အခန်း ၂၄၈
Vol. 25 Ch. 248
248 01
အပိုင်း ၂၄၈
လျှိုဟုန်က ကျိုးလင်းချီနှင့် ရှုံးဝမ်ချန်တို့ သေဆုံးသည့် သတင်းကို ကြားသောအခါ သေအောင် ဒေါသထွက်ပြီး ရှိသမျှ အရာများကို ပေါက်ခွဲခဲ့သည်။
သူသည် မည်သည့် နေရာကမှန်းမသိ ထွက်လာသော အင်အားစုအသစ်နှင့် တွေ့ကြုံပြီးနောက် နှစ်ကြိမ်ပင် ဒုက္ခရောက်ခဲ့ရသည်။ ပထမတစ်ခေါက်က သူ အလေးအနက် မထားခဲ့ချေ။ ဒုတိယတစ်ခေါက်တွင်မူ သူ၏ ညာလက်ရုံးနှင့် ဘယ်လက်ရုံး နှစ်ယောက်လုံး ကုန်သွားသည်။
ထို့ကြောင့် သူသည်လည်း အပြင်ဘက်မှ ချုံခို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူဟာ အထဲသို့ မဝင်နိုင်လျှင်လည်း အပြင်ဘက်သို့ ထွက်လာသည့်အခါ တိုက်ခိုက်နိုင်သေး လေသည်။
သူ၏ အကြံအစည်က ချောမွေ့စေရန် အလို့ငှာ လျှိုဟုန်က Tမြို့မှ လုပ်နိုင်စွမ်းရည်ရှိသော စိတ်စွမ်းအားပညာရှင် အမြောက်အမြားကိုပင် ခန့်အပ်ခဲ့ပြီး အင်အားကိုလည်း လျှို့ဝှက်ကာ တိုးမြှင့်ခဲ့သည်။ ထို့နောက် သူ၏ ပြိုင်ဘက်ဟောင်းကိုပင် လျှို့ဝှက်ကာ ဆက်သွယ်ခဲ့သည်။
ကံဆိုးစွာပင် တစ်ဖက်သူက သူနှင့် အတွေးမတူချေ။ နှမြောစရာ ကောင်းစွာပင် အင်အား ကြီးမားသော မဟာမိတ်ကို မရခဲ့ပေ။ သို့သော် တစ်ဖက်သူကမူ ဝင်ရောက် မစွက်ဖက်ဟု ကတိပေးခဲ့လေသည်။
ထို့ကြောင့် တစ်ဖက်သူကသာ ဝင်ရောက် မစွက်ဖက်သမျှ သူသည် အပြည့်အဝ အောင်မြင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သိထားရမည်မှာ နဂါးကပင် နယ်မြေခံ မြွေကို မနိုင်နိုင်ပါပေ။
Tမြို့တွင် နှစ်ပေါင်းများစွာ ခြေကုတ်ခိုင်လာပြီးနောက် အာရုဏ်ဦးအခြေစိုက်စခန်းမှ လူများကို ရှုံးစရာအကြောင်း မရှိပါပေ။ အရာအားလုံးက အဆင်သင့် ဖြစ်နေသည်။ ထို့ကြောင့် သားကောင်ကစပြီး ခြေကုတ်စရသည်။
တစ်နှစ်ပတ်လုံး ဖွံ့ဖြိုးတိုးတက်လာပြီးနောက် အာရုဏ်ဦး အခြေစိုက်စခန်းက လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဟု ပြောရမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ ငါးယောက်က အခြေစိုက် စခန်းထဲမှ ရုတ်တရက် ထွက်သွားခဲ့လျှင်မူ ပြဿနာ မရှိပါပေ။
အထူးစွမ်းရည်ရှိသော အခြေစိုက်စခန်းထဲမှ လူများကလည်း ရာကျော်အထိပင် တိုးတက်လာပြီဖြစ်သည်။
တစ်ယောက်ချင်းစီတိုင်းကလည်း ဂရုတစိုက် ရွေးချယ်ထားသောသူများ ဖြစ်သည်။ ထို့ကြောင့် အခြေစိုက်စခန်းထဲသို့ ဝင်သောသူတိုင်း၏ နောက်ခံက သန့်ရှင်းနေပြီးသား ဖြစ်သည်။
အထက်သို့ အင်အားအဆင့်မြှင့်ထားသော တည်ရှိမှုများကမူ မမြင်ရတော့ပါပေ။ အချိန်ကြာလာသောအခါ အခြားသော အင်အားစုများကလည်း သူတို့ သူလျှိုထည့်ရန် မဖြစ်နိုင်ကြောင်း နားလည်လာကြပြီး အလကားနေရင်း အသတ်မခံစေလိုသဖြင့် မလွှတ်ကြတော့ပါပေ။
အားလုံးက အဆုံးသတ်ကာလတွင် ရုန်းကန်နေသူများ ဖြစ်သည်။ ထို့အပြင် အခြေစိုက် စခန်းများရှိပြီး အာရုဏ်ဦး အခြေစိုက်စခန်းကလည်း ကောင်းကင်ဘုံကဲ့သို့ ဖြစ်သည်။ ထို့ကြောင့် နေထိုင်သူများဖြစ်သည့် စွမ်းအားရှင်များဖြစ်စေ သာမန်လူများဖြစ်စေ အလွန်အမင်း စည်းလုံးကြ၏။ သို့သော် တစ်နှစ်အတွင်းတွင် အခြေစိုက် စခန်းထဲကို ဝင်ခဲ့သော သူများသာလျှင် ဖြစ်သည်။ သူတို့သည် အခြေစိုက်စခန်း၏ လှပမှုနှင့် ခြားနားမှုကို မြင်တွေ့ကြပြီး မကောင်းသော အတွေးများရှိကာ အပိုင်သိမ်းလိုစိတ် များလည်း ရှိကြသည်။ သို့သော် ထိုလူများကိုမူ လက်ပတ်ကတဆင့် သူတို့၏ မကောင်းသော အတွေးတန်ဖိုးကို စုံစမ်းစစ်ဆေး ရခဲ့မိခြင်းအားဖြင့် သတိပေးခံရသည်။ အချို့သူများက သူတို့ဘာသာ ထွက်သွားကြ၏။ အချို့သော သူများကမူ အထုတ် ခံရသည်။
သို့သော် မောင်းထုတ်ခံရသော သူများကိုလည်း ယန်မော့ကလည်း ကွင်းပြင် အလယ်တွင် စုစည်း၍ လူအများ အရှေ့တွင်ပင် စိတ်စွမ်းအားကို တစ်ဖက်သူ၏စိတ်ထဲသို့ အတင်းထိုးဖောက် ဝင်ရောက်ခဲ့ပြီး မှတ်ဉာဏ်ကို ဖြတ်တောက်ခဲ့သည်။ သို့သော် ထိုသို့ မှတ်ဉာဏ် ဖြတ်တောက်ခံရသည့်အခါ သည်းမခံနိုင်လောက်အောင် ပြင်းထန်သော နာကျင်မှုကို ခံစားရလေရာ လူအများစုကမူ ရူးသွားကြသည်။
ထိုကဲ့သို့သော လူများ၏ ကံကြမ္မာကို သိနိုင်သည်။
ကြင်နာမှုနှင့် အပြစ်ပေးမှုဆိုသော ပူးပေါင်းပြသမှုက အလွန်အသုံးဝင်သည်ဟု ပြောရပေမည်။ နောက်ပိုင်းတွင် အခြားသော သူများ၏ စိတ်ထဲမှ မကောင်းသော အတွေးများကလည်း ပျောက်သွားကြလေသည်။
248 02
အခြေစိုက်စခန်းထဲမှ လူများကလည်း သူတို့ငါးယောက်ကို ကြောက်လည်း ကြောက်ကြသည်။ လေးလည်း လေးစားကြသည်။ တစ်နှစ် အတွင်းတွင်ပင် ရှုရှင်းက အဆင့် ၄ မှ အဆင့် ၅ သို့ တက်သွားသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ အဆင့်ကလည်း အဆင့် ၅ အထွတ်အထိပ် ဖြစ်သွား၏။ ပုယွမ်ကျိုးကမူ လက်တွေ့ စမ်းသပ်မှုတွင်သာ အာရုံစိုက်နေသောကြောင့် သူ၏အဆင့် တိုးတက်မှုနှုန်းက နှေးကွေးလေသည်။ အမြူတေများ၏ အကူအညီဖြင့် သူဟာ အဆင့် ၅ အလယ်အလတ် အဆင့်သို့ ရောက်ရှိလေသည်။
အမှန်တကယ်အားဖြင့် ယန်မော့၏ စွမ်းရည်က ရှုရှင်းပြီးလျှင် အရှားပါးဆုံးဖြစ်သည်။ သို့သော် သူဟာ ကံအလွန်ကောင်းသည်။ သူဟာ အပြင်ထွက်သည့် အချိန်တိုင်းလိုလို စိတ်စွမ်းအားရှိသော အဆင့်မြင့်ဆေးပင်များနှင့် တိုးတက်သည်။ ထို့ကြောင့် အလွန် အဆင်ပြေ နေခဲ့လေသည်။ ပြောရမည်ဆိုလျှင် ယန်မော့က ကံကောင်းနေခြင်း မဟုတ်ချေ။ အိပ်မက်ထဲမှ လမ်းညွှန်မှုကြောင့်သာ ဖြစ်လေသည်။ သူသည်လည်း အင်အား ကြီးမားသော အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီကို ရင်ဆိုင်နိုင်ရန် အလို့ငှာ အတတ်နိုင်ဆုံး အင်အား မြှင့်နေခဲ့ခြင်းဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် သူသည်လည်း အဆင့် ၆ အလယ်အလတ် အဆင့်ရှိသော စိတ်စွမ်းအားရှင်ရှိမည့်နေရာကို သိနေသည်။ ထို့ကြောင့် အခြေစိုက် စခန်းထဲမှ ကိစ္စများကို စီမံပြီးသည်နှင့် ရှုရှင်းတို့ အားလုံးကို ခေါ်ကာ ထွက်လာခဲ့လိုက်သည်။
အာရုဏ်ဦး အခြေစိုက်စခန်း၏ ဂိတ်ဝတွင် စောင့်နေသော စွမ်းအားရှင် တစ်ယောက်ကလည်း သူ၏သဘာဝလွန် စွမ်းအားကို အသုံးပြု၍ လျှိုဟုန်ထံသို့ အကြောင်း ကြားလိုက်သည်။
သတင်းကို ရပြီးသည်နှင့် လျှိုဟုန်ကလည်း ချက်ချင်းဆိုသလို အင်အား တက်ကြွသွား၏။
“နောက်ဆုံးတော့ ဒီနေ့ ရောက်လာပြီပဲ”
******