← Chapters

အခန်း ၁၉၀၃

Vol. 127 Ch. 1903

အခန်း ၁၉၀၃

Vol. 127 Ch. 1903

အခန်း (၁၉၀၃ )

လုချန်း၏ ပင်မကိုယ် လျှို့ဝှက်လဝန်း ကျောင်းတော်တွင် ရှိနိုင်သည်

နတ်သခင် ကန်းယာက ထိုအခိုက်အတန့်တွင် ဒေါသတကြီးဖြင့်

“ခင်ဗျားတို့ ရူးနေကြတာလား။ သေချင်ရင်လည်း ကျုပ်တို့ကို ဆွဲမထည့်နဲ့။”

နေဝင်တောင်တန်း၏ ဆန်းကြယ်သော သတ္တဝါအားလုံးကို လွှတ်ပေးလိုက်မည်ဆိုပါက တစ်လောကလုံးအတွက် ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်လာလိမ့်မည်။ ဆန်းကြယ်သော သတ္တဝါတစ်ကောင်တည်းကိုပင် စောစောက သူတို့ မနည်း ချိပ်ပိတ်ခဲ့ရ၏။

ထို့ပြင် ခုနက လုချန်း ပေးအပ်ခဲ့သည့် သူတော်စင်အဆင့် နည်းဗျူဟာပုံစံသာ မရှိခဲ့ပါက ဝူယာနတ်သခင်ကို သူတို့ ချိပ်ပိတ်နိုင်ခဲ့ကြလိမ့်မည် မဟုတ်ပေ။

ထိုသတ္တဝါအားလုံးကိုသာ လွှတ်ပေးလိုက်ပါက ပြန်လည်ချိပ်ပိတ်ဖို့ မဆိုထားနှင့် အရိုင်းနယ်မြေထဲမှ သူတို့ကိုယ်တိုင် အသက်ရှင်လျက် ထွက်ခွာနိုင်ရန်ပင် မသေချာတော့ပေ။

ထိုစဉ် ကြယ်မြစ်နတ်သခင်၏ မျက်ခုံးများ တွန့်သွား၏။ နေဝင်တောင်တန်း အနီးတွင် ယွမ်ယုတိ အဘယ်ကြောင့် အမြဲတစေ စောင့်ကြပ်နေခဲ့ကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်၏။

လုချန်း သို့မဟုတ် လျှို့ဝှက်လဝန်းနန်းတော်ကို သူတို့ တိုက်ခိုက်ဝံ့ပါက နေဝင်တောင်တန်း၏ ချိပ်ပိတ်မှုကို ဓားစာခံသဖွယ် အသုံးချကာ ခြိမ်းခြောက်ရန် ကြံစည်ထားခြင်းဖြစ်သည်။ သူတို့သည် အစကတည်းက ဆုတ်လမ်းကို တွက်ချက်ထားခဲ့ခြင်း ဖြစ်၏။

ယွမ်ယုတိက ထိုကဲ့သို့သော အရာကို တကယ် လုပ်ဆောင်ရဲ၊ မရဲကိုတော့ ထိုနေရာတွင် ရှိနေသူ မည်သူမှ လောင်းကြေးမထပ်ဝံ့ကြပေ။ ယွမ်ယုတိက ထိုကဲ့သို့သော အရူးမမျိုး ဖြစ်နေမလားဆိုတာကို မည်သူက သိနိုင်မည်နည်း။

အကယ်၍ ယနေ့တွင် သူမကိုယ်သူမ သေဘေးကြုံရတော့မည်ဟု ယွမ်ယုတိ ယူဆသွားပါက သူတို့အားလုံးကိုပါ သူမနှင့်အတူ သေဖော်ညှိပြီး နေဝင်တောင်တန်း၏ ချိပ်ပိတ်မှုကို ဖောက်ခွဲဖျက်ဆီးပစ်ရန် ရွေးချယ်နိုင်ပေသည်။

ထိုသို့ဆိုလျှင် မည်သို့လုပ်ကြမည်နည်း။

ထိုအခိုက်အတန့်တွင် ရောက်ရှိနေသော နတ်သခင်များ ဘာလုပ်ရမှန်းမသိပဲ ဇဝေဇဝါဖြစ်လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ နှစ်ဖက်စလုံး တင်းမာစွာဖြင့် အခြေအနေက အေးခဲသွား၏။

အချိန်မည်မျှကြာသွားသည်မသိ ကြယ်မြစ်နတ်သခင်က အနည်းငယ် ပြုံးလိုက်ရင်း

“နန်းတော်သခင် ယွမ်... ဒီလောက်အထိ ထိတ်လန့်နေဖို့ မလိုပါဘူး။ ကျုပ်တို့က ဆန်းကြယ်တဲ့ သတ္တဝါတွေနဲ့ ပတ်သက်တဲ့ ကိစ္စကို လုချန်းနဲ့ စကားစမြည် ပြောချင်ရုံသက်သက်ပါ။”

နတ်သခင် လင်ရှုကလည်း ဘေးမှနေ၍

“ကြယ်မြစ်နတ်သခင် ပြောတာ မှန်ပါတယ်။ စောစောက လုချန်းရဲ့ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပုံစံကြောင့်သာ ဆန်းကြယ်တဲ့ သတ္တဝါကို ကျုပ်တို့ ချိပ်ပိတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ လုချန်းရဲ့ ကိုယ်ပွားက ဆန်းကြယ်တဲ့ သတ္တဝါကြောင့် ကံဆိုးစွာ သေဆုံးသွားခဲ့တာမို့ လုချန်း အခု ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ကျုပ်တို့ မေးမြန်းချင်ရုံပါ။”

“လုချန်းရဲ့ သူတော်စင်အဆင့် နည်းဗျူဟာပုံစံက ဆန်းကြယ်တဲ့ သတ္တဝါတွေကို ချိပ်ပိတ်ဖို့အတွက် အလွန်ပဲ အသုံးဝင်လှပါတယ်။ ဒီလောကသားတွေအတွက် တွေးပြီး သူတော်စင်အဆင့် နည်းဗျူဟာပုံစံကို မဟာအင်အားကြီးအုပ်စုတွေနဲ့ မျှဝေပေးနိုင်မယ်လို့ ကျုပ်တို့ မျှော်လင့်မိပါတယ်။”

နတ်သခင် လင်ရှု၏ စကားကို ကြားလျှင် ကြယ်မြစ်နတ်သခင် အံ့အားသင့်လျက် တုံ့ခနဲ ဖြစ်သွားရ၏။

ကျောက်တုံးကြီး ချိုင့်ဝှမ်းသို့ သူ နောက်ကျမှ ရောက်ရှိလာခြင်း ဖြစ်သဖြင့် ထိုနေရာတွင် ဘာဖြစ်ခဲ့သည်ကို မသိခဲ့ပေ။ နတ်သခင် လင်ရှု ပြောပြသည်ကို ကြားမှသာ သူ အလုံးစုံကို ရိပ်မိနားလည်သွားရခြင်း ဖြစ်၏။

ဝူယာနတ်သခင်ကို ချိပ်ပိတ်နိုင်ခဲ့ခြင်းမှာ တကယ်ပင် လုချန်း၏ စွမ်းဆောင်ချက်ကြောင့် ဖြစ်နေပါလား။

နတ်သခင် လင်ရှုနှင့် နတ်သခင် ကန်းယာတို့က လုချန်းကို ဝိညာဉ်ရှာဖွေရန် အဘယ်ကြောင့် ဤမျှအထိ အလောတကြီး ဖြစ်နေခဲ့ကြသည်ကို ယခုမှပင် သူ သဘောပေါက်သွားတော့သည်။ လုချန်းက သူတော်စင်အဆင့် နည်းဗျူဟာပုံစံကိုပင် ထုတ်ပြခဲ့ပြီးဖြစ်ရာ သူသည် ကစဉ့်ကလျား ပင်လယ်အတွင်း၌ အခွင့်အလမ်း အမြောက်အမြားကို ရရှိခဲ့ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။

သို့သော် ယခုအချိန်တွင်တော့ ထိုအရာများက အရေးမကြီးတော့ပေ။ အကြောင်းမှာ ယွမ်ယုတိက သူမ၏ နတ်ကိုယ်ထည်ကို တိုက်ရိုက် လှုံ့ဆော်သက်ဝင်စေခဲ့ပြီး ဖြစ်သောကြောင့်ပင်။

အကယ်၍ သူတို့က ယွမ်ယုတိကို တကယ် လက်ဦးမှုယူ တိုက်ခိုက်ခဲ့လျှင် သူမ၏ စွမ်းအားဖြင့် နေဝင်တောင်တန်းအတွင်းရှိ ချိပ်ပိတ်မှုအချို့ကို ဧကန်မုချ ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။ ဆန်းကြယ်သော နတ်သခင်အဆင့် သတ္တဝါအနည်းငယ်သာ လွတ်မြောက်လာပါက ယနေ့တွင် သူတို့အားလုံး အရိုင်းနယ်မြေ၌ပင် အသက်ပျောက်သွားကြရပေလိမ့်မည်။

ယွမ်ယုတိက ထိုအခိုက်အတန့်တွင် မည်သည့်ခံစားချက်မှ မရှိသော မျက်နှာထားဖြင့်

“လုချန်းက အရိုင်းနယ်မြေထဲမှာ မရှိဘူး။ သူ့ရဲ့ တည်နေရာနဲ့ ပတ်သက်ရင်တော့ ရှင်တို့ဘာသာ ရှင်တို့ပဲ ရှာဖွေလိုက်ကြပေါ့။”

လူအများစုက ယွမ်ယုတိ၏ စကားကို ဧကန်မုချ မယုံကြည်ကြသော်လည်း သူမကို အတင်းအကျပ် ဆက်လက်မေးမြန်းရန်တော့ မဝံ့ရဲကြပေ။

နတ်သခင် လင်ရှုက ကြယ်မြစ်နတ်သခင်ထံသို့ အသံလှိုင်းဖြင့် သတင်းပို့လိုက်ရင်း

“ကြယ်မြစ် ခန်းမသခင်... ခင်ဗျားမှာ ဘာအကြံဉာဏ်ရှိလဲ။”

ကြယ်မြစ်နတ်သခင်ကလည်း အသံလှိုင်းဖြင့်ပင် တုံ့ပြန်လိုက်၏။

“သူက နေဝင်တောင်တန်းရဲ့ ချိပ်ပိတ်မှုတွေကို တကယ် ဖျက်ဆီးပစ်မလားဆိုတာ မခန့်မှန်းနိုင်ဘူး။ ကျုပ်တို့ ဒီလိုစွန့်စားမှုမျိုးကို မလုပ်နိုင်ဘူး။ အခုလောလောဆယ် အရိုင်းနယ်မြေကနေ အရင်ဆုံး ထွက်ခွာပြီးမှပဲ လုချန်းရဲ့ ပင်မကိုယ်ကို ရှာဖွေဖို့ လူတွ စေလွှတ်ကြတာပေါ့။”

လျှို့ဝှက်လဝန်းနန်းတော်သည် နေဝင်တောင်တန်း၏ ဘေးနားမှာတင် ရှိနေခြင်းကြောင့် ယွမ်ယုတိကို ခြိမ်းခြောက်ရန် လုံးဝ မဖြစ်နိုင်တော့တာကတော့ ထင်ရှားလှသည်။

လုချန်း ပိုင်ဆိုင်ထားသည့် အခွင့်အလမ်းများကို သူတို့ အလွန် စိတ်ဝင်စားကြသော်လည်း သူတို့၏ အသက်ကိုတော့ ပိုတန်ဖိုးထားကြ၏။ ထိုအခွင့်အလမ်းများအတွက်နှင့် သူတို့၏ အသက်ကို အဆုံးရှုံးမခံလိုကြပေ။

အဆုံးတွင်တော့ အသက်ရှင်သန်လျက် နတ်သခင်အဆင့်သို့ ရောက်ရှိလာနိုင်သူများ ဖြစ်ကြသဖြင့် သူတို့တစ်ဦးချင်းစီတိုင်းသည် အလွန်ပင် ပါးနပ်လွန်းကြ၏။

ကြယ်မြစ်နတ်သခင်က

“လျှို့ဝှက်လဝန်းနန်းတော်သခင်က ဒီလိုပြောမှတော့ ကျုပ်တို့လည်း ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး။ ဒါပေမဲ့ နန်းတော်သခင်အနေနဲ့ လုချန်းနဲ့ တွေ့တဲ့အခါ ဆန်းကြယ်တဲ့ သတ္တဝါတွေကို ခုခံတွန်းလှန်နိုင်ဖို့အတွက် ကစဉ့်ကလျား ပင်လယ်ထဲမှာ သူရခဲ့တဲ့ အခွင့်အလမ်းတွေကို လောကသားတွေအတွက် မျှဝေပေးဖို့ ပြောပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ရဲ့ အင်အားတစ်ခုတည်းနဲ့တော့ အဲ့ဒီထူးဆန်းတဲ့ စစ်တပ်ကြီးကို ခုခံနိုင်မှာ မဟုတ်လို့ပါ။”

ယွမ်ယုတိကတော့ ရှေ့တွင်ရှိနေသော နတ်သခင်များကို အေးစက်စွာသာ ကြည့်နေပြီး နှုတ်ဆိတ်နေခဲ့၏။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အေးစက်လှသည့် စွမ်းအားများကတော့ နေဝင်တောင်တန်းအတွင်းရှိ ချိပ်ပိတ်မှုများကို အချိန်မရွေး ဖျက်ဆီးပစ်ရန် အသင့်ရှိနေပုံရသည်။

ကြယ်မြစ်နတ်သခင် အပါအဝင် နတ်သခင်အုပ်စုလည်း ထိုနေရာတွင် ဆက်မနေကြတော့ပေ။ ယွမ်ယုတိထံမှ လုချန်း၏ ပင်မကိုယ်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမှ မရရှိနိုင်တော့ကြောင်း ‌သဘောပေါက်ပြီးနောက် အရိုင်းနယ်မြေမှ သူတို့ ထွက်ခွာသွားကြတော့သည်။

ပြန်လမ်းတွင် ကြယ်မြစ်နတ်သခင်က မည်းမှောင်နေသော မျက်နှာထားဖြင့် နတ်သခင် လင်ရှုတို့ လူစုကို

“နတ်သခင် လင်ရှု... နတ်သခင် ကန်းယာ... လုချန်းက သူတော်စင်အဆင့် နည်းဗျူဟာပုံစံကို ထုတ်ပြခဲ့တုန်းက ကျုပ်ကို အကြောင်းမကြားခဲ့တာက နည်းနည်းတော့ မရိုးသားဘူး မထင်ကြဘူးလား။”

ထိုအရာကို ကြားလျှင် နတ်သခင် လင်ရှုက ခပ်ဖွဖွ ရယ်မောလိုက်ရင်း

“ကျုပ်တို့က လျှို့ဝှက်လဝန်းနန်းတော်သခင်ကို ရှာဖို့ လောနေတာကြောင့် ခင်ဗျားကို အကြောင်းကြားဖို့ အချိန်မရလိုက်တာပါ။”

ကြယ်မြစ်နတ်သခင်က မှောင်မိုက်သော မျက်နှာဖြင့် ဆက်လက်၍

“အကယ်၍ ကျုပ်သာ စောစောက ကျောက်တုံးကြီးချိုင့်ဝှမ်းကို မသွားခဲ့ရင် ခင်ဗျားတို့ဘာသာ အခွင့်အလမ်းတွေကို သိမ်းပိုက်ပြီး ခမ်းနားသော ကောင်းကင်ခန်းမကို အသိပေးမှာ မဟုတ်ဘူးမလား။”

နတ်သခင် လင်ရှုက

“ကြယ်မြစ်ခန်းမသခင်... ခင်ဗျား အတွေးလွန်နေပါပြီ။ ကျုပ်တို့က မဟာမိတ်တွေပဲလေ။ ဘယ်လိုလုပ် ဒီလိုအတွေးမျိုး ရှိနိုင်မှာလဲ။”

“ပြီးတော့ အခုအချိန်မှာ ဒါတွေကို ငြင်းခုံနေလည်း အပိုပါပဲ။ လုချန်းကို ရှာဖွေဖို့ကိုပဲ အာရုံစိုက်ကြရအောင်။”

နတ်သခင် ကန်းယာက

“ကျုပ်အထင်တော့ လုချန်းရဲ့ ပင်မကိုယ်က လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာပဲ ရှိနေဦးမှာ သေချာတယ်။ သူက အခု လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့အပြင် တောင်ထိပ်သခင်တစ်ယောက်ရဲ့ တပည့်ရင်းလည်း ဖြစ်နေတာလေ။ သူက ဘာဖြစ်လို့ ဘေးကင်းလှတဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို စွန့်ခွာပြီး အရိုင်းနယ်မြေလို ခေါင်တဲ့နေရာကို လာရမှာလဲ။”

နတ်သခင် ကန်းယာ၏ တွေးတောဆင်ခြင်မှုကို ကြားရလျှင် ကြယ်မြစ်နတ်သခင်နှင့် နတ်သခင် လင်ရှု နှစ်ဦးစလုံးလည်း အကျိုးအကြောင်းဆီလျော်သည်ဟု ယူဆမိကြ၏။

ကြယ်မြစ်နတ်သခင်က

“ဆန်းကြယ် သတ္တဝါတွေကို ချိပ်ပိတ်ပြီးရင် ကျုပ်တို့ သူ့ကို တစ်ခုခု လုပ်လိမ့်မယ်ဆိုတာကို လုချန်းက အစကတည်းက ကြိုတင်ခန့်မှန်းမိပုံရတယ်။”

“အခု ကျုပ်တို့ မအောင်မြင်ခဲ့ဘူးဆိုတော့ နောင်ကျရင် လုချန်းကို ဖမ်းဆီးဖို့က ခက်ခဲသွားလိမ့်မယ်။ သူက လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာပဲ ပုန်းအောင်းနေပြီး ဘယ်တော့မှ ထွက်လာမှာ မဟုတ်တော့ဘူး။ လျှို့ဝှက်လဝန်း ကျောင်းတော်ကနေ လုချန်းကို အပ်နှံလာအောင် ဖိအားပေးနိုင်မယ့် နည်းလမ်းကို ကျုပ်တို့ ရှာဖွေရမယ်။”

နတ်သခင် ကန်းယာက

“ကျုပ်တို့ရဲ့ မဟာမိတ်ခေါင်းဆောင်ကြီးကို လျှို့ဝှက်လဝန်း ကျောင်းတော်နဲ့ စစ်ခင်းဖို့ အကြံပြုလိုက်မယ်။ လုချန်းက သူတော်စင်အဆင့် နည်းဗျူဟာပုံစံကို ထုတ်ပေးနိုင်ခဲ့တယ်ဆိုတော့ သူ့မှာ ပိုပြီး ကြီးမားတဲ့ အခွင့်အလမ်းတွေ ရှိနေနိုင်တယ်ဆိုတာကို ပြနေတာပဲ။ ဖြစ်နိုင်တာက ဧကရာဇ်အဆင့် ရောက်ရှိနိုင်မယ့် အခွင့်အရေးမျိုးတောင် ဖြစ်နိုင်တယ်။”

“နတ်ဧကရာဇ် အမြောက်အမြားဟာ ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်ရောက်သွားခဲ့ကြပြီး ဘယ်တော့မှ ပြန်မလာခဲ့ကြဘူး။ ကစဉ့်ကလျား ပင်လယ်ထဲမှာ နတ်ဧကရာဇ်တွေ ချန်ထားခဲ့တဲ့ ထောင်ပေါင်းများစွာသော ရတနာတွေ ရှိနေတယ်။ အကယ်၍ လုချန်းက သူတော်စင်အဆင့် နည်းဗျူဟာပုံစံကို ရရှိခဲ့တယ်ဆိုရင် သူဟာ နတ်ဧကရာဇ်တစ်ပါးရဲ့ ဂူဗိမာန် ဒါမှမဟုတ် အမွေအနှစ်တွေနဲ့ ထိတွေ့ခွင့်ရခဲ့တာကို သက်သေပြနေတာပဲ။”

“ဒီလောက်အထိ တန်ဖိုးရှိတဲ့ အရာတွေကို လျှို့ဝှက်လဝန်း ကျောင်းတော် တစ်ခုတည်းက ရယူလို့မရဘူး။ ဒါ့အပြင် ဆန်းကြယ် သတ္တဝါတွေကို ကိုယ်တိုင် ချိပ်ပိတ်နိုင်ဖို့အတွက် အဲဒီသူတော်စင်အဆင့် နည်းဗျူဟာပုံစံကို ကျုပ်တို့ လိုအပ်တယ်။”

နတ်သခင် ကန်းယာ၏ ထိုစကားများကို ကြားလျှင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို စစ်ပြုပြီး ဖိအားပေးရန်အတွက် သူတို့ကျောင်းအုပ်ကြီးကို စည်းရုံးသိမ်းသွင်းသင့်၊ မသင့် စဉ်းစားရင်း နတ်သခင် လင်ရှု အတွေးထဲ နစ်မြောသွား၏။ သို့သော် လက်ရှိအခြေအနေအရ သူတို့၏ ကျောင်းအုပ်ကြီးသည် ပဋိပက္ခများကို စတင်ရန်ထက် ရှောင်ရှားရန် ပိုလိုလားပေလိမ့်မည်။

မကြာသေးမီကပင် သူတို့၏ ကျောင်းအုပ်ကြီးသည် ဖြစ်ပေါ်လာနိုင်ခြေရှိသော ဆန်းကြယ်သည့် ကပ်ဘေးများကို ခုခံတွန်းလှန်ရန်အတွက် မြောက်ပိုင်းနယ်ရှိ နတ်ဆိုးဧကရာဇ်နှင့် ဆွေးနွေးညှိနှိုင်းရန် လူများကို စေလွှတ်ခဲ့သေးရာ စစ်ပွဲအပေါ် သူ၏သဘောထားကို ထင်ရှားစွာ ဖော်ပြနေပေသည်။

သို့သော် အမှန်အတိုင်းပြောရလျှင် ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်မည့် အခွင့်အလမ်းကို မလိုချင်သူ မည်သူမှ မရှိပေ။ အထူးသဖြင့် ကမ္ဘာဦးအစကတည်းက နတ်သခင်အဆင့်တွင် ပိတ်မိနေခဲ့ကြသော သူတို့ကဲ့သို့ လူများအတွက် ပို၍ပင် ဆန္ဒပြင်းပြကြပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ကြယ်မြစ်နတ်သခင်က

“ဒါဆိုရင်တော့ ကျုပ်တို့ရဲ့ မဟာအင်အားကြီးအုပ်စု သုံးခုက ဆန်းကြယ်တဲ့ ကပ်ဘေးတွေကို ခုခံဖို့ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး လုချန်းရရှိထားတဲ့ အခွင့်အလမ်းတွေကို အပ်နှံဖို့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖိအားပေးသင့်တယ်။”

ထိုသို့ပြောပြီးနောက် ကြယ်မြစ်နတ်သခင်က နတ်သခင် လင်ရှုကို တစ်ချက် ကြည့်လိုက်ရင်း

“နတ်သခင် လင်ရှု... ခင်ဗျားတို့ ချင်းယွမ်ကျောင်းတော်ရဲ့ သဘောထားကကော ဘယ်လိုရှိလဲ။”

နတ်သခင် လင်ရှု သတိပြန်ဝင်လာပြီး

“ကောင်းပါပြီ... ကျုပ် ပြန်ရောက်တာနဲ့ စစ်ပွဲကို စတင်ဖို့အတွက် ပြင်ဆင်လိုက်ပါ့မယ်။”

--

…………

All Chapters