အခန်း ၂၇၆
Vol. 28 Ch. 276
276 01
အပိုင်း (၂၇၆) အဆုံးအဖြတ်တိုက်ပွဲည
D မြို့ အခြေစိုက်စခန်းတွင် တစ်ပတ်နီးပါးနေထိုင်ပြီး အခြေစိုက်စခန်းအသီးသီးမှ ကိုယ်စားပြုသောသူများ ရောက်လာကြပြီး အတော်လေးကို ကျော်ကြားနေသော ဆေးရည်က နောက်ဆုံးတွင် ဒီနေ့ ထုတ်ပြမည်ဟု ကြေညာလာသည်။
C မြို့ အခြေစိုက်စခန်းမှ ဒီနေ့ရောက်လာသော အသင်းကလည်း ယဲ့ယီအန်းနှင့် ရှောင်းလုံတို့က ဦးဆောင်သော အသင်းဖြစ်သည်။ မြို့တော် B မှ အသင်းကလည်း သူတို့၏ မိတ်ဟောင်းဆွေဟောင်း ကျန်းမောင်ဖြစ်သည်။
အခြေစိုက်စခန်းသုံးခုကလည်း လွန်ခဲ့သောသုံးနှစ်က သဘောတူလက်မှတ် ထိုးပြီးချိန်ကတည်းက သူတို့၏ ပူးပေါင်းမှုများက ပို၍တိုးတက်လာပြီး အဆက်အသွယ်များကလည်း ပိုကောင်းလာကာ ဆက်ဆံရေး တိုးတက်လာသည်။
“ကျွတ် ဒီအခြေအနေကို ကြည့်ရတာ ရှိသမျှ အခြေစိုက်စခန်းတိုင်း အဖိတ်ခံရမှာကို ကြောက်ရတယ်”
ပုရှန်းဝမ်က ဒုတိယထပ်မှ တိုင်ကို မှီနေရင်း လှောင်သံအပြည့်နှင့် ပြောသည်။
“လူတွေ တော်တော်များတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီနေ့ မတိုင်ခင် တစ်ခါမှ ပေါ်မလာဖူးတဲ့သူတွေ D မြို့ အခြေစိုက်စခန်းက ခေါင်းဆောင် ဒါရိုက်တာကို တွေ့နိုင်မလားတော့ မသိဘူး”
ရှုရှင်းကလည်း ပျင်းတိပျင်းရွဲ့ဖြင့် လက်ချောင်းများကို ဆော့နေရင်းပြောသည်။
“ဘာဖြစ်လို့လဲ ရှင်းပေါင်က သူ့ကို တွေ့ချင်လို့လား”
ယန်မော့၏မျက်လုံးက ရုတ်တရက် မဲမှောင်သွားသည်။ လေသံကပင် အေးစက်လာပြီး မသဲကွဲတော့ပေ။
ရှုရှင်းက ရုတ်တရက် လက်ချောင်းဆော့နေရင်းမှ ရပ်တန့်သွားပြီး ချက်ချင်းဆိုသလို တစ်ဖက်သို့ လှည့်လိုက်ကာ တစ်ဖက်သူကို ချော့ရသည်။
နှစ်ပေါင်းများစွာ အတူရှိလာပြီးနောက်ဆုံးတွင် တစ်ဖက်သူ၏ စကားကို ကြားလိုက်ရုံဖြင့် ထိုသူဟာ သဝန်တိုနေလောက်ကြောင်းကို တန်းသိလိုက်သည်။ ထို့ကြောင့် ခပ်မြန်မြန်သာ မချော့ပါက ညဖက်တွင် ဒုက္ခရောက်ပေလိမ့်မည်။ ဒါဟာ သူမ၏ခါးကို ကယ်တင်ရန်အလို့ငှာ အတတ်နိုင်ဆုံး လိုက်လျောညီထွေ ရှိသူ ဖြစ်လာသည်။
ယန်မော့ကလည်း ရှင်းပေါင်က အခြားသူကို သဘောမကျမှန်း သိသည်။ သို့သော် သူသည်လည်း ရှင်းပေါင်က အရေးမပါသော သူများကို အာရုံစိုက်နေသည်အား အလိုလျောက် သဘောမကျမိရုံသာ ဖြစ်သည်။
“တိတ်ဆိတ်မယ် တိတ်ဆိတ်မယ်”
မည်သည့် အချိန်ကမှန်းမသိ စင်အလယ်တွင် ရပ်နေသော အမျိုးသားက ပေါ်လာသည်။ သူဟာ အဖြူရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး မျက်နှာတဝက်ခန့်အား ကွယ်နေသော မိစ္ဆာမျက်နှာဖုံးတစ်ခုကို တပ်ထားသည်။ သူ၏ အနောက်ဖက်တွင်လည်း သေတ္တာများ သယ်ထားသည့် လူ အတန်းလိုက်ရပ်နေသည်။
“D မြို့ အခြေစိုက်စခန်းကနေ အားလုံးကို ကြိုဆိုပါတယ်။ ရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘူး။ မင်းတို့အတွက် ဆင့်ကဲပြောင်းလဲသွားစေမယ်ဆိုတဲ့ ဆေးရည်ကိုပဲ မိတ်ဆက်ပေးတော့မယ်”
ထိုသူက သူနှင့် အနီးဆုံး သေတ္တာကို ချဲ့ကားလွန်းသော ပုံစံမျိုးဖြင့် ဖွင့်လိုက်သည်။ ထိုအခါ အတွင်းတွင် အစိမ်းရင့်ရောင် ဆေးပုလင်းများကို မြင်ရသည်။ ထိုအစိမ်းရင့်ရောင် ဆေးပုလင်းကို မြင်သောအခါ ရှုရှင်းက နည်းနည်း အန်ချင်သွားသည်။ သူမက အလိုလျောက်ပင် မျက်မှောင်ကြုတ်ပြီး အခြားနေရာသို့ အာရုံပြောင်းလိုက်သည်။
“ဆိုရိုးစကားအတိုင်းပဲ မြင်ရမှပဲ ယုံကြည်ရလိမ့်မယ်။ ဆိုတော့ မျိုးရိုးဗီဇ စွမ်းရည်ကို ဆင့်ကဲပြောင်းလဲစေတယ်ဆိုတဲ့ ဒီဆေးရည်အကြောင်းကို ငါပြောရင်တောင်မှ မင်းတို့ ယုံကြည်မယ်လို့ မသေချာဘူး ဆိုတော့ တစ်ယောက်ယောက်ကများ စင်ပေါ်ကို ကိုယ်တိုင်ကိုယ်ကျ တက်ပြီး အတည်ပြုချင်ကြလား။ တကယ်လို့ အလုပ်ဖြစ်မယ်ဆိုရင်လည်း အဲဒီနောက် လေလံကြေးကို တစ်ခါတည်း သတ်မှတ်လို့ရတယ်လေ။ မင်းတို့ မတတ်နိုင်ဘူး ဆိုရင်လည်း D မြို့မှာပဲ နေပေါ့”
ထိုနေရာတစ်ခုလုံးက ဆူညံနေသည်။ လူအများစုက တုံ့ဆိုင်းနေကြသည်။ သို့သော် တစ်စုံတစ်ရာက မှားယွင်းသွားမည်ကို စိုးရိမ်ကြသည်က များသည်။
မည်သို့ပင်ဆိုစေ ကံကောင်းမှုနှင့် ကြွယ်ဝမှုများကလည်း အရင်းအနှီးက လာသည်။
276 02
စင်ပေါ်တွင် လူငါးယောက်က ရပ်နေသည်။ ပထမထပ်ရှိအောက်ခြေတွင် ထိုင်နေသော လူလေးယောက်ရှိသည်။ ဒုတိယထပ်ကမူ တစ်ယောက်ထွက်လာသည်။
ဒုတိယထပ်မှ နေရာချထားပေးခံရသူတိုင်းကလည်း လုံလောက်သော အင်အားရှိသော အခြေစိုက်စခန်းကြီးများ ဖြစ်သည်။ သူတို့၏ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် အမြင်အာရုံကလည်း အောက်ဖက်ရှိ အဆင့်များထက် ပိုသာပေလိမ့်မည်။ ထို့ကြောင့် စမ်းသပ်ကြည့်ရန်အတွက် မည်သည့်အရင်းအနှီးမှ မလိုအပ်ပေ။ လက်တွေ့စမ်းသပ်မှုကသာ အောင်မြင်သွားခဲ့သော် ပိုက်ဆံကို မှီခိုရုံသာ ဖြစ်သည်။ စင်ပေါ်သို့ တက်သော လူငါးယောက်က ထိုဆေးရည်ကို သောက်လိုက်ကြသည်။ သိပ်မကြာခင်မှာတင် သူတို့၏ကိုယ်ထဲမှ သလင်းအမြူအတေက ကြီးမားလာကြောင်း ခံစားမိလိုက်သည်။ လက်ရှိအဆင့်ကိုပင် ချိုးဖြတ်သက်ရောက်သွားပြီး သူတို့၏ ခန္ဓာကိုယ်က အင်အားများ ပြည့်နှက်လာသည်။ အဆင့်လေးတွင် တစ်နေသည်မှာ ကြာပြီ ဖြစ်သော စွမ်းအားရှင်တစ်ယောက်သည်လည်း နေရာတွင်ပင် အဆင့်တက်သွားသည်။ အနားမှ လူများကလည်း ခပ်တိုးတိုး အော်သည်။
“တကယ်ကို အင်အားကြီးသွားတာပဲ”
အတည်ပြုမှုကို ရသည့်အခါ ခန်းမထဲမှ လူများက ဆူညံသွားကြသည်။ အခြေစိုက်စခန်း ခေါင်းဆောင်အများစုက စိတ်လှုပ်ရှားသွားကြသည်။
မနှစ်က B မြို့ အခြေစိုက်စခန်းမှ သုတေသန အသက်မွေးဝမ်းကြောင်းသည်လည်း သဘာဝလွန်းစွမ်းအား နိုးထလာသောသူများသည် သက်တမ်းရှည်သွားသည် ဆိုသော အချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီးသား ဖြစ်သည်။ အဆင့်က မြင့်သွားသည်နှင့်အမျှ သက်တမ်းက ပိုရှည်သည်။ အမြင့်ဆုံး သက်တမ်းကလည်း နှစ်နှစ်ရာနီးပါး ဖြစ်လောက်သည်။
ယခင်ကမူ စွမ်းအားရှိသော သူများက အဆင့်လေးတွင် တစ်နေကြပြီး အဆင့်ထပ်တက်ရန် နည်းလမ်းမရှိဘဲ ဖြစ်နေကြသည်။ အကယ်၍ သူတို့ကသာထို ဆေးရည်ကို ရမည် ဆိုပါက သူတို့၏ အထူးစွမ်းရည်ကိုသာ ထိုးတက်သွားနိုင်စေရုံသာ မကသေးလေဘဲ သက်တမ်းကလည်း ရှည်သွားအုံးမည် ဖြစ်သည်။
“လူအများစုကလည်း ဒီဆေးရည်ရဲ့ စစ်မှန်မှုကို ယုံကြည်ကြပြီလို့ ယူဆတယ် ဆိုတော့ မင်းတို့ကို ပြင်ဆင်ချိန်တစ်ရက်ပေးမယ် မနက်ဖြန် ဒီလိုအချိန်မှာပဲ ကျန်တဲ့ ဆေးရည် နှစ်ဆယ့် ငါးပုလင်းကို လေလံစတင်မယ် လေလံပွဲပြီးသွားတဲ့နောက်မှာ မင်းတို့ လေလံဆွဲထားတဲ့ ဆေးရည်ငါးပုလင်းစာအတွက် အနိမ့်ဆုံးလေလံဆွဲကြေးအတိုင်း ယူဆောင်သွားနိုင်ပါတယ်”
ဝတ်စုံအပြည့်နှင့်လူက အောက်ဖက်ရှိ လူများ၏မျက်လုံးထဲမှ အလျှင်လိုမှုနှင့် စိတ်အားထက်သန်မှုများကို ကြည့်ကာ သူ၏မျက်ဝန်းထဲတွင် လှောင်ပြောင်လိုစိတ်က ဖြတ်ပြေးသွားသည်။ ထိုအစည်းအဝေးပွဲပြီးနောက် ရှုရှင်းတို့အဖွဲ့က ရှောင်းလုံ၊ကျန်းမောင်နှင့် အခြားသော အခြေစိုက်စခန်းသုံးခုမှ လူများနှင့်အတူ ကျန်းမောင်နေသော နေရာတွင် စုဝေးကြသည်။
“အားလုံးကလည်း ဉာဏ်ကောင်းကြတာပဲ။ D မြို့ အခြေစိုက်စခန်းရဲ့ ဖိတ်ကြားမှုက ထူးဆန်းတဲ့ အရာတွေ အပြည့်ပဲ။ ဒီနေ့ ငါတို့ အားလုံးလည်း အခြေအနေကိုမြင်ခဲ့ပြီးပြီ။ မနက်ဖြန် လေလံပွဲရဲ့ နောက်ကွယ်ကလူရဲ့ ရည်ရွယ်ချက်က ပေါ်လာလောက်တယ်”
ခြုံငုံတွေးတောကြည့်ရသော် ထိုကိစ္စက လုံးဝအဆင်ပြေနေလောက်သည်။ သို့သော် ထူးဆန်းသော ကိစ္စအများစုက အသေးစိတ်အခြေအနေအရ ဖော်ပြနေလေရာ သဘာဝလွန်စွမ်းအားကို ဆင့်ကဲပြောင်းလဲစေနိုင်သည့် ထိုဆေးရည်ဆိုသော အရာနှင့် ပတ်သက်ပြီး အကြံအစည်များ မရှိဘဲ မနေနိုင်ကြပေ။
“ဒီညက စပြီး ငါတို့ D မြို့အခြေစိုက်စခန်းကပေးတဲ့ ဘာအစားအစားဘာရေကိုမှ မစားသောက်သင့်ဘူး”
ယန်မော့က တည်ငြိမ်စွာ ဝင်ပြောသည်။
“မင်းက ငါတို့ရဲ့ စားစရာကို သူတို့ တစ်ခုခု လုပ်ထားမယ်လို့ သံသယဝင်လို့လား”
ကျန်းမောင်ကပင် တအံ့တဩ လှည့်ကြည့်သည်။ ယန်မော့က မပြောချေ။ အခြားတစ်ဖက် ဆိုဖာပေါ်တွင် ထိုင်နေသော ယဲ့ယီအန်းက စကားပြောခန်းကို လွဲပြောင်းယူသည်။
“စိတ်မကောင်းဖြစ်ရတာထက် လုံခြုံစေတာ ပိုကောင်းတယ်။ တစ်ဖက်သူက ဒီစွမ်းအားကိုတက်တဲ့ သူတိုင်းကိုသာ ပစ်မှတ်ထားနေတာ မှန်ရင် ငါတို့ရဲ့ စားစရာကို ရင်ဆိုင်ဖို့က အကောင်းဆုံးနည်းလမ်းပဲ”
“မနက်ဖြန် ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေသာ မရှိရင်…”
သေချာဆွေးနွေးပြီးနောက် အဖွဲ့က လူစုခွဲသည်။
276 03
ထိုညတွင် ရှုရှင်းက အိပ်ယာပေါ်တွင် မျက်လုံးအပြူးသားနှင့်လဲရင်း အထက်မှ မျက်နှာကျက်ကို ကြည့်ကာ သူမ၏ စိတ်က ဗလာဖြစ်နေသည်။ သူမသည် D မြို့ အခြေစိုက်စခန်း သို့ ရောက်ပြီးချိန်ကတည်းက အကြောင်းပြချက်မရှိ မသက်မသာ ဖြစ်နေသည်။
“ရှင်းပေါင် ဘာဖြစ်လို့လဲ”
ရေချိုးခန်းထဲမှ ထွက်လာကာစ ယန်မော့ကလည်း ရှုရှင်းက ပုံမှန်မဟုတ်ကြောင်း သတိထားမိလိုက်သည်။
ရှုရှင်းက မလှုပ်ချေ။ ခေါင်းအထက်ကိုသာ ကြည့်နေသည်။
“ငါဘာလို့မှန်း မသိဘူး အမြဲတမ်းလိုလို မကောင်းတဲ့ ခံစားချက်ရနေတယ်”
“ရှင်းပေါင် မင်းငါ့ကိုယုံရမယ်။ ဘာတွေ ဖြစ်လာဖြစ်လာ ငါတို့ လုံလုံခြုံခြုံ ထွက်သွားနိုင်လိမ့်မယ်”
ယန်မော့က အနားသို့ ကပ်လာကာ သူကို ချော့မြူလေပြီး အသာနမ်းရှိုက်လေသည်။
ထို့နောက် အိပ်ယာပေါ်သို့ တက်လိုက်ပြီး သူမကို ရင်ခွင်ထဲတွင် ပွေ့လိုက်သည်။
ရှုရှင်းကလည်း ယန်မော့၏ပခုံးနှင့် လည်ပင်းကြားတွင် သူမ၏ မျက်နှာကို အပ်လိုက်သည်။ သူ့ထံမှ ရင်းနှီးကျွမ်းဝင်သော ရနံ့ကို ရှူရှိုက်နေရင်း မသက်မသာ ဖြစ်လာသည့် ခံစားချက်ကို တည်ငြိမ်အောင် ထိန်းနေရသည်။
ရှုရှင်းက ခပ်တိုးတိုး ပြောသည်။
“ငါတို့တကယ် လုံခြုံမှာပါ”
******