← Chapters

အခန်း ၁၉၀၂

Vol. 127 Ch. 1902

အခန်း ၁၉၀၂

Vol. 127 Ch. 1902

အခန်း (၁၉၀၂ )

ပင်မကိုယ် မဟုတ်နိုင်

လောဘရိပ်များ ထင်ဟပ်နေသည့် မျက်လုံးများဖြင့် သူအား စိုက်ကြည့်နေကြသော နတ်သခင်အားလုံးကို ကြည့်ရင်း လုချန်း ၏မျက်နှာထက်တွင်တော့ စိုးရိမ်တုန်လှုပ်သည့် အရိပ်အယောင် အနည်းငယ်မှ မပေါ်လွင်ခဲ့ပေ။

လုချန်းက တည်ငြိမ်စွာဖြင့်

“အမှန်ပါပဲ... ဒါက သူတော်စင် အဆင့် နည်းဗျူဟာ ပုံစံတစ်ခုပါ။”

နတ်သခင် လင်ရှုက

“ကျုပ် စိတ်ဝင်စားမိတာက ခင်ဗျား ဒီသူတော်စင် အဆင့် နည်းဗျူဟာ ပုံစံကို ဘယ်ကနေ ရလာခဲ့တာလဲဆိုတာပါပဲ။”

ထိုအခိုက်အတန့်တွင် နတ်သခင် ကန်းယာ ဆက်လက်၍ မစောင့်ဆိုင်းနိုင်တော့ပေ။ နတ်သခင် လင်ရှု စကားကြီး အရှည်ဆွဲပြောနေသော်လည်း နတ်သခင် ကန်းယာကတော့ ချက်ချင်းပင် သူ၏ နတ်သခင် အငွေ့အသက်ကို တွန့်ဆုတ်ခြင်းမရှိ ထုတ်ဖော်လိုက်ပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးကို ချိပ်ပိတ်ပစ်လိုက်၏။

နတ်သခင် ကန်းယာက

“ဒီလို အသုံးမဝင်တဲ့ စကားတွေကို ဘာလို့ အများကြီး ပြောနေမှာလဲ... သူ့ကို ဝိညာဉ်ရှာဖွေခြင်း လုပ်လိုက်ရင် ဒီသူတော်စင် အဆင့် နည်းဗျူဟာ ပုံစံ ဘယ်ကလာသလဲဆိုတာ ကျုပ်တို့ သိရမှာပေါ့။”

နတ်သခင် ကန်းယာက ဟန်ဆောင်ရန်ပင် ပျင်းရိနေသည်ကို တွေ့လိုက်ရသဖြင့် လုချန်း အသာအယာ ရယ်မောလိုက်၏။

လုချန်းက

“ကျုပ်က ခင်ဗျားတို့ကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို ချိပ်ပိတ်ဖို့ ခုလေးတင် ကူညီပေးခဲ့တာလေ... အခုကျတော့ ကျုပ်ကို ဝိညာဉ်ရှာဖွေခြင်း လုပ်ဖို့ ကြံစည်နေကြတာလား။”

လုချန်းက ဆက်လက်၍

“ဒါက ‘အလုပ်ပြီးရင် နွားသတ်’ ဆိုတဲ့ သဘောမျိုးလား။”

နတ်သခင် ကန်းယာက သွားစွယ်များကို ဖော်ပြလျက် အရူးအမူး ရယ်မောလိုက်၏။

နတ်သခင် ကန်းယာက

“’အလုပ်ပြီးရင် နွားသတ်’ ဆိုတော့ရော ဘာဖြစ်လဲ... ဒီလောကကြီးက နိုင်သူစားတမ်းပဲလေ... အကယ်၍ ခင်ဗျားသာ ကစဉ့်ကလျား ပင်လယ်ထဲကနေ ရခဲ့တဲ့ အခွင့်အရေးတွေကို လိုလိုလားလား လက်လွှဲပေးမယ်ဆိုရင် ခင်ဗျားရဲ့ အသက်ကို ကျုပ်တို့ ချမ်းသာပေးနိုင်မလားမသိဘူး။”

လုချန်းက

“ကစဉ့်ကလျား ပင်လယ်ထဲမှာ အခွင့်အရေးတွေ အများကြီးရှိတယ်လို့ ခင်ဗျား ထင်နေရင် ဘာလို့ ကိုယ်တိုင် အဲ့ဒီထဲကို ဝင်ပြီး မကြည့်ရတာလဲ။”

နတ်သခင် ကန်းယာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

နတ်သခင် ကန်းယာက

“ခင်ဗျားက လက်လွှဲမပေးချင်ဘူးဆိုမှတော့ သေလိုက်ပေတော့။”

ထိုစကားကို ပြောပြီးသည်နှင့် သူ၏ နတ်စွမ်းအားကို နတ်သခင် ကန်းယာ တိုက်ရိုက် လှုံ့ဆော်လိုက်ရာ ကောင်းကင်ထက်တွင် ဧရာမ သားရဲလက်သည်းကြီးတစ်ခု ပေါ်ပေါက်လာပြီး လုချန်းကို ဖမ်းဆုပ်ရန် ဦးတည်လာသည်။ သားရဲလက်သည်းကြီးထံမှ ထွက်ပေါ်လာသော ဖိအားများကြောင့် လုချန်း လုံးဝ မလှုပ်ရှားနိုင်အောင် ဖြစ်သွား၏။

ထိုအခိုက်အတန့်တွင် လုချန်းသည် နတ်ဘုရင်၏ ကျိန်စာ စွမ်းအားကို ကုန်ဆုံးအောင် အသုံးပြုပြီး ဖြစ်နေပြီဖြစ်သည်။ သူ၏ ယခုခန္ဓာကိုယ်မှာ ရွှေနတ် အဆင့်၌သာ ရှိသဖြင့် နတ်သခင် ခြောက်ဦးနှင့် ရင်ဆိုင်ရချိန်တွင် သဘာဝအတိုင်းပင် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

မကြာမီ လုချန်းကို ဟင်းလင်းပြင်ထဲမှ သားရဲလက်သည်းကြီးက ဖမ်းဆုပ်လိုက်၏။ နတ်သခင် ကန်းယာ လုချန်းကို ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ရန် ပြင်ဆင်နေစဉ်မှာပင် အဝေးဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။

အဝေးမှ အသံက

“ကျုပ့်ကို မစောင့်ပဲ လုချန်းကို ဝိညာဉ်ရှာဖွေခြင်း လုပ်ရဲတယ်ပေါ့... ဒါက ခမ်းနားသော ကောင်းကင်ခန်းမ ကို ဖယ်ထားပြီး လုချန်းဆီက အခွင့်အရေးတွေကို ခင်ဗျားတို့အချင်းချင်း ခွဲဝေယူချင်လို့လား။”

ထိုအသံ ဆုံးသည်နှင့် ချက်ချင်းပင် ကျောက်တုံးကြီးချိုင့်ဝှမ်း၏ အထက်ကောင်းကင်တွင် ကြယ်မြစ် နတ်သခင် ပေါ်လာသည်။ ကြယ်မြစ် နတ်သခင် ဤမျှ မြန်ဆန်စွာ ရောက်ရှိလာသည်ကို တွေ့ရသဖြင့် နတ်သခင် လင်ရှုနှင့် နတ်သခင် ကန်းယာတို့ မျက်မှောင်အနည်းငယ် ကြုတ်သွားကြ၏။

အမှန်အတိုင်း ပြောရလျှင် သူတို့သည် ကြယ်မြစ် နတ်သခင် မရှိခိုက် လုချန်းထံမှ အခွင့်အရေးများကို လုယူခွဲဝေကာ ထွက်ခွာသွားရန် တကယ် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့ လုချန်းထံမှ မည်သည့်အခွင့်အရေးမှ မရရှိခဲ့ကြောင်း ငြင်းဆိုနေသရွေ့ ကြယ်မြစ် နတ်သခင်လည်း သူတို့အား မည်သို့မှ တုံ့ပြန်နိုင်မည် မဟုတ်ပေ။

သို့သော် ကြယ်မြစ် နတ်သခင် ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။ ယခု ကြယ်မြစ် နတ်သခင် ရောက်ရှိလာပြီဖြစ်ရာ သူတို့၏ အစီအစဉ်များ ပျက်ပြားသွားတော့သည်။

ကြယ်မြစ် နတ်သခင်ကို တွေ့လိုက်ရလျှင် လုချန်းက အေးစက်စွာ မေးလိုက်၏။

လုချန်းက

“ကြယ်မြစ် ခန်းမသခင်... ဒါက ဘာသဘောလဲ။”

“ခင်ဗျားကလည်း သူတို့လိုပဲ ကျုပ့်ကို ဝိညာဉ်ရှာဖွေခြင်း လုပ်ဖို့ ကြံစည်နေတာလား။”

“ကျုပ် မှတ်မိသလောက်တော့ ကစဉ့်ကလျား ပင်လယ်ရဲ့ မှတ်ဉာဏ်တွေကို ခင်ဗျားကို ပြခဲ့ပြီးပြီလေ... ကျုပ် အဲ့ဒီကနေ ဘာအခွင့်အရေးမှ မရခဲ့ဘူးဆိုတာ ခင်ဗျား သိသင့်ပါတယ်။”

ကြယ်မြစ် နတ်သခင်က

“အမှန်ပဲ... ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ကျုပ် မြင်ခဲ့ရပါတယ်... ဒါပေမဲ့ မှတ်ဉာဏ်ဆိုတာ အတု လုပ်လို့ရတယ်လေ... ဒါ့အပြင် ခင်ဗျား ကျုပ်ကို ပြခဲ့တဲ့ မှတ်ဉာဏ်တွေက မပြည့်စုံဘူး... ဒါကြောင့် ခင်ဗျား ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ကျုပ် အရမ်း စိတ်ဝင်စားနေတာ။”

ကြယ်မြစ် နတ်သခင်က

“ခင်ဗျားဘက်က မှတ်ဉာဏ်အားလုံးကို ဖွင့်ဟဖို့ ငြင်းဆန်နေမှတော့ ကျုပ့်ဘာသာ ကိုယ်တိုင် ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ဘူး။”

လုချန်းက

“ကျုပ်က လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ဖြစ်ပြီး တောင်ထိပ်သခင်တစ်ဦးရဲ့ တပည့်ရင်းလည်း ဖြစ်တယ်... ကျုပ်ကို ရန်ပြုရင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို အမျက်ဒေါသထွက်စေပြီး နတ်ဘုရား နယ်မြေထဲမှာ စစ်ပွဲတစ်ခု ဖြစ်ပွားလာမှာကို ခင်ဗျားတို့ မကြောက်ကြဘူးလား။”

ကြယ်မြစ် နတ်သခင်က ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်၏။

“ဟား ဟား ဟား...ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူမှ သိမှာမဟုတ်ဘူး... တစ်ယောက်ယောက်က သိသွားရင်တောင် ဒါကို မဟာအင်အားကြီးအုပ်စု သုံးခုက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ခင်ဗျားတစ်ယောက်တည်းအတွက်နဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်က အုပ်စုသုံးခုလုံးကို စစ်မကြေညာဝံ့ပါဘူး... ဒါကြောင့် စိတ်အေးအေးထားပြီး သေလိုက်ပါတော့။”

ထိုသို့ပြောပြီးနောက် လုချန်းကို တိုက်ခိုက်ရန် ကြယ်မြစ် နတ်သခင် ပြင်ဆင်လိုက်သည်။

လုချန်း အသာအယာ ရယ်မောလိုက်ပြန်၏။

“ကျုပ့်ကို ဝိညာဉ်ရှာဖွေခြင်း လုပ်ချင်ရင်တော့ စိတ်ကြိုက်သာ စမ်းသပ်ကြည့်လိုက်ပါတော့။”

ထိုသို့ပြောလိုက်သည်နှင့် လုချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ နတ်စွမ်းအားများ ရုတ်တရက် ကျုံ့ဝင်သွားပြီး သူ၏ ချက္ကရအတွင်းသို့ စုဆုံသွား၏။ လုချန်းထံမှ နတ်စွမ်းအား စီးဆင်းမှုလှိုင်းများကို ခံစားမိပြီး သူ၏ နီရဲတောက်ပလာသော မျက်နှာကို မြင်လိုက်ရလျှင် ရှိနေကြသော နတ်သခင်များအားလုံး တစ်ခုခု မှားယွင်းနေပြီဆိုတာကို ချက်ချင်း ရိပ်မိသွားကြ၏။

ကြယ်မြစ် နတ်သခင်၏ မျက်နှာအမူအရာလည်း အနည်းငယ် ပျက်ယွင်းသွား၏။

ကြယ်မြစ် နတ်သခင်က

“မကောင်းတော့ဘူး... သူ ကိုယ့်ကိုယ်ကို ဖောက်ခွဲတော့မယ်။”

နောက်တစ်စက္ကန့်၌ လုချန်း၏ ခန္ဓာကိုယ် ကျယ်လောင်စွာ ပေါက်ကွဲသွားတော့၏။ သို့သော် လုချန်းသည် ရွှေနတ် ကျင့်စဉ်အဆင့်မျှသာ ရှိသဖြင့် သူ၏ ပေါက်ကွဲမှုက ရှိနေသော နတ်သခင်များအား ကြီးမားသော ထိခိုက်မှု မပေးနိုင်ပေ။

သို့တိုင်အောင် လုချန်း၏ ရုတ်တရက် ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုက နတ်သခင်များကို အလွန် အကျပ်ရိုက်သွားစေ၏။ သူတို့သည် လုချန်းကို ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ကာ သူပိုင်ဆိုင်သော အခွင့်အရေးများကို ဖော်ထုတ်ရန် ပြင်ဆင်နေခါမှ လုချန်းက ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လိုက်သဖြင့် အခွင့်အရေးများ ထာဝရ ပျောက်ကွယ်သွားပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကြယ်မြစ် နတ်သခင်က မည်းမှောင်သော မျက်နှာထားဖြင့်

“ဒါက လုချန်းရဲ့ ပင်မကိုယ် မဟုတ်တာ ဧကန်မုချပဲ... သူ့ရဲ့ ပင်မကိုယ်က အခြားတစ်နေရာမှာ ပုန်းနေရမယ်။”

ကြယ်မြစ် နတ်သခင်၏ စကားကို ကြားရလျှင် နတ်သခင်များအားလုံး သတိပြန်ဝင်လာကြ၏။ လုချန်းသည် အသက်ချမ်းသာပေးရန်ပင် တောင်းပန်ခြင်း မရှိပဲ ဤမျှ ပြတ်ပြတ်သားသား ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခဲ့သည်။

မည်သူမဆို အသက်ရှင်လိုစိတ် ရှိကြစမြဲ ဖြစ်ရာ ကစဉ့်ကလျား ပင်လယ်ထဲမှ ဘေးကင်းစွာ ထွက်လာနိုင်ခဲ့သော လုချန်းကဲ့သို့သော လူမျိုးက သူအသက်ကို ဤမျှ တန်ဖိုးမထားပဲ စွန့်လွှတ်လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြပေ။

ကြယ်မြစ် နတ်သခင်က ဆက်လက်၍

“လျှို့ဝှက်လဝန်း နန်းတော် နဲ့ လုချန်းတို့ရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး... ကျုပ်တို့ လျှို့ဝှက်လဝန်းနန်းတော်သခင်ကို ဖမ်းဆီးနိုင်ရင် လုချန်းရဲ့ ပင်မကိုယ် ဘယ်မှာလဲဆိုတာကို အကျပ်ကိုင် မေးမြန်းနိုင်လိမ့်မယ်။”

ထိုအရာကို ကြားလျှင် နတ်သခင် ကန်းယာက ချက်ချင်းပင် တုံ့ပြန်လိုက်၏။

“ဒါဆို အချိန်ဖြုန်းမနေနဲ့တော့... လျှို့ဝှက်လဝန်းနန်းတော်ကို အမြန်ဆုံး သွားရှာကြစို့... တကယ်လို့ သူ လွတ်မြောက်သွားရင် လုချန်းကို ထပ်ပြီး ဖမ်းမိဖို့က အရမ်း ခက်ခဲသွားလိမ့်မယ်။”

ကြယ်မြစ် နတ်သခင်က

“ကျုပ်နောက်ကို လိုက်ခဲ့ကြ။”

ထိုသို့ပြောပြီးနောက် နတ်သခင်များကို ကြယ်မြစ် နတ်သခင် ဦးဆောင်ကာ လျှို့ဝှက်လဝန်းနန်းတော် ထံသို့ ဦးတည်လိုက်၏။

မကြာမီ သူတို့ နေဝင်တောင်တန်းသို့ ရောက်ရှိသွားကြ၏။ ထိုနေရာတွင် နတ်သခင်ထိုက်ဟွာ နှင့် ယွမ်ယုတိတို့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြဆဲ ဖြစ်သော်လည်း မည်သူမှ ထပ်မံ လှုပ်ရှားခြင်း မရှိကြသေးပေ။ ကြယ်မြစ် နတ်သခင် ထွက်ခွာသွားကတည်းက နတ်သခင်ထိုက်ဟွာနှင့် ယွမ်ယုတိ တို့သည် တိုက်ပွဲကို ရပ်တန့်ထားခဲ့ပြီး အခြေအနေကိုသာ စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

နတ်သခင် အုပ်စုတစ်စုနှင့်အတူ ကြယ်မြစ် နတ်သခင် ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရလျှင် ယွမ်ယုတိ မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ ထိုအခိုက်အတန့်တွင် နတ်သခင်ထိုက်ဟွာလည်း ကြယ်မြစ် နတ်သခင်၏ နောက်မှ နတ်သခင်များကို ဇဝေဇဝါဖြစ်စွာ စိုက်ကြည့်နေမိ၏။

အရိုင်းနယ်မြေသို့ သူတို့လာရောက်ရသည့် ရည်ရွယ်ချက်က ထူးဆန်းသော သတ္တဝါများကို ချိပ်ပိတ်ရန် ဖြစ်သည်ကို နတ်သခင်ထိုက်ဟွာကတော့ မသိရှာပေ။ ဤမျှ များပြားလှသော နတ်သခင်များ တစ်ပြိုင်နက်တည်း ပေါ်လာသည်ကို မြင်ရသဖြင့် ၎င်းတို့ မည်သည့်နေရာမှ ရောက်ရှိလာကြသနည်းဟု သူ အလွန် စိတ်ဝင်စားနေမိ၏။

ကြယ်မြစ် နတ်သခင် နားသို့ နတ်သခင်ထိုက်ဟွာ တစ်လှမ်း တိုးကပ်သွားလိုက်၏။

နတ်သခင်ထိုက်ဟွာက

“ခန်းမသခင်... ဘာတွေ ဖြစ်ပျက်နေတာလဲ... ဝူယာ ရော ဘယ်မှာလဲ။”

ကြယ်မြစ် နတ်သခင်က

“ဒါကို နောက်မှ ဆွေးနွေးကြတာပေါ့”

ထို့နောက် ကြယ်မြစ် နတ်သခင်သည် အဝေးရှိ ယွမ်ယုတိ ထံသို့ အကြည့်ကို လွှဲပြောင်းလိုက်ပြီး တိုက်ရိုက် မေးမြန်းလိုက်၏။

“လျှို့ဝှက်လဝန်းနန်းတော်သခင်... ခင်ဗျား လုချန်းရဲ့ ပင်မကိုယ် ဘယ်မှာလဲဆိုတာ သိနေတယ် မဟုတ်လား။”

“လုချန်းရဲ့ ပင်မကိုယ် ရှိတဲ့နေရာကို ကျုပ်တို့ကို ပြောပြပေးပါ။”

ထိုစကားများကို ကြားလိုက်ရလျှင် ၎င်းတို့ လုချန်းကို ရန်ပြုလိုက်ပြီဖြစ်ကြောင်း ယွမ်ယုတိ အသေအချာ သိသွား၏။ သူမက ရှိနေကြသော နတ်သခင် ရှစ်ဦးကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူမ၏ နောက်ကွယ်၌ ဧရာမ လပြည့်ဝန်းကြီးတစ်ခု ပေါ်ထွက်လာ၏။

သူမ၏ နတ်ကိုယ်ထည် စွမ်းအားကို တိုက်ရိုက် ယွမ်ယုတိက လှုံ့ဆော်လိုက်သည်ကို မြင်လျှင် ကြယ်မြစ် နတ်သခင်က

“ခင်ဗျား အရမ်း အင်အားကြီးတယ်ဆိုတာကို ကျုပ် ဝန်ခံပါတယ်... ဒါပေမဲ့ အခု ကျုပ်တို့ဘက်မှာ နတ်သခင် ရှစ်ယောက် ရှိနေတာလေ... ခင်ဗျားဘက်က အောင်မြင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိမယ်လို့ ထင်နေတာလဲ။”

ယွမ်ယုတိက

“နေဝင်တောင်တန်းထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီး ချိပ်ပိတ်ခံထားရတယ်လို့ လုချန်း ပြောပြတာကို ကျွန်မ ကြားခဲ့ရတယ်... ကျွန်မရဲ့ တစ်သက်မှာ အဲဒီလို ထူးဆန်းတဲ့ သတ္တဝါမျိုးကို တစ်ခါမှ မမြင်ဖူးသေးဘူး... ဒါကြောင့် သူတို့ ဘယ်လိုပုံစံလဲဆိုတာ ကျွန်မ အရမ်း သိချင်နေတာ... သူတို့ကို အကုန် လွှတ်ပေးပြီး ကြည့်လိုက်ရင် ဘယ်လိုလဲ။”

ယွမ်ယုတိ၏ စကားကို ကြားလျှင် နတ်သခင်များ၏ စိတ်များဗလာ ဖြစ်သွားကြပြီး သူမ ထပ်မံ လှုပ်ရှားလာမည်ကို စိုးရိမ်စိတ်ဖြင့် အသေအချာ စိုက်ကြည့်နေမိကြတော့သည်။

--

………….

All Chapters