အခန်း ၂၃၃
Vol. 24 Ch. 233
233 01
အပိုင်း (၂၃၃)
ပူပြင်းသော ရာသီက ကမ္ဘာမြေကို ကျိန်းတောက်စေသည်။ လမ်းပေါ်တွင် သွားလာနေသော ဇွန်ဘီများကလွဲပြီး အခြားသော အသက်ရှင်ကျန်ရစ်သောသူများ မရှိတော့ပါပေ။
မြင့်မားသော အပူချိန်က ငါးဆယ်နှင့် ခြောက်ဆယ်ဒီဂရီနီးပါး ရောက်ရှိနေခဲ့ပြီး လူများ၏ ကိုယ်ပေါ်မှ အနံ့က ပို၍ ပြင်းထန်လာသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးဘက်မှ ကောက်ပဲသီးနှံများကလည်း သင့်လျော်သော အပူချိန်မျိုးတွင် ထိန်းချုပ်ထားခြင်း ဖြစ်သည်။ အပူချိန်က အပြင်ဘက်နှင့် သိပ်မခြားနားပါပေ။
ရှုရှင်း၏ လေ့ကျင့်သောနေရာကလည်း နေပူမလောင်စေရန် အပူမလျှပ်စေရန် အလို့ငှာ အတွင်းဘက်သို့ ပြောင်းလိုက်ရသည်။
ရာသီဥတုက ပူလွန်းသည်။ ရှုရှင်းသည် နဂိုကမူ ယန်မော့မရှိသည်ကို အခွင့်ကောင်းယူ၍ ရေခဲမုန့်နည်းနည်းစားကာ ကျေနပ်ချင်သေးသည်။ သို့သော် သူမက ဒုတိယမြောက် တစ်ဗူးကို ဖွင့်လိုက်သည်နှင့် အိမ်တော်ထိန်း 001 က အနားတွင် ချက်ချင်းပေါ်လာပြီး သူမ၏ လက်ထဲမှ ရေခဲမုန့်ဗူးကို ကြည့်ကာ အနှုတ်သုံးဆယ့်ခုနှစ် ဒီဂရီနီးပါးခန့် ရောက်စေလောက်သည့် စကားမျိုးကို ပြောသည်။
“သခင်မ သခင်က မကျင့်ကြံသေးခင် အထူးတလည် မှာကြားသွားပါတယ်။ တစ်ပတ်ကို ရေခဲမုန့်ဗူးသုံးဗူးပဲအများဆုံး စားနိုင်မှာဖြစ်ပြီး တစ်နေ့တည်းမှာ တစ်ဗူးထက် မပိုရပါဘူးတဲ့”
ရှုရှင်း “!!!”
ရှုရှင်းက ဒေါသထွက်သွားသည်။
“ဘယ်အချိန်က ပြောသွားလို့လဲ ငါဘာလို့ မသိရတာလဲ”
အိမ်တော်ထိန်း 001 “သခင်က တက်ဘလက်ကို ကိုင်ပြီး တီဗီစီးရီး ကြည့်နေတုန်းကပါ”
ရှုရှင်း “…”
ငါ့မှာ…ငါ့မှာ အာဏာရော ရှိသေးရဲ့လားဟင်
“မရဘူး”
ရှုရှင်းက ခပ်မြန်မြန်ပြောသည်။
“ငါက နင့်ရဲ့ သခင်လေ။ နင်ငါ့စကားကို နားထောင်သင့်တာမလား”
အိမ်တော်ထိန်း 001 “ဒါပေမဲ့ သခင့်ရဲ့တောင်းဆိုမှုကလည်း သခင်မရဲ့ကျန်းမာရေးအတွက် ဖြစ်နေတယ်ဆိုတော့ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆပြီးတဲ့နောက်မှာ သခင့်ရဲ့ ဆုံးဖြတ်ချက်ကို နားထောင်တာ ပိုကောင်းတယ်လို့ ယူဆပါတယ်”
ရှုရှင်းက မျက်လုံးကို လှန်၍ ရေခဲမုန့်ဗူးကို နာနာခံခံနှင့် ပြန်ချလိုက်သည်။ သို့သော် အိမ်တော်ထိန်းက မရှိတော့သည်နှင့်ခိုးစားမည်ဟု တွေးလိုက်သည်။
အိမ်တော်ထိန်းက ထွက်သွားကြောင်းမြင်လိုက်သည်နှင့် ရှုရှင်းက ချက်ချင်းခုန်ထကာ စံအိမ်တံခါကို ကောက်ပိတ်လိုက်သည်။ ထို့နောက် ရေခဲသေတ္တာနားသို့ အပြေးသွားကာ ရေခဲမုန့်ဗူးကို ပြေးဖွင့်သည်။
ဟီးဟီး ငါက ဘယ်လောက် ဉာဏ်ကောင်းလိုက်သလဲ
သူမက ရေခဲမုန့်ဗူးကို ကိုင်ပြီး တစ်ဖက်လှည့်လိုက်ရုံသာ ရှိသေးသည်။ သူမ၏အရှေ့တွင် ကြီးမားသော အဖြူရောင် ခေါင်းကြီးက ပေါ်လာသည်။ တောက်ပပြီး အပြစ်ကင်းစင်သော မျက်လုံးကလည်း သူမ၏ လက်ထဲမှ အရာကို စိုက်ကြည့်နေသည်။
ရှုရှင်းက ရုတ်တရက် လန့်သွားသည်။ ထို့နောက် အရှေ့မှ တစ်ယောက်က ရှောင်စစ်ဟု ခေါ်သော စံအိမ်ထဲမှ စက်ရုပ်နံပါတ်လေး ဖြစ်ကြောင်း မှတ်မိသွားသည်။ သူမက စိတ်အေးသွားပြီး ပြောလိုက်သည်။
“ရှောင်စစ် ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
အိမ်တော်ထိန်း စက်ရုပ် ရှောင်စစ် “သခင်မ ငါ သခင်မ နောက်ကို လိုက်လာတာ။ သခင်က အာရုံမစိုက်နိုင်လို့ သတိမထားမိတာ။ အို အိမ်တော်ထိန်းက သခင်မ သူမရှိတုန်း ရေခဲမုန့်ကို ခိုးမစားအောင်ကို သခင်မနောက်ကို တောက်လျှောက် လိုက်ကြည့်ဖို့ မှာသွားပါတယ်”
ရှုရှင်းက အံကိုကြိတ်ပြီး အိမ်တော်ထိန်းကို စိတ်ထဲမှ လှမ်းခေါ်သည်။
“001 နင် သေပြီ”
233 02
အိမ်တော်ထိန်း 001 “ဒီအစီအစဉ်တွေအားလုံးကို သခင်က ပြောသွားတာပါ။ သခင်က ငါ့ကို ဒီလို လုပ်ခိုင်းတာ ကျေးဇူးပြုပြီး သခင့်ကိုပဲ ချီးကျူးပါ”
ရှုရှင်းက သေအောင် ဒေါသထွက်သွားပြီး နှစ်ယောက်ကြားမှ လိုင်းကိုသာ ဖြတ်လိုက်ကာ ယန်မော့ကို သူမ၏ စိတ်ထဲတွင် တေးပြီး မှတ်ထားလိုက်သည်။
သူမ၏ဉာဏ်ကောင်းမှုကလည်း ခင်ပွန်းဖြစ်သူ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်ရှိနေသည်။ သူမက ရုန်းကန်နိုင်စွမ်းရည် မရှိဘဲရေခဲမုန့်ပင် ခိုးမစားနိုင်ခဲ့ချေ။
နေ့ရက်များက ကုန်လွန်သွားသည်။ သို့သော် မည်သူကမှ ထွက်မလာသေးပေ။ မည်သူကမှလည်း အပြင်ဘက်သို့ မလာကြသည့်အတွက် လုံခြုံငြိမ်းချမ်းနေသည်ဆိုသော ခံစားချက်ကိုပင် မေ့လျော့နေသည်။
တစ်ခဏခန့်ကြာပြီးနောက် တစ်ညနေတွင် ပုရှန်းဝမ်နှင့်ပုယွမ်ကျိုးတို့က အဆင့်တက်သွားသည်။ နောက်တစ်ပတ်ခန့် ကြာပြီးနောက် မူချီမိုင်ကလည်း ထွက်လာသည်။ သူတို့သုံးယောက်လုံးက အောင်မြင်စွာနှင့် အဆင့်ငါးသို့တက်သွားသည်။
စွမ်းအားရှင်များက အဆင့်လေးမှ အဆင့်ငါးသို့တက်သွားသောအခါ ဒါဟာ ခုန်ပျံကျော်လွှားသည့်အဆင့်ကြီးဖြစ်ပြီး တံစက်မြိတ်ကို ကျော်လွန်ရသည့် အနေအထားမျိုးကဲ့သို့ ဖြစ်လေရာ ခက်ခဲလေသည်။ ပုံမှန်အားဖြင့် လူများသည် အဆင့်လေးတွင်သာ တစ်နေတတ်သည်။
နောက်ထပ် အဆင့်တက်မှု အပြောင်းအလဲကမူ အဆင့်ရှစ်မှ ကိုးသို့ တက်ခြင်းဖြစ်သည်။ သို့သော် ယခုအနေအထားအရ သူတို့နှင့် ဝေးကွာသေးလေသည်။ ထို့ကြောင့် စဉ်းစားရန် မလိုအပ်သေးပါပေ။
သူတို့သုံးယောက်က အောင်မြင်စွာ အဆင့်တက်သွားပြီးနောက် ပထမဦးဆုံး တံစက်မြိတ်ကို ကျော်လွန်သွားနိုင်သည်ဟု ယူဆသည်။ ရှုရှင်းကလည်း သူတို့အတွက် ပျော်သည်။ သို့သော် သူမကလည်း ယန်မော့ကို လွမ်းလာ၏။ ယန်မော့ကမူ မထွက်လာသေးပေ။ ထို့ကြောင့် ပို၍သာ လွမ်းမိသည်။
******