အခန်း ၂၇၂
Vol. 28 Ch. 272
272 01
အပိုင်း (၂၇၂) မဟာမိတ်
လေလံပွဲ ကျင်းပသည့် ဒုတိယမြောက်နေ့တွင်
အခြေစိုက်စခန်းတစ်ခုချင်းစီတိုင်း၏ ကိုယ်စားပြုများကလည်း အချိန်မှီရောက်လာကြသည်။ အားလုံးကလည်း တက်ကြွနေကြပြီး မည်သူက မျိုးစေ့၏ပထမတစ်သုတ်ကို ရရှိမည်နည်းဆိုသော ကိစ္စကို ယှဉ်ပြိုင်ချင်နေကြသည်။
မနေ့က စည်းမျဉ်းစည်းကမ်းအတိုင်း ဖြစ်နေသော် အခြေစိုက်စခန်း အများစုကမူ ကောက်ပဲသီးနှံများကို မြန်မြန်ရလေလေ ပိုကောင်းလေလေ ဖြစ်သည်။ သူတို့ဟာ မြန်မြန်ရလျှင် မြန်မြန်ပြန်သွားပြီး စိုက်ပျိုးနိုင်မည် ဖြစ်သည်။ ထိုအခါ သူတို့၏ အခြေစိုက်စခန်းကလည်း စောစောအကျိုးအမြတ်ရပေလိမ့်မည်။
လေလံပွဲကြီး တစ်ခုလုံးကို တရားဝင် စတင်လေသည်။
ရှုရှင်းက ရှေ့ဆုံးတွင် ထိုင်ပြီး ကိုယ်စားပြုများအားလုံး၏မျက်နှာထားကို အကဲခတ်နေသည်။ သူတို့အားလုံး ယုံကြည်မှု ရှိနေကြကြောင်း မြင်သောအခါ မနေ့ညက လောင်းကြေးကို ပို၍ပင် ကျေနပ်သွားသည်။
အခြေစိုက်စခန်းတစ်ခုချင်းစီတိုင်းက ကိုယ်စားပြုသူများကလည်း အမျိုးမျိုးသော ပမာဏများကို ဆွေးနွေးထားသည့်အတိုင်း ဖြည့်ကြသည်။ ရှုရှင်းက ယန်မော့ကို ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်မျိုး ပေးသည်။
ယန်မော့က မျက်ခုံးပင့်သည်။ မည်သည့် မှတ်ချက်မှ မချပေ။ သူသည်လည်း စိတ်ထဲတွင် ခိုးပြီး သက်ပြင်းချနေသည်။
အာ…ငါ့ဇနီးလေးက ကိုယ့်ဘာသာကိုယ် ဂုဏ်ယူနေတဲ့အခါ အရမ်းကို ချစ်ဖို့ကောင်းတာပဲ။
ရှုရှင်းကမူ ကျရောက်လာမည့် အန္တရာယ်ကို သတိမထားမိသေးဘဲ လေလံပွဲ၏ရလဒ်ကိုသာ စိတ်အေးအေးနှင့် စောင့်နေလေသည်။
နဂို ဓလေ့ထုံးတမ်းများအတိုင်း လုပ်ဆောင်သည့် လေလံပွဲမျိုး မဟုတ်သဖြင့် ရလဒ် က လျှင်မြန်စွာ ထွက်လာသည်။ မျှော်လင့်ထားသည့်အတိုင်းပင် မြို့တော် B၊ မြို့တော် C၊ မြို့တော် Q နှင့် အနောက်မြောက်ပိုင်း အခြေစိုက်စခန်းတို့က အောင်မြင်စွာနှင့် ထင်းထွက်နေသည်။ နောက်ပိုင်း အောင်မြင်သွားသော အခြေစိုက်စခန်းကမူ ယန်မော့ ယူထားသည့် မြို့တော် M ဖြစ်သည်။ ရှုရှင်း ရွေးထားသော မြို့တော် H မဟုတ်ပါပေ။
မမျှော်လင့်ထားသော ရလဒ်က ရှုရှင်းကိုနည်းနည်း အံ့ဩသွားစေသည်။ သူမက မျက်လုံးပြူးသွားပြီး အခြေအနေကို နားမလည်တော့ပေ။
ရှင်းလင်းစွာပင် အိမ်တော်ထိန်း 001 ၏ ပြောစကားအရ မြို့တော် C က သေချာပေါက် ပြင်ဆင်ထားခဲ့လေသည်။
ဟုတ်တယ်မလား
မြို့တော် H မှ ကိုယ်စားပြုသူများကလည်း ရှုရှင်းနှင့် မလျော့သော အံ့အားသင့်မှုမျိုးနှင့် ဖြစ်သည်။ သူတို့သည် သူတို့၏ သလင်းအမြူအတေ ရိက္ခာထောက်ပံ့နိုင်စွမ်းရည်ကို ယုံကြည်မှု ပြင်းထန်နေကြသည်။ သို့သော် ဖျက်မြင်းက ပေါ်လာမည်ဟုမ ထင်ထားကြပေ။ မြို့တော် H မှ ကိုယ်စားပြုသူများက မြို့တော် M မှ ကိုယ်စားပြုသူများကို ခက်ထန်စွာ ကြည့်နေကြသည်။
အကြည့်ကသာ လူသတ်နိုင်လျှင် မြို့တော် M မှ ကိုယ်စားပြုသူများကလည်း သေနေပြီးလောက်လေပြီ။
အာ…အကြည့်က ဆိုးလိုက်တာ လူမသတ်နိုင်ဘူး။
အခြေစိုက်စခန်းကြီးတစ်ခု၏ မြင့်မားသောနေရာတွင် ထိုင်နိုင်သော သူများဖြစ်သည့်အလျောက် သူတို့သည် အရေထူရပေမည်။ ထို့အကြည့်လောက်ကို သူတို့က ဂရုစိုက်မနေဘဲ လျစ်လျှူရှုထားကြသည်။
အလောင်းအစားက ရှုံးသွားသည်။
ရှုရှင်းကလည်း မနေ့ညက အလောင်းအစားအား ပြန်တွေးကြည့်မိသောအခါ ရုတ်တရက် နောက်တစ်ပတ်လုံးလုံး..
ရုတ်တရက် သူမ၏ မျက်လုံး ရှေ့မှ အရာအားလုံးက မဲမှောင်သွားသလို ခံစားရပြီး ခါးကပင် ကိုက်လာသည်။
မဟုတ်သေးပါဘူး။
ငါ ဒီအတိုင်း ထိုင်ပြီး အသေမခံနိုင်ဘူး နည်းလမ်းစဉ်းစားရမယ်။
272 02
ယန်မော့ကလည်း သူမကို ကောင်းကောင်းသိသည်။ ထို့ကြောင့် သူမနားနား ကပ်လာပြီး ခပ်တိုးတိုးပြောသည်။
“ရှင်းပေါင် မင်း နောင်တ ရနေတာလား”
ပေါ်သွားသောအခါ ရှုရှင်းကလည်း နည်းနည်း အပြစ်မကင်းသလို ဖြစ်သွားသည်။ သို့သော် ဝန်မခံနိုင်ပါပေ။ ထို့ကြောင့် ခေါင်းမာမာနှင့် ငြင်းသည်။
“မရပါဘူး”
ယန်မော့က ဖျော့တော့စွာ ပြုံးသည်။
“ကောင်းတာပေါ့”
ရှုရှင်းက အတတ်နိုင်ဆုံး မျက်နှာထားကို ထိန်းထားသည်။ သို့သော် စိတ်ထဲတွင်မူ မျက်ရည် ကျနေလေပြီ။
အိမ်တော်ထိန်း 001 “လေလံပွဲ ရလဒ်တွေကို ကြေညာပြီးပါပြီ။ အခြေစိုက်စခန်းတွေမှာ မေးခွန်းထုတ်စရာ မရှိတော့ဘူးဆိုရင် သလင်းအမြူအတေတွေကို အပ်ပြီးတာနဲ့ မျိုးစေ့တွေကို လိုက်ယူနိုင်ပါပြီ”
ပထမဦးဆုံးမျိုးစေ့ လေလံဆွဲချိန်တွင်ပင် ဖယ်ထုတ်ခံလိုက်ရသော H မြို့မှ အခြေစိုက်စခန်းမှ လူများက ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။
“အခြေစိုက်စခန်းရဲ့ ဒါရိုက်တာယန် နောက်တစ်ခေါက်က ဘယ်တော့များလဲ”
“နောက်တစ်ခေါက်က သုံးလနေရင်ပါ။ ဒီတစ်ခေါက် ဝေစုက ဆယ်စုအဖြစ် ပြောင်းလဲသွားမှာဖြစ်လို့ ပမာဏကလည်း ပိုများပြီး အခွင့်အရေးကလည်း ပိုကြီးသွားမှာပါ။ ဆိုတော့ ပါဝင်ယှဉ်ပြိုင်တဲ့ အရေအတွက်ကလည်း တိုးမှာပါ”
နဂိုက လေလံမဆွဲနိုင်သော အခြေစိုက်စခန်းများကလည်း စိတ်အေးသွားကြသည်။ သူတို့သည် ကြိုတင်ပြင်ဆင်ရန် အချိန်ရလေသည်။
သူတို့သည် တစ်ကြိမ်တွင် အတွေ့အကြုံရှိသွားပြီး နောက်တစ်ကြိမ်တွင်ဆိုလျှင် ပို၍ပင် သတိထားနိုင်မည် ဖြစ်သည်။
ရှောင်းလုံက ရုတ်တရက် ပြောသည်။
“အာရုဏ်ဦးအခြေစိုက်စခန်းကသာ အနာဂတ်မှာ ကောက်ပဲသီးနှံအသစ်တွေကို ထုတ်လုပ်လာနိုင်ခဲ့ရင် ငါတို့ ပြန်ပြီး လေလံဆွဲဖို့ လိုအပ်လား။ ဒါမှမဟုတ် မတူညီတဲ့ နည်းလမ်းမျိုးနဲ့လား”
ရှောင်းလုံက မေးလိုက်သည်နှင့် အားလုံးကလည်း နားစွင့်ကြသည်။ လူတိုင်းကလည်း စိတ်ဝင်စားကြသည်။
အနာဂတ်တွင် နောက်ထပ် ကောက်ပဲသီးနှံအသစ်ကို ရရှိခဲ့လျှင် နောက်ထပ် လေလံထပ်ဆွဲရအုံးမည် ဆိုလျှင် သူတို့သည်လည်း တန်ကြေးကို မတတ်နိုင်လောက်ပါပေ။
ယန်မော့က ပြုံးရင်း ပြောသည်။
“အာရုဏ်ဦးအခြေစိုက်စခန်းက အနာဂတ်မှာ နောက်ထပ် မျိုးစေ့တွေကို ထုတ်နိုင်ခဲ့ရင် ဒီအစောပိုင်းမှာ မျိုးစေ့တွေ ဝယ်ရင်း လေလံအောင်ခဲ့ပြီးသား အခြေစိုက်စခန်းတွေ အားလုံးကိုလည်း ငါတို့ကမ်းလှမ်းတဲ့ တန်ကြေးအတိုင်း ဝယ်ယူဖို့ပဲ လိုအပ်စေမှာပါ”
အခြေစိုက်စခန်းအသီးသီးမှ ကိုယ်စားပြုသူများ၏ နှလုံးသားက နဂိုနေရာသို့ ပြန်ရောက်သွားသည်။
ဟာသပဲ လူ့သဘာဝက ဘယ်လိုလဲဆိုတာ ဘယ်သူက မသိလို့လဲ။
သူတို့က ဒီအခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် အမျိုးမျိုးသော အခြေစိုက်စခန်းများနှင့် ရေရှည်ပူးပေါင်းမှုကို တည်ထောင်လိုသည်။ မည်သူ့ကိုမှ ရန်မစချင်ကြပါပေ။
ပုရွက်ဆိတ်အုပ်ကလည်း ဆင်ကို သတ်နိုင်လေသည်။
အရုဏ်ဦးအခြေစိုက်စခန်းက လက်ရှိ နည်းပညာအဆင့်တွင် သာလွန်သော အင်အားမျိုးကို ပိုင်ဆိုင်ထားသည့် တိုင်အောင် အခြားသော အခြေစိုက်စခန်းများ၏ ပူးပေါင်းတိုက်ခိုက်မှုကို တောင့်မခံနိုင်လောက်ပေ။ ထို့ကြောင့် ထိုသို့သော နည်းလမ်းမျိုးက ရေရှည်ပူးပေါင်းမှုကို ဖန်တီးရန်ဖြစ်သည်။
272 03
အခြားသော အခြေစိုက်စခန်းများကလည်း တူညီသော ကောက်ပဲသီးနှံများကို ထုတ်လုပ်နိုင်မည်ဆိုလျှင် ဖြစ်နိုင်ချေအတွက်ကမူ သူတို့ကလည်း မကြောက်ပါပေ။ လူပေါင်းများစွာက အတူပူးပေါင်းပြီး ထုတ်လုပ်နေမည်ဆိုလျှင် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်နိုင်ချေက ပို၍ကြီးလာပေလိမ့်မည်။ ထိုအချက်အပြင် ဒီတစ်ခေါက် သူတို့ ရောင်းချခဲ့သည့် မျိုးစေ့များကလည်း အချို့သော ပါရမီကြီးသည် သုတေသန ပညာရှင်များကို ဆွဲဆောင်နိုင်လောက်သည်။ ယခုလက်ရှိအနေအထားမျိုးအရ အခြေစိုက်စခန်း၏ သုတေသန ပညာရှင်တစ်ယောက်တည်းသာရှိသည်။ သူဟာ မည်မျှပင် ဉာဏ်ကောင်းပါစေ လူတစ်ယောက်တည်းက လူငါးယောက်၏ အင်အားကို မယှဉ်နိုင်ပါပေ။
ထို့ကြောင့် အခြေစိုက်စခန်းကလည်း မျိုးစေ့များကို လက်ခံရရရှိသောအခါ ညတာက ရှည်လွန်းသည်ဟုပင် ထင်ကြပြီး မျိုးစေ့များ တစ်စုံတစ်ရာဖြစ်သွားမည်ကို စိုးရိမ်ကြကာ ခပ်မြန်မြန် နှုတ်ဆက်ပြီးနောက် ချက်ချင်း ထွက်သွားကြသည်။ မည်သို့ပင်ဆိုစေ သူတို့၏ အခြေစိုက်စခန်းကလည်း သူတို့ကို ကြိုဆိုရန်အတွက် လူလွှတ်ထားပြီးသား ဖြစ်လေသည်။
ရှောင်းလုံ၏အသင်းမှ လူများကမူ မထွက်သွားကြပေ။ မြို့တော် C မှ လူများကလည်း မသွားကြသေးပါပေ။ သူတို့သည် အာရုဏ်ဦးအခြေစိုက်စခန်းသို့ လာရသည် ရည်ရွယ်ချက် နှစ်ခုထဲမှ တဝက်က ပြီးမြောက်သွားပြီး ကျန်သော တစ်ခုက ကျန်နေသည်။ ထိုကျန်သော တစ်ခုကမူ ရေရှည်ပူးပေါင်းမှုအတွက် ဆွေးနွေးရန် ဖြစ်သည်။ ထိုသို့ ရေရှည်ပူးပေါင်းမှု လုပ်ရန်အတွက်လည်း ယုံကြည်ထိုက်ခြင်း ရှိမရှိ စစ်ဆေးရအုံးပေမည်။
ဇွန်ဘီများက ဆက်လက်ပြီး ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ အဆင့်မြင့်ဇွန်ဘီ အရေအတွက်ကလည်း တိုးပွားလာသည်နှင့်အမျှ ဇွန်ဘီအုပ်များက များသထက် များလာသည်။ ထို့ကြောင့် ယခင်တစ်နှစ်အတွင်းတွင်ပင် ဇွန်ဘီအုပ်များကြောင့် ဖျက်ဆီးခံရသော အခြေစိုက်စခန်းလေးများ၏အရေအတွက်က သိသိသာသာ တိုးလာသည်။ အလယ်အလတ်အရွယ်အစားခန့်ရှိသော အခြေစိုက်စခန်းများကလည်း ဇွန်ဘီအုပ်များကြောင့် ဖျက်ဆီးခံရသေးသည်။ မည်သည့် အခြေစိုက်စခန်းကြီးများကမှ ဇွန်ဘီအုပ်ကြောင့် မပျက်ဆီးသွားသေးသော်လည်း ထိုအတိုင်း ဆက်ဖြစ်နေမည် ဆိုပါက အန္တရာယ်များလေသည်။
ဇွန်ဘီအုပ်များ ရောက်ရှိလာသည့် ပုံစံနှင့်ပတ်သက်ပြီး တိကျသော သတ်မှတ်ပုံမျိုး ရှိမနေခဲ့ချေ။ ထို့ကြောင့်မည်သည့် အခြေအနေတွင် မည်သည့် စခန်းက ကံဆိုးမည် ဖြစ်ကြောင်းကို မသေချာသေးပေ။
ထိုသို့ဖြင့် မဟာမိတ်ဖွဲ့ထားသောအခါ အနာဂတ်တွင် ကြီးမားသော ဇွန်ဘီအုပ်များ သို့မဟုတ် အလုံးအရင်းနှင့် ကြီးမားသော ဇွန်ဘီအုပ်များကို ရင်ဆိုင်ခဲ့ရသော် လက်ကမ်းကူညီပေးသူများကို ကြုံရပေလိမ့်မည်။ ထိုအခါ အောင်မြင်စွာ ခုခံနိုင်ချေကလည်း မြင့်ပေလိမ့်မည်။
“မင်းတို့ ပြောလိုတာကို ငါနားလည်တယ်။ မင်းတို့က မင်းတို့ရဲ့ ကိုယ်ပိုင်အခြေစိုက်စခန်းအတွက် ကိုယ်စားဆုံးဖြတ်ချက် ချနိုင်တယ်။ နောက်ပြီး အခြေစိုက်စခန်းအချင်းချင်း ရင်းနှီးကျွမ်းဝင်တဲ့ မဟာမိတ်အဖြစ် ပူးပေါင်းမှုမျိုးကို လုပ်ချင်တာမျိုး မဟုတ်လား”
ယန်မော့က စားပွဲကို ညာလက်ညိုးဖြင့် တတောက်တောက် ခေါက်နေရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးက လေးနက်သွားသည်။
ရှောင်းလုံက ယုံကြည်မှု အပြည့်နှင့် ပြောသည်။
မြို့တော် B ၏ ကိုယ်စားပြုဖြစ်သော ကျန်းမောင်ကလည်း ခိုင်မာစွာ ခေါင်းညိတ်၍ ဝင်ပြောသည်။
“ငါတို့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေအားလုံးက ပူးပေါင်းပြီး ဆုံးဖြတ်ထားတာပဲ”
ရှောင်းလုံနှင့် ယဲ့ယီအန်းတို့က မြို့တော် C မှ အာဏာအများစုကို သိမ်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့ကလည်း ကိုယ်စားပြုနိုင်သည်။ မြို့တော် B မှ လူများကလည်း အလားတူသာလျှင် ဖြစ်သည်။
“ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ ငါတို့ ပြန်ပြီး ဆွေးနွေးရအုံးမယ် ဆိုတော့ မနက်ဖြန် မနက် ဆယ်နာရီ အစည်းအဝေးကျမှပဲ အဖြေပြန်ပေးပါမယ်”
******