မိစ္ဆာ နှင့် အင်မော်တယ်
Vol. 98 Ch. 1364
တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံစစ်ပွဲသည် ဆက်လက်ဖြစ်ပွားနေ၏။ မန်ဟို့အနေဖြင့် နေကို မထိန်းချုပ်နိုင်တော့၍ ပါရာဂွန်ပင်လယ်အိပ်မက်က အဋ္ဌမတောင်ပင်လယ်သခင်၊ မန်ဟို့အဘိုးကို နေအား ယာယီထိန်းချုပ်စေသည်။ ကျင့်ကြံသူတစ်သိန်းပြည့်အောင်လည်း ပြန်ဖြည့်ကြပြီး ဘိုးဘိုးမန်၏ထိန်းချုပ်မှုအောက်တွင် နေသည် အစွမ်းထက်သောလက်နက်တစ်လက် ပြန်ဖြစ်လာ၏။
အပြင်သူစစ်တပ်က အစုလိုက်အပြုံလိုက်တိုက်ခိုက်ဖို့ ပထမပင်လယ်ထဲ ဝင်ရောက်မလာပေ။ သူတို့သည် တပ်ဖွဲ့ငါးဖွဲ့ခွဲကြပြီး တစ်ဖွဲ့စီကို အင်ပါယာသခင်တစ်ဦးစီမှ ဦးဆောင်သည်။ ထိုအပြင့် ထိုတပ်ဖွဲများတွင် တာအိုနယ်ပယ်ပညာရှင်များလည်း နေရာချထားခံရသည်။ လောလောဆယ်တွင် အပြင်သူသန်းပေါင်းများစွာပါရှိသော ပထမတပ်ဖွဲ့က တောင်ပင်လယ်လောကသားကျင့်ကြံသူများနှင့် ပထမပင်လယ်ထဲ၌ တိုက်ခိုက်နေသည်။
ပထမပင်လယ်မှ ရေစက်မှမကျန်အောင် ခမ်းလုနီးနေပြီး နီရဲတောက်နေသော သွေးများဖြင့် ညစ်ထေးနေသည်။ သွေးညှီနံ့တို့သည် လေတွင် ပြည့်နှက်နေပြီး စစ်ပွဲ၏ရက်စက်မှုက ကြယ်တာရာကောင်းကင်ကို ပိုမိုမှောင်မိုက်လာစေ၏။
နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များ၏ အလင်းရောင်တို့ပင်လျှင် သွေးပင်လယ်ကြောင့် မည်းမှောင်နေသည်။ အက်ကွဲကွဲကြွေးကြော်သံများ၊ စူးစူးဝါးဝါးအော်သံများသာ စစ်မြေပြင်တစ်လျှောက် အဆက်မပြတ်ပဲ့တင်ထပ်နေသည်ကို ကြားရနိုင်၏။
ပထမခံစစ်ကြောင်း ယခုအချိန်အထိ မကျိုးပျက်သော အကြောင်းရင်းမှာ ... အမှောင်ထုလွှမ်းခြုံထားသည့် အပြင်သူပါရာဂွန်သည် သတိကြီးသူဖြစ်သည်နှင့်အညီ အချိန်ဆွဲလိုစိတ်သာ ရှိ၍ပင်။
ထို့အကြောင်းကြောင့်သာမဟုတ်လျှင် သူသည် တောင်ပင်လယ်လောကကို ထုနှက်ဖို့ မြေထုများကို သုံးခဲ့လိမ့်မည်။ အမှန်တွင် ပါရာဂွန်ရွှမ်းဖန်သာ စက်ဝိုင်းထဲတွင် ချုပ်နှောင်မခံထားရပါက စစ်ပွဲသည် အဆတစ်ရာပိုမိုရက်စက်လိမ့်မည်။
ကျန်ပါရာဂွန်၏ သတိကြီးသောဆုံးဖြတ်ချက်များကြောင့်သာလျှင် ပင်လယ်အိပ်မက်သည် အပြင်သူများ၏ ဒုတိယတပ်ဖွဲ့ တိုက်စစ်မစစ်ဆင် ... ဗျူဟာတစ်ခုကို စီစဉ်ထားသည်ထက်စော၍ သုံးဖို့ ရွေးချယ်လိုက်၏....
ပထမခံစစ်ကြောင်းရှိ တောင်ပင်လယ်ကျင့်ကြံသူများမှာ စစ်ကူများရသော်လည်း တဖြည်းဖြည်း ခြေကုန်လက်ပန်းကျလာကြသည်။
ထိုမျှသာမက ပထမပင်လယ်မှာလည်း ခမ်းခါနီးနေပြီ။ တောင်ပင်လယ်ကျင့်ကြံသူများ ဆုတ်ပြီးရင်းဆုတ်နေရပြီး မကြာမီ အပြင်သူဒုတိယတပ်ဖွဲ့က ချီတက်လာသည်။
အပြင်သူဒုတိယတပ်ဖွဲ့ ပထမပင်လယ်ထဲသို့ ခြေချလိုက်လျှင်ချင်း ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်လုံးများ လင်းလက်တောက်ပသွားသည်။ သူမသည် မုဒြာလက်ကွက်တစ်ကွက် လျင်မြန်စွာ ဖော်ကာ ရှုချင်အား အမိန့်ပေးလိုက်၏။ ရှုချင်မှာ မန်ဟို့အတွက် သောကရောက်နေသည်ကို ဘေးချိတ်၍ ကျင့်ကြံသူစစ်တပ်အား စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်သည်။
မကြာမီ သွေးအိုင်ထွန်းနေသော ပထမပင်လယ်တစ်လျှောက် မှော်သင်္ကေတများ တဖျတ်ဖျတ် လက်လာသည်။ သွေးလှိုင်းများ ကြွတက်လာပြီး ပထမပင်လယ်ကား .... ဗြုန်းခနဲ ... ဖောက်ခွဲပစ်လိုက်၏။
၎င်းအထဲတွင် ရေများများစားစား မကျန်သော်လည်း ၎င်းသည် ပင်လယ်တစ်စင်းဖြစ်နေသေး၏။ အရေးအကြီးဆုံးမှာ ပထမပင်လယ်တွင် တောင်ပင်လယ်လောကတစ်ခုလုံး၏စိတ်ဆန္ဒမှ တစ်စိတ်တစ်ပိုင်းဖြစ်သော အသိစိတ်တစ်ခုရှိထားသည်။ ပထမပင်လယ်၏ပေါက်ကွဲမှုမှာ အတိကျဆုံးပြောရလျှင် ပထမပင်လယ်၏အသိစိတ် ၎င်းကိုယ်၎င်း ဖောက်ခွဲလိုက်မှုပင် ဖြစ်ချေသည်။
ပထမပင်လယ်ထဲရှိ ရေများ တဝုန်းဝုန်း ဆူပွက်အုံကြွလာသည်။ ထို့နောက် ရေစက်တစ်စက်တိုင်းမှ၊ လှိုင်းလုံးတစ်လုံးတိုင်းမှ၊ ပင်လယ်၏အစိတ်အပိုင်းတစ်ခုစီတိုင်းမှ .... ပျက်စီးခြင်းစွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။
အုန်းးးးးးးးးးးးးးးးးးး
ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက ဂြိုဟ်များအပါအဝင် တောင်ပင်လယ်လောကတစ်ခုလုံးကို တသိမ့်သိမ့်တုန်ခါသွားစေသည်။ တဒင်္ဂတုန်လှုပ်နေပြီးနောက် ကောင်းကင်ဘုံ (၆) မှ ပါရာဂွန်သည် ရှေ့တစ်လှမ်းလှမ်း၍ ပထမပင်လယ်ရှိရာသို့ တင်းမာခက်ထန်စွာ လှမ်းကြည့်၏။
ကြောက်မက်ဖွယ်တုန်ခါလှိုင်းကြီးတစ်လှိုင်းက ပထမပင်လယ်၏အလယ်မှ စတင်ဖြာထွက်လာသည်။ ထိုနေရာတွင် အံ့မခန်းလိလိဆွဲအားထုတ်လွှတ်လိုက်သော တွင်းနက်ကြီးတစ်တွင်း ပေါ်လာ၏။ မိုးနှင့်မြေ၏စွမ်းအားက သွေးပင်လယ်နှင့် အပြင်သူများကို စုပ်ယူနေသည့်အလားပင်။
အပြင်သူများမှာ ဖရိုဖရဲဖြစ်ကုန်သည်။ သူတို့၏ပထမနှင့် ဒုတိယတပ်ဖွဲ့မှာ တွင်းနက်ကြီးရှိရာသို့ တဝဲဝဲလည်လျက် ရွေ့လျားနေကြသဖြင့် အလန့်တကြား အော်ဟစ်နေကြတော့သည်။ တောင်ပင်လယ်ကျင့်ကြံသူများအတွက်မူ ဆွဲအား ပေါ်လာသည့်အချိန်မှာပင် အလွန်အမင်းအစွမ်းကြီးမားသောအရာတစ်ခုက သူတို့ကို ဆုပ်ကိုင်၍ ပထမပင်လယ်အပြင် ဆွဲထုတ်ပေးလိုက်သည်။
တွင်းနက်ကြီးမှာ အသက်ရှူနေသည့်အလား အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် ... ပေါက်ကွဲခြင်းစွမ်းအားအစစ် ပေါ်ထွက်လာတော့သည်။ ဧရာမပေါက်ကွဲလှိုင်းကြီးက အုန်းခနဲ မိုးနှင့်မြေတစ်လျှောက် ဖြာထွက်ရိုက်ခတ်သွားလေပြီ။
၎င်းဖြတ်သွားသမျှနေရာတိုင်းတွင် အပြင်သူများမှာ သူတို့၏အသွေးအသားများ ပြဲစုတ်၍ အရိုးများ ကျိုးကြေပြီး သူတို့၏အနုသုခုမနတ်ခန္ဓာများပင် ပြာကျကုန်သဖြင့် ကြောက်လန့်တကြား အော်ဟစ်သံများ ပွက်ပွက်ညံနေတော့သည်။
ပေါက်ကွဲမှု၏ ပြင်းထန်သော အားလှိုင်းက မျက်စိတစ်မှိတ်အတွင်း ပထမပင်လယ်တစ်စင်းလုံးကို စိုးမိုးလျက် အပြင်သူများ၏ ပထမနှင့်ဒုတိယတပ်ဖွဲ့ကို လွှမ်းခြုံလိုက်သည်။
ထွက်ပြေးနိုင်သူ မရှိသလောက်ပင်။ သာမန်တာအိုနယ်ပယ်ပညာရှင်များ သို့မဟုတ် တာအိုသခင်များပင် ပြေးနိုင်ခြင်းမရှိ။ အနှစ်သာရ ၄ ခုအဆင့်များသာလျှင် ပေါက်ကွဲအားလှိုင်း၏ရပ်ဝန်းမှ ထွက်ပြေးနိုင်လိုက်သည်။
မိုးနှင့်မြေသည် တဂျုန်းဂျုန်းတုန်ခါနေပြီး ကြယ်တာရာကောင်းကင်သည်လည်း လှုပ်ခတ်နေ၏။ တောင်ပင်လယ်လောက၏အပြင်ရှိ ကျန်အပြင်သူစစ်တပ်မှာ ထိတ်လန့်အံ့ဩစွာဖြင့် ကြည့်နေကြသည်။ အင်ပါယာသခင်ခြောက်ဦးပင် ပါးစပ်အဟောင်းသားဖြစ်နေ၏။
ပေါက်ကွဲအားလှိုင်းက သုံးရက်တိတိ တည်ရှိနေပြီး ထိုအတောအတွင်း တောင်ပင်လယ်ကျင့်ကြံသူများသည် ပင်လယ်၏တစ်ဖက်ခြမ်းတွင် တိတ်ဆိတ်စွာ ရပ်နေကြကာ အပြင်သူများမှာတော့ တစ်ဖက်ခြမ်းတွင် ထိတ်လန့်နေကြသည်။
သုံးရက်ပြီးနောက် ပေါက်ကွဲလှိုင်းဂယက်များ ငြိမ်သက်သွားသည်။ ပထမပင်လယ်ကိုလည်း ... ဘယ်တော့မှ ထပ်မြင်ရတော့မည်မဟုတ်ပေ။ တောင်ပင်လယ်လောကသည် ပထမပင်လယ်အတွင်းရှိ အပြင်သူများကို သုတ်သင်နိုင်ခဲ့သော်လည်း ပထမပင်လယ်ကိုလည်း ထာဝရဆုံးရှုံးလိုက်ရလေပြီ။
ကျန်အပြင်သူများသည် တိတ်ဆိတ်စွာ ရပ်နေကြသလို၊ တောင်ပင်လယ်ကျင့်ကြံသူများလည်း ထိုနည်းတူပင်။
ပထမပင်လယ်... သေဆုံးသွားခဲ့ပြီ။
တောင်တစ်လုံး သို့မဟုတ် ပင်လယ်တစ်စင်းကို ဆုံးရှုံးလိုက်သည်က ဘာနှင့်တူလဲ တောင်ပင်လယ်လောက၏ကျင့်ကြံသူများ ပထမဆုံးအကြိမ် .... ခံစားသိရှိသွားပြီဖြစ်သည်။
ထိုခံစားချက်က ... သူတို့အား အတန်ငယ်ငိုင်တွေသွားစေသည်။
သို့သော်လည်း မကြာမီ တိုက်ပွဲပြန်စသည်။ အပြင်သူများ၏ တတိယတပ်ဖွဲ့မှာ တိုက်စစ်ဆင်ဖို့ သူတို့ပါရာဂွန်၏ညွှန်ကြားခြင်း ခံရသည်။ ဤတစ်ကြိမ်တွင် တိုက်ပွဲ၌ အပြင်သူအင်ပါယာသခင်နှစ်ဦးနှင့် တာအိုနယ်ပယ်ကျင့်ကြံသူအမြောက်အမြား ဝင်ရောက်လာသည်။ သူတို့အားလုံးက ပထမတောင်သို့ ချီတက်လာကြ၏။
တောင်ပင်လယ်လောက၏ ပထမခံစစ်ကြောင်း၌ အင်အားတစ်ဝက်ခန့်သာ ကျန်တော့သည်။ ပထမတောင်သည် စစ်မြေပြင်ဖြစ်လာပြီး မကြာမီမှာပဲ တောင်တစ်လုံးလုံး သွေးချောင်းစီးလာတော့၏။
တိုက်သံခိုက်သံများ ပဲ့တင်ထပ်နေစဉ် မန်ဟိုမှာတော့ ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကို မသိရှိဘဲ မေ့မျောနေသည်။ သူသည် ထူးဆန်းသောကမ္ဘာတစ်ကမ္ဘာထဲတွင် ဝိညာဉ်သဖွယ် လွင့်မျောနေ၏။
ထိုကမ္ဘာတွင် ကောင်းကင်မရှိ၊ မြေပြင်မရှိ၊ သစ်ပင်မရှိ၊ တောင်လည်းမရှိ၊ မြစ်လည်း မရှိပေ .... မှုန်ဝါးဝါးမြူများသာ ဆိုင်းနေပြီး ထိုမြူများအတွင်း၌ ... ဧရာမရုပ်တုကြီးနှစ်ရုပ်ကို မြင်ရနိုင်သည်။
ရုပ်တုများ၏ မျက်နှာသွင်ပြင်များမှာ ဖုံးကွယ်ခံထားရသော်လည်း... ဘယ်ဘက်ရှိ ရုပ်တုကြီးတွင် ကြောက်မက်ဖွယ်မိစ္ဆာချီများ ပြည့်ဝနေကြောင်း မန်ဟို ခံစားနေရသည်။
ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူဖြစ်သည်နှင့်အားလျော်စွာ ထိုမိစ္ဆာချီ မည်မျှအားကောင်းသလဲ မန်ဟို ခံစားရသည်။ ထိုမျှသာမက ၎င်းတွင် တောင်ပင်လယ်အငွေ့အသက်တချို့ သိသိသာသာ ပါဝင်နေ၏။ ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခုက ထူးဆန်းနေသလို၊ အမျိုးမျိုးအဖုံဖုံဖြစ်နေသည်။ ပို၍ပင်ထူးဆန်းသည်က ၎င်းသည် အမျက်ထွက်နေသော သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားသော်လည်း သွေးရူးသွေးတန်းမဟုတ်ဘဲ သွေးအေးအေးနှင့် အမြော်အမြင်ရှိနေသည်။
ထိုရုပ်တု၏အရှိန်အဝါမှာ အတိုင်းထက်အလွန်ဆန်းပြား၍ ၎င်း၏မျက်နှာကို မမြင်ရသော်လည်း ၎င်း၏အမူအရာက ရက်စက်ကြမ်းမှုနှင့် ကြင်နာမှုနှစ်မျိုးလုံးကို ဖော်ပြနေလိမ့်မည်ဟု မန်ဟို သေချာသည်။ ထိုမျက်နှာမျိုးသည် ငိုနေသယောင်ယောင်၊ ရယ်နေသယောင်ယောင် ထင်ရသော မျက်နှာမျိုးဖြစ်၏။ ရုပ်တုမှာ ခံစားချက်အစစ်အမှန်ကို ပြောရခက်စေသော မျက်နှာတစ်ထောင်အား ပိုင်ဆိုင်ထားသည့်အလားပင်။
ထိုရုပ်တုက ... မိစ္ဆာ ဖြစ်သည်။ အမျိုးမျိုးအဖုံဖုံပြောင်းလဲရမှုကြောင့် ၎င်းသည် မိစ္ဆာဆန်လာ၏။ ဤရုပ်တုကား တစ်ကမ္ဘာလုံး၏ ပြီးပြည့်စုံသော အတုမရှိစံပြမိစ္ဆာတစ်ကောင်အလားပင်။
ညာဘက်ရှိ ရုပ်တုနှင့်ပတ်သက်၍မူ မန်ဟို ၎င်းကို ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ရီနေစေသည့်တိုင် သိပ်သည်းလှသော အင်မော်တယ်ချီများကို ခံစားလိုက်ရသည်။ ၎င်းကား အင်မော်တယ်အားလုံး၏ အကောင်းဆုံးဥပမာ၊ ကမ္ဘာပေါ်တွင် တစ်ယောက်တည်း တည်ရှိနိုင်သည့် အတုမရှိအင်မော်တယ်အလားပင်။
မန်ဟိုက ရုပ်တုနှစ်ရုပ်ကို တိတ်ဆိတ်စွာ ကြည့်နေပြီးနောက် သူ၏ပတ်ပတ်လည်ကမ္ဘာကြီးကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သူ့မှာ မည်သည့်နေရာရောက်နေမှန်းမသိ၍ စိတ်ရှုပ်ထွေးနေသလို၊ ဤရုပ်တုနှစ်ရုပ်က မည်သည့်အရာကို ဖော်ကျူးနေမှန်းလည်း မသိပေ။
မန်ဟို အတွေးနက်နေသည့်အချိန်မှာပင် ကမ္ဘာဦးအစမှ ပဲ့တင်ထပ်လာသကဲ့သို့ ရှေးဆန်သောအသံတစ်သံက မန်ဟို့ကို စကားပြောသည်။
“ဒီနေရာက.... မင်းနှလုံးသားတွေရဲ့ နှလုံးသားထဲမှ တည်ရှိတယ်”
သူက စိတ်နှလုံးတုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်သော်လည်း အသံပိုင်ရှင်ကို မတွေ့ရပေ။ အသံကား နေရာတိုင်းမှ လာနေသည့်အလား ထင်ရသည်။
“ဒီရုပ်တုနှစ်ရုပ်ကို ကြည့်။ တစ်ရုပ်က အတုမရှိမိစ္ဆာ၊ ကျန်တစ်ရုပ်က အတုမရှိအင်မော်တယ်... ပါရာဂွန်အင်မော်တယ်လောကတည်ရှိစဉ်တုန်းက ... အာကာပြင်ကျယ်စကြဝဠာ(ချင်းမန်စကြဝဠာ)မှာ ... အတုမရှိအင်မော်တယ် မွေးဖွားလာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တယ်....
“အဲဒီအကြောင်းကြောင့် လောကပါလသွေးဆက် ပေါ်ထွက်လာခဲ့တာပဲ....
“ဒါပေမဲ့ တချို့တချို့သောလူတွေဟာ အတုမရှိအင်မော်တယ် ဖွားမြင်လာမှာကို မရှုစိမ့်ကြဘူး။ သူတို့က အဲဒီနေရာကို ယူလိုကြတယ်။ ဘာကြောင့်လဲဆိုရင် အတုမရှိအင်မော်တယ်နဲ့ အတုမရှိနတ်ဘုရားဟာ သဟဇာတဖြစ်ပေမယ့် ... အတုမရှိအင်မော်တယ်ဟာ အတုမရှိနတ်ဘုရားရဲ့ အထက်မှာ ရှိတဲ့အပြင် အတုမရှိနတ်ဆိုးကိုလည်း ဖိနှိပ်နိုင်လို့ပဲ
“အတုမရှိနတ်ဘုရားနဲ့ အတုမရှိနတ်ဆိုးကိုယ်တိုင်ကတော့ ဂရုမစိုက်ပေမယ့် သူတို့ရဲ့မျိုးဆက်တွေဟာ ဂရုစိုက်ကြတယ်။ ဒါကြောင့် ကောင်းကင်ဘုံတွေ ပြောင်းပြန်လှန်၊ ကံတရားတွေ ပြောင်းလဲခံရပြီး အချိန်တွေ မွှေနှောက်ခံခဲ့ရတယ်။ သူတို့က ဘာကိုမဆို ပေးဆပ်လိုစိတ်တဲ့ ရှိတဲ့အပြင် အောင်မြင်ခဲ့ကြသလို၊ ရှုံးလည်း ရှုံးနိမ့်ခဲ့ကြတယ်။ ဒါတင်မကသေးဘူး.... အောင်မြင်မှုနဲ့ရှုံးနိမ့်မှုကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်မလာသင့်တဲ့အရာတစ်ခုကို အမှတ်တမဲ့ဖြစ်လာစေခဲ့မှန်း သူတို့ မသိကြဘူး။ အတုမရှိအင်မော်တယ်ဟာ ... အတုမရှိမိစ္ဆာတစ်ကောင် ဖြစ်လာခဲ့တယ်....
“ဘာကြောင့်ဆိုရင် ... အတုမရှိအင်မော်တယ်မွေးဖွားလာမယ့် ကမ္ဘာဟာ ... လောကပါလသွေးဆက် ပေါ်ပေါက်မလာခင် တည်ရှိခဲ့တဲ့ ကမ္ဘာတစ်ကမ္ဘာဖြစ်တာကြောင့်ပဲ။ အဲဒီကမ္ဘာက ... နတ်မိစ္ဆာသုံးထောင်ကို ချုပ်နှောင်ဖိနှိပ်ခဲ့တဲ့ ကမ္ဘာတစ်ကမ္ဘာ......ပါရာဂွန်ပင်လယ်လောကပဲ
“အတုမရှိမိစ္ဆာဟာ ထူးဆန်းတယ်၊ အမျိုးမျိုး ပြောင်းလဲတတ်တယ်.... အတုမရှိအင်မော်တယ်လို ဖြောင့်မြတ်ခြင်းမရှိ၊ မြင့်မြတ်ခြင်းမရှိဘူး။ အတုမရှိမိစ္ဆာဟာ အတုမရှိနတ်ဆိုးကိုလည်း မဖိနှိပ်နိုင်သလို၊ အတုမရှိနတ်ဘုရားကိုလည်း အနိုင်မယူနိုင်ဘူး... ဒါပေမဲ့ သူက ... အာကာပြင်ကျယ်ကြီးကို ဖျက်စီးပစ်နိုင်တယ်
“အခု မင်းကိုမင်း မေးရမယ့် အချိန်ကျပြီ .... အင်အားကြီးမားတဲ့ အတုမရှိအင်မော်တယ်ဖြစ်လာမလား.... အာကာပြင်ကျယ်ကို ဖျက်စီးပစ်နိုင်တဲ့ အတုမရှိမိစ္ဆာဖြစ်လာမလား”
ရှေးဆန်သောအသံပဲ့တင်ထပ်နေစဉ် ၎င်းအတွင်း၌ အတင်းအဓမ္မလှုံ့ဆော်နေသော စွမ်းအားမပါရှိပေ။ ၎င်းသည် မေးခွန်း၏အဖြေကို နားထောင်ရဖို့ စောင့်နေ၏။
မန်ဟိုက တိတ်ဆိတ်နေသည်။ သူသည် အတုမရှိမိစ္ဆာကို ကိုယ်စားပြုသော လက်ဝဲရုပ်တုကြီးကို လှမ်းကြည့်လိုက်၏။ စောစောက မျက်နှာအား မမြင်ရခဲ့သော်လည်း ယခုတွင် ရုတ်တရက် မြင်သာလာသည်။
မန်ဟိုမှာ ... သူ့မျက်နှာသူ ကြည့်နေရကြောင်း တွေ့လိုက်ရ၏။
သူ့တွင် တဟုန်းဟုန်းထကြွနေသောမိစ္ဆာချီများနှင့် ဘယ်တော့မှ မမှေးမှိန်မည့် အနီရောင်အလင်း တောက်ပနေသော မျက်လုံးများ ရှိနေသည်။ မောက်မာဝင့်ကြွားသော၊ အတိုင်းထက်အလွန် ဩဇာကြီးမားသော အငွေ့အသက်မရှိ။ ဖြောင့်မြတ်တည်ကြည်မှုမရှိ၊ ဟိတ်ဟန်မရှိ။ သို့သော် ပြောင်းလဲနိုင်မှုနှင့် ထူးဆန်းမှု ရှိနေသည်။ ထိုမျှသာမက ထိုအနီရောင်မျက်ဝန်းများတွင် တစ်လောကလုံးကို ဖျက်စီးပစ်ချင်နေသော ၊ သွေးပင်လယ်တမျှ နက်ရှိုင်းသော အမုန်းတရားတည်ရှိနေသည်။
သို့ထိတိုင် ထိုမျက်ဝန်းများ၏အောက်၊ ပြောင်းလဲတတ်သော မျက်နှာပေါင်းများစွာ၏အောက်တွင် ဖုံးကွယ်ထားသည်မှာတော့ အခြားသူများ မခံစား၊ မသိရှိနိုင်သော .... ခါးသီးစရာမှတ်ဉာဏ်များနှင့် ခံစားချက်မျိုးစုံ ဖြစ်သည်။
မန်ဟိုသည် သူ့မျက်နှာနှင့် အတုမရှိမိစ္ဆာရုပ်တုကြီးကို ကြည့်လိုက်သောအခါ တုန်ရီသွားသည်။ ဤမိစ္ဆာ၏ ပူဆွေးသောကနှင့် အရှုံးမပေးတတ်သောနှလုံးသားကို သူ ခံစားလိုက်ရသည်။ အမျက်ဒေါသနှင့် မုန်းတီးနာကြည်းမှုလည်း ရှိနေသည်။
ထို့နောက် မန်ဟိုက ... အတုမရှိအင်မော်တယ်၏ရုပ်တုကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်သည် ....
ဤရုပ်တုတွင်လည်း သူ့မျက်နှာရှိသည်။ မျက်နှာသည် တည်ငြိမ်အေးချမ်းနေပြီး ၎င်း၏အကြည့်က နွေးထွေးသယောင် ထင်ရသော်လည်း အလွန်တရာသွေးအေးနေ၏။ ၎င်း၏မျက်ဝန်းထဲတွင် မိုးနှင့်မြေရှိ အရာအားလုံးကို သဘာဝနိယာမများဖြင့် ဖော်ပြနိုင်သည့်အလား... ဤအင်မော်တယ်သည် တစ်ကမ္ဘာလုံးတွင် တစ်ယောက်တည်းသော အင်မော်တယ်၊ အရာရာတိုင်းနှင့်လူတိုင်း၏ အထက်၌ရှိသော အတုမရှိအင်မော်တယ်အလားပင်။
၎င်းအတွက် အတိတ်နှင့်ပတ်သက်သမျှ မှတ်ဉာဏ်များနှင့် အရာအားလုံးသည် အတိတ်ဘဝမှ အညစ်အကြေးများနှင့် တူ၏။ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းနေစည် ဖြစ်ပျက်ခဲ့သော အရာအားလုံးအား အတားအဆီး ၊ အချုပ်အနှောင်ဖြစ်ခွင့်မပြုဘဲ ချန်ရစ်ခဲ့ရမည်။ ဖြတ်တောက်ဖယ်ရှားပစ်ရမည်။
ဤအင်မော်တယ်သည် မရက်စက်သလို၊ သံယောဇဉ်လည်း မတွယ်တာပေ။ တစ်ကိုယ်ကောင်းမဆန်သလို၊ မည်သည့်အရာကိုမှလည်း မငဲ့ကွက်။ အမှတ်တရဟောင်းများကို ပြန်တွေးသောအခါ မခံစားရဘဲ သက်ပြင်းဖွဖွသာ ချမည့်အလား .... အတိတ်နှင့် စည်းတစ်ခုခြားထားသည်။
ထပ်မံ၍ ရှေးဆန်သောအသံသည် ပဲ့တင်ထပ်လာ၏။ “အဖြေကို ပြောစရာမလိုဘူး။ မင်းနှလုံးသားထဲမှာ ရှိနေသရွေ့ ... လုံလောက်တယ်....”