← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆)

စတင်လှုပ်ရှားခြင်း (၆)

ဝမ်ကျင်း၏ ရှေ့မှောက်သို့ မြင်းစောင်းနှင်လာသော ဝမ်ရှန်သည် မြင်းပေါ်မှ ဖျတ်လတ်စွာ ဆင်းလိုက်ပြီး အလေးအနက် ဦးညွှတ်ဂါရဝပြုလိုက်သည်။

"ကျွန်တော်မျိုး ဝန်ရှန့် နယ်စားမင်းကြီးကို ဂါရဝပြုပါတယ်။"

မြင်းပေါ်တွင် ရှိနေဆဲဖြစ်သော ဝမ်ကျင်းသည် သူ၏ဝမ်းသာမှုကို မနည်းဖုံးကွယ်နေရသည့် ဝန်ရှန့်ကို ကြည့်ကာ ထူပေးဟန် အမူအရာ ပြုလုပ်လိုက်သည်။

"ဒီလို အခမ်းအနားတွေ မလိုပါဘူး။"

ဝန်ရှန့်သည် သူ၏ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ တစ်ခုခု လွဲမှားနေသည်ကို ခံစားမိသွားသဖြင့် သူ၏မျက်နှာပေါ်က ဝမ်းသာရိပ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဝေးလံသောနေရာမှ တုန်းက သူ အသေအချာ မကြည့်မိခဲ့သော်လည်း ယခု အနီးကပ် မြင်တွေ့ရသောအခါမှ ဤစစ်သည်များအားလုံးသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ စိမ့်ထွက်နေသည့် အထူးအထက်မြက်ဆုံး စစ်သည်တော်များ ဖြစ်ကြကြောင်း သိလိုက်ရသည်။ ဝမ်ကျင်း၏ နောက်ကွယ်က ပိုးထည်ဝတ်စုံဝတ် ကိုယ်ရံတော်များထံမှလည်း အန္တရာယ်ရှိသော အရှိန်အဝါများ ဖြာထွက်နေသည်။

ဤလူငယ် နယ်စားမင်းကြီးသည် သာမန် ပြစ်ဒဏ်အသေးစားလေး ပေးရန် ရောက်ရှိလာခြင်း မဟုတ်ဘဲ ကြီးမားသော သွေးချောင်းစီး သတ်ဖြတ်မှုကို ပြုလုပ်ရန် ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း ဝန်ရှန့် ယခုမှသာ သဘောပေါက်သွားခဲ့တော့သည်။

မြင်းပေါ်တွင် ရှိနေဆဲဖြစ်သော ဝမ်ကျင်းသည် ဝန်ရှန့်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဇဝေဇဝါဖြစ်ဟန်ဆောင်လျက် မေးလိုက်သည်။

"ခရိုင်မင်းကြီးဝန်... မင်းရဲ့ စိတ်ထဲမှာ တစ်ခုခု အလိုမကျဖြစ်နေလို့လား"

ဝန်ရှန့်၏ အမူအရာမှာ တည်ကြည်သွားပြီး လက်နှစ်ဖက်ကို စုစည်းကာ တင်ပြလိုက်သည်။

"နယ်စားမင်းကြီး... ကျွန်တော်မျိုးရဲ့ စိတ်ထဲမှာ သံသယရှိနေလို့ပါ။"

"ပြောစမ်း။"

"နယ်စားမင်းကြီး အခုလို ကိုယ်တိုင်လာရောက်တာက ဝူမိသားစုက ရိက္ခာဈေးနှုန်းတွေကို သဘောအလျောက် ကစားခဲ့တဲ့အတွက် အပြစ်ပေးဖို့ လာတာပါလား။"

ဝမ်ကျင်းက နောက်ပြောင်လိုသော အပြုံးမျိုးဖြင့် ပြုံးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"အဲလောက်ပဲမဟုတ်ဘူး"

ဝန်ရှန့်သည် ထိုစကားကို ကြားလိုက်ရသည်နှင့် နားလည်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ဝူမိသားစုသည် သာမန် ဓားချက်နှင့် ရင်ဆိုင်ရုံတင်မကဘဲ မျိုးဖြုတ်သုတ်သင်မည့် ဓားစက်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ပုံရသည်။ ဝန်ရှန့်သည် မွေးရာပါ စိတ်နှလုံး နူးညံ့ပျော့ပျောင်းသူ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ သနားညှာတာမိသွားသည်။

သူ၏အမြင်အရ ရိက္ခာဈေးနှုန်းများကို ကစားပြီး ပြည်သူတို့၏ အသက်အိုးအိမ်ကို ဂရုမစိုက်ဘဲ စည်းစိမ်ဥစ္စာများကို အဆမတန် စုဆောင်းခဲ့သည့် ဝူပေါ့ နှင့် အခြားလူများသည် သေဒဏ်နှင့် ထိုက်တန်သော်လည်း... ဝူမိသားစုဝင် အင်အား တစ်ထောင်နီးပါးမှာမူ... များစွာ ဝေခွဲမရဖြစ်ပြီးနောက် ဝန်ရှန့်သည် စကားပြောရန် ဆုံးဖြတ်လိုက်ဆဲ ဖြစ်သည်။

"နယ်စားမင်းကြီး။... ဝူမိသားစုရဲ့ ဝူပေါ့ဟာ မကောင်းမှုများစွာကို ကျူးလွန်ခဲ့လို့ သေဒဏ်နဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ အခြားသော အပေါင်းအပါတွေကျတော့..."

ထိုစကားကို ကြားသောအခါ ဝမ်ကျင်းသည် စိတ်မရှည်စွာဖြင့် လက်ကို မြှောက်လိုက်ပြီး သူ၏လက်ထဲက မြင်းနှင်တံကို လေထဲတွင် တဖတ်ဖတ်မြည်အောင် ရိုက်ခတ်လိုက်ကာ ဝန်ရှန့်၏ စကားကို ဖြတ်တောက်ပစ်လိုက်သည်။ သူ၏မျက်နှာတွင် မကျေနပ်မှုများ အထိုင်းအထင် ဖြစ်ပေါ်လာခဲ့၏။

အမှန်စင်စစ် ဝမ်ကျင်း ရာထူးတက်လာကတည်းက ယခင်နယ်စားမင်း ချန်ထားခဲ့သည့် ဤစီရင်စုလက်ထောက်အရာရှိကို တော်တော်လေး သဘောကျခဲ့သည်။ သူက အုပ်ချုပ်ရေးစွမ်းရည် ရှိသည်၊ အရာရှိများကို စီမံခန့်ခွဲရာတွင် ကျွမ်းကျင်သည်၊ ဉာဏ်ပညာလည်း ထက်မြက်သည်။ သို့သော် သူ၏အားနည်းချက်မှာလည်း အလွန်ထင်ရှားလှပေသည်။ သူသည် ဝမ်ကျင်းနှင့် အမြင်ချင်း မတူညီပေ။

ဥပမာအားဖြင့် ယခုအခိုက်အတန့်တွင် ဝန်ရှန့်၏ သနားညှာတာမှုမှာ ဝမ်ကျင်းအတွက်မူ ရယ်စရာကောင်းပြီး မိုက်မဲသော ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်သည်။ ဤသည်မှာ ဝန်ရှန့်ကို စီရင်စုလက်ထောက်အရာရှိရာထူးမှ ခရိုင်မင်းကြီး ရာထူးသို့ ရာထူးချပစ်ခဲ့သည့် အဓိကအကျဆုံး အကြောင်းရင်းပင် ဖြစ်၏။

အကယ်၍ အရည်အချင်းနှင့် သစ္စာရှိမှုကို ဖယ်ထားပြီး ၎င်းတို့၏ အလုပ်လုပ်ပုံကိုသာ နှိုင်းယှဉ်မည်ဆိုလျှင်... အကယ်၍ ယခုနေရာတွင် စီမာယီသို့မဟုတ် ချန်ယွီသာ ရှိနေပါက ၎င်းတို့သည် ဤကဲ့သို့သော စကားမျိုးကို လုံးဝပြောလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဝမ်ကျင်းအတွက် တစ်ယောက်မျှ လွတ်မြောက်မသွားစေရန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် နည်းလမ်းများကိုပင် ရှာဖွေပေးကြလိမ့်မည်။

ဝမ်ကျင်း၏ မကျေနပ်မှုကို သတိပြုမိသွားသော ဝန်ရှန့်သည် နောင်တရစွာဖြင့် ပါးစပ်ပိတ်လိုက်ရတော့သည်။ စကား ဆက်ပြောနေလျှင် ဝမ်ကျင်းကို ပို၍ စိတ်ပျက်စေကာ မချောမွေ့လှသေးသော သူ၏အရာရှိဘဝ လမ်းကြောင်းပေါ်တွင် နောက်ထပ် အရိပ်မည်းတစ်ခု ထပ်မံကျရောက်လာလိမ့်မည်ကို သူသိသည်၊ သို့သော် တစ်ထောင်နီးပါးရှိသော ထိုအသက်များသည်လည်း လူ့အသက်များ ဖြစ်ကြသည် မဟုတ်ပါလား။

ဝမ်ကျင်းက ဝန်ရှန့်ကို ပြင်းထန်စွာ မောင်ထုတ်ကြိမ်းမောင်းလိုက်သည်။

"ဝန်ရှန့်။ မင်းကို ငါမေးမယ်။ ဝူပေါ့တစ်ယောက်တည်းကပဲ ဝူမိသားစုရဲ့ သွေးထိုးမှုအောက်မှာ စုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ ရိက္ခာတွေကို ခံစားခဲ့တာလား။ ဝူမိသားစုတစ်ခုလုံးက သူတို့ရဲ့ ပြစ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ကြတာ။ ဒါကြောင့် တရားစီရင်တဲ့နေရာမှာ ဘယ်သူ့ကိုမှ ချန်လှပ်ထားလို့ မရဘူး။"

"ဝူမိသားစုဟာ နိုင်ငံတော်ပုန်ကန်မှုနဲ့ သံသယရှိခံထားရတယ်။ ကျင်းဥပဒေအရ တစ်မိသားစုလုံးကို အမြစ်ပြတ် သုတ်သင်ရမယ်။ ဒါကြောင့် ဝူမိသားစုတစ်ခုလုံးမှာ အပြစ်ရှိတယ်။ မင်းနားလည်လား"

ဝန်ရှန့်သည် 'နိုင်ငံတော်ပုန်ကန်မှု' ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ထိတ်လန့်သွားပြီး ဘာမှ ထပ်မပြောရဲတော့ပေ။

"ကျွန်တော်မျိုး နားလည်ပါပြီ။"

ဝမ်ကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း။

"ငါ့ဘေးမှာပဲ နေစမ်း။"

ထို့နောက် သူသည် ခါးမှ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ဝမ်ခရိုင်ဘက်သို့ ချိန်ရွယ်လိုက်သည်။

"စစ်သည်တော်များအားလုံး ငါ့အမိန့်ကို နာခံစေ။"

"ချီတက်။။"

ဒုန်း... ဒုန်း... ဒုန်း...

စစ်သည်တော် ၃,၅၀၀ သည် စစ်ကြောင်းစတုရန်းပုံစံဖြင့် စနစ်တကျ စည်းချက်ညီညီ ခြေလှမ်းများဖြင့် ဝမ်ခရိုင်ဆီသို့ ချီတက်သွားခဲ့ကြသည်။

ဝမ်ခရိုင်၏ မြို့ရိုးနှင့် မြို့တံခါးများကို စောင့်ကြပ်နေကြသော ခရိုင်စစ်သည်များသည် ဝေးလံသောဆီမှ ချီတက်လာသော စစ်တပ်ကြီးကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး ခရိုင်စစ်ဗိုလ်ချုပ်ထံသို့ အပြေးအလွှား သွားရောက်သတင်းပို့ကြတော့သည်။

သတင်းကို ကြားလျှင် ကြားခြင်း ခရိုင်စစ်ဗိုလ်ချုပ်သည် မြို့တံခါးဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့ပြီး မြို့ရိုးပေါ်သို့ တက်ကာ ထိုစစ်တပ်ကြီး သယ်ဆောင်လာသော အလံများကို မြင်လိုက်ရသောအခါ သတင်းပို့လာသည့် စစ်သည်ကို ပါးရိုက်ပစ်လိုက်တော့သည်။ တောက်ပလှသော 'ကျင်း' နှင့် 'ဝမ်' ဟူသော စာလုံးကြီးများက ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းလင်းစွာ ပြသနေသည် မဟုတ်ပါလား။ သူက ချက်ချင်းပင် ဟိန်းဟောက်လိုက်၏။

"ဒါက ငါတို့ရဲ့ မဟာကျင်စစ်တပ်ကြီးပဲ။ နယ်စားမင်းကြီးရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်က စစ်တပ်။ မင်းတို့တွေ ဘာလို့ လန့်နေကြတာလဲ။ ငါကတော့ ပင်လယ်ဓားပြတွေ ကုန်းပေါ်တက်လာပြီ အောက်မေ့တယ်။"

သူက ဤသို့ ပြောလိုက်သော်လည်း စနစ်ကျလှပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် ခြေလျင်တပ်၊ လေးသည်တော်တပ်နှင့် မြင်းစီးတပ်ကြီးကို ကြည့်ရင်း နယ်စားမင်းကြီးအနေဖြင့် ဝမ်ခရိုင်သို့ အပျော်ခရီးထွက်ရန် လာရောက်ခြင်း မဟုတ်ကြောင်း ခရိုင်စစ်ဗိုလ်ချုပ် ခန့်မှန်းမိလိုက်သည်...။

‘ဝူမိသားစု... ဟုတ်တယ်၊ ဒါက ဝူမိသားစုအတွက်ပဲ ဖြစ်ရမယ်။’ ဝူပေါ့က သူ့အိတ်ကပ်ထဲသို့ ငွေပြားများ မကြာခဏ ထည့်ပေးခဲ့ပုံနှင့် သူ၏အိမ်တော်သို့ မိန်းမလှလေးများကို ပို့ဆောင်ပေးခဲ့ပုံများကို တွေးမိသောအခါ သူ၏စိတ်ထဲတွင် လွန်ဆွဲမှုများ ဖြစ်ပေါ်လာခဲ့သော်လည်း... ခဏချင်းမှာပင် သူ သဘောပေါက်သွားခဲ့သည်။ မိတ်ဆွေဖြစ်ခြင်းနှင့် ငွေပြားများသည် မိမိ၏အသက်ထက် မရေးပါပေ။ စိတ်မကောင်းပါဘူး... အစ်ကိုကြီးဝူရေ။

"လက်နက်တွေကို သိမ်းလိုက်ကြ။ နယ်စားမင်းကြီးကို ခရီးဦးကြိုဆိုဖို့ ငါ့နောက်က လိုက်ခဲ့ကြ။"

စစ်ကြောင်းကြီးအတွင်းမှနေ၍ ဝမ်ကျင်းသည် ဝေးလံသော မြို့ရိုးပေါ်တွင် ခေတ္တမျှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားသွားပြီးနောက် ပြန်လည်ငြိမ်သက်သွားကာ ပိတ်ထားသော မြို့တံခါးကြီး ပြန်ပွင့်လာသည်ကို စောင့်ကြည့်ရင်း စိတ်အေသွားခဲ့သည်။

ဝမ်ခရိုင်အတွင်းရှိ စစ်တပ်မှာ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ပုံရသဖြင့် ကိစ္စရပ်များမှာ များစွာ ပိုမိုရိုးရှင်းသွားခဲ့သည်။ ဝမ်ကျင်းသည် မူလက အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားခဲ့ပြီး ဤနေရာတွင် အုပ်ချုပ်ဖူးသည့် ဝန်ရှန့်ကိုပင် အကယ်၍ ပုန်ကန်မှုဖြစ်ပွားပါက သူ၏ဂုဏ်သတင်းနှင့် ဖြောင့်မတ်မှုတို့ကို အသုံးပြုကာ လက်နက်ချရန် ဖျောင်းဖျနိုင်ရန်အတွက် အထူးတလည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အခြေအနေမှာ ထိုမျှအထိ ဆိုးရွားမနေခဲ့ဘဲ ထိုခရိုင်စစ်ဗိုလ်ချုပ်မှာလည်း ထိုမျှအထိ မိုက်မဲမနေခဲ့ပေ။

ထို့နောက် သူက ဘေးနားရှိ ဝန်ရှန့်ကို မေးလိုက်သည်။

"ဝမ်ခရိုင်ရဲ့ ခရိုင်စစ်ဗိုလ်ချုပ် နာမည်က ဖူဟိန်းဟုတ်တယ်မလား။ မင်း သူ့ကို ဘယ်လိုမြင်လဲ"

ဝန်ရှန့်က ခေါင်းညိတ်ပြလိုက်ပြီး ဝမ်ကျင်း မှတ်မိနေခြင်းမှာ မှန်ကန်ကြောင်း ပြသလိုက်သော်လည်း ဝမ်ကျင်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူ၏မျက်နှာတွင် ရွံရှာဖွယ် အမူအရာတစ်ခု ထင်ဟပ်လာခဲ့သည်။

"အတောမသတ်နိုင်တဲ့ လောဘဘီလူးတစ်ကောင်ပါပဲ။"

ဝန်ရှန့်၏ စိတ်ထဲတွင် ငွေပြားများနှင့် မိန်းမလှလေးများကို အရှက်မရှိ လက်ခံတတ်သည့် ထိုကဲ့သို့သော လူမျိုးသည် အင်ပါယာနန်းတော်၏ အရာရှိတစ်ဦးအနေဖြင့် မည်သည့်စည်းကမ်း သို့မဟုတ် သိက္ခာမျှ မရှိသူ ဖြစ်သည်။

ဝန်ရှန့်၏ အဖြေကို ကြားရသောအခါ ဝမ်ကျင်းက ဘာမှမပြောဘဲ စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

မြို့တံခါးဝသို့ ရောက်ရှိလာသောအခါ ဝမ်ကျင်းသည် သူ့ကို ကြိုဆိုရန် ထွက်လာသော ဖူဟိန်းကို စိုက်ကြည့်လိုက်သည်။ ဖူဟိန်းသည် သူ၏ဝတုတ်လှသော တင်ပါးကြီးကို ကုန်းထောင်ထားလျက် မြေပြင်ပေါ်တွင် ဝပ်စတွဲ ပြားပြားဝပ် ဦးချနေပြီး ဝမ်ကျင်းကို ခိုးကြောင်ခိုးဝှက် မော့ကြည့်ကာ မြှောက်ပင့်ဖားယားနေသော မျက်နှာပေးမျိုး လုပ်နေခဲ့သည်။

ဝမ်ကျင်းက မရယ်ဘဲ မနေနိုင်ခဲ့ပေ။ မဟာကျင်အင်ပါယာတွင် အထူးဓလေ့ထုံးတမ်းများနှင့် ခမ်းနားသော ပွဲတော်ညီလာခံများမှလွဲ၍ ဤကဲ့သို့သော ပြားပြားဝပ် ဦးချခြင်းမျိုးကို တွေ့ရခဲလှပေသည်။

ဝမ်ကျင်းက ဖူဟိန်းကို လက်ညှိုးထိုးပြကာ သူ၏ဘေးတွင် တိတ်တဆိတ် လိုက်ပါလာသည့် ပုချီလော့ကို မေးလိုက်သည်။

"ကြည့်စမ်း။ သူက ခွေးတစ်ကောင်နဲ့ မတူဘူးလား။"

ပုချီလော့က ခေတ္တမျှ အသေအချာ အကဲခတ်ဟန်ဆောင်လိုက်ပြီးနောက် ဝမ်ကျင်းကို ချိုသာသောအသံလေးဖြင့် ပြောလိုက်သည်။

"တူတာပေါ့။ ခွေးဝတုတ်ကြီးတစ်ကောင်နဲ့ တကယ့်ကို တူတာပဲ။"

ဖူဟိန်းသည် ဤကဲ့သို့သော နှုတ်ဖြင့် စော်ကားစကားကို ကြားလိုက်ရသော်လည်း ဒေါသထွက်မည့်အစား ဒူးထောက်လျက်ပင် ရှေ့သို့ နှစ်လှမ်းခန့် တိုး၍ တရွတ်တိုက် တွားသွားခဲ့သည်။

"ဝမ်ခရိုင်ရဲ့ ခရိုင်စစ်ဗိုလ်ချုပ် ကျွန်တော်မျိုး ဖူဟိန်း နယ်စားမင်းကြီးကို ဂါရဝပြုပါတယ်။"

ထိုသို့ ပြောပြီးနောက် သူသည် ကုန်းပေါ်သို့ ဘုန်း ခနဲမြည်အောင် ခေါင်းဖြင့် စောင့်၍ ဦးချလိုက်ပြန်သည်။ ဦးချပြီးနောက် သူက ဝမ်ကျင်းကို ဖားယားသော အပြုံးဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်မျိုးက ခွေးတစ်ကောင်ပါပဲ။ နယ်စားမင်းကြီးအတွက် ဝမ်ခရိုင်ကို စောင့်ကြပ်ပေးနေတဲ့ ကိုက်တတ်တဲ့ခွေးတစ်ကောင်ပါ။"

ဘေးနားမှ ဝန်ရှန့်သည် ဖူဟိန်း၏ အပြုအမူကို ကြည့်ရင်း မခံမရပ်နိုင်အောင် ပျို့အန်ချင်စိတ် ဖြစ်ပေါ်နေခဲ့သည်။ တကယ့်ကို အရှက်မရှိတာပဲ။ အလွန်အမင်း သိက္ခာမဲ့လှပေသည်။ လူပီသတဲ့ အရှက်တရား လုံးဝမရှိတော့ပေ။

သို့သော် ဝမ်ကျင်းကမူ ဖူဟိန်းကို လက်ဝှေ့ယမ်းပြလိုက်သည်။ ဖူဟိန်းသည် ချက်ချင်းပင် ခြေလေးဖက်ဖြင့် တွားသွားကာ ဝမ်ကျင်း၏ ခြေရင်းတွင် လာရောက်ရပ်တန့်လိုက်သည်။

ဝမ်ကျင်းသည် ခြေထောက်တစ်ဖက်ကို မြင်းကျောပေါ်က ကျော်ဖြတ်ကာ မြင်းပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်စဉ်... ဖူဟိန်းက ၎င်းကို မြင်တွေ့လိုက်ရသဖြင့် သူ၏ဝတုတ်လှသော ခန္ဓာကိုယ်ကို ဖျတ်လတ်စွာဖြင့် ရှေ့သို့ တိုးပေးလိုက်ရာ ဝမ်ကျင်းသည် သူ၏ကျယ်ပြန့်ပြီး အသားစိုင်ထူသော ကျောပြင်ပေါ်သို့ နင်းကာ မြေပြင်ပေါ်သို့ သာသာယာယာ ခုန်ဆင်းလိုက်တော့သည်။

လွန်စွာ အောက်ကျို့လှသော ဖူဟိန်းကို ကြည့်ရင်း ဝမ်ကျင်းသည် ဖုန်မှုန့်များ ပေကျံနေသည့် သူ၏အရာရှိဝတ်စုံကို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် သူ၏ပခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။

"ထတော့... မြေပြင်က ညစ်ပတ်တယ်။"

ဖူဟိန်း၏ မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားခဲ့ပြီး သူသည် အလုအယက် ထရပ်လိုက်သည်။

"နယ်စားမင်းကြီးကို ကျေးဇူးတင်ပါတယ်။"

ဖူဟိန်းသည် သူ၏ရင်ထဲမှ ကြီးမားလှသော အလေးကြီးတစ်ခု လွတ်ကျသွားသလို ခံစားလိုက်ရသည်; သူ၏အသက် ဘေးကင်းသွားခဲ့ပြီ ဖြစ်သည်။ သူ မြို့တံခါးဝတွင် လူအများရှေ့၌ ဤမျှအထိ အောက်ကျို့ခဲ့ရခြင်းမှာ အလကားမဖြစ်ခဲ့ပေ။

သူ၏စိတ်ထဲတွင် ဝမ်ကျင်းကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ကာ ဤနေရာသို့ လာရောက်ခြင်းဖြစ်သဖြင့် ဝူမိသားစုတော့ သေချာပေါက် ပျက်စီးတော့မည်ကို သိရှိထားသည်။ သို့ဆိုလျှင် ဝူမိသားစုထံမှ အကျိုးအမြတ်များစွာကို ရယူထားပြီး ၎င်းတို့အတွက် အဆင်ပြေအောင် များစွာ ကူညီပေးခဲ့ဖူးသော သူကဲ့သို့ လူတစ်ယောက်အနေဖြင့် မည်သို့ ရုန်းထွက်နိုင်မည်နည်း။

ရလဒ်က နှစ်ခုပဲ ရှိသည်။ ခွေးတစ်ကောင်အဖြစ် မွေးမြူခြင်း ခံရမည် သို့မဟုတ် အသတ်ခံရပြီး အသားဟင်း ဖြစ်သွားမည်။ သူက မသေချာချင်သဖြင့် ခွေးတစ်ကောင်အဖြစ်သာ ခံယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။

All Chapters