အခန်း ၂၆၉
Vol. 27 Ch. 269
269 01
အပိုင်း (၂၆၉) မင်းစိတ်မပျက်ဖို့ မျှော်လင့်တယ်
ထိုသို့ဖြင့် နောက်တစ်လအတောအတွင်းတွင် ရှုရှင်းတို့အဖွဲ့က နေ့တိုင်းလိုလို ကောင်းကောင်းနားချိန်ပင် မရှိလောက်အောင် အလုပ်များနေခဲ့သည်။ သူတို့သည် အိမ်သို့ရောက်သည်နှင့် တန်း၍ အိပ်ပျော်သွားတတ်သည်။
သို့သော် ပုယွမ်ကျိုးသည် အသစ်စက်စက် ပွင့်လာပြီဆိုသော သုတေသန စမ်းသပ်နယ်မြေ ပထမတစ်ပိုင်းကိုပင် မကြည့်နိုင်လောက်အောင် အလုပ်များနေခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် သူကိုယ်တိုင်ကလည်း မည်သည့်အရာက ပို၍အရေးကြီးသည်။ မည်သည့်အရာက အရေးမကြီးသည်ကို ကောင်းကောင်း နားလည်နေသည်။ ယခုအခါ အရေးကြီးဆုံးကိစ္စက သူ ယခုလေးတင် စမ်းသပ်လာခဲ့သော ထိုဂျုံများကို အလုံးအရင်းနှင့် စိုက်ပျိုးရန် ဖြစ်လေသည်။
အခြားသော အခြေစိုက်စခန်းများကို ယုံကြည်စေလိုလျှင် ပထမဦးဆုံး အလုံးအရင်နှင့် စိုက်ပျိုးအောင်မြင်ထားသော အပင်များကို သက်သေအဖြစ် ပြသရမည် ဖြစ်လေသည်။ သူတို့ ယခု စိုက်ပျိုးအောင်မြင်ထားသော ဂျုံအမျိုးအစားမိတ်ဆက်ကို သုံးရက်နေလျှင် တရားဝင်စတင်မည်ဖြစ်သည်။ ကျန်သောအချိန်အများစုတွင်မူ အခြေစိုက်စခန်းထဲမှ သာမာန်လူများကိုသာ ဦးဆောင်ပြီး အလုံးအရင်းနှင့် စိုက်ပျိုးခိုင်းရသည်။
အစပိုင်းတွင်မူ အရာအားလုံးကို မျက်စိတောက်ထောက် ကြည့်ရန် လိုအပ်သည်။ တစ်ယောက်ချင်းစီတိုင်းကိုလည်း တဆင့်ချင်းစီ သင်ကြားပေးရန် လိုအပ်သည်။ မည်သည့်အမှားအယွင်းမှ ဖြစ်၍မရပေ။ ထို့ကြောင့် အတော်လေးကို ပင်ပန်းသည်။
ကံကောင်းသည်မှာ တစ်လလုံးလုံး ကြိုးစားအားထုတ်ခဲ့မှုက အလဟဿ မဖြစ်သွားခဲ့ပေ။ အရာအားလုံးကလည်း လမ်းကြောင်း မှန်နေခဲ့သည်။ ထို့ကြောင့် မျက်စိတောက်ထောက် ကြည့်ရန် မလိုအပ်ခဲ့ပါပေ။
“အာ…ငါနောက်ဆုံးတော့ နားနိုင်သွားပြီ။ အခြေစိုက်စခန်းတစ်ခုချင်းစီကို ဒီသတင်းတွေ ရောက်သွားပြီဆိုတာနဲ့ ငါတို့ ထပ်ပြီး အလုပ်ရှုပ်တော့မယ်ထင်တယ်”
ရှုရှင်းက ဆိုဖာပေါ်တွင် ပြိုလဲကျသွားပြီး သူမ၏ကြီးမားသော အဝါရောင် ဘဲခေါင်းအုံးကြီးကို ဖက်လိုက်သည်။
“အင်း သတင်းတွေ ရောက်သွားမယ့်အချိန်ရယ်၊ သူတို့က ဒီနေရာကို ရောက်လာမယ့်အချိန်ရယ်ကို ထည့်ပေါင်းလိုက်ပြီး စဉ်းစားဆင်ခြင်ကြည့်မယ်ဆိုရင်တော့ ပထမတစ်သုတ် ရိတ်သိမ်းခါနီးလောက် ဖြစ်လိမ့်မယ်။ အခြေစိုက်စခန်းတစ်ခုချင်းစီတိုင်းက ကိုယ်စားပြုတွေက အထွက်နှုန်းကို တစ်ခါတည်း ကြည့်သွားလို့ရတာပေါ့”
ယန်မော့ကလည်း သူမ၏ဘေးတွင်ထိုင်ပြီး ပုရှန်းဝမ်နှင့်စစ်တုရင် ကစားနေခြင်းဖြစ်သည်။
“အိုး…ဒါဆိုရင်လည်း သူတို့ စောစောလာဖို့မျှော်လင့်တယ်။ ဒါပေမဲ့လည်း သူတို့ အရမ်းအစောကြီး ရောက်လာမှာကိုလည်း မမျှော်လင့်ချင်ပြန်ဘူး”
ရှုရှင်းက ခပ်တိုးတိုး ပြောပြန်သည်။
တစ်ဖက်တွင်မူ နေ့တိုင်းလိုလို ထိုကြောင်သူတော်များနှင့် အဆက်အဆံ မလုပ်ချင်ပေ။ သို့သော် အခြားတစ်ဖက်တွင်မူ ပူးပေါင်းမှုကို ဆွေးနွေးချင်သေးသည်။ ဒါဟာ အခြေစိုက်စခန်းကြီးတစ်ခုလုံးအတွက် ကြီးမားသော အကျိုးအမြတ်ကို ရရှိမည် ဖြစ်သည်။ သူမသည် အမှန်တကယ်ကို လောဘကြီးနေသည်။
နေ့ရက်များက ကုန်လွန်သွားသည်။ အလဲအလှယ်ဌာနမှ အလုပ်ကလည်း ကောင်းမွန်သထက် ကောင်းမွန်လာသည်။ အာရုဏ်ဦးအခြေစိုက်စခန်း၏ ဂုဏ်သတင်းကလည်း ပြန့်နှံ့လာသည်။
မည်သူကမှ မနာလိုမဖြစ်ကြသောကြောင့် မဟုတ်ပေ။ သူတို့သည်လည်း အာရုဏ်ဦးအခြေစိုက်စခန်း၏ အလဲအလှယ်ဌာနသို့သွားကာ ပြဿနာရှာခိုင်းခဲ့သေးသည်။ သို့သော် အာရုဏ်ဦးအခြေစိုက်စခန်းမှ ကင်းလှည့်အသင်းကလည်း ကြောက်စရာကောင်းသော နည်းလမ်းမျိုးဖြင့် ဖိနှိပ်ပစ်သည်။ ပြဿနာရှာသော သူတိုင်းက အပိတ်ခံရသည်။ ထိုသို့ အပိတ်ခံရသည့်စာရင်းထဲသို့ ရောက်သွားသည်နှင့် အရုဏ်ဦးအခြေစိုက်စခန်း၏ အလဲအလှယ်ဌာနအတွင်းသို့ ဝင်ရောက်ပိုင်ခွင့် မရှိတော့ပါပေ။
အခြားသော သူများကလည်း ထိုကင်းလှည့်သောအသင်းက မည်မျှအင်အားကြီးမားကြောင်း သိသည်။ ထို့ကြောင့် မည်သူကမှ ပြဿနာ လာမရှာရဲကြတော့ပေ။
ထို့အပြင် အခြေစိုက်စခန်းအများစုကလည်း အာရုဏ်ဦးအခြေစိုက်စခန်းကို နမူနာထား၍ သူတို့၏အခြေစိုက်စခန်း၏ အလဲအလှယ်ဌာနကို ဖွင့်လှစ်ကြနေပြီ ဖြစ်သည်။ ထို့သို့ဖြင့် ရှုရှင်းတို့အသင်းကလည်း ထိုကဲ့သို့သော အခြေအနေကို အလွန်အမင်း ပျော်ရွှင်စွာ စောင့်ကြည့်နေကြသည်။
269 02
သူတို့က အလဲအလှယ်ဌာနကို ဖွင့်ရန် အကြံအစည်ကို စတင်ပြီးထုတ်ပြောချိန်ကတည်းက ယခုလို အနေအထားမျိုးကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ အလဲအလှယ်ဌာနကို ဖွင့်ရသည့် ရည်ရွယ်ချက်က တစ်ဖက်တွင် အခြေစိုက်စခန်း၏ဝင်ငွေကို တိုးတက်ရန်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အခြားသောစွမ်းအားရှင် အမြောက်အများအား အလဲအလှယ်ဌာန၏ အကျိုးအမြတ်ကို မြင်တွေ့စေခြင်းအားဖြင့် ထိုအတိုင်း လိုက်လုပ်ကြစေရန်ဖြစ်သည်။
အလဲအလှယ်ဌာန၏တည်ရှိမှုက အထူးတာဝန်များကို ထွက်လုပ်သော စွမ်းအားရှင်များအတွက် လုံခြုံမှုတစ်လွှာ ရထားသည်နှင့် တူသည်။
အကယ်၍ တာဝန်တစ်ခု ထွက်လုပ်နေချိန်တွင် အရင်းအမြစ် လိုအပ်ချက်နှင့် ကြုံတွေ့ခဲ့သော် သို့မဟုတ် မဖြေရှင်းနိုင်သော အခြေအနေတစ်ခုကို ကြုံတွေ့ခဲ့သော် ထိုသို့ဖြင့် နီးစပ်ရာ အခြေစိုက်စခန်းထဲသို့ ဝင်ကာ ရိက္ခာများကို ဖြည့်နိုင်သည်။ လိုအပ်လျှင် အရေးပေါ် အကာအကွယ် ယူနိုင်သည်။ ဒီနည်းအားဖြင့် ဆုံးရှုံးမှုများကို လျော့ကျစေမည် ဖြစ်သည်။
စွမ်းအားရှင်များအကြားတွင် ဆုံးရှုံးမှုက ပိုနည်းသွားသည်နှင့်အမျှ အနာဂတ်တွင် ကြုံတွေ့ရမည့် ဇွန်ဘီများအားလုံးကို ရင်ဆိုင်နိုင်စွမ်းရည် မြင့်မားလာပေလိမ့်မည်။
တစ်လခွဲခန့် ကြာပြီးနောက်တွင် Cမြို့အခြေစိုက်စခန်းကလည်း အာရုဏ်ဦးအခြေစိုက်စခန်းဟာ လက်တွေ့စမ်းသပ်ထားသော ဂျုံအမျိုးအစားသစ်တစ်မျိုးကို ရရှိထားသည့် သတင်းကို ကြားသိသွားကြသည်။ ထိုအချိန်တွင် C မြို့ အခြေစိုက်စခန်းအတွင်း အတော်လေးကို အာဏာကြီးနေပြီဖြစ်သော ရှောင်းလုံနှင့် ယဲ့ယီအန်းတို့ကလည်း အရင်ဦးဆုံး သတင်းရသူများဖြစ်သည်။
“ဘာ…ဘယ်လိုမြေဆီလွှာမှာမဆို စိုက်ပျိုးနိုင်တယ်ဟုတ်လား”
“ဟုတ်တယ် ဒီသတင်းက အာရုဏ်ဦးအခြေစိုက်စခန်းကလေ”
ယဲ့ယီအန်း၏ခံစားချက်များက ပုံမှန်အားဖြင့် အတော်လေး တည်ငြိမ်နေကျဖြစ်သည်။ ဒီတစ်ကြိမ်တွင်မူ သူမကပင် လှုပ်ခတ်သွားသည်။ သူမက မတည်ငြိမ်သောကြောင့် မဟုတ်ပေ။ ထိုကိစ္စက မှန်ကန်နေခဲ့ပါက လူတိုင်းအတွက် ကိစ္စကောင်းကြီး ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ယဲ့ယီအန်းနှင့် ရှောင်းလုံတို့က လျှင်မြန်စွာ လုပ်ဆောင်ကြပြီး T မြို့သို့ ထွက်လာကြသည်။ သူတို့သည်လည်း ရလဒ်က စိတ်မပျက်စေရန် မျှော်လင့်နေကြသည်။
******