← Chapters

ထျန်းအာကို ခေါ်ထားရမယ်

Vol. 11-16 Ch. 154

ထျန်းအာကို ခေါ်ထားရမယ်

Vol. 11-16 Ch. 154

အခန်း (၁၅၄)  :  ထျန်းအာကို ခေါ်ထားရမယ်

ဆက်သွယ်ပြောဆိုမှုအပြီးတွင် ဂိုဏ်းချုပ်က စံအိမ်တော်ရှေ့ မတ်မတ်ရပ်နေလိုက်သည်။ စံအိမ်တော်အနှံ့ မိုးကြိုးအရှိန်အဝါများ ထွက်ပေါ်နေပြီး နတ်သားရဲပုံ ရေးထွင်းထားသော တိုင်လုံးကြီးများမှလည်း မိုးကြိုသွားများ တလက်လက် ထွက်ပေါ်နေသည်။

ဝုန်း …

တိုင်လုံးပေါ်ရှိ နတ်သားရဲ ပုံရိပ်များက ဂိုဏ်းချုပ် ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

တာအိုကိုယ်တော်ကြီးက ဂိုဏ်းချုပ်တစ်ယောက် စိုးရိမ်ပူပင်နေသည်ကို ကြည့်ကာ ပြောလိုက်တော့သည်  “ ညီလေး ဘာတွေစိုးရိမ်နေတာတုန်း … ”

ထို့နောက် သူက ကျီစယ်ကာ ထပ်ပြောလိုက်ပြန်သည်  “ ရှန်ထျန်းက ကောင်းကင်ဘုံက မျက်နှာသာပေးတဲ့ ကံကြမ္မာသားတော်လို့ မင်းပဲ ပြောထားတာလေ။ အဲဆို ဘယ်လိုလုပ် မတော်တဆ ဖြစ်လာပါ့မလဲ ”

တစ်ခါတုန်းက ဂိုဏ်းချုပ်သည် ကြာပြာကောင်းကင်အသျှင်အား လူတချို့သည် ကောင်းကင်တာအို၏ ချစ်မြတ်နိုးမှုကို ခံရပြီး ကံကြမ္မာ ကောင်းချီးပေးခံထားရကြောင်း ပြောခဲ့ဖူးသည်။ ထိုလူများက အပြင်လောက၌ အန္တရာယ်ကြုံတွေ့ခဲ့လျှင်ပင် အန္တရာယ်ကြားမှ လွတ်မြောက်လာနိုင်သည့်အပြင် ရန်သူကို သတ်ဖြတ်ပြီး အကျိုးမြတ်များစွာ ရလာတတ်ကြောင်း ပြောထားခဲ့သေးသည်။

ဂိုဏ်းချုပ်၏ အမြင်အရ ရှန်ထျန်းသည် ထိုသို့သော ပုဂ္ဂိုလ်မျိုး ဖြစ်၏။ ထို့ကြောင့် ဂိုဏ်းချုပ်အနေနှင့် ဘာများစိုးရိမ်စရာ လိုမည်နည်း။

ဂိုဏ်းချုပ်က ကြာပြာကောင်းကင်အသျှင်၏ မေးခွန်းကို ကြားပြီးနောက် အရူးတစ်ယောက်ကို ကြည့်လိုက်သလိုမျိုး ကြည့်လိုက်သည်။

“ အစ်ကိုကြီး … ကျွန်တော် ထျန်းအာကို သွားကယ်မှာလို့ တုံးတုံးအအ တွေးနေတာတော့ မဟုတ်ဘူးမလား ”

ကြာပြာကောင်းကင်အသျှင်က ခဏကြောင်သွားကာ  “ အဲလိုမှ မဟုတ်ရင် မင်းက ဘာလို့ စိုးရိမ်နေမှာတုန်း”

ဂိုဏ်းချုပ်က အေးစက်စက် ပြန်ပြောလိုက်သည်  “ အစ်ကိုကြီး စာများများဖတ်သင့်တယ်။ စာအုပ်ကောင်းတွေကနေ သင်ယူရမယ်လေ ”

ကြာပြာကောင်းကင်အသျှင်က ဒေါသထွက်လာကာ

“ ကျန်းလုံယွမ် … ငါ မင်းကို အကြာကြီး သည်းခံခဲ့ပြီးပြီ။ မင်း ငါ့ကို အရှက်ခွဲနေပြန်ပြီမလား။ မင်းပြောတော့ အဲဒီကလေးက အန္တရာယ်မတွေ့ဘူးဆို … ဒီတစ်ခါ သူ ပျောက်သွားတာကို မင်းက ဘာလို့ စိုးရိမ်ကြီးနေတာတုန်း။

ဟားဟား … ဒီကလေးက ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်ကို ဖန်တီးနိုင်လောက်အောင်အထိ ဉာဏ်ပြေးတာကို ငါလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သူက မီးစာကျမ်းကို ကျင့်ကြံတာကွ … သူက ကံပိုဆိုးဖို့ အကြောင်းဖန်လာပြီးသား …

မင်း မြင်တယ်မလား။ ဒီတစ်ခါ အားလုံး ဘေးကင်းနေရက်နဲ့ သူ တစ်ယောက်တည်းပဲ ကွက်ပျောက်သွားတာ ”

ဂိုဏ်းချုပ်က အေးတိအေးစက် ပြန်ဖြေလိုက်သည်

“ တုံးလိုက်တာ အစ်ကိုကြီးရာ … ဒီတစ်ခေါက် ထျန်းအာ ပျောက်သွားတာက ကိစ္စဆိုးလို့ တစ်ခါမှ မတွေးဖူးဘူး။ တကယ်လို့ ကံကြမ္မာကောင်းချီး ပေးခံထားရတဲ့ လူအယောက်တစ်ထောင်ရဲ့ ဇာတ်ကြောင်းကို သေချာကြည့်ခဲ့ရင် ကပ်ဘေးက ကြီးလေလေ အခွင့်အရေးလည်း ကြီးလေလေဆိုတာ အစ်ကိုကြီး သိသွားလိမ့်မယ်။  ကံဆိုးတဲ့သူတွေအတွက် ကပ်ဘေးဆိုပေမဲ့ ကောင်းချီးပေးခံထားရသူအတွက်ကျ မတူဘူးလေ …

သူတို့က မမျှော်လင့်ဘဲ ကံကြမ္မာအပြောင်းအလဲ အခွင့်အရေးတွေ တွေ့တတ်ကြတယ်။ ဥပမာအနေနဲ့ဆိုရင် ဝိဇ္ဇာတိုက်ပွဲလိုမျိုးပေါ့ … အဲဒါက သာမန်လူတွေအတွက် ကပ်ဘေးလိုမျိုးဆိုပေမဲ့ အဆုံးသတ်ကျ သူတို့က ကောင်းချီးပေးခံထားရတဲ့သူအတွက် အမွေအနှစ်ထားပေးပြီး သေသွားကြရတာပဲ။

ဒါမှမဟုတ်ရင် ပြိုင်ဖက်ကင်း ပါရမီရှင်က သူ့စွမ်းအားအားလုံးကို သုံး …  နိဗာနဖြတ်သန်းပြီး  အဆင့်မြင့် သွေးမျိုးဆက်ကို ရဖို့ ကြိုးစားနေတဲ့အချိန်မျိုး .. အဲလို သူ အားအနည်းဆုံးအချိန်မျိုးမှာ ကံကြမ္မာသားတော်ရဲ့ နှိမ်နင်းတာ ခံလိုက်ရတာမျိုးပေါ့။

ဒါမှမဟုတ်သေးရင် အဗြဟ္မစရိယ ရှောင်ကြဉ်ထားတဲ့ သူတော်စင်မ တစ်ယောက်ယောက်က နတ်ဆိုးကြောင့် ဒဏ်ရာရသွားပြီး အဆိပ်မိသွားတဲ့အချိန် ကံကြမ္မာကောင်းချီပေးခံရသူနဲ့ တွေ့ပြီး တစ်ညတာ ဖြတ်သန်းလိုက်ရတာမျိုး …  အဲဒီဖြစ်ရပ်တွေက အဓိပ္ပါယ်မရှိဘူးလို့ ထင်ရပေမဲ့ တကယ် ဒဏ္ဍာရီလာ ဖြစ်ရပ်တွေချည်းပဲ …

ဒီမြူခိုးဟင်းလင်းပြင်ထဲမှာ ထျန်းအာ တစ်ယောက်တည်း ပျောက်သွားတာ သူ ကံဆိုးလွန်းလို့ ထင်နေတုန်းလား … အစ်ကိုကြီး မှားနေပြီ။ ကျွန်တော်ရဲ့ တုံးတုံးအအ အစ်ကိုကြီးရဲ့ … ဒီကိစ္စက သူပေါ် ကံကြမ္မာကောင်းချီပေးခံထားရတယ်ဆိုတာ ပြသနေတာပဲ။ ထျန်းအာက ဒီတစ်ခေါက် အခွင့်အရေးကြီးကြီး တစ်ခုရလာတာ သေချာတယ် …  ”

ကြာပြာကောင်းကင်အသျှင်က ဂိုဏ်းချုပ် အခိုင်အမာ ယုံကြည်နေသည်ကို သတိပြုမိကာ အံ့အားသင့်မိသွားသည်။

“ ဘာပြောတာလဲ … ဒီကလေး ပျောက်သွားတာက ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ကြုံတွေ့နေရလို့ပေါ့ ဟုတ်လား။ ငါ့ကို ငတုံးများ ထင်နေလား။ သူသာ ကံအပြောင်းအလဲ အခွင့်အရေးနဲ့ ကြုံမယ်ဆိုရင် ငါ … ”

ကြာပြာကောင်းကင်အသျှင်က တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် စကားကို အချိန်မီ ထိန်းလိုက်ရသည်။

ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်

“ အစ်ကိုကြီးက ကိုယ့်ဘာသာ ငတုံးမဟုတ်ဘူးလို့ ထင်နေတာလား။ အစ်ကိုကြီး နောက်ကျရင် စာအုပ်များများ ဖတ်ပါဦးဗျာ … အခု ကျွန်တော် မြူခိုးမြို့တော်ဆီ လိုက်သွားမှာက သူ့ကို အားပေးဖို့လေ။

ထျန်းအာ ကျွန်တော်တို့ အထွတ်အမြတ်မြေ ရောက်လာကတည်းက ကပ်ဘေးတဖန် ကျင့်စဉ်ကိုလည်း ပြန်ရှာပေးခဲ့တယ်။ ပြီးတော့ ယင်ယန် မိုးကြိုးဖောက်ခွဲရေး အဆောင်ကိုလည်း ဖန်တီးပြီး ကူညီပေးခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်တို့ဘက်က သူ့ကို ဘာမှပြန်မလုပ်ပေးသေးရဘူးလေ။ အဲကြောင့် ဂိုဏ်းအပေါ် သူ့စိတ်ခံစားချက်က သိပ်မပြင်းထန်လောက်သေးဘူး။ ဒီတစ်ခေါက် ထျန်းအာ ပျောက်သွားတာက အထွတ်အမြတ်မြေရဲ့ နွေးထွေးမှုကို ခံစားရအောင် လုပ်ပေးဖို့ အခွင့်ကောင်းတစ်ခုပဲ။

ထျန်းအာကို ကျွန်တော်တို့ အထွတ်အမြတ်မြေက အလေးထားကြောင်း သိအောင် လုပ်ပြီးတော့ အထွတ်အမြတ်မြေနဲ့ ရင်းနှီးသွားအောင် လုပ်ပေးရမယ် …

ဒီတစ်ခေါက် ဘာအန္တရာယ်မှ မကြုံတွေ့ဘူးဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ ဂိုဏ်းရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်သာအောင် ပြရမယ်လေ။ တစ်လောကလုံးက ရန်သူ ဖြစ်နေရင်တောင် ထျန်းအာက ကျွန်တော်တို့ အထွတ်အမြတ်မြေရဲ့သူတော်စင် ဖြစ်တဲ့အတွက် ဘယ်နည်းနဲ့ဖြစ်ဖြစ် သေချာပေါက် ကာကွယ်ပေးရမယ်”

ထိုစကားအဆုံးတွင် ဂိုဏ်းချုပ်က လေဟာနယ်ကို ထက်ခြမ်းခြမ်းပြီး အာကာပြင် မုခ်ဝတစ်ခု ဖြစ်ပေါ်လာစေ၏။

ကြာပြာကောင်းကင်အသျှင်ကလည်း

“ ငါတော့ ဒီကလေးကို ကံကြမ္မာကောင်းချီ ပေးထားတယ်လို့ မယုံဘူး။ အားလုံးက တိုက်ဆိုင်သွားတာပဲ နေမယ်။ မီးစာကျမ်းကို ကျင့်ကြံသူက ကောင်းချီပေးခံထားရတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီတစ်ခါ ငါလည်း မြူခိုးမြို့တော်ဆီ လိုက်ခဲ့မယ် … ”

ဂိုဏ်းချုပ်က အာကာပြင် မုခ်ဝထဲ ဝင်လိုက်ပြီးနောက် ကြာပြာကောင်းကင်အသျှင်လည်း နောက်မှထပ်ချပ်မကွာ လိုက်ဝင်သွားလိုက်သည်။

သူတို့က မြစ်နှင့်တောင်တန်းတွေကို ဖြတ်ကာ ကီလိုမီတာ ငါးထောင် သွားလာခဲ့သောကြောင့် သူတို့ရှေ့ အလင်းနှင့် ပုံရိပ်များက အလျှင်အမြန် ရွေ့လျားသွားကြသည်။

သူတော်စင်နှင့် သူတော်စင်မတို့၏ အမှတ်အသားပြားပေါ်တွင် တည်နေရာ အစီအရင်ကို ရေးထွင်းထားလေသည်။ ရှန်ထျန်း၏ သူတော်စင် အမှတ်အသားပြားက မြူခိုးအတွင်း ရောက်ရှိနေသောကြောင့် အာရုံခံ၍ မရပေ။

သို့သော်လည်း ကျန်းယွင်ရှီးက မြူခိုးအပြင်ဘက် ရောက်နေသောကြောင့် ဂိုဏ်းချုပ်က သူတော်စင်မ အမှတ်အသားပြားကို အာရုံခံလိုက်ပြီး သူတော်စင်မ အမှတ်အသားဘေး တည်နေရာကို မှတ်သားကာ အာကာပြင် ဖြတ်သန်း၍ ရောက်လာလေသည်။

……………

ကျန်းယွင်ရှီးက မြူခိုးမြို့တော်အထက် ရပ်နေလေ၏။ သူမက ဂိုဏ်းချုပ်နှင့် ဆက်သွယ်သွားပြီးနောက် အတော်လေး စိတ်အေးသွားတော့သည်။ သူမ ဖခင်က အကျော်ဇေယျ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့် ရောက်လာသည်နှင့် ဘယ်အရာမှ ပြဿနာ မဟုတ်တော့ပေ။

မောင်လေးရှန် ဘယ်နေရာရောက်ရောက် တောင့်ခံထားရမယ်နော် …

အာကာပြင်က တွန့်လိမ်သွားပြီး တောက်ပနေသည့် မုခ်ဝတစ်ခု ပေါ်ပေါက်လာသည်။

ထိုစဉ် မိုးမြေကြားရှိ မိုးကြိုးများလည်း ထွက်ပေါ်လာကာ နဂိုကြည်လင်နေသည့် ကောင်းကင်တခွင် မိုးကြိုးများ ထစ်ချုံး မြည်ဟီးလာသည်။

တိမ်မည်းများ စိုးစဉ်းမျှ မရှိသော်လည်း လွှမ်းမိုးတတ်သည့် အရှိန်အဝါနှင့် မိုးကြိုးလျှပ်စီးသွားများကို မြင်တွေ့နေရလေသည်။

နဂါးပြာ၊ ကျားဖြူ၊ ကြက်သွေးရောင် ဇာမဏီ၊ လိပ်နက်၊ စွမ်းပကား ချီလင်၊ ပျံဝဲမြွေ၊ ကောင်းကင် ဧကရာဇ်၊ စကြဝဠာနှင့် ကောင်းကင် ဧကရီ ပုံရိပ်များကလည်း ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။

နတ်သားရဲတစ်ကောင်ချင်းစီက မီတာရာချီ မြင့်မားနေသည့်အတွက် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သားရဲများသဖွယ် ထင်မှတ်ရစေသည်။

ဤသည်မှာ သူတော်စင်နယ်ပယ်အဆင့်ရှိ လူတစ်ယောက်၏ စွမ်းအား ဖြစ်ကာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ် ကျန်းလုံယွမ်သာ ဖြစ်၏။

အာကာပြင် မုခ်ဝနောက်တွင် မိုးကြိုးများဖြင့် လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ သူက ကောင်းကင်ဘုံမှ သက်ဆင်းလာသော ပြီးပြည့်စုံသည့် ထာဝရအရှင်တစ်ပါးအသွင် ဆောင်နေကာ သူ့အနားတွင် ကောင်းကင်အရှိန်အဝါများနှင့် မိုးကြိုးအငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။

ထိုလူမှာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဂိုဏ်းချုပ်သာ ဖြစ်ပေသည်။ သူက ကျန်းယွင်ရှီးအား ကြည့်လိုက်ကာ  “ ရှီးအာ .. ဘာတွေဖြစ်ခဲ့တာလဲ အသေးစိတ်ပြောပြ ”

ကျန်းယွင်ရှီးက ခေါင်းညိတ်ကာ ဂိုဏ်းချုပ်အား ဤရက်ပိုင်းအတွင်း မြူခိုးဟင်းလင်းပြင်ထဲ ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးကို မချွင်းမချန် တင်ပြလိုက်တော့သည်။

သူက ရှန်ထျန်းသည် မြူခိုးမြို့ငယ်လေးရှိ လူများကို လမ်းညွှန်ပြသပေးကာ ကံအပြောင်းအလဲ အခွင့်အရေး ရအောင် ကူညီပေးခဲ့ကြောင်း သိလိုက်ရသည်။

ကြာပြာကောင်းကင်အသျှင်က မနာလိုဖြစ်မိသွားလေသည်။

ဒါက ဘာပညာရပ်တုန်း … ညီလေး ငါမှားသွားပြီ … ငါ ဘာတွေလွဲချော်သွားပြီတုန်း …

ထိုစဉ် ဂိုဏ်းချုပ်က တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ့အတွေးကို ထပ်မံ အတည်ပြုလိုက်နိုင်သည်။

ဟုတ်တယ် … ထျန်းအာက သေချာ‌ပေါက် ကံကြမ္မာသားတော်ပဲ … မဟုတ်သေးဘူး  သူက ကောင်းကင်တာအိုရဲ့ သားတော်ပဲ ဖြစ်ရမယ် …

သူက လူအများအတွက် ဟောကိန်းထုတ်ပေးခဲ့ခြင်း ဖြစ်၏။

အားလုံးက ထိုအရာကို တားမြစ် ပညာရပ် သို့မဟုတ် ဆန်းကြယ်လျို့ဝှက် ပညာရပ်အဖြစ် မှတ်ယူထားကြသော်လည်း သူက လူများစွာအတွက် ကာမဝိညာဉ် ဂန္ဓမာနှင့် မြူခိုးဆေးပင်များ ရှာတွေ့ဖို့အတွက် မကြာခဏ ထုတ်သုံးပေးခဲ့သည်လား …

ဒီလိုစကားကို ငတုံးပဲ ယုံလိမ့်မယ် … ဒီကောင်လေး သူ့ကံကို စမ်းကြည့်နေတာပဲ ဖြစ်လိမ့်မယ် …

ယခင် အဆုံးမဲ့ဝိညာဉ်ဥယျာဉအတွင်း သူက သတ္တုရိုင်းတုံးများကို ကံစမ်းခဲ့သည်။ ယခု မြူခိုးဟင်းလင်းပြင်အတွင်း လူများကို ရတနာရှာတွေ့ဖို့ အကူအညီ ပေးနေပြန်သည်။

ငါ့ ဆုံးဖြတ်ချက်က မမှားဘူး … ထျန်းအာက ကံကြမ္မာ ကောင်းချီပေးခံထားရတဲ့ ရှားရှားပါးပါးလူပဲ …

ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ ချီရှောက်ရွှမ်တောင် ထျန်းအာရှေ့မှာ ဘာမှမဟုတ်တော့ဘူး … ထျန်းအာသာ ငါတို့အထွတ်အမြတ်မြေမှာ ရှိနေသရွေ့ ငါတို့ဂိုဏ်း မဝေးတော့တဲ့ အနာဂတ်မှာ ပြန်မြင့်တက်လာလိမ့်မယ် …

All Chapters