အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁)
တွေ့ဆုံခြင်း
သန်းခေါင်ယံအချိန်တွင် ယွဲ့ပြည်နယ်သို့ ခရီးနှင်နေသော ဝမ်ကျင်းနှင့် သူ၏လူစုသည် ယာယီဆောက်လုပ်ထားသော စံအိမ်စခန်း၌ အခြေချနားနေခဲ့ကြပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ခရီးသွားယာဉ်တန်းထဲတွင် အမျိုးသမီးများ ပါဝင်နေသဖြင့် နေ့ရက်ညဉ့်မပြတ် ခရီးနှင်ခြင်းဒဏ်ကို သူတို့ မခံစားနိုင်ကြချေ။
စခန်း၏ အရှေ့ဘက်တံခါးဝဆီမှ ပြေးဝင်လာသော မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ခေါင်းမြီးခြုံဝတ်ရုံများ ဝတ်ဆင်ထားသည့် မြင်းစီးသမား အယောက်နှစ်ဆယ်ခန့်ရှိသော လူစုတစ်စုသည် စခန်းအပြင်ဘက်တွင် ပေါ်လာခဲ့၏။ ထိုမြင်းခွာသံများသည် ပတ်ဝန်းကျင်ကို ကင်းလှည့်နေသည့် စစ်သည်များနှင့် တော်ဝင်သက်တော်စောင့်များ၏ အာရုံကြောများကို ချက်ချင်းပင် တင်းမာသွားစေခဲ့သည်။ သူတို့သည် လက်နက်များကို ဆွဲထုတ်ကာ ပြတ်သားစွာ ဟစ်အော်လိုက်ကြသည်။
“ရပ်လိုက်စမ်း... ဒါက ဘုရင်ခံချုပ်မင်းကြီးရဲ့ ယာယီစခန်းပဲ။ မသက်ဆိုင်တဲ့သူတွေ ချက်ချင်း နောက်ဆုတ်ကြစမ်း”
မြင်းစီးသမား အယောက်နှစ်ဆယ်၏ ခေါင်းဆောင်ဖြစ်သူသည် မြင်းဇက်ကြိုးကို ဆွဲနုတ်လိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် သူ၏အဖော်များကို ရပ်တန့်ရန် လက်မြှောက်၍ အချက်ပြလိုက်၏။ ထို့နောက် သူသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး မိမိတွင် ရန်လိုသောဆန္ဒမရှိကြောင်း ပြသသည့်အနေဖြင့် ရှည်လျားကျဉ်းမြောင်းပြီး သွေးကဲ့သို့နီမြန်းသော လခြမ်းကွေးဓားမြှောင်နှစ်စင်းကို မြင်းကုန်းနှီးပေါ်သို့ တင်လိုက်ကာ ရှေ့သို့ လှမ်းလာခဲ့သည်။
“ကျွန်ုပ်တို့ဟာ ဝမ်သခင်ကြီးရဲ့ ဖိတ်ကြားချက်အရ တွေ့ဆုံဖို့ လာခဲ့တာပါ။ ကျေးဇူးပြုပြီး သတင်းပို့ပေးပါဦး။ ကျွင်းမြစ်ကိစ္စနဲ့ ပတ်သက်လို့လို့ပဲ ပြောလိုက်ပါ”
သတိအနေအထားဖြင့် တပ်ဖြန့်ထားသော စစ်သည်များကို ကျော်ဖြတ်ကာ တော်ဝင်သက်တော်စောင့်မှူးတစ်ဦးသည် ရှေ့သို့ လှမ်းလာပြီး ထိုသူကို တစ်ချက်ကြည့်လိုက်ကာ သူ၏နောက်ကွယ်ရှိ လူအယောက်နှစ်ဆယ်ကျော်ကိုလည်း ဝေ့ဝဲကြည့်ရှုလိုက်သည်။
“ငါ သတင်းပို့ပေးမယ်။ ဒီမှာပဲ စောင့်နေကြ၊ ဇွတ်တရွတ် မလုပ်ကြနဲ့”
ထို့နောက် သူသည် လှည့်ထွက်ကာ စခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဤအချိန်တွင် ဝမ်ကျင်းသည် အိပ်ရာသို့ မဝင်ရသေးချေ။ ထို့ပြင် သူသည် စီမာယီနှင့်အတူ ဝေချီကစားပွဲ ဆင်နွှဲနေခဲ့သည်။ ပုချီလော့သည် ဝမ်ကျင်း၏ ဘေးနားတွင် ပြုစုလုပ်ကျွေးနေပြီး၊ တစ်ချက်တစ်ချက်တွင် သစ်သီးများ ခွံ့ကျွေးကာ တစ်ပွဲမျှမနိုင်ဘဲ လုံးဝအရေးနိမ့်နေသဖြင့် အနည်းငယ် စိတ်တိုဒေါသထွက်နေသော ဝမ်ကျင်းကို အားပေးနှစ်သိမ့်ပေးနေခဲ့သည်။
ဝမ်ကျင်း၏ ကစားပွဲမှာ နောက်တစ်ကြိမ် ထွက်ပေါက်ပိတ်သည့် အခြေအနေသို့ ဆိုက်ရောက်နေပြီး စိတ်ပျက်အားလျော့နေသော ဝမ်ကျင်း ရှုံးနိမ့်တော့မည်ကို မြင်ရသောအခါ၊ ပုချီလော့၏ လှပသောမျက်ဝန်းအစုံသည် အနည်းငယ် စွေစောင်းသွားခဲ့ပြီး ဝမ်ကျင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ အမြဲတမ်း ပြုံးရွှင်နေသည့် စီမာယီကို မကျေမနပ် စိုက်ကြည့်လိုက်လေသည်။
'ဒီလူက အလိုက်တသိနဲ့ အလျှော့ပေးလိုက်လို့ မရဘူးလား'
ပုချီလော့က စီမာယီကို စတင်ဆူပူကြိမ်းမောင်းတော့မည့် ဆဲဆဲတွင် တဲအပြင်ဘက်မှ ကုရန်၏ အသံ ထွက်ပေါ်လာခဲ့သည်။
“သခင်ကြီး... ကင်းလှည့်တပ်ဖွဲ့က သတင်းပို့လာပါတယ်။ စခန်းအပြင်ဘက်မှာ လူတစ်စုက သခင်ကြီးကို တွေ့ဆုံခွင့် တောင်းခံနေပါတယ်။ ကျွင်းမြစ်ကိစ္စနဲ့ ပတ်သက်လို့လို့ ပြောပါတယ်။”
ပုချီလော့၏ မျက်နှာပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာ ပေါ်လာခဲ့ပြီး ဝမ်ကျင်း၏ လက်မောင်းကို ဖက်တွဲရန် လှည့်လိုက်ကာ “သခင်ကြီး... သူတို့ ရောက်လာကြပြီ” ဟု ဆိုလိုက်သည်။
ဝမ်ကျင်းသည်လည်း စိတ်ဓာတ်များ တက်ကြွသွားခဲ့၏။ သူသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ စားပွဲပေါ်ရှိ ဝေချီကျောက်ခဲများကို လက်ဖြင့် ဝေ့ယမ်းဖယ်ရှားလိုက်ပြီး “သူတို့ကို ဝင်ခွင့်ပေးလိုက်” ဟု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ။”
အမြဲတမ်း ပြုံးရွှင်နေသော စီမာယီသည် ပျက်စီးသွားသော ဝေချီကစားပွဲကို ဂရုမစိုက်ခဲ့ချေ။ ထို့ပြင် သူသည် ဝမ်ကျင်း၏ လက်မောင်းကို ဖက်ထားသည့် ပုချီလော့ကို တစ်ချက်ကြည့်လိုက်ပြီး သိမ်မွေ့စွာ ခေါင်းခါလိုက်မိသည်။
'ဒီအမျိုးသမီးဟာ အိမ်သူသက်ထား သို့မဟုတ် အနောက်ဆောင်မိဖုရားကြီး တစ်ဦးဖြစ်ဖို့ မထိုက်တန်ဘူး'
သူမ၏ ရုပ်ရည်သွင်ပြင်မှာ တောက်ပညှို့ယူဖွယ်ကောင်းပြီး ရှားပါးလှသော အလှပဂေးတစ်ဦး ဖြစ်သော်လည်း သူမတွင် ဉာဏ်ပညာ လိုအပ်နေသည်ကို စီမာယီက တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ခဲ့သည်။ ဝမ်ကျင်း၏ အနီးကပ်ဆုံးနှင့် ယုံကြည်ရဆုံးသော လက်အောက်ငယ်သားဖြစ်သည့် မိမိအပေါ်တွင်ပင် သူမသည် မျက်နှာသာရရန် သို့မဟုတ် စည်းရုံးသိမ်းသွင်းရန် မည်သည့်ရည်ရွယ်ချက်မျှ မပြသခဲ့ချေ။ အကယ်၍ သူ ခန့်မှန်းရုံတင်မကဘဲ မမှားခဲ့လျှင် စောစောက သူမသည် မိမိကို ဆူပူရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ တကယ်ပဲ... ရိုးအလွန်းလှပြီး ကောက်ကျစ်စဉ်းလဲမှု သို့မဟုတ် အမြော်အမြင် လုံးဝ ကင်းမဲ့နေခဲ့သည်။ အကယ်၍ ၎င်းမှာ အခြားသော မရိုးသားသည့် ရည်ရွယ်ချက်ရှိသူတစ်ဦး ဖြစ်ပြီး နောက်ကွယ်တွင် သန့်ရှင်းသော နှလုံးသားဂိုဏ်းကဲ့သို့သော အင်အားစုကြီး ရှိနေခဲ့လျှင်၊ သူတို့သည် သေချာပေါက် ကောက်ကျစ်သော အစီအမံငယ်အချို့ကို အသုံးပြုကြပေလိမ့်မည်။
သို့သော်လည်း ဤအရာသည် ပို၍ပင် ကောင်းမွန်လှပေသေးသည်။ အလွန်ဆုံးရှိလှ သူမသည် မိမိသခင်၏ ချစ်မြတ်နိုးမှုကို ခံရသည့် အသုံးတော်ခံ သက်သက်သာ ဖြစ်လာပေလိမ့်မည်။ နေရာတကာတွင် ပြဿနာလိုက်ရှာပြီး အပြင်ပန်းတွင် ကြင်နာတတ်ပုံရသော်လည်း အမှန်စင်စစ် ရက်စက်တတ်သော မိမိသခင်၏ သတ်ဖြတ်ခြင်းကို ခံရသည်ထက်စာလျှင်မူ များစွာ ပိုမိုကောင်းမွန်လှပေသည်။
မကြာမီမှာပင် ဝတ်ရုံခြုံထားသည့် လူလေးဦးကို ကုရန်က ရဲတိုက်တဲအတွင်းသို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။ ကျန်ရှိသောလူများမှာမူ ဝမ်ကျင်းနှင့် အထဲတွင် တွေ့ဆုံရန် အရည်အချင်း မပြည့်မီကြချေ။
ခေါင်းဆောင်ဖြစ်သူသည် တဲအတွင်းသို့ ဝင်ရောက်လာပြီး၊ ပထမဦးစွာ ဝမ်ကျင်း၏ လက်မောင်းကို ဖက်တွဲကာ ဘေးနားတွင် မှီကပ်နေသော ပုချီလော့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် ခေါင်းမြီးခြုံဝတ်ရုံကို ဖယ်ရှားလိုက်ရာ၊ ဆံပင်ဖြူများဖြင့် ပြည့်နှက်နေသော သက်ကြီးရွယ်အိုတစ်ဦး၏ မျက်နှာ ပေါ်ထွက်လာခဲ့သည်။ ထိုသူသည် ကရုဏာသက်ဖွယ် မျက်နှာထား၊ သဘောကောင်းလှသော အမူအရာနှင့် နတ်ဒေဝါကဲ့သို့သော ခန့်ညားတည်ကြည်သည့် အရှိန်အဝါရှိပြီး၊ သူ့ကို မြင်တွေ့ရသူတိုင်း နွေဦးလေညင်း၏ လွှမ်းခြုံမှုကို ခံရသကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ချဉ်းကပ်ရလွယ်ကူသော ပတ်ဝန်းကျင်အငွေ့အသက်ကို ခံစားရစေသည်။
သူသည် ဝမ်ကျင်းအား အသာအယာ ဦးညွှတ်ဂါရဝပြုပြီး အနည်းငယ် ပြုံးပြလိုက်၏။
“ကျွန်ုပ်ကတော့ သန့်ရှင်းသော နှလုံးသားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဝမ်လျန် ဖြစ်ပါတယ်။ သခင်ကြီးကို ဂါရဝပြုပါတယ်။”
ဝမ်ကျင်းသည် ပျင်းရိပျင်းရဲ ထိုင်နေရင်း ခေါင်းညိတ်ပြလိုက်သော်လည်း ဂါရဝကို ပြန်လည်မတုံ့ပြန်ခဲ့ချေ။ သူသည် မတ်တပ်ရပ်ရန်ပင် စိတ်မပါခဲ့ပေ။ ဤအပြုအမူသည် အလွန်ပင် ရိုင်းပျလှသော်လည်း ဝမ်လျန်ကမူ စိတ်ဆိုးခြင်း မရှိခဲ့ချေ။
ဝမ်ကျင်း၏ ဂရုမစိုက်သော အမူအရာကို သတိပြုမိသောအခါ ဝမ်ကျင်းအနားတွင် ကပ်နေသော ပုချီလော့၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
“သခင်ကြီး”
သူမသည် ဘာပဲဖြစ်ဖြစ် သန့်ရှင်းသော နှလုံးသားဂိုဏ်း၏ ကျွေးမွေးစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ သူမသည် ဂိုဏ်း၏ အစွန်းရောက်လှသော ဝါဒများကို အပြည့်အဝ သဘောမတူသော်လည်း၊ သန့်ရှင်းသော နှလုံးသားဂိုဏ်းအပေါ်တွင် သံယောဇဉ်အချို့ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် မိမိနှင့် အခြားသော မိဘမဲ့ကလေးများကို မွေးမြူစောင့်ရှောက်ခဲ့သည့် ဂိုဏ်းချုပ်အပေါ်တွင် ဖြစ်ပေသည်။
ဝမ်ကျင်းသည် လက်လှမ်း၍ ပုချီလော့၏ နဖူးကို အသာအယာ တောက်လိုက်ပြီး သူ၏မျက်နှာတွင် အလိုလိုက်မြတ်နိုးလှသော အမူအရာများဖြင့် ပြည့်နှက်သွားခဲ့သည်။
“မင်းကတော့လေ...”
ထို့နောက် သူသည် မိမိ၏အမည်ကဲ့သို့ပင် နူးညံ့သိမ်မွေ့ပုံရသော သက်ကြီးရွယ်အို ဝမ်လျန်ကို လှည့်ကြည့်လိုက်၏။ သူသည် လောကကြီး၏ နံပါတ်တစ် မိစ္ဆာဂိုဏ်းကြီး၏ ခေါင်းဆောင်တစ်ဦးနှင့် လုံးဝမတူဘဲ၊ အိမ်နီးနားချင်းမှ သဘောကောင်းလှသော အဖိုးအိုတစ်ဦးနှင့်သာ တူညီနေခဲ့သည်။
ဝမ်ကျင်းသည် မိမိရှေ့မှ လူလေးဦးကို နှိမ့်ချခြင်းမရှိဘဲ အသေအချာ စိုက်ကြည့်ကာ အကဲခတ်လိုက်သည်။ ဝမ်လျန်အပြင် သူတို့ထဲတွင် အားနည်းပြီး ဖျားနာလွယ်ပုံရသော လူလတ်ပိုင်းအမျိုးသားတစ်ဦးနှင့် ရိုးရှင်းလှသော ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစား ရှိသည့် အမျိုးသမီးတစ်ဦး ပါဝင်နေသည်။ ကျန်ရှိသော နောက်ဆုံးတစ်ယောက်မှာမူ အနည်းငယ် ထူးခြားလှသည်၊ ကြမ်းတမ်းပြီး ပြတ်သားသော မျက်နှာထားရှိကာ နဖူးပေါ်တွင် မန္တန်အမှတ်အသားများကို ထိုးနှံထားပြီး မျက်ခုံးကြားတွင် ပြင်းထန်လှသော လူသတ်ငွေ့အရှိန်အဝါများ စီးဆင်းနေခဲ့သည်။
ဝမ်ကျင်း၏ အလွန်ရိုင်းပျလှသော အကဲခတ်မှုကို ခံရသော်လည်း ထိုလေးဦးသည် ဒေါသအမူအရာ မပြဝံ့ကြဘဲ လိမ္မာရိုသေပြီး အလွန်အမင်း နှိမ့်ချသော အမူအရာကိုသာ ထိန်းသိမ်းထားခဲ့ကြသည်။
သန့်ရှင်းသော နှလုံးသားဂိုဏ်းသည် မဟာကျင်းပြည်ကြီးတစ်ခုလုံးတွင် ကျော်ကြားလှသော ဂုဏ်သတင်း ရှိပြီး လူတိုင်း သိရှိကြသော်လည်း ၎င်းက ဘာအသုံးကျပါမည်နည်း။ သူတို့၏ နေ့ရက်များသည် လွယ်ကူမနေခဲ့ချေ။ အစိုးရတပ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရရုံတင်မက၊ ရန်လိုသော သိုင်းလောကအင်အားစုများ၏ တိုက်ခိုက်ခြင်းကိုလည်း ခံရသဖြင့် သူတို့သည် နေ့ရက်တိုင်းကို တိုက်ခိုက်ရင်း သို့မဟုတ် အသက်လုထွက်ပြေးရင်း ကုန်ဆုံးခဲ့ရသည်။
အကယ်၍ မိမိတို့ကိုယ်တိုင်အတွက်သာ ဆိုလျှင်၊ အဆင့်မြင့် သိုင်းပညာများ တတ်မြောက်ထားကြသော ထိုသူများသည် သူဌေးများကို ဓားပြတိုက်၍ ဆင်းရဲသားများကို ကူညီရင်း အေးအေးလူလူ ကောင်းမွန်စွာ နေထိုင်နိုင်ကြပေသည်။ သို့သော် သူတို့သည် မိမိတို့အတွက်သာ အသက်ရှင်နေကြခြင်း မဟုတ်ပေ။ ဂိုဏ်းသားများအတွက် ရိက္ခာလိုအပ်သလို၊ မွေးစားထားသော မိဘမဲ့ကလေးများ သိုင်းပညာလေ့ကျင့်ရန်အတွက်လည်း အရင်းအမြစ်များ လိုအပ်လှသည်၊ ထို့ပြင် ပုန်ကန်ရန်အတွက် စစ်တပ်တစ်ခု တည်ဆောက်ရန်မှာလည်း ရိက္ခာ၊ ထောက်ပံ့ရေးပစ္စည်းများ၊ လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ လိုအပ်ပေသည်။
ဝမ်လျန်သည် နေ့စဉ်နှင့်အမျှ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရသဖြင့် သူ၏ဆံပင်များပင် ကျွတ်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်သည်။ သန့်ရှင်းသော နှလုံးသားဂိုဏ်းသည် နှစ်ပေါင်းတစ်ထောင်နီးပါးကာလအတွင်း ကြီးမားလှသော ရွှေငွေရတနာများကို စုဆောင်းနိုင်ခဲ့သော်လည်း၊ မကြာသေးမီနှစ်များအတွင်း ပြင်းထန်စွာ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသဖြင့် ကြီးမားလှသော ကုန်ကျစရိတ်များကို ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ရိက္ခာ၊ လက်နက်နှင့် ချပ်ဝတ်တန်ဆာကဲ့သို့သော အရာများကို ငွေကြေးတစ်ခုတည်းဖြင့် အလွယ်တကူ ဝယ်ယူ၍ မရနိုင်ချေ။
ယခုအခြေအနေတွင် ဝမ်ကျင်းက သူတို့ကို မလေးမစား ပြုမူခြင်းကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ဝမ်ကျင်းက သူတို့ကို ကူညီပံ့ပိုးပေးရန် ဆန္ဒရှိနေသရွေ့၊ သူတို့၏ မျက်နှာကို တစ်ချက်စီ ရိုက်နှက်လျှင်ပင် ဝမ်ကျင်း အဆင်ပြေပြေ ရိုက်နှက်နိုင်ရန်အတွက် သူတို့သည် တန်းစီ၍ အခြားတစ်ဖက်ကိုပါ လိုလိုလားလား အပ်နှံကြမည် ဖြစ်သည်။ သူတို့၏ အသက်ရှင်သန်မှုနှင့် ဝမ်းစာရေးနှင့် ယှဉ်လျှင် သိက္ခာနှင့် မျက်နှာဟူသည်မှာ အရေးမပါတော့ချေ။
သူတို့၏ ရိုသေကျိုးနွံသော အမူအရာကို မြင်ရသောအခါ ဝမ်ကျင်းသည် ကျေနပ်သွားခဲ့သည်။ သူတို့သည် အလွန်အမင်း မိုက်မဲမနေကြချေ၊ အနည်းဆုံးတော့ အကူအညီတောင်းခံချိန်တွင် ထားရှိရမည့် သဘောထားအမှန်ကို သိရှိကြပေသည်။
“ပြောစမ်းပါဦး... မင်းတို့ ဘာတွေ လိုအပ်နေတာလဲ”
ဝမ်ကျင်း၏ မေးခွန်းကို ကြားရသောအခါ ဝမ်လျန်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
“သခင်ကြီး... ကျွန်ုပ်တို့ဂိုဏ်းဟာ လက်ရှိမှာ ရိက္ခာ အလွန်အမင်း ပြတ်လပ်နေပါတယ်။ ကလေးတော်တော်များများလည်း ဝဝလင်လင် မစားရရှာပါဘူး။ ပြီးတော့ ကျွန်ုပ်တို့ကိုယ်ကို ကာကွယ်ဖို့အတွက် လက်နက်အချို့လည်း လိုအပ်နေပါတယ်။”
ဝမ်ကျင်းသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး “မင်းတို့ မကျွေးနိုင်ဘဲနဲ့ ဘာလို့ ကလေးအများကြီးကို လိုက်ပြီး မွေးစားနေရတာလဲ” ဟု မေးလိုက်သည်။
“သခင်ကြီး... အချို့သော ကလေးတွေကိုသာ ကျွန်ုပ်တို့ မကယ်တင်ခဲ့ရင် သူတို့တွေ အအေးမိပြီး သို့မဟုတ် အငတ်ဘေးနဲ့ သေဆုံးသွားကြရမှာပါ။ ကျွန်ုပ်... အဲ့ဒါကို မကြည့်ရက်နိုင်လို့ပါ”
“ပုချီလော့ဆိုရင်လည်း ထိုစဉ်က လမ်းဘေးမှာ ကျွန်ုပ် တွေ့ရှိခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။ ဆီးနှင်းတွေ အလွန်အမင်း ကျဆင်းနေချိန်မှာ သူမဟာ အဝတ်တစ်ထည်တည်းပဲ ဝတ်ဆင်ထားခဲ့ရတာ...”
သနားကြင်နာတတ်သော မျက်နှာထားရှိသည့် ဝမ်လျန်ကို ကြည့်ရင်း၊ ဝမ်ကျင်းသည် အတိတ်ကို ပြလည်အမှတ်ရကာ စိတ်လှုပ်ရှားနေသော ပုချီလော့ကို လှည့်ကြည့်လိုက်သည်။ ဝမ်ကျင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲမှမူ 'အဖိုးကြီး... မင်းက ကလေးတွေကို ဝါဒဖြန့်သိမ်းသွင်းရတာ လွယ်ကူတယ်လို့ ထင်နေတာလား။ အားလုံးက ကောက်ရတာချည်းပဲလား၊ တစ်ယောက်မှ ပြန်ပေးဆွဲလာတာ မရှိဘူးပေါ့။ မင်းကတော့ အိုရိုချီမာရူး အတိုင်းပါပဲလား' ဟု တွေးတောလိုက်မိသည်။
“ရိက္ခာ၊ လက်နက်နဲ့ ချပ်ဝတ်တန်ဆာတွေကိုတောင် ငါ မင်းတို့ကို ရောင်းချပေးနိုင်ပါတယ်။ ဒါပေမဲ့ မေးစရာတစ်ခုရှိတာက... မင်းတို့ ငါ့ကို ဘာပြန်ပေးနိုင်မှာလဲ”
ဝမ်လျန်သည် ခေတ္တမျှ စဉ်းစားတွေးတောလိုက်မိသော်လည်း၊ မဟာကျင်းပြည်ကြီးတစ်ခုလုံးတွင် အဆင့်မြင့်ပြီး အစွမ်းထက်သည်ဟု ယူဆရသော်လည်း လက်ရှိတွင် ဝရမ်းပြေးများ ဖြစ်နေကြသည့် သူတို့လူစုအနေဖြင့် ဤဘုရင်ခံချုပ်ငယ်အား မည်သည့်အရာကို ပေးဆောင်နိုင်မည်ကို မတွေးတောတတ် ဖြစ်နေခဲ့သည်။
“ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး သခင်ကြီး”
“နောင်အနာဂတ်မှာ မင်းတို့ သန့်ရှင်းသော နှလုံးသားဂိုဏ်းရဲ့ ခြေကုပ်ချဲ့ထွင်မှုကို ယွဲ့ပြည်နယ်ဘက်ကို ရွှေ့ပြောင်းရမယ်။ ငါကိုယ်တိုင် လုပ်ဆောင်ဖို့ မသင့်တော်တဲ့ အချို့သောအရာတွေကို မင်းတို့ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ အဲ့ဒါတွေကို သန့်ရှင်းသော နှလုံးသားဂိုဏ်းရဲ့ နာမည်အောက်ကနေ လုပ်ဆောင်ရမှာပဲ။ သဘောပေါက်လား”
ဝမ်လျန်၏ တည်ကြည်လှသော မျက်နှာအိုကြီးသည် တဖြည်းဖြည်း လျော့ကျသွားခဲ့ပြီး ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာ ပေါ်လာခဲ့သည်။ သူက စိတ်ထဲမှ 'ငါ ဘာတွေကို စိုးရိမ်နေခဲ့တာလဲ။ ဒါက ကြားခံသူလျှို သို့မဟုတ် အရုပ်အဖြစ် လုပ်ဆောင်ခိုင်းတာပဲ မဟုတ်လား' ဟု တွေးလိုက်မိသည်။
သူသည် အင်အားကြီးမားသော အုပ်စုများ၏ ပံ့ပိုးကူညီမှုကို ရရှိထားကြသည့် သိုင်းလောကဂိုဏ်းများကို အားကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
‘ခွေးတစ်ကောင်အဖြစ် လုပ်ဆောင်ရတာကော ဘာမှားလို့လဲ။ အနည်းဆုံးတော့ သူတို့မှာ နောက်ခံအင်အားရှိပြီး စားစရာရိက္ခာ ရှိတာပဲ မဟုတ်လား။’
‘နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ ဂိုဏ်းကြီးရဲ့ စံနှုန်းတွေနဲ့ ဂုဏ်သိက္ခာတွေဆိုတာ စားလို့ရလို့လား၊ မဟုတ်ရင် အသက်ရှင်သန်အောင် လုပ်ပေးနိုင်လို့လား။’
သူသည် ယခုအချိန်တွင် မိမိ၏ ဂိုဏ်းသားများစွာ၏ အသက်ကို တတ်နိုင်သမျှ ကယ်တင်လိုရုံသာ ဖြစ်တော့သည်။