အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂)
သုတ်သင်ရှင်းလင်းခြင်း (၆)
ပုန်ကန်မှု၏ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားသည့် သံချပ်ကာ အစုံ ၂၀၀ ကို လူအများရှေ့ ထုတ်ဖော်ပြသလိုက်သည့် အချိန်တွင်...
ဝူမိသားစု၏ ထွက်ပြေးလွတ်မြောက်သွားသည့် သူများကို လိုက်လံနှိမ်နင်းနေသည့် ကုရန်နှင့် အခြားသူများသည်လည်း သွေးညှီနံ့များ ထောင်းထောင်းထနေသည့် ခန္ဓာကိုယ်များနှင့်အတူ သတင်းပို့ရန် ပြန်လည်ရောက်ရှိလာကြသည်။
"သခင်... တစ်ယောက်မှ လွတ်မသွားပါဘူး။ အကုန်လုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းခဲ့ပါပြီ။"
ဝမ်ကျင်းက ကျေနပ်သည့် အမူအရာဖြင့် အသာအယာ ခေါင်းညိတ်ပြလိုက်သော်လည်း ကုရန်၏နောက်က တော်ဝင်ကိုယ်ရံတော် အရေအတွက် သိသိသာသာ လျော့နည်းသွားသည်ကိုလည်းကောင်း၊ ဒဏ်ရာရထားသည့်သူအချို့ကိုလည်းကောင်း မြင်လိုက်ရသည့်အခါတွင်မူ သူ့မျက်ခုံးများ တွန့်ချိုးသွားခဲ့ရသည်။
ကုရန်က ဝမ်ကျင်း၏ ဇဝေဇဝါဖြစ်မှုကို သတိပြုမိပြီး ရှင်းပြလိုက်၏။
"သခင်... ဒီဝူမိသားစုဟာ တခြားရည်ရွယ်ချက်တွေ ရှိနေခဲ့တာ ကြာပြီဖြစ်ရပါမယ်။ သူတို့ဟာ အသက်နှင့်လဲပြီး တိုက်ခိုက်ဝံ့တဲ့ သိုင်းပညာရှင် အများအပြားကို ပျိုးထောင်ထားတာကြောင့်... သူတို့ရဲ့ အသည်းအသန် ခုခံမှုကြားမှာ ကျွန်တော်တို့ဘက်က အကျအဆုံးရှိတာ ရှောင်လွှဲလို့မရခဲ့ပါဘူး။"
ဝမ်ကျင်းက အလောင်းများ နေရာအနှံ့ ပလူပျံနေသည့် ဝူမိသားစု အိမ်တော်ကြီးဆီသို့ အကြည့်လွှဲလိုက်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် ဝူမိသားစုသည် ရာစုနှစ်ချီ သမိုင်းကြောင်းရှိသည့် ရှေးဟောင်းမျိုးရိုးကြီး မဟုတ်သော်လည်း... ဒေသခံသူဌေးကြီးတစ်ဦးအနေဖြင့် သူတို့၏ အခြေခံအုတ်မြစ်က တကယ့်ကို ကောင်းမွန်လှသည်။ ဝူမိသားစု ပြသခဲ့သည့် အင်အားသည် ဝမ်ကျင်း သူ၏ စနစ်ကို အသုံးမပြုခင်တုန်းက သခင်လေးဝမ်၏ အင်အားထက် အဆပေါင်းများစွာ ပိုမိုသန်မာပေသည်။
ထိုအရာများအပြင် ဝူမိသားစု၏ အင်အားသည် ဒီအိမ်တော်ကြီးထဲက လူများဖြင့်သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။ ဒီအိမ်တော်ကြီးက သိပ်မကြီးသလို သိပ်လည်းမသေးသော်လည်း မိသားစုတစ်ခု၏ အာဏာစက်သည် အိမ်တော်တစ်ခုတည်းတွင်ပဲ စုစည်းနေမည် မဟုတ်ပါ။ ခရိုင်မြို့တော်နှင့် ကျေးရွာများထဲတွင် ပျံ့နှံ့နေမည့် သွေးမျိုးဆက်များအပြင် အမျိုးမျိုးသော လူမှုကွန်ရက်များလည်း ရှိနေဦးမည်မှာ သေချာသည်။
ထို့ကြောင့်လည်း ဝမ်ကျင်းက မည်သည့်အတွက်ကြောင့် ဝမ်ခရိုင်အပြင်ဘက်တွင်ပဲ စစ်တပ်ကို အလျင်စလို နေရာချထားရခြင်းဖြစ်သည်။ ဝူမိသားစုကို သတိမပြုမိစေဘဲ ကြိုတင်ပြင်ဆင်မှုများ မလုပ်နိုင်အောင် တားဆီးရန်အတွက် မဟုတ်ပါလား။
"ကုရန်... ငါ့အမိန့်ကို နာခံစမ်း။"
"လက်အောက်ခံ အဆင်သင့်ပါ သခင်ကြီး။"
"အခု ခရိုင်မြို့တော်ရဲ့ တံခါးကြီးလေးခုစလုံးကို ပိတ်ဆို့ထားလိုက်ပြီ။ မင်း ဝူမိသားစု၏ ဘိုးဘေးဘုရားကျောင်းဆီကိုသွားပြီး မိသားစုဝင်စာရင်းကို သွားယူချေ။ ပြီးရင် လူများကိုခေါ်ပြီး ခရိုင်တစ်ခုလုံးကို ရှာဖွေကာ ဝူမိသားစုရဲ့ သွေးချင်းသားချင်းအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်စမ်း။"
"အမိန့်အတိုင်းပါ သခင်ကြီး"
ကုရန်က တော်ဝင်ကိုယ်ရံတော် အချို့ကိုခေါ်ပြီး ထွက်ခွာသွားသည့် အချိန်တွင် ကျန်ရှိနေသည့် ကိုယ်ရံတော်များသည် ၎င်းတို့၏ နောက်ထပ် ထူးခြားသည့် စွမ်းရည်တစ်ခုကို စတင်ပြသကြတော့သည်။
ထိုအရာမှာ... ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းပင် ဖြစ်သည်။
ဝူမိသားစု၏ ရာစုနှစ်တစ်ခုစာ စုဆောင်းမှုများ၊ မျိုးဆက်ပေါင်းများစွာ၏ အရင်းအနှီးများသည် အခုတော့ ဝမ်ကျင်းကို လက်လှမ်းပြ နှုတ်ဆက်နေကြပြီဖြစ်သည်။
ငွေတုံး ငွေခဲများနှင့် ရွှေတုံးများ ပြည့်နှက်နေသည့် သေတ္တာကြီးများကို ဘဏ္ဍာတိုက်ထဲကနေ ဆွဲထုတ်လာကြပြီး၊ တောင်တစ်လုံးလို ပုံကျနေသည့် ဆန်စပါးအိတ်ကြီးများကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဝန်ရှန့်သည် လတ်ဆတ်သည့် ရနံ့များ ထွက်ပေါ်နေသည့် ဆန်စပါးအိတ်အသစ်ကြီးများကို ကြည့်ရင်း ဝူမိသားစုအပေါ် ထားရှိခဲ့သည့် သနားကရုဏာစိတ်များသည် ချက်ချင်းဆိုသလို အရည်ပျော် ပျောက်ကွယ်သွားခဲ့ရတော့သည်။
ဝမ်ခရိုင်အတွင်း၌... ဆန်စပါးစျေးနှုန်းများ တဟုန်ထိုး တက်သွားခြင်းကြောင့် ဆန်မဝယ်နိုင်ဘဲ ငတ်ပြတ်နေကြသည့် သာမန်ပြည်သူများ မရေမတွက်နိုင်အောင် ရှိနေခဲ့သည်။ မိသားစု၏ စုဆောင်းသမျှ ငွေကြေးများ ကုန်ခမ်းသွားသဖြင့် အကြွေးနွံနစ်နေကြရသူများ ဘယ်လောက်တောင် များပြားလိုက်သလဲ။ လမ်းမများပေါ်တွင်ဆိုလျှင် ကလေးကို ကျွေးမွေးရန် အင်အားမရှိသဖြင့် ကိုယ့်သားသမီးကို ကိုယ်တိုင် ပြန်ရောင်းနေကြရသည့်အထိပင်ဖြစ်သည်။
သို့သော် ဝန်ရှန့် တစ်ယောက် ဝူမိသားစုဆီသို့သွားပြီး နည်းလမ်းပေါင်းစုံဖြင့် အကူအညီတောင်းခဲ့စဉ်ကမူ သူတို့ဆီမှ ဆန်စပါးတစ်စေ့တောင် ထွက်လာအောင် မတတ်နိုင်ခဲ့ပေ။ ဝန်ရှန့်က ဝူမိသားစုတွင် ဆန်စပါး သိပ်မရှိဘူးဟု တကယ်ပဲ ရိုးရိုးသားသား ယုံကြည်ခဲ့ခြင်းဖြစ်သည်၊ ဒါပေမဲ့ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိချေ။
တကယ်လို့ ဤအတိုင်းသာ ဆက်သွားခွင့်ပြုလိုက်လျှင် ငတ်ပြတ်နေသည့် ပြည်သူများသည် သူပုန်များ ဖြစ်လာကြပြီး ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မည်မှာ သေချာသည်။
ဒါကလည်း ဝမ်ကျင်းအနေဖြင့် ဝူမိသားစုကို ညှာတာမှုမရှိဘဲ အမြစ်ပြတ် သုတ်သင်ပစ်ရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုပင်။ ဝူမိသားစု၏ အိမ်တော်သခင်သည် လောဘဇောတိုက်ပြီး အခြေအနေမှန်ကို သေချာ မမြင်နိုင်ခဲ့ရှာပေ။
လူများသည် တစ်ခါတစ်ရံတွင် တကယ့်ကို ထူးဆန်းပါသည်။ သူတို့၏ သည်းခံနိုင်စွမ်းက အံ့သြစရာကောင်းလောက်အောင် သန်မာတတ်ကြသည်။ အခြေခံလူတန်းစား ပြည်သူများသည် ဖိနှိပ်ချုပ်ချယ်မှုများနှင့် နင်းချေမှုများကို ခံရသော်လည်း... ရုန်းထွက်လို့မရသည့် ရွှံ့ညွန်ထဲတွင် ပေါက်ရောက်နေသည့် မြက်ပင်လေးများလိုပဲ မလျှော့သောဇွဲဖြင့် ရုန်းကန် ရှင်သန်နေကြခြင်း ဖြစ်သည်။
သို့သော် ထိုသည်းခံနိုင်စွမ်းက အကန့်အသတ်တစ်ခုကို ကျော်လွန်သွားပါက... လူများသည် လူမဟုတ်တော့ဘဲ တောရိုင်းတိရစ္ဆာန် အုပ်စုတစ်စုလို ဖြစ်သွားတတ်ကြသည်။ ဆာလောင်မွတ်သိပ်မှု၏ အရသာက လူတို့၏ နှလုံးသားထဲတွင်ရှိသည့် စာရိတ္တစည်းကမ်းများနှင့် သေဘေးအပေါ် ကြောက်ရွံ့မှုများကို အကုန်လုံး မောင်းထုတ်ပစ်လိုက်နိုင်သောကြောင့် ဖြစ်သည်။
ငတ်ပြတ်ပြီး သေရမှာအတူတူ... ဩဇာကြီးမားသည့် မျိုးရိုးကြီးများ၏ တံခါးကို ရိုက်ချိုး၊ သူတို့၏ ဆန်စပါးများကို လုယူစားသောက်၊ သူတို့၏ မိသားစုဝင်များကို သတ်ဖြတ်ပြီး အမျိုးသမီးများကို စော်ကားပစ်ရန် ကြိုးစားတာကမှ ပိုကောင်းဦးမည်။ အောင်မြင်လျှင် အမြတ်၊ မအောင်မြင်လျှင်လည်း သေရုံပဲ ရှိတာပဲလေ။ အနည်းဆုံးတော့ ငတ်ပြီး သေရတာထက်စာလျှင် အများကြီး ပိုကောင်းသည်။
ဝမ်ကျင်းက နေရာအနှံ့ ပုံကျနေသည့် ရွှေများနှင့် ငွေများကို ကြည့်ပြီး အလွန်အမင်း ကျေနပ်နေမိသည်။ သို့သော်လည်း လတ်တလောတွင် ဘေးပတ်ဝန်းကျင်၌ လူများအများကြီး ရှိနေသောကြောင့် ၎င်းတို့ကို စနစ်၏ ဈေးဆိုင်ထဲသို့ တိုက်ရိုက်လဲလှယ်ရန် မဆီလျော်သေးသဖြင့် သေတ္တာများထဲတွင် တစ်ခုချင်းစီ ထည့်သွင်း ချိတ်ပိတ်ထားစေလိုက်သည်။
ဆန်စပါးများနှင့် ပတ်သက်ပြီးတော့မူ ဝမ်ကျင်းက အားလုံးကို ယူမသွားဘဲ... အများစုကို ဝမ်ခရိုင် အုပ်ချုပ်ရေးရုံး၏ ဘဏ္ဍာတိုက်ထဲတွင် ထားရှိခဲ့ပြီး၊ ပြည်သူများ၏ စားဝတ်နေရေးကို အမြန်ဆုံး ပြန်လည်ကုစားနိုင်ရန်အတွက် ဆန်စပါးများကို အလျင်အမြန် ခွဲဝေပေးဖို့၊ ဆန်စျေးနှုန်းများကို ထိန်းညှိဖို့ ဝန်ရှန့်ကို အမိန့်ပေးခဲ့သည်။
ဝူမိသားစုဆီကနေ ရှာဖွေတွေ့ရှိခဲ့သည့် မြေကွက်ပိုင်ဆိုင်မှု စာချုပ်များနှင့် ထူထဲလှသည့် အကြွေးစာချုပ်များကိုတော့... ဝမ်ကျင်းက အကုန်သိမ်းဆည်းလိုက်ပြီး ပုချီလော့ကို စာရင်းဇယား ခွဲခြားခိုင်းလိုက်သည်။
သူက သာမန်ပြည်သူများ၏ ငွေအကြွေများကို မလိုချင်ပေ။ သို့သော် ကုန်သည်များဆီကနေ ရစရာရှိသည့် အကြွေးများနှင့် ပတ်သက်လျှင်တော့ ဝမ်ကျင်းက တစ်ပြားတစ်ချပ်လေးတောင် အလွတ်ပေးမည် မဟုတ်ချေ။
ညွှန်ကြားချက်များ ပေးပြီးနောက်တွင်တော့ ဝမ်ကျင်းက တော်ဝင်ကိုယ်ရံတော်များကလွဲလို့ ကျန်သည့်သူအားလုံးကို ပြန်လွှတ်လိုက်သည်။ ပြီးနောက် သူ စိတ်ထဲကနေ စနစ်နှင့် ဆက်သွယ်လိုက်ပြီး ‘စစ်ပွဲယဇ်ပလ္လင်’ ကို ဖွင့်လှစ်ကာ သွေးဖြင့်ယဇ်ပူဇော်ခြင်းကို စတင်လိုက်တော့သည်။
ကျိန်းအူမြို့မှ ခံစားခဲ့ရသည့် သာယာကြည်နူးမှုမျိုးသည် မကြာမီမှာပဲ သူ့၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြန်သည်။ ပိုမိုသန်မာလာသည်ဆိုသည့် ခံစားချက်ကြီးက စွဲလန်းဖို့ကောင်းလှသော်လည်း အလွန်တိုတောင်းလွန်းသဖြင့် ဝမ်ကျင်းကို တစ်ခုခု လိုအပ်နေသလိုမျိုး ခံစားချက် ကျန်ရစ်စေခဲ့သည်။
ဝမ်ကျင်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၊ ခြေလက်များကို ဆန့်ထုတ်လိုက်ရင်း သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အဆင့်အနည်းငယ် ပိုမိုမြင့်မားလာသည်ကို ခံစားလိုက်ရသည်။ သူ မကြာခင်မှာပဲ အတွင်းအားကို စတင်အသက်သွင်းနိုင်တော့မည်ဆိုသည့် အသိစိတ်တစ်ခု သူ့ထဲမှာ ဖြတ်သန်းသွားခဲ့သည်။
ထိုခံစားချက်က ဝမ်ကျင်းကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေပြီး မပင်မပန်းဘဲ အောင်မြင်မှုရရှိလိုက်သည့် ကျေနပ်မှုကို ပေးစွမ်းလိုက်သည်။
ဝမ်ကျင်းတစ်ယောက် သူ့၏ ကြီးမားလှသည့် အသီးအပွင့်များကို အောင်ပွဲခံနေသည့် အချိန်မှာပဲ...
ချူခရိုင်တွင်ရှိသည့် ကျန့်မိသားစုရဲ့ ဘိုးဘေးမြေပြင်တွင်မူ... တစ်မိသားစုလုံးသည် မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသလိုမျိုး ပူဆွေးဝမ်းနည်းမှုများ ဖုံးလွှမ်းနေခဲ့ပါပြီ။ အထူးသဖြင့် မိမိ၏ အကောင်းဆုံးအရွယ်ကို ရောက်ရှိနေသည့် အိမ်တော်သခင် ကျန့်စုန်းသည် ဒေါသထွက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများကြောင့် ရရှိလာသည့် တုန်လှုပ်မှုများကြောင့် ခုံပေါ်တွင် ပုံကျလျက် သတိလစ်လုနီးပါး ဖြစ်နေခဲ့ရသည်။
သံချပ်ကာဝတ်စုံများကို ဆင်မြန်းထားကြသည့် ချန်ကန်း ၊ ချန်ယွီ နှင့် ချူခရိုင်၏ မင်းကြီး ဟဲဝေတို့သည် တင်းကျပ်စွာ ပိတ်ထားသည့် ကျန့်အိမ်တော်၏ တံခါးကြီးကို စိုက်ကြည့်ရင်း ရပ်နေကြသည်။
ချန်ကန်း၏ လက်ကတော့ သူ့၏ ဓားရိုးပေါ်တွင် ရောက်ရှိနေပြီး တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားသည့် အမူအရာ ရှိနေသည်။ သူတို့ကို ဝိုင်းရံထားကြသည့် ကျန့်မိသားစု၏ စစ်သည်များကလည်း ၎င်းတို့၏ လက်နက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြပြီး အချိန်မရွေး အတွင်းထဲသို့ အလောတကြီး တိုးဝင်ရန် အဆင်သင့် ဖြစ်နေကြသည်။
ချန်ယွီက ကောင်းကင်ယံထက်က မြင့်မားလှသည့် နေမင်းကြီးကို အနည်းငယ် မော့ကြည့်လိုက်ရင်း မျက်လုံးကို မှေးလိုက်သည်။
ဟဲဝေ တစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ချန်ယွီနှင့် အခြားသူများကို အရေးယူရန် တိုက်တွန်းတော့မည့် အချိန်မှာပင်..
ကျန့်အိမ်တော်၏ တံခါးကြီး ပွင့်ဟလာခဲ့သည်။ မျက်နှာတစ်ခုလုံး ဖြူလျော်နေသည့် ကျန့်စုန်းသည် သူ၏ မိသားစုဝင်များကို ဦးဆောင်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
သူတို့အားလုံး မြေပြင်ပေါ်တွင် စုပြုံပြီး ဒူးထောက်ချလိုက်ကြသည်။ ကျန့်စုန်းက မြေပြင်ပေါ်သို့ ပထမဆုံးအကြိမ် ဦးခေါင်းဖြင့် တိုက်ိုက်ချလိုက်ပြီး သွေးမျက်ရည်ကျမတတ် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်တော့သည်။
"အရာရှိကြီးတို့... တရားမျှတပေးကြပါ။ ကျွန်တော့်ရဲ့ ကျန့်မိသားစုမှာ ပုန်ကန်လိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ အိမ်ထဲမှာ သံချပ်ကာတွေကို တိတ်တဆိတ် ဝှက်ထားတယ်ဆိုတဲ့ ကိစ္စကတော့ ပိုပြီးတော့တောင် အခြေအမြစ် မရှိပါဘူး"
ချန်ကန်းက နှာခေါင်းရှုံ့လိုက်ရင်း
"ဒါဆိုရင်လည်း... အိမ်တော်သခင် ကျန့်၊ ဘေးကို ဖယ်ပေးလိုက်စမ်းပါ။ တကယ်လို့ မင်းတို့ ကျန့်မိသားစု ဝှက်ထားတဲ့ သံချပ်ကာတွေကို ငါတို့ ရှာမတွေ့ဘူးဆိုရင်တော့ ပုန်ကန်မှုအပြစ်က မင်းတို့အပေါ် ကျရောက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်... မင်းတို့ ဘေးကို မဖယ်ပေးဘူးဆိုရင်၊ ဒါမှမဟုတ် တကယ်ပဲ သံချပ်ကာတွေကို ဝှက်ထားတာကို တွေ့ရမယ်ဆိုရင်တော့... ချူခရိုင်ရဲ့ ကျန့်မိသားစုဟာ သူပုန်တွေအဖြစ် သတ်မှတ်ပြီး ရှင်းလင်းခြင်း ခံရလိမ့်မယ်။"
ကျန့်စုန်း သွားကို တင်းတင်းကြိတ်လိုက်မိသည်။ အခြေအနေများက ပုံမှန်မဟုတ်သည်ကို သူသိနေသော်လည်း... ဤလူများက ဤကဲ့သို့သော အကြောင်းပြချက်ဖြင့် စစ်တပ်ကိုပါ ခေါ်ဆောင်ပြီး အိမ်တံခါးဝအထိ ရောက်လာကြပြီဖြစ်သည့်အတွက် ကောင်းမွန်သည့် အဆုံးသတ် ရှိလာမည်မဟုတ်ကြောင်း သူ့၏ အသိစိတ်က ပြောနေသည်။ သေချာပေါက် လုပ်ကြံဖန်တီးမှုတစ်ခု ဖြစ်ပြီး၊ ရှာဖွေရေး အသွင်ယူကာ သူ့၏ ကျန့်မိသားစု ပိုင်ဆိုင်မှုများကို လုယူချင်နေကြခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် သူ့တွင် ခုခံပိုင်ခွင့် လုံးဝမရှိပေ။၊ ကြီးမားလှသည့် စစ်တပ်ကြီး၏ ပိတ်ဆို့မှုအောက်တွင် ကျန့်မိသားစု ပျိုးထောင်ထားသည့် အိမ်တော်သားများသည် ဘာလှိုင်းတံပိုးမျှ ထမလာနိုင်ကြချေ။ ထို့အပြင် အကယ်၍ သူသာ ခုခံလိုက်ပါက ပုန်ကန်မှုအပြစ်ကို အတည်ပြုပေးလိုက်သလိုမျိုး ဖြစ်သွားပေလိမ့်မည်။
ကျန့်စုန်း မတ်တပ်ရပ်လိုက်ပြီး ချန်ကန်းနှင့် အခြားနှစ်ယောက်ကို အိမ်တော်အတွင်းဘက်သို့ လက်အမူအရာဖြင့် ဖိတ်ခေါ်လိုက်သည်။
"ဒါဆိုရင်လည်း... ကြွပါ အရာရှိမင်းတို့၊ စုံစမ်းစစ်ဆေးပေးကြပါ။ ကျွန်တော့်ရဲ့ ကျန့်အိမ်တော်ရဲ့ အပြစ်မဲ့မှုနဲ့ တရားမျှတမှုကို ပြန်လည် ဖော်ထုတ်ပေးကြပါ။"
ကျန့်စုန်းမှာ ရွေးချယ်စရာ မရှိပေ။ ဘာပဲဖြစ်ဖြစ် သူက သံချပ်ကာများကို တိတ်တဆိတ် ဝှက်ထားသည့် ပုန်ကန်မှုမျိုးကို မလုပ်ခဲ့ဘူးဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိနေသည်။ ယခုတစ်ကြိမ်တွင် အဆိုးဆုံးဖြစ်လျှင်တောင်မှ မိသားစု၏ စည်းစိမ်ဥစ္စာအချို့ ဆုံးရှုံးရုံသာရှိသည်။
ချန်ကန်း၊ ချန်ယွီနှင့် ဟဲဝေတို့သည် စစ်သည်များကို ဦးဆောင်ပြီး အတွင်းထဲသို့ ဝင်ရောက်သွားခဲ့ကြသည်။ ချန်ယွီက ဝမ်ကျင်း သံချပ်ကာများကို မည်သည့်နေရာတွင် ထားခဲ့သလဲဆိုသည်တာ အတိအကျ သိနေသော်လည်း... ချန်ကန်းနှင့် ဟဲဝေတို့၏ နောက်မှ ဟန်ဆောင်ပန်ဆောင် လိုက်လံရှာဖွေနေခဲ့သည်။
မိနစ် ၂၀ နီးပါး ရှာဖွေပြီးသည့်နောက်တွင်တော့ ဘာမှ ရှာမတွေ့ခဲ့ပါချေ။ ချန်ကန်းနှင့် ဟဲဝေတို့ စတင် စိုးရိမ်ပူပန်လာပြီး ကျန့်စုန်း၏ နှလုံးသားက စတင် စိတ်အေးသွားခါနီး အချိန်မှာပင်... ချန်ယွီ၏ နှုတ်ခမ်းထောင့်က ရက်စက်လှသည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
ရေစိုနေသည့် သံချပ်ကာ သေတ္တာကြီးများကို တွေ့လိုက်ရသည့် အချိန်တွင်တော့ ကျန့်စုန်း၏ မျက်လုံးများသည် ဒေါသတကြီး ပြူးကျယ်သွားခဲ့ရသည်။ သူသည် သူ့၏ လက်မောင်းများကို လွှဲယမ်းလိုက်ရင်း... ကြောက်လန့်တုန်လှုပ်ပြီး တိတ်ဆိတ်နေကြသည့် သူ့နောက်ကွယ်က မိသားစုဝင်များကို အရူးတစ်ယောက်လို အော်ဟစ်ဆဲဆိုလိုက်တော့သည်။
"ဘယ်သူလဲ။ ဘယ်သူလုပ်တာလဲ။"
ထို့နောက် ကျန့်စုန်းသည် ဟဲဝေထံသို့ တိုးဝင်ရန် ပြင်လိုက်သော်လည်း လှံကိုင်စစ်သည်နှစ်ဦး၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
"မင်းကြီး။ မင်းကြီးဟော်။ တစ်ခုခု ပြောပေးပါဦး။ ကျွန်တော့်ရဲ့ ကျန့်မိသားစုကို မင်းကြီး သိတာပဲလေ။ ကျွန်တော်တို့မှာ ပုန်ကန်လိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ကျွန်တော့်ရဲ့ ကျန့်မိသားစုဟာ မဟုတ်မမှန် လုပ်ကြံခံရတာပါ။ မဟုတ်မမှန် လုပ်ကြံခံရတာပါ မင်းကြီး။"
သို့သော် ဟဲဝေကတော့ မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ ကျန့်စုန်းကို အေးစက်လှသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်း
"သူပုန်ကြီး။ သံချပ်ကာတွေကို တိတ်တဆိတ် ဝှက်ထားတာ လက်ပူးလက်ကျပ် မိပြီ။ မင်းရဲ့ အပြစ်က သေဒဏ်ပဲ။"
ကျန့်စုန်း နောက်ထပ် စကားမပြောနိုင်ခင်မှာပင်...
ကြာမြင့်စွာကတည်းက စိတ်မရှည်ဖြစ်နေသည့် ချန်ကန်းသည် သူ့၏ ဓားကို ဆွဲထုတ်လိုက်ပြီး ရှေ့သို့ ပြင်းထန်စွာ ဝှေ့ယမ်းကာ အော်ဟစ်လိုက်တော့သည်။
"စစ်သည်အားလုံး... ငါ့အမိန့်ကို နာခံစမ်း။ သူပုန်တွေကို အမြစ်ပြတ် သုတ်သင်ပစ်လိုက်ကြ။"
အရာရှိများနှင့် ရဲမက်များသည် ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေများ၊ ကျားရဲများကဲ့သို့ ကျန့်အိမ်တော်အတွင်းသို့ အတင်းအဓမ္မ တိုးဝင်သွားကြတော့သည်။