← Chapters

ပါရာဂွန်တစ်ဦးကို ချုပ်နှောင်မှု

Vol. 98 Ch. 1363

ပါရာဂွန်တစ်ဦးကို ချုပ်နှောင်မှု

Vol. 98 Ch. 1363

ပထမပင်လယ်တွင် တောင်ပင်လယ်လောကသားကျင့်ကြံသူများသည် အပြင်သူများနှင့် သွေးချောင်းစီး တိုက်ခိုက်နေကြ၏။ ကြေမွသွားသော ကောင်းကင်ဘုံ (၂) ၏ အတောမသပ်နိုင်သော ကျောက်တုံးကျောက်ခဲကြီးများက ပထမပင်လယ်အပေါ် တဖွဲဖွဲရွာကျ၍ ၎င်း၏အောက်ရှိ ပထမတောင်အပေါ်သာမက ဂြိုဟ်များအပေါ်သို့ပင် ဝုန်းခနဲ ဝုန်းခနဲ ကျရောက်နေသည်။

ပျက်စီးဆုံးရှုံးမှုများကား ... မယုံနိုင်လောက်အောင်ပင်။

စစ်ပွဲသည် .... ရွှမ်းဖန်၏ကျေးဇူးကြောင့် ဟန်ချက်မညီတော့ပေ။

ရွှမ်းဖန်ကြောင့် ... တောင်ပင်လယ်လောကမှာ ယခုလို အရေးနိမ့်နေရချေပြီ။

ဤအခိုက်အတန့်တွင် ရွှမ်းဖန်သည် သွေးအေးစွာ ပြုံးရင်း တောင်ပင်လယ်လောကမှ ထွက်ခွာဖို့ ပြင်နေသည်။ သူ၏အစီအစဉ်က အလုပ်ဖြစ်ခဲ့ပြီမဟုတ်ပါလော။ မန်ဟိုလည်း သေရတော့မည်၊ တောင်ပင်လယ်လောကဒိုင်းလည်း ပျက်စီးသွားခဲ့ပြီ။ မှန်သည်၊ သူလည်း ဒဏ်ရာအပြင်းအထန် ရခဲ့သည့်အတွက် ပြန်ကုစားဖို့ တောင်ပင်လယ်လောကမှ ထွက်ခွာရန် လိုအပ်သည်။ ယခုတွင် စစ်ရေးစစ်ရာကို ကျန်ပါရာဂွန်က လွှဲယူခြယ်လှယ်လိမ့်မည်။

သို့သော် သူ ထွက်ခွာဖို့ လုပ်နေသည့်အချိန်မှာပင် ပုပ်ဆွေးနေသော အရိုးစုတစ်စု ပေါ်လာသည်... မန်ဟို။ မန်ဟိုသည် စိတ္တဇအရူးလို တဟက်ဟက်ရယ်ရင်း ပြုံးကာ ပြော၏။ “ပါရာဂွန်ရွှမ်းဖန်၊ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ငါးစာအဖြစ် ချထားခဲ့တာပဲ ဘာကြောင့် အခုလိုအလောတကြီး ပြန်ဖို့လုပ်နေရတာတုန်း။ ခင်ဗျားက ပါရာဂွန်ဖြစ်ရင်ဖြစ်မယ်၊ ဒါပေမဲ့ တောင်ပင်လယ်လောကထဲ ခင်ဗျားဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့မရဘူး” ပြောရင်းဆိုရင်း မန်ဟိုက သူ၏ညာလက်ဖြင့် အမည်မသိအရာဝတ္ထုတစ်ခုကို ဖိခြေလိုက်သည်။ တစ်ဆက်တည်းမှာပင် မိုးကြိုးဒယ်အိုးသည် သူ၏ခေါင်းပေါ်တွင် ပေါ်လာပြီး လျှပ်စီးများ ဖျိုးဖျိုးဖျစ်ဖျစ် လင်းလက်သွားသည်။ ရွှမ်းဖန်မှာ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မန်ဟိုနှင့် ရုတ်ခြည်း နေရာလဲလိုက်ရလေပြီ။

သူက ပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မျက်မှောင်ကြုတ်၍ အေးစက်စက် နှာမှုတ်သည်။ သို့သော် တခဏကြာသော် သိပ်သိပ်သည်းသည်းမြူထုတစ်ခုက သူ့ကို ဝိုင်းရင်း ပျံ့နှံလာသဖြင့် သူ့မျက်နှာ ပျက်ယွင်းသွားတော့သည်။

“မှောင်ရိပ်ပုလဲ။ မင်းလည်း မှောင်ရိပ်ပုလဲကို သုံးနိုင်တယ်လား။ ဟုတ်သားပဲ မင်းရဲ့သေခြင်းအရှိန်အဝါ” မန်ဟိုနှင့် တိုက်ခိုက်ခဲ့တုန်းက မှောင်ရိပ်ပုလဲနှစ်လုံးအနက် တစ်လုံးကို မန်ဟို ယူထားခဲ့ကြောင်း မှတ်မိလိုက်သဖြင့် ရွှမ်းဖန်၏မျက်နှာကြီး မှောင်မည်းသွားသည်။ ရွှမ်းဖန်သည် ထိုအချက်ကို မေ့နေခဲ့သော်လည်း ယခုတော့ ဖြစ်ပျက်နေသောအရာကား သိသာပေ၏။ ပုံမှန်အားဖြင့် မှောင်ရိပ်ပုလဲများကို အထူးအတတ်တစ်ခုဖြင့်သာ အသုံးပြုနိုင်သည်။ ထိုအတတ်နှင့် မရင်းနှီးသူတစ်ယောက်အတွက် မှောင်ရိပ်ပုလဲကို အသက်သွင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ .... ထိုသူ၏ပတ်ဝန်းကျင်တွင် အားကောင်းသောသေခြင်းအငွေ့အသက်များ ရှိနေရန်ဖြစ်သည်။

မှန်သည်၊ မန်ဟိုက ထိုအတိုင်းဖြစ်နေ၍ မှောင်ရိပ်ပုလဲအား အသုံးပြုနိုင်သွားသည်။

ပါရာဂွန်ရွှမ်းဖန်မှာ ရင်တဒိန်းဒိန်းခုန်လာပြီး မျက်နှာထားလွန်စွာ တင်းမာခက်ထန်နေသည်။

မြူများက သူ့ကို ပိတ်လှောင်လျက် တဖွေးဖွေးလှုပ်နေသည်။ ယခုတော့ ဆယ့်ငါးမိနစ်နေမှ သူ ထွက်နိုင်လိမ့်မည်။

“မန်ဟို မင်း ဆယ့်ငါးမိနစ်ထဲနဲ့ ဘာမှမလုပ်နိုင်ပါဘူး။ ငါ မှန်းကြည့်မယ် မင်းက မင်းရဲ့နောက်ဆုံးအသက်ကို ပင်လယ်အိပ်မက်ဆီ ပေးဖို့ ကြံထားတာမလား။ ဒါမှမဟုတ် ငါတို့ရဲ့ပါရာဂွန်နောက်တစ်ယောက်ကို သတ်ဖို့ အောဂူရုပ်သေးရုပ်ကို သုံးမလို့မလား

“ဆယ့်ငါးမိနစ်လေးထဲနဲ့ မင်း အောင်မြင်မှာမဟုတ်ဘူး” သူ၏အေးစက်စက်အသံ မြူထုအတွင်းမှ ပဲ့တင်ထပ်နေစဉ်မှာပင် ကောင်းကင်ဘုံ (၆) ၏ ပါရာဂွန်က ရုတ်တရက် ကြယ်တာရာကောင်းကင်သို့ ထွက်လာသည်။ မန်ဟိုနှင့်ရွှမ်းဖန်ဘက် လှမ်းကြည့်ပြီးနောက် သူသည် ပင်လယ်အိပ်မက်နှင့် ပါရာဂွန်ရုပ်သေးရုပ်ကို တားရန် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို စေစားလိုက်၏။

သူ စိတ်ပူသည်က ရွှမ်းဖန်မဟုတ်၊ ပင်လယ်အိပ်မက်နှင့် အောဂူ၏ရုပ်သေးရုပ် လှုပ်ရှားမည်ကိုပင်။ မန်ဟိုနှင့်ပတ်သက်၍မူ ... ရွှမ်းဖန်၏လှည့်ကွက်များကို သူ ယုံကြည်သည့်အတွက် မန်ဟို မကြာခင် သေလိမ့်မည်ဟု အပိုင်တွက်ထားသည်။

ပင်လယ်အိပ်မက်သည် မန်ဟိုနှင့် သူ၏သေခြင်းအငွေ့အသက်များကို လှမ်းကြည့်ကာ တုန်လှုပ်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟို၏နတ်ဘုရားအာရုံက ပါရာဂွန်ရုပ်သေးရုပ်နှင့် ပြန်ဆက်သွယ်လိုက်၍ ၎င်း၏မျက်လုံးများ တောက်ပလာသည်။ သို့သော် မန်ဟို့နတ်ဘုရားအာရုံမှာ သေခြင်းအငွေ့အသက်များ လှိုင်လှိုင်ထနေရာ ရုပ်သေးရုပ်သည်လည်း ထိုအငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။

ရွှမ်းဖန်၏စကားကြောင့် မန်ဟိုက ပြုံးရုံသာပြုံးပြီး စကားတစ်ခွန်းမှမပြောပေ။ သူ၏လက်ရှိအခြေအနေအရ ထိုအပြုံးမှာ လွန်စွာချောက်ချားဖွယ်ကောင်း၏။ ယခုအချိန်တွင် ရွှမ်းဖန်ကို သတ်ဖို့ မဖြစ်နိုင်မှန်း သိသည့်အတွက် သူ လုပ်ချင်သည်မှာ ... ရွှမ်းဖန်အား ယာယီချုပ်ထားရုံသာ ဖြစ်သည်။

တောင်ပင်လယ်လောကအတွက် အတိမ်းအစောင်းမခံသောအခြေအနေတွင် စစ်ပွဲ၏ဟန်ချက်ကို ပြန်ထိန်းဖို့ လိုအပ်၏။ မန်ဟို့မျက်လုံးများက ဆန်းပြားစွာ တောက်ပလာသည်။ ထို့နောက် သူက မြူများစုဝေးနေသော ဧရိယာသို့ ညာလက်ဖြင့် ညွှန်ကာ အသာအယာ ဝှေ့ယမ်းလိုက်သည်။

ထိုအခါ မြူထု၏အောက်တွင် ရေပြင်ညီအတိုင်း အမျှင်တစ်မျှင် ဖြစ်ပေါ်လာသည်။ ထို့နောက် မန်ဟိုက သူ့လက်ဖြင့် ဒုတိယစုတ်ချက်ကို ရေးခြယ်လိုက်၏။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်....

အမျှင်လေးမျှင်က မြူကို ဝိုင်းထားသော (၂)ဖက်မြင်စက်ဝိုင်းတစ်ခုအဖြစ် ဆက်သွားသည်။ ထိုမြူ၏အတွင်းတွင် ရွှမ်းဖန်သည် အနှစ်သာရအခိုးအငွေ့များကို အာရုံရလိုက်သဖြင့် မျက်စိမျက်နှာပျက်သွား၏။

ရွှမ်းဖန် အံ့အားသင့်နေသည့်အချိန်မှာပင် ကျန်ပါရာဂွန်၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ ထိုပါရာဂွန်မှာ လာရောက်မကူညီနိုင်သော်လည်း လက်တစ်ဖက်ဖြင့် ကောင်းကင်ဘုံ (၃) အား လက်ညှိုးထိုးလိုက်သည်။

ထိုအခိုက်အတန့်၌ မန်ဟို့အရှေ့ရှိ (၂)ဖက်မြင်စက်ဝိုင်းထံမှ အနှစ်သာရအရှိန်အဝါ ထွက်ပေါ်လာသည်။ ၎င်းကား အာကာသချုပ်နှောင်ခြင်းစွမ်းအား ဖြစ်၏။

မန်ဟိုသည် အာကာသအနှစ်သာရကို ကြာကြာမသုံးနိုင်သော်လည်း ဝိညာဉ်မီးအိမ်လေးလုံး ငြှိမ်းခဲ့ခြင်းက သူ၏ကျင့်ကြံအဆင့်ကို မြင့်တက်စေခဲ့ရာ ပါရာဂွန်တစ်ဦးကို ချုပ်နှောင်နိုင်သည်အထိ ရှိန်စဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်သွားလေသည်။

မှန်သည်၊ မန်ဟိုမှာ သူ့အား (၃)ဖက်မြင်ဒိုင်မန်းရှင်းမှ (၂)ဖက်မြင် ဒိုင်မန်းရှင်းသို့ အပြီးတိုင်နှင်ထုတ်နိုင်သည်အထိတော့ အစွမ်းမထက်သေးပေ။ ဤအရာသည် ယာယီသာခံမည့် ချုပ်နှောင်ခြင်းမျိုးဖြစ်သော်လည်း ဆယ့်ငါးမိနစ်ထက်တော့ သေချာပေါက် ပိုကြာမည်။

“ချုပ်နှောင်လိုက်" သူက အက်ကွဲကွဲအသံကြီးဖြင့် ပြောသည်။ ၎င်း ပဲ့တင်ထပ်နေစဉ် စက်ဝိုင်းသည် လင်းလက်လာပြီး ခဲလာ၏။ ပါရာဂွန်ရွှမ်းဖန်က ဒေါသတကြီး ဟိန်းဟောက်သည်။ ချုပ်နှောင်မှုပြီးမြောက်သွားသည့်အချိန်မှာပင် သူက သူ၏အသက်စွမ်းအားကို လောင်ကျွမ်းလျက် စက်ဝိုင်းအား တဟုန်ထိုး ပျံထွက်သွားစေသည်။ စက်ဝိုင်းသည် အမှောင်ထုဖုံးလွှမ်းထားသော ကောင်းကင်ဘုံ(၆)၏ပါရာဂွန်ထံ ပျံထွက်သွားပြီး ထိုလူက ၎င်းကို လှမ်း၍ ကပျာကယာ ဖမ်းဆုပ်လိုက်သည်။

မန်ဟိုက သက်ပြင်းချသည်။ အတွေ့အကြုံများ၏ကျေးဇူးကြောင့် ပါရာဂွန်များအား သတ်ရန် အင်မတန်ခက်သည်ကို သူ နားလည်လာသည်။ သို့သော် စက်ဝိုင်းသည် ခဲသွားခဲ့ပြီဖြစ်ပြီး အာကာသအနှစ်သာရမှ ဖန်တီးလိုက်သော ချုပ်နှောင်မှုလည်း ပြီးမြောက်သွားလေပြီ။ ထိုချုပ်နှောင်စည်းသည် လပေါင်းများစွာအချိန်မပေးမချင်း လွယ်ကူစွာ ဖယ်ရှားနိုင်မည့်အရာမဟုတ်ပေ။

စည်းပွင့်နေတုန်းကပင် ပါရာဂွန်ရွှမ်းဖန်မှာ သူ၏အသက်စွမ်းအားကို လောင်ကျွမ်းခဲ့ရပြီး ဒဏ်ရာလည်း အပြင်းအထန် ရထားခဲ့သည်။ သူသည် ထိုအချိန်တုန်းက ပါရာဂွန်ဖြစ်နေသေးလျှင်တောင်မှ သူ၏အတိုက်အခိုက်စွမ်းရည်မှာ အနည်းဆုံးတစ်ဝက်တော့ လျော့နည်းနေခဲ့လိမ့်မည်။

အရေးအကြီးဆုံးက ပါရာဂွန်ရွှမ်းဖန်၏ ကျင့်ကြံခြင်းအခြေခံမဟုတ်ဘဲ သူ၏ဗျူဟာများ ဖြစ်သည်။ သူ လုပ်ခဲ့သောအရာက မန်ဟို့အား သူ့ကို သတ်ချင်စိတ်တဖွားဖွားဖြစ်စေသည်။ အနည်းဆုံးတော့ သူ့ကို တစ်လနှစ်လပိတ်လှောင်ထားခြင်းက စစ်ပွဲထဲတွင် မထင်မှတ်ထားသောအခြေအနေများ ဖြစ်ပေါ်မလာအောင် ဟန့်တားနိုင်မည်။

ပထမတောင်အနား၌ တိုက်ခိုက်နေသော ကျင့်ကြံသူများနှင့်အပြင်သူများသည် အဖြစ်အပျက်ကို မြင်ခဲ့၍ တုန်လှုပ်ကုန်ကြသည်။ တောင်ပင်လယ်လောက၏ဒိုင်း ပြိုကွဲသွားသောအခါ စစ်ပွဲမှာ ဟန်ချက်ပျက်သွားခဲ့သော်လည်း ယခုမူ မန်ဟိုက ပါရာဂွန်ရွှမ်းဖန်ကို ချုပ်နှောင်ခဲ့သည့်အတွက် အရာအားလုံး ပြောင်းလဲသွားပြီး ဟန်ချက်ပြန်ညီလာနေသည်။

ပါရာဂွန်ရုပ်သေးရုပ်သည်လည်း မန်ဟို့နတ်ဘုရားအာရုံ၏ထိန်းချုပ်မှု ပြန်ရောက်သွားသဖြင့် အပြင်သူများကို သတ်ဖို့ ပထမပင်လယ်ထံ တဟုန်ထိုးသွားနေသည်။

မန်ဟို၏ပန်းတိုင်က ... စစ်ပွဲ၏ချိန်ခွင်လျှာက တောင်ပင်လယ်လောကဘက်သို့ သာနေစေရန် ဖြစ်သည်။ ကျန်ရှိသော အပြင်သူပါရာဂွန်အနေဖြင့် ပထမပင်လယ်ထဲရှိ အပြင်သူများကို ကယ်ချင်လျှင် မန်ဟို၊ ပါရာဂွန်ရုပ်သေးရုပ်နှင့် ပင်လယ်အိပ်မက်ကို ရင်ဆိုင်ဖို့ လိုလိမ့်မည်။

ထိုသို့ရင်ဆိုင်သည့်အခါ ထိုအပြင်သူပါရာဂွန်အနေဖြင့် သေလျှင်သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရမည်။

လက်ရှိအခြေအနေကို စဉ်းစားရင်း အမှောင်ထုလွှမ်းခြုံထားသော အပြင်သူပါရာဂွန်က သက်ပြင်းချသည်။ သူသည် ရွှမ်းဖန်ကဲ့သို့ စစ်ရေးပရိယာယ်မကြွယ်ဝပေ။ သူ့နည်းလမ်းသူ အားကိုးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့၍ ရွှမ်းဖန် ချုပ်နှောင်ခံခဲ့ရကတည်းက သူက ဆုံးဖြတ်ချက်ချပြီးလေပြီ။

သူ၏လက်ချောင်းအဝှေ့ကြောင့် ကောင်းကင်ဘုံ (၃) မြေထုကြီးသည် တောင်ပင်လယ်လောကထံ ရွေ့လျားတော့မည့်အလား တဝုန်းဝုန်းမြည်စပြုလာ၏။ ကြည့်ရသရွေ့ သူကား စောစောကအတိုင်း ကောင်းကင်ဘုံ (၃) တစ်ခုလုံးဖြင့် တောင်ပင်လယ်လောကအား ဖိနှိပ်တော့မည့်သယောင်ပင်။

သူသည် ကောင်းကင်ဘုံ (၃) အတွင်း ရှိနေသော အပြင်သူများကို ထည့်တွက်ပုံပင်မရပေ။ စိတ်လည်းမကြည်သည့်တွက် သူက ဤစစ်ပွဲတွင် သူ့နည်းသူ့ဟန်နှင့် တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အသံက ကြယ်တာရာကောင်းကင်တစ်ဝန်း ပဲ့တင်ထပ်သွားသည်။

“ပါရာဂွန်စွမ်းအားကို စစ်မြေပြင်အပေါ် နောက်တစ်ကြိမ် ထုတ်လွှတ်မယ်။ တောင်ပင်လယ်လောကကို ချေမှုန်းဖို့ ကောင်းကင်ဘုံ (၃) ၊ (၄) ၊ (၅) နဲ့ (၆) တို့ရဲ့ပျက်စီးခြင်းအပါအဝင် ဘယ်အရာကိုမဆို ငါ ပေးဆပ်ဖို့ အသင့်ပဲ"

သူ့အသံ ပဲ့တင်ထပ်နေစဉ် ပါရာဂွန်ရုပ်သေးရုပ်သည် တုံ့ခနဲ ရပ်လိုက်ပြီး ပင်လယ်အိပ်မက်က ထူးဆန်းစွာ တောက်ပနေသော မျက်ဝန်းများဖြင့် မော့ကြည့်သည်။ မန်ဟိုမှာတော့ သတိလွတ်တစ်ချက်ရတစ်ချက် ဖြစ်နေပြီး သေခြင်းအငွေ့အသက်များကို သူ၏ခန္ဓာကိုယ်ကို တင်းကြပ်စွာ ချုပ်နှောင်နေသည်။ ထပ်ကြာကြာ တောင့်မခံနိုင်တော့မှန်း သူ သိသည့်တိုင် အံ့တင်းတင်းကြိတ်၍ ကောင်းကင်ဘုံ (၆) မှ ပါရာဂွန်ကို မော့ကြည့်နေသည်။

“တောင်ပင်လယ်ပါရာဂွန်တို့” အပြင်သူပါရာဂွန်၏အသံက ခိုင်မာပြတ်သားမှုအပြည့်ဖြင့် ဟိန်းထွက်လာသည်။ "မင်းတို့နောက်ဆုတ်ရင် ငါလည်း မြေထုတိုက်ကွက်ကို မသုံးဘဲ နေပေးမယ်”

ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ နှစ်ဦးနှစ်ဖက် အတန်ကြာတင်းမာနေပြီးနောက် သူမသည် အလျှော့ပေးလိုပုံရသော်လည်း အင်္ကျီလက်စကို ခါကာ မန်ဟို့အား အဓိပ္ပါယ်ပါပါတစ်ချက် ကြည့်သည်။ မန်ဟို့နတ်ဘုရားအာရုံ၏ ညွှန်ကြားမှုအောက်ဝယ် ပါရာဂွန်ရုပ်သေးရုပ်သည် နောက်ဆုတ်လိုက်၏။

ထိုအခါမှ ကောင်းကင်ဘုံ (၆) မှ ပါရာဂွန်မှာ စိတ်သက်သာရာရသွားတော့သည်။ အမှန်က ကောင်းကင်ဘုံ (၃) မှ (၆)အထိ သူ မဖျက်စီးပစ်ချင်ပေ။ သူသည် စစ်ရေးစစ်ရာများကို ဦးဆောင်ရာ၌ မကျွမ်းကျင်သည့်အတွက် ကောင်းကင်ဘုံ (၇)မှ (၃၃) တို့ ရောက်လာမည်အထိသာ အချိန်ဆွဲချင်သည်။

သူကတော့ နားမလည်သော်လည်း ရွှမ်းဖန်သာ ရှိလျှင် ထိုဗျူဟာနှင့််ပတ်သက်ပြီး အကြီးအကျယ်စိတ်ဆိုးဒေါကန်လိမ့်မည်။ ရွှမ်းဖန်သည် သေခြင်းရှင်ခြင်းကို ဂရုမစိုက်၍ မန်ဟို နလန်ပြန်မထူနိုင်အောင် မြေထုများကို ဖျက်စီးပစ်သည့်အတိုင်းအတာအထိ လုပ်လိမ့်မည်။ သူက တောင်ပင်လယ်လောကကို အသက်ရှူချိန်ပေးမည်မဟုတ်သလို၊ အခွင့်အရေးလည်း ပေးမည်မဟုတ်ပေ။

ထိုမြေထုငါးခုဖြင့် တောင်ပင်လယ်လောကကို ချေမှုန်းပါက တောင်ပင်လယ်အားလုံး ပျက်စီး၍ တောင်ပင်လယ်လောကအား သိမ်းဆည်းထားသော အရင်းအမြစ်များထုတ်သုံးအောင် ဖိအားပေးနိုင်မည်။ ထိုသို့ဆိုလျှင် အနိုင်ရဖို့ ကျန်ကောင်းကင်ဘုံများ ရောက်လာအောင် စောင့်စရာမလိုပေ။

ပြတ်သားသူများအတွက် အချိန်ဆွဲခြင်းနှင့် တွန့်ဆုတ်ခြင်းက ရွေးချယ်စရာများမဟုတ်ပေ။ ယခုလိုလုပ်ရပ်က အပြင်သူများ၏စိတ်ဓာတ်အားမာန်ကို ကျဆင်းသွားစေနိုင်သည်။

အားလုံးအထဲ အရေးကြီးဆုံးမှာ ... ဤဒုတိယပါရာဂွန်က တောင်ပင်လယ်လောကအတွက် အချိန်ဆွဲပေးမိသွားခြင်းဖြစ်သည်။ ကောင်းကင်ဘုံ (၂) ဖြင့် တိုက်ခိုက်ခဲ့ခြင်းက မထင်မှတ်ထားသောတိုက်ကွက်ဖြစ်ခဲ့သော်လည်း တောင်ပင်လယ်လောကသည် ထိုအရာမျိုးအား ဒုတိယအကြိမ်ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။ သို့ဖြစ်၍ ကျန်မြေထုများနှင့် သူတို့ကို ခြိမ်းခြောက်ခြင်းမှာ အဓိပ္ပါယ်မဲ့သည်။ တုံးအရာရောက်သည်။

မှန်သည်၊ ထိုအကြောင်းကြောင့်လည်း ပါရာဂွန်ပင်လယ်အိပ်မက်သည် အပြင်သူပါရာဂွန်၏စကားကို နားထောင်ပြီးနောက် အင်တင်တင်ဖြစ်နေယောင်ဆောင်ခဲ့ပြီး မန်ဟို့ကို အဓိပ္ပါယ်ပါပါကြည့်ခဲ့ခြင်းလည်း ဖြစ်သည်။ ဤဆုံးဖြတ်ချက်က တောင်ပင်လယ်လောကအတွက် ကောင်းမွန်သည့်အရာမဟုတ်ပါလော။

စစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေ၏။ ပထမပင်လယ်တွင် တိုက်ပွဲပြင်းထန်နေသော်လည်း ပါရာဂွန်များ ဝင်မပါပေ။ မန်ဟိုမှာ ဆက်လက်တောင့်မခံနိုင်တော့သည့်အတွက် သွေးတစ်ပွက်အန်ပြီးနောက် လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

သူ ကောင်းကင်မှ ပြုတ်ကျလာသည်ကို ပါရာဂွန်ပင်လယ်အိပ်မက်က လှမ်းပွေ့လိုက်သည်။ သူ၏သေခြင်းအငွေ့အသက်များမှာ အချိန်နှင့်အမျှ သိပ်သည်းလာနေပြီး သူ့ခန္ဓာကိုယ်မှာ ပုပ်သိုးဆွေးမြည့်နေလေပြီ။ သူ၏ကလီစာများ၊ အရိုးများနှင့် အသားအားလုံး .. အမှုန့်ဖြစ်လာနေ၏။

ဝမ်းနည်းပူဆွေးမှုက ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်နှာကို စိုးမိုးနေပြီး သူ၏ဒဏ်ရာများကို ကုပေးဖို့ ပြင်လိုက်စဉ်မှာပင် ... သူမအနောက်မှ သူမကို တုန်ရီသွားစေသည့် ရှေးဆန်သောအသံတစ်သံကို ကြားလိုက်ရသည်။

“ငါ လုပ်ပေးလိုက်မယ်”

All Chapters