အခန်း ၂၄၅
Vol. 25 Ch. 245
245 01
အပိုင်း ၂၄၅
ပုရှန်းဝမ် “အားလုံးပဲ အာရုဏ်ဦး အခြေစိုက် စခန်းကနေ ကြိုဆိုပါတယ်၊ အားလုံးပဲ အာရုဏ်ဦး အခြေစိုက်စခန်းရဲ့ ပထမဦးဆုံး ပြောင်းရွှေ့နေထိုင်သူ ဖြစ်လာတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်၊ ဒါပေမဲ့ အချို့ကိစ္စတွေ ကိုတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ထားတယ်၊ ငါက ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါအုံးမယ်၊ ငါက စီမံရေးနဲ့ အေးဆေးပေါ့ပါး ဖျော်ဖြေရေး နယ်မြေက ဒါရိုက်တာပါ။ ပုရှန်းဝမ်လို့ ခေါ်ပါတယ်”
“ပထမဦးဆုံးအနေနဲ့ လူအများစုက စိုးရိမ်ရတဲ့ အကြောင်းပြောမယ်၊ မင်းတို့ အခြေစိုက် စခန်းထဲကို ဝင်တဲ့အချိန်မှာ စာချုပ်မှာ လက်မှတ် ရေးထိုးခဲ့တယ်၊ မင်းတို့ရဲ့ နောက်ခံကို ကိုယ်စားပြုတဲ့ လက်ပတ်ကိုလည်း ရထားတယ်၊ ဆိုတော့ အဲဒီက သတိပေးချက်တွေက မှန်ကန်တယ်ဆိုတဲ့ အကြောင်းကိုတော့ ထပ်ပြီးသတိပေးထားမယ်နော်၊ အခြေစိုက် စခန်းထဲက အကြောင်းအရာတွေကို ပေါက်ကြားစေတာမျိုး သစ္စာဖောက်တာမျိုး လုပ်ဖို့ မကြိုးစားပါနဲ့။ အကျိုးဆက်ကတော့ မင်းတို့ မတောင့်ခံနိုင်လောက်ဘူး၊ ဒုတိယအချက် အနေနဲ့ ဒီနေရာကို ဝင်နိုင်တဲ့ လူတွေအားလုံးကလည်း အမျိုးမျိုးသော စစ်ဆေးမှုတွေကို ကျော်ဖြတ်ထားပြီးတဲ့ သူတွေ ဆိုတော့ တစ်ယောက်ချင်းစီတိုင်းက စမ်းသပ်မှု အစောပိုင်းရလဒ်ရဲ့ အနေအထားတွေကို နားလည်ထားကြလိမ့်မယ်၊ မင်းတို့က လက်ရှိအချိန်မှာ ပထမဦးဆုံး နေထိုင်မှု နေရာကို သတ်မှတ်ပေးခံရမယ်၊ ဒီနေရာကို ဆက်ပြောင်းချင်တယ် ဆိုရင်တော့ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကို မှီခိုရလိမ့်မယ်”
“ပထမတစ်လကတော့ မင်းတို့ အလကားနေနိုင်တယ်၊ နောက်ပိုင်းလတွေ ကိုတော့ သုံးလ တစ်ခါ စာရင်း ရှင်းသွားရမယ်၊ အမှတ်တွေ အခြေအနေတွေ အားလုံးကို သိချင်ရင် လက်ပတ်ကနေတဆင့် စစ်ဆေးကြည့်ရှုနိုင်တယ်၊ ငှားရမ်းခကိုလည်း ဒီလက်ပတ်ကနေတဆင့် လွှဲပြောင်းပေးနိုင်ပါတယ်၊ မင်းတို့ နေ့စဉ်တာဝန်တွေကို ဝန်ဆောင်မှုခန်းမမှာ လာကြည့်နိုင်တယ်၊ အမှတ်တွေကိုလည်း နေ့စဉ်နဲ့အမျှ ကြိုးစားအားထုတ်ပြီး ရယူနိုင်ပါတယ်”
ပုရှန်းဝမ်က ခန်းမအလယ်တွင် ရပ်၍ လွတ်လပ်ပေါ့ပါးစွာ ပြောဆိုသည်။ ရှုရှင်းတို့ကလည်း ဆိုဖာပေါ်တွင် အေးဆေးထိုင်ကာ ရေနွေးကြမ်း သောက်နေကြ၏။
“နောက်ဆုံးတော့ မင်းတို့ကို ဒီအခြေစိုက် စခန်းမှာ ပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”
ဒီတစ်ခေါက် အခြေစိုက် စခန်းထဲတွင် လူအယောက် သုံးဆယ် ရောက်လာသည်။ သို့သော် ကလေးက ပိုများသည်။ ထိုကလေး အများစုကလည်း ၇ နှစ်မှ ၁၂ နှစ် အရွယ်များသာ ဖြစ်သည်။ သူတို့သည် ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်ကဆိုလျှင် အတော်လေး ငယ်သေးကြ လေသည်။ ထို့ကြောင့် သဘာဝလွန်စွမ်းအား မနိုးထသေးကြပေ။
ကျန်းရန်ဖင်ကဲ့သို့ စောစောစီးစီး စွမ်းအား နိုးထသော သူများလည်း ရှိသေးသည်။
အဆုံးသတ်ကာလမှ အခြေအနေမျိုးက တည်ငြိမ်လာသောအခါ လူသားများသည်လည်း ပတ်ဝန်းကျင်ကို ကျင့်သားရလာကြသည်။ ထို့ကြောင့် အခြေအနေက အဆင်ပြေပြီးနောက် နောက်မျိုးဆက်ကို ပျိုးထောင်ချင် လာသည်။ ထိုသို့ဖြင့် ထိုကလေးများသည်လည်း အသက် ၇ နှစ် အရွယ်တွင်ပင် သဘာဝလွန် စွမ်းအား နိုးထလာကြသည်။
ပုရှန်းဝမ်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လူအယောက် ၃၀ ခန့်ကလည်း အနည်းနှင့်အများ ဆိုသလို ကံကောင်းသည်ဟု ခံစားရသည်။ အချို့မျက်လုံးထဲတွင် မျက်ရည်များပင် ရှိနေ၏။
သူတို့သည်လည်း ကံဆိုးမှုမှ ကံကောင်းမှုကို ကြုံတွေ့ရသည်ဟု ပြောရပေမည်။ ကံကြမ္မာ နတ်ဘုရားမက သူတို့၏ ဘက်ခြမ်းတွင် ဖြစ်နေသည်။
ဒီနေ့ မတိုင်ခင်ကအထိ အဆုံးသတ်ကာလမျိုးတွင် သူတို့ကို အတိုက်အခံ မလုပ်၊ အနိုင်မကျင့်၊ မရှုံ့ချသော အခြေစိုက် စခန်းမျိုးနှင့် ကြုံရလိမ့်မည်ဟု မတွေးဖူးပါချေ။
သူတို့၏ နေထိုင်မည့်နေရာကို ယန်မော့က ပိုင်ခြားပေးထားခြင်း ဖြစ်သည်။ သာမန်လူများ နေထိုင်ရမည့် နေရာများ၊ စွမ်းအားရှိသော သူများ နေထိုင်ရမည့် နေရာများကို အလယ်မှ အသင့်ပြန်လည် ပြင်ဆင်ထားသော ဥယျာဉ်ငယ်လေးဖြင့် ပိုင်းခြားထားလေသည်။ အထူးစွမ်းရည်မရှိသော သာမန်လူများကမူ ခြောက်ယောက်တစ်ခန်း နေထိုင်ရသည်။ ထို့ကြောင့် တက္ကသိုလ်မှ အိပ်ဆောင်မျိုးနှင့်တူသည်။ အခန်းထဲတွင် ကုတင် စားပွဲ အဝတ်လှမ်း၍ရသော သေးငယ်သော လေသာဆောင်အပြင် အများမျှသုံးနိုင်သော ရေချိုးခန်း၊ အိမ်သာ၊ လျှောက်လမ်းမှ အဝတ်လျှော်နေရာ စသည်ဖြင့်တို့ ပါဝင်လေသည်။
ကျန်းရန်ဖင်က သဘာဝလွန် စွမ်းအား ရှိသည်။ ထို့ကြောင့် သဘာဝလွန် စွမ်းအင် ရှိသောသူများ နေထိုင်ရာ နေရာသို့ လွှဲပြောင်းပေးခြင်း ခံရသည်။ သူ့ကို သတ်မှတ်ပေးထားသော နေရာကလည်း စတုရန်းမီတာ ၃၀ ခန့်ရှိသော တစ်ယောက်ခန်းလေး ဖြစ်သည်။ ထိုနေရာကလည်း သိပ်မကျယ်သည့် တိုင်အောင် လိုအပ်သည့် ဝန်ဆောင်မှုများ အားလုံးရှိသည်။ ရေချိုးခန်း၊ အိမ်သာ၊ ထမင်းစားစားပွဲ၊ ဘီဒိုအပါအဝင် အားလုံး ပြီးပြည့်စုံသည့် နေရာလေးဟု ပြောရပေမည်။
245 02
ကျန်းရန်ဖင်က သူ၏ညီမကိုလည်း တစ်ယောက်တည်း မထားလိုပေ။ ထို့ကြောင့် ထိုနေရာတွင် တာဝန်ကျသော စက်ရုပ်နှင့် ဆွေးနွေး တိုင်ပင်လိုက်ပြီး မိသားစုနေအိမ်အဖြစ် လျှောက်သည်။ စာရင်းများ အားလုံးကို အတည်ပြုပြီးသောအခါ သူတို့ ပထမဦးဆုံး နေအိမ် ရသွားသည်။
ယန်မော့ “ရှင်းပေါင် ဒီတစ်ခေါက် သူတို့ရဲ့စီမံမှုတွေ အားလုံးကို မင်းပဲ တာဝန်ယူလိုက်တော့ ငါတို့ ဝင်မပါဘူး”
ရှုရှင်း: !!
ရှုရှင်း “ဟင် ဒါက ရုတ်တရက် စစ်ဆေးမှုလား”
သူမက မလွတ်မြောက်နိုင်ကြောင်း သိလိုက်သောအခါ အခြေအနေကို လက်ခံလိုက်လေသည်။ အခြေစိုက် စခန်းထဲတွင် အားယားနေသော သူများ ရှိ၍မရချေ။
ဝင်ရောက်လာသည့် ငယ်ရွယ်သောသူများကို ကိုင်တွယ်ရလွယ်သည်။ တိုက်ခိုက်ခုခံရေးဌာ နသို့ နေရာ ချထားပေးလိုက်ခြင်းအားဖြင့် ငယ်ရွယ်ချိန် ကတည်းက သူတို့၏ တိုက်ခိုက်နိုင် စွမ်းရည်အား တိုးတက်အောင် လုပ်နိုင်သည်။ သူတို့တွင် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရှိသော်လည်း သူတို့ဟာ ငယ်သေးသည်။ ထို့ကြောင့် သက်သာနိုင်သည်။
အသက်ကြီးသော သူများကမူ ကိုင်တွယ်ရ မလွယ်ကူပေ။ သူတို့လုပ်သော အလုပ်များကလည်း ပင်ပန်းလွန်း ပြင်းထန်လွန်း၍ မရချေ။ ထို့ကြောင့် သူတို့ကို စီစဉ်ရ ခက်ခဲသည်။
“အခြေစိုက်စခန်းထဲက ကလေးတွေကတော့ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းရည်အရ လေ့ကျင့်ပေးလို့ ရတယ်၊ နောက်ပြီး သူတို့ရဲ့ပညာကိုလည်း သင်ကြားပေးနိုင်တယ်လေ၊ ဆိုတော့ သင်ကြားပေးနိုင်တဲ့သူ ရှိမရှိ မေးမြန်းပြီးတော့ တိုက်ရိုက် စီစဉ်ပေးလိုက်တာ ကောင်းတယ်၊ အခြားလူတွေ အတွက်ကတော့ မွေးမြူရေးဘက်ကို ပို့လိုက်ပေါ့”
တစ်ခဏခန့် ကြာပြီးနောက် ရှုရှင်းက အကြံကောင်းကို တွေးလိုက်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။
ရှုရှင်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေရင်း ယန်မော့၏ နှုတ်ခမ်းကလည်း ကော့တက်သွားပြီး ချီးကျူးသည်။
“မဆိုးဘူး အကြံကောင်းပဲ၊ ရှင်းပေါင်က တော်လိုက်တာ ဆက်ပြီး ကြိုးစားပေး ပါအုံး”
ရှုရှင်း “ဟီး ဟီး ဟုတ်တယ်မလား။ ဒါဆိုရင် ငါ မနက်ဖြန် အိမ်တော်ထိန်း ၀၀၁ ကို လိုအပ်တဲ့ တာဝန်တွေ လွှဲခိုင်းထားလိုက်မယ်၊ ငါလည်း မနက်ဖြန်ကို မျှော်လင့်နေပြီ”
******