့သို့ အခြားကမ္ဘာများမှ လာကြခြင်း အမှန်ပင် ဖြစ်ပြီး ထျန်းရန်နတ်ဘုရားနယ်မြေ၏ ပြင်ပတွင် ပိုကြီးမားသော လောကတစ်ခု ရှိနေကြောင်း လုချန်း တွေးတောမိသည်။
ထိုအခိုက်အတန့်တွင် သူတို့၏ စိတ်ဝိညာဉ်များ ပိုမိုပြင်းထန်စွာ တိုက်ခိုက်ခံနေရသည်ကို နတ်သခင် လင်ရှုတို့လူစု ခံစားလိုက်ရ၏။ သူတို့၏ ဖန်တီးခြင်း လမ်းစဉ်တွင် ပြဿနာတက်ပြီးနောက် မကြာမီ သေဆုံးခြင်းသို့ ရောက်ရတော့မည်ဟု မတွေးပဲ မနေနိုင်ဖြစ်လာကြသည်။
အကယ်၍ ထိုနေ့ ရောက်လာပါက လျှို့ဝှက်ဆန်းကြယ် သတ္တဝါများ ဖြစ်သွားခြင်းကလည်း သိပ်မဆိုးလှဟု ထင်မှတ်လာကြ၏။
အဆုံးစွန်၌ လျှို့ဝှက်ဆန်းကြယ် သတ္တဝါများသည် သေဆုံးသွားပြီဟု သတ်မှတ်ခံရသော်လည်း ထာဝရ တည်ရှိနေနိုင်သောကြောင့် ဖြစ်သည်။
ထိုအတွေး သူတို့၏ စိတ်ထဲတွင် ပေါ်လာသည်နှင့် နတ်သခင် လင်ရှု ချက်ချင်း သတိပြန်ဝင်လာသည်။
သူက အကျယ်ကြီး အော်ဟစ်လိုက်ပြီး
“စိတ်ငြိမ်ဂါထာ...”
နောက်တစ်ခဏတွင် နတ်သခင် လင်ရှုထံမှ စကားလုံးများ၏ စွမ်းအားသည် ရွှေရောင်အလင်းတန်း စာလုံးပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး ရှိနေသော နတ်သခင်အားလုံးကို လွှမ်းခြုံသွားကာ သူတို့ကို ချက်ချင်း သတိပြန်ဝင်လာစေခဲ့၏။
သတိပြန်ဝင်လာသောအခါ သူတို့ အအားလုံး ကျောရိုးထဲအထိ စိမ့်အောင် အေးစက်သွားကြသည်။
စိတ်ငြိမ်ဂါထာသာ မရှိခဲ့လျှင် မည်မျှအထိ စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်မိသွားမည်ကို မည်သူမှ မသိနိုင်ပေ။
လုချန်း ထွက်မသွားသေးသည်ကို မြင်လျှင် လုချန်း၏ စိတ်သည်လည်း လှည့်စားခြင်း အငွေ့အသက်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီလားဟု စိုးရိမ်စိတ်ဖြင့် နတ်သခင် လင်ရှု မျက်မှောင်ကြုတ်လိုက်မိသည်။
နတ်သခင် လင်ရှုက
“လုချန်း... အခုချက်ချင်း ထွက်သွားတော့”
ထိုသို့ ပြောရင်း လုချန်း၏ စိတ်ကို ကြည်လင်စေရန်အတွက် နတ်သခင် လင်ရှုက စကားလုံးများ၏ စွမ်းအားကို ထုတ်လွှတ်လိုက်၏။
သို့သော်လည်း လုချန်းက ရုတ်တရက်
“ကျုပ်မှာ သူ့ကို ချိပ်ပိတ်ဖို့ ပိုပြီး သင့်တော်တဲ့ နည်းဗျူဟာပုံစံတစ်ခု ရှိတယ်။”
ထိုအရာကို ကြားလျှင် နတ်သခင် ကန်းယာက တဟားဟား ရယ်မောရင်း
“ကောင်းကင်ကြယ်တာရာ နည်းဗျူဟာပုံစံလို ကောင်းကင်အဆင့် နည်းဗျူဟာပုံစံတောင် သူ့ကို ချိပ်ပိတ်ဖို့ ရုန်းကန်နေရတာ။ ခင်ဗျားမှာ ဘယ်လို ကောင်းတဲ့ ချိပ်ပိတ်နည်းဗျူဟာပုံစံ ရှိနိုင်မှာလဲ။ နောက်ပြီး နည်းဗျူဟာပုံစံတွေဆိုတာ ကြိုတင်ပြီး ပြင်ဆင်ထားရတာ။ မြန်မြန်သွားပြီး ကြယ်မြစ် နတ်သခင်တို့လူစုကို ခေါ်လာခဲ့တော့။”
--
……………