အခန်း ၂၆၀
Vol. 26 Ch. 260
260 01
အပိုင်း (၂၆၀)
တစ်စုံတစ်ယောက်ကသာ ထိုမြင်ကွင်းကို မြင်သွားခဲ့မည်ဆိုပါက အလွန်အမင်း အံ့ဩသွားလောက်သည်။ ထိုဇွန်ဘီများအားလုံးက လူတစ်ယောက်၏ရှေ့တွင် ရပ်နေသောကြောင့်ဖြစ်သည်။
ထိုလူက ဇွန်ဘီများအားလုံးကို ကျောပေးထားခြင်းဖြစ်သည်။ အခြားသော ဇွန်ဘီများအားလုံးက လူအသွေးအသားကို သဘာဝကျကျပင် ဆာလောင်တပ်မက်စိတ် ရှိသည်။ ထို့ကြောင့် မည်သူကမှ သူတို့ကို ကျောမပေးရဲပါချေ။ သို့သော် ကျောပေးထားသော လူက တဖြည်းဖြည်းလှည့်လာသောအခါ မျက်လုံးထဲမှ မဲမှောင်မှုက ပေါ်လာသည်။
ထိုမျက်နှာက ဒီထက်ပို၍ သာမာန်မဖြစ်နိုင်တော့ပေ။ အကြောင်းမူကား သိသာထင်ရှားသော မျက်နှာသွင်ပြင်အားဖြင့် မရှိပါပေ။ ထို့ကြောင့် လူအုပ်ထဲ ပစ်ထည့်လိုက်လျှင်ပင် အတော်လေး အင်အားစိုက်ထုတ်ကာ ရွေးချယ်ရလောက်လေသည်။
သူ၏ ရုပ်ရည်က သာမာန်လူတစ်ယောက်နှင့် တစ်ထေရာတည်းနီးပါး တူသည်။ သို့သော် လုံးဝမဲနေသော မျက်လုံးနှင့် လတ်လတ်ဆတ်ဆတ် သုတ်ပြီးကာစ နံရံကဲ့သို့ ဖြူဖွေးနေသော အသားအရည်ကသာ ကွဲထွက်နေသည်။
“မင်းတို့ရဲ့ပန်းတိုင်ကို မှတ်ထား သွားတော့”
ဝမ်ကျန်းဖင်က ရှေ့တွင် ရပ်နေသော ဇွန်ဘီတစ်အုပ်ကို ကြည့်ပြီးနောက် ခပ်ဖြည်းဖြည်းပြောသည်။ အနက်ရောင် ဝတ်စုံနှင့် ဇွန်ဘီ ငါးကောင်ကမူ ရှေ့ဆုံးတွင် ရပ်နေရာမှ အမိန့်ကို လက်ခံရရှိသည့်အခါ ချက်ချင်းဆိုသလို တစ်ဖက်သို့ လှည့်သွားပြီး ဇွန်ဘီများကို ဦးဆောင်ကာ အရပ်မျက်နှာက ငါးခု ခွဲကာ ထွက်သွားသည်။
ဝမ်ကျန်းဖင်က ထိုနေရာတွင် မလှုပ်ရှားဘဲ ရပ်နေရင်း ထွက်သွားသော သူတို့ကို တိတ်တဆိတ်ကြည့်သည်။ ထို့နောက် သူ၏ မျက်ဝန်းထဲမှ အလင်းရောင်က တောက်ပလာသည်။
“နောက်ဆုံး ခြေလှမ်းပဲ ကျန်တော့တယ်”
လွန်ခဲ့သော တစ်လခန့်ကမူ ဝမ်ကျန်းဖင်သည် လူသားဘဝမှ မှတ်ဉာဏ်အချို့ကို ပြန်လည် ရရှိခဲ့သည်။ သူသည်လည်း ဇွန်ဘီအကိုက်ခံရပြီးနောက် အခြားသော ဇွန်ဘီများ၏ အစားခံရခြင်းအသတ်ခံရခြင်း မဖြစ်စေရန် အလို့ငှာ တစ်ယောက်တည်း ပုန်းနေခဲ့သည်။ မမျှော်လင့်ထားစွာပင် မျက်လုံးကို ပြန်ဖွင့်သောအခါ ဇွန်ဘီဖြစ်နေသည်။ သို့သော် သူသည် ထိုအကျည်းတန်သော ဇွန်ဘီများနှင့် ခြားနားချက်ကို ရလိုက်သည်။ သူသည် ဇွန်ဘီများ၏ ပြောစကားကိုလည်း နားလည်သည်။ ဖြတ်သွားဖြတ်လာများ၏ အော်သံကိုလည်းကောင်းကောင်း ကြားနိုင်ပြီး ကောင်းကောင်းလည်း နားလည်သေး၏။ ထို့အပြင် အခြားသော ဇွန်ဘီများကလည်း သူနှင့် အဝေးဆုံးတွင် နေကြသည်။ သူက ကြောက်စရာ အရာတစ်ခုကဲ့သို့ တုန့်ပြန်ကြသည်။
တဖြည်းဖြည်းကြာလာသောအခါ သူသည်လည်း ထိုဇွန်ဘီများကို အမိန့်ပေးနိုင်သည်။ ထိန်းချုပ်နိုင်သည့် စွမ်းရည်မျိုး ရှိနေကြောင်း သိလာသည်။ ထို့ကြောင့် သူ၏ အတွေးကို အတည်ပြုရန်အလို့ငှာ သူသည်လည်း J မြို့မှ အဆင့်မြင့်ဇွန်ဘီများကို ဆင့်ခေါ်ရန် ကြိုးစားခဲ့လေသည်။ သူသည် အလွယ်တကူ အောင်မြင်ခဲ့၏။ သူသည် ဇွန်ဘီဘုရင်ဖြစ်ရန် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။
260 02
အနက်ရောင်ဝတ်စုံနှင့် ဇွန်ဘီအကြောင်း သတင်းထပ်ရပြီးသည်နှင့် ယန်မော့သည်လည်း ရှုရှင်းကို ခေါ်ကာ အထူးလေ့ကျင့်မှုကို နေ့တိုင်းလိုလို စတင်လေသည်။
ရှုရှင်းကလည်း ပထမဦးစတင်ကာ လေ့ကျင့်သည့် ကာလသို့ ပြန်ရောက်သွားသလို ခံစားရသည်။ သူမ၏ ခန္ဓာကိုယ်က ကြွက်သားများက နေ့တိုင်းလိုလို အော်ဟစ်နေကြ၏။ ညဖက်တွင် အိမ်ပြန်အိပ်သောအခါ အိပ်ယာပေါ် လဲလိုက်ရုံဖြင့် ချက်ချင်းဆိုသလို အိပ်ပျော်သွားတတ်သည်။
သို့သော် ကြိုးစားအားထုတ်မှုများကလည်း တန်ကြေးပြန်ရသည်။ ရှုရှင်း၏ စွမ်းရည်ကလည်း အများကြီး အဆင့်မြင့်လာသည်။
အိမ်တော်ထိန်း 001 “သတိပေးချက် သတိပေးချက် သတိပေးချက်”
အိမ်တော်ထိန်း 001 “ဇွန်ဘီအမြောက်အများက အခြေစိုက်စခန်းဘက်ကို ဦးတည်လာနေတယ်လို့ စုံစမ်းစစ်ဆေးရမိပါတယ်၊ ကျေးဇူးပြုပြီး အဖက်ဖက်ကနေ တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြပါ၊ အဖက်ဖက်ကနေ တိုက်ခိုက်ဖို့ ပြင်ဆင်ထားကြပါ”
အိပ်ပျော်နေသော သူများကလည်း စူရှသော အချက်ပေးသံကြောင့် လန့်နိုးလာကြသည်။
သူတို့သည် အဝတ်များကို ခပ်မြန်မြန် ကောက်ဝတ်ပြီး လက်နက်များကို ကိုင်ကာ အပြေးအလွှား ထွက်လာကြသည်။ ရှုရှင်းနှင့် ယန်မော့တို့က အခြေစိုက်စခန်း၏ ဂိတ်ဝသို့ ရောက်သောအခါ အခြားသော သူများက ရောက်နေကြပြီ ဖြစ်သည်။
သူတို့သည်လည်း နားလည်မှုအပြည့်ဖြင့် အချင်းချင်း ကြည့်ကြသည်။ ထို့နောက် မြို့နံရံပေါ်သို့ တက်နိုင်သည့် လှေကားပေါ်သို့ အပြေးအလွှား သွားလိုက်ကြသည်။
“အသေးစိတ်ပြော”
ရှုရှင်းနှင့် ယန်မော့တို့က ခြေလှမ်းကျဲကြီးများဖြင့် သွားသည်။ အိမ်တော်ထိန်း 001 က နောက်မှ ကပ်လိုက်သည်။
အိမ်တော်ထိန်း 001 “နေ့စဉ်ကင်းလှည့်နေချိန်အတောအတွင်းမှာ အပြင်ဘက်မှာ ကင်းထောက်နေတဲ့ စက်ရုပ်တော်တော်များများကလည်း ဇွန်ဘီအမြောက်အများက အခြေစိုက်စခန်းဘက်ကို ဦးတည်လာနေတယ်လို့ ရှာဖွေတွေ့ရှိခဲ့တယ်။ စက်ရုပ်တွေက စောင့်ကြည့်နိုင်တဲ့ ဝန်းကျင်ထဲကို ဝင်လာပြီးနောက်မှာ အဲဒီ ဇွန်ဘီအဖွဲ့ထဲမှာ အခြားဇွန်ဘီတွေနဲ့ တော်တော်လေးကို ခြားနားတဲ့ဇွန်ဘီနှစ်ကောင်ရှိတာကို တွေ့ရတယ်။ သူတို့က အနက်ရောင်ခြုံလွှာတွေ ခြုံထားကြတယ်”
******