အခန်း ၂၇၉
Vol. 28 Ch. 279
279 01
အပိုင်း (၂၇၉)
“ဟင် ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အရသာလဲ။ တကယ်ကို ရစ်မူးချင်စရာပဲ”
ရုတ်တရက် မည်သည့်အချိန်ကမှန်းမသိ ထိုစွမ်းအားရှင်၏အနောက်ဖက်တွင် ပုံရိပ်တစ်ခုက ပေါ်လာပြီး တဆတ်ဆတ် တုန်ခါနေသေးသောနှလုံးအား သူ၏ နှာခေါင်းအောက်နားသို့ကပ်၍ အနံ့ခံကြည့်သည်။ သူ၏ မျက်လုံးက ရစ်မူးသော အရိပ်အယောင်များကို ဖော်ပြသည်။
“!!!”
ထိုလူက ရုတ်တရက်ကြီး တိတ်တဆိတ် ပေါ်လာလေရာ မည်သူကမှ သတိမထားမိခဲ့ချေ။
“ငါ့အထင် အားလုံးကလည်း အခု ငါ့ရဲ့ နောက်ခံကို သိချင်နေကြမယ်လို့ ထင်တယ်။ ဆိုတော့ ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပေးပါရစေ။ ငါ့ရဲ့နာမည်က ဝမ်ကျန်းဖင်ပါ။ အင်း လူနာမည်လို့ ပြောရမလားပဲ။ ဒါပေမဲ့ အခု ငါကတော့ ငါ့ရဲ့ နာမည်အသစ်ဖြစ်တဲ့ ဇွန်ဘီဘုရင်ဆိုတာကို ခေါ်တာပဲ”
ဝမ်ကျန်းဖင်က လက်ထဲမှ သွေးသဲရဲရဲနှင့် နှလုံးသားကို ချေမွပစ်လိုက်ပြီး ဖြူဖွေးနေသော မျက်လုံးမျိုးဖြင့် သူ၏အစစ်အမှန် နောက်ခံကို ဖော်ပြသည်။
အားလုံး၏ကျောတွင် အလိုလျောက်ပင် ချွေးတစ်လွှာ စိမ့်ထွက်လာလေသည်။
ဇွန်ဘီဘုရင်
တစ်စုံတစ်ယောက်သည်လည်း ကမ္ဘာအဆုံးသတ်ကာလတွင် ဇွန်ဘီများအားလုံးကို အမိန့်ပေးနိုင်သော ဇွန်ဘီဘုရင် ရှိလောက်မည်ဟု ခန့်မှန်းချက်ထုတ်ဖူးသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် မည်သူကမှ မကြုံတွေ့ဖူးသည့်အတွက် လျစ်လျူရှုထားကြခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ဒီနေ့တွင် လာဆုံသည်။
“D မြို့ရဲ့ အခြေစိုက်စခန်းက ခေါင်းဆောင်က လုံးဝအရူး။ ငါက အရေးမပါတဲ့ လှည့်ကွက်လေးနည်းနည်း သုံးလိုက်တာ။ သူက ငါ့ကို အလွယ်တကူယုံသွားပြီး ငါ့ရဲ့သွေးကို ထုတ်သုံးဖို့ အခွင့်အရေးပေးခဲ့တယ်လေ။ ငါ့ရဲ့သွေးကို ထုတ်သုံးပြီးတာနဲ့ သာမာန်လူတွေပဲဖြစ်ဖြစ် စွမ်းအားရှိတဲ့ သူတွေပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ထဲမှာ ဇွန်ဘီ ဗိုင်းရပ်ပိုးတွေက မြုပ်သွားပြီ။ ငါကသာ ဆန္ဒရှိသမျှ ဒီပိုးတွေကို အချိန်မရွေး နိုးထလိုက်နိုင်တယ်။ သူတို့က ငါသုံးဖို့အတွက် အစစ်အမှန် ဇွန်ဘီတွေ ဖြစ်သွားမှာပဲ”
“မင်းတို့ ဒီက လူတိုင်းက ဂုဏ်ယူသင့်တာ။ သူတို့အနေနဲ့ ငါ့ရဲ့လောကအသစ်ကို တည်ဆောက်တဲ့ အချိန်မှာ အနင်းခံကျောက်တုံးအဖြစ် အရွေးချယ်ခံရတာကို ဂုဏ်ယူသင့်တာ”
ဝမ်ကျန်းဖင်က သူ၏ပြီးပြည့်စုံသော အကြံအစည်အား သူ၏လက်ထဲမှ သေခါနီးသားကောင်းများကို လိုလိုလားလား ပြောပြပေးလေသည်။
သူ၏သားကောင်များ မသေခင် တွေ့ကြုံရသည့်ရုန်းကန်မှု ကြောက်ရွံ့မှု ခြောက်ခြားမှုနှင့် အခြားသောမကောင်းသည့် ခံစားချက်တိုင်းကို စောင့်ကြည့်ရသည်အား သဘောကျလေသည်။ ထို့ကြောင့် သူတို့အကြားမှ လှုပ်ရှားမှုသေးသေးလေးများ တွေ့လျှင်ပင် မတွေ့ချင်ယောင် ဆောင်တတ်လေသည်။
ပုရွက်ဆိတ်မသေခင် ရုန်းကန်တာလောက်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ။
သူဟာ သူ၏ အကြံအစည်များအားလုံးကို ပြောပြရင်း ကြွားနေခဲ့ချိန်တွင် လူတိုင်းကလည်း ကုန်ဆုံးသွားသော စွမ်းအားများကို အတတ်နိုင်ဆုံး ပြန်ဖြည့်နေကြသည်။
ယန်မော့၊ ရှောင်းလုံနှင့် ယဲ့ယီအန်းတို့ အားလုံးထဲတွင် အင်အားအကြီးဆုံး ဖြစ်သည်။ လူသားရှင်သန်ရေး အခြေစိုက်စခန်းများဘက်တွင် အင်အားအကြီးဆုံးများလည်း ဖြစ်ကြသည်။ အဆင့်လည်း မြင့်သည်။ ထို့ကြောင့် ထိုဇွန်ဘီဘုရင်က သူတို့ထက် အင်အားပေါင်းများစွာ ကြီးမားသော အဆင့်ကိုးဖြစ်နေလောက်ကြောင်း နားလည်ကြသည်။
သူတို့ကသာ ပုံမှန်အခြေအနေမျိုးတွင် ဇွန်ဘီဘုရင်ကို ရင်ဆိုင်ရမည်ဆိုလျှင် သူတို့သုံးယောက် အတူပေါင်းမည်ဆိုလျှင် တစ်ဖက်သူကို သတ်ဖြတ်နိုင်စွမ်းရည်က ခုနှစ်ဆယ်ရာခိုင်နှုန်းတော့ဖြင့် ရှိမည်ဖြစ်သည်။ ခုနှစ်ဆယ်ရာခိုင်နှုန်း မဟုတ်လျှင်ပင် အဆင်ပြေသေးသည်။ သို့သော် လက်ရှိအနေအထားမျိုးက သိသာစွာပင် ပုံမှန်အတိုင်း တွက်ချက်၍ မရတော့ချေ။
ကြီးမားသောတိုက်ပွဲကြီးကို ရင်ဆိုင်ပြီးကာစဖြစ်သည့်အတွက် သူတို့က ကုန်ဆုံးသွားသော စွမ်းအားများကို အတတ်နိုင်ဆုံး ပြန်ဖြည့်လျှင်ပင် သူတို့၏စွမ်းအားက သုံးဆယ်မှ လေးဆယ်ရာခိုင်နှုန်းအထိသာ ပြည့်ပေလိမ့်မည်။ ထို့ကြောင့် ဇွန်ဘီဘုရင်ကို အနိုင်ရနိုင်ချေက အလွန်အမင်း နည်းပါးသည်။
279 02
အညံ့ခံရန်လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် သေသည်အထိ တိုက်ခိုက်ရုံသာ ရှိတော့ပေမည်။
“ကောင်းပြီ။ မင်းတို့ကို အင်အားဖြည့်ဖို့ လုံလောက်တဲ့အချိန်ပေးပြီးသွားပြီဆိုတော့ အင်အားအကြီးဆုံးစွမ်းအားရှင်တွေအကြားက မင်းတို့က ဘယ်လောက်ထို အင်အားကြီးလဲဆိုတာကို စမ်းသပ်ခိုင်းစမ်းပါအုံး”
ဝမ်ကျန်းဖင်က သူ၏လက်မှ သွေးများကို အသာလှုပ်ခါလိုက်ပြီး ခပ်အေးအေး ပြောသည်။
“ကျေးဇူးပြုပြီး ငါ့ကို စိတ်မပျက်စေနဲ့နော်”
သူ၏စကားဆုံးသွားသည်နှင့် ဝမ်ကျန်းဖင်ဟာ သူနှင့် အနီးဆုံး စွမ်းအားရှင်ထံသို့ တဖြောင့်တည်း ပြေးသည်။ အဆင့်ငါးအဆင့် စွမ်းအားရှင်က တွန်းလှန်းနိုင်ခြင်းပင် မရှိတော့ဘဲ တစ်ကွက်တည်းနှင့် အသတ်ခံရသည်။
“မင်းရဲ့ပြိုင်ဘက်က ငါတို့”
ယန်မော့၊ရှောင်းလုံနှင့်ယဲ့ယီအန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ဝမ်ကျန်းဖင်၏တိုက်ကွက်များကို တားရန် ခပ်မြန်မြန် အပြေးသွားသည်။ ရှုရှင်းကလည်း သူမ၏ဆန္ဒဖြည့်ဆည်းမှုတုတ်တံကို အသုံးပြု၍ ထိုသုံးယောက်လုံး၏စွမ်းအားများကို မြင့်တင်ပေးထားပြီး ဇွန်ဘီဘုရင်နှင့် တိုက်ခိုက်နိုင်စေသည်။
ရှောင်းလုံနှင့်ယဲ့ယီအန်းတို့ကလည်း ရှုရှင်း၏စွမ်းအားကို ပထမဦးဆုံးအကြိမ် ခံစားမိကြလေရာ တစ်ခဏခန့်ပင် ရပ်တန့်သွားသေးသည်။ သူတို့၏မျက်လုံးထဲတွင် အံ့အားသင့်မှုများကို မြင်နိုင်သည်။ ထို့နောက် ချက်ချင်းဆိုသလို ပြန်လည်တုန့်ပြန်ကာ ဝမ်ကျန်းဖင်ကိုသာ အာရုံစိုက်ပြီး ကိုင်တွယ်တော့သည်။
ဘမ်း…
ယန်မော့က ရှေ့သို့ပြေးတက်သွားသည်နှင့် သူ၏ဘယ်ခြေထောက်ကို ဆောင့်ခုန်ကာ နံဘေးမှ ပြိုကျနေသော အဆောက်အဦးပေါ်သို့ ခုန်တက်လိုက်ပြီး ပြင်းထန်သော အားဖြင့် ဝမ်ကျန်းဖင်ဘက်ကို ပြန်ခုန်ဆင်း၍ ညာဖက်ခြေထောက်ဖြင့် ဆောင့်ကန်သည်။ ဝမ်ကျန်းဖင်က လက်မောင်းကို မြောက်၍ တားလိုက်သည်။
ဝမ်ကျန်းဖင်ဟာ သူ၏ရှေ့မှ ခြေထောက်ကို လှမ်းဖမ်းယူရန် လက်ကို ဆန့်ထုတ်လိုက်ချိန်တွင် ယန်မော့က အနောက်ဖက်သို့ ဆုတ်သွားပြီးဖြစ်ပြီး ရှောင်းလုံနှင့်ယဲ့ယီအန်းတို့ကို ဆက်လာပြီး တိုက်ခိုက်လာကြပြီ ဖြစ်သည်။ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့က ပြီးပြည့်စုံစွာ ဟန်ချက်ညီညီ တိုက်ခိုက်နေကြသည်။
ဝမ်ကျန်းဖင်ကပင် အချိန်မှီ မရှောင်နိုင်ခဲ့ဘဲ တိုက်ကွက်အချို့ကို တိုက်ရိုက်ခံလိုက်ရသည်။ ထို့ကြောင့် သူသည် ခြေလှမ်းအနည်းငယ် ယိုင်သွားပြီးမှ တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
သူ၏နှုတ်ခမ်းထောင့်မှ ကော့တက်နေသော ကွေးကြောင်းက ပို၍ပင် ကျယ်ပြန့်သွားသည်။ သို့သော် သူက ဇွန်ဘီ ဖြစ်နေသောကြောင့် မျက်နှာအမူအရာက တောင့်တင်းနေလေသည်။ ထို့ကြောင့် သူ၏ မျက်နှာအမူအရာကြီးက အလွန်အမင်းကို ရှုံ့တွနေပုံ ပေါက်သည်။
“ကောင်းတယ် ကောင်းတယ်။ မင်းတို့ငါ့ကို တကယ် စိတ်မပျက်စေဘူးပဲ”
အားလုံးကလည်း သူတို့၏မျက်လုံးရှေ့တွင် အနက်ရောင်အရိပ်တစ်ခုက ဖြတ်ပြေးသွားသလိုသာ ခံစားလိုက်ရသည်။ ထို့နောက် တစ်ခဏတွင် ရှောင်းလုံက ကန်ထုတ်ခံရပုံရပြီး လွှင့်ထွက်သွားကာ အဝေးမှအပျက်အဆီးပုံထဲသို့ ကျသည်။ ဖုန်များကပင် မြောက်တက်လာသည်။ သူ၏အခြေအနေကို မမြင်နိုင်ပေ။
ဝမ်ကျန်းဖင်၏တိုက်ကွက်က ရုတ်ချည်းရောက်ရှိလာသည်။ ယဲ့ယီအန်းနှင့်ယန်မော့တို့ကလည်း ရှောင်းလုံ၏အခြေအနေကို သွားစစ်ချိန်မရှိတော့ဘဲ ဝမ်ကျန်းဖင်ကိုသာ အာရုံစိုက်ပြီး ကိုင်တွယ်နေရသည်။
ထိုလူများ၏လှုပ်ရှားမှုနှင့် တုန့်ပြန်မှုများက အလွန်အမင်း မြန်ဆန်နေသည်မှာ လျှပ်စီးလက်နေသည်နှင့်ပင် တူသေးသည်။ ပုံရိပ်ယောင်များကို တစ်ခုပြီးတစ်ခု ချန်ထားရစ်ခဲ့၏။ လေထုထဲတွင်ပင် ကွဲအက်သံများ တဝီဝီမြည်သံများကိုပင် ဆက်တိုက်ဆိုသလို ကြားနေရသည်။
အခြားတစ်ဖက်မှ ရှုရှင်းက ရှောင်ပိုင်အား အပျက်အဆီးပုံနားသို့ ပျံသန်းသွားစေလိုက်ပြီး လှမ်းပြောသည်။
“ခေါင်းဆောင်ရှောင်း အဆင်ပြေရဲ့လား”
279 03
“အဆင်ပြေတယ်။ ငါ မသေသေးပါဘူး”
ရှောင်းလုံက အပျက်အဆီးပုံထဲမှ ထရပ်ရန် ရုန်းကန်သည်။ သူ၏ပါးစပ်မှ သွေးများ စီးကျထားသောကြောင့် ဘေးဘက်နားတွင်လည်း သွေးအိုင်ကို မြင်ရ၏။ နှုတ်ခမ်းမှ သွေးကို သုတ်သည်။
“ငါနင့်ကို အရင်ကုပေးမယ်”
အရှေ့မှ အမျိုးသားက ထရပ်နေကြောင်း မြင်သောအခါ ရှုရှင်းက စိတ်အေးသွားပြီး သူမ၏စုယွမ်ကို ယမ်း၍ တစ်ဖက်သူ၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသပေးလိုက်သည်။
“ငါ အခု အများကြီး သက်သာသွားပြီ။ ကျေးဇူးတင်ပါတယ်”
ရှောင်းလုံက ရှုရှင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြ၍ ခေါင်းညိတ်ပြပြီး သူ၏ကိုယ်ပေါ်မှ ခရမ်းပြာရောင် လျှပ်စီးကြောင်းများက လင်းလက်လာပြန်သည်။ ထို့နောက် သူသည် ဖြတ်ကနဲ ခုန်ကာ တိုက်ပွဲအတွင်းသို့ ပြန်ဝင်သွားပြန်သည်။
ရှောင်ပိုင်က ရှုရှင်းကို ပုရှန်းဝမ်အနားသို့ ပြန်ခေါ်သွားပေးသောအခါ သူတို့က သူမ၏ ဖျော့တော့နေသော နှုတ်ခမ်းကို ကြည့်ပြီး ပုရှန်းဝမ်က စိုးရိမ်တကြီး မေးသည်။
“မရီး အဆင်ပြေရဲ့လား”
“ရတယ် ဘာမှမဖြစ်ဘူး။ ငါ စွမ်းအားသုံးတာ နည်းနည်းများသွားလို့ ငါ သလင်းအမြူအတေတွေ သုံးပြီးပြန်ဖြည့်ထားလိုက်မယ်။ နင်တို့လည်း ပြီးရင် လိုရင်လိုမှာလေ”
ရှုရှင်းက ခေါင်းကို အားနည်းစွာသာခါပြီး နေရာလပ်နယ်မြေထဲမှ သလင်းအမြူအတေများကို ထုတ်ကာ စတင်ကာ စုပ်ယူပြီး သူ၏သဘာဝလွန်စွမ်းအားကို အတတ်နိုင်ဆုံး ပြန်ဖြည့်ရန် ကြိုးစားလေသည်။
အဆင့်ရှစ်နှင့်အဆင့်ကိုးအကြားမှ တိုက်ပွဲမျိုးက သာမာန်လူများအနေဖြင့် သူတို့၏လှုပ်ရှားမှုကို မြင်ရရန်ပင် ခက်ခဲသည်။ ထိုကဲ့သို့သောတိုက်ပွဲမျိုးကို ဝင်ပါရန်ပင် မဖြစ်နိုင်ပါပေ။ ဝင်ပါပါက အနှောက်အယှက် ဖြစ်သွားနိုင်သည်။
ကျန်သောသူများကလည်း ထိုနေရာတွင် ဒီအတိုင်း ရပ်ကြည့်မနေကြပါပေ။ သူတို့သည် အတတ်နိုင်ဆုံးသူတို့၏စွမ်းအားကို ဖြည့်နေကြပြီး တိုက်ပွဲ၏အပြောင်းအလဲတိုင်းကို မျက်စိတောက်ထောက် ကြည့်နေသည်။ ဇွန်ဘီဘုရင်ကသာ ဟာကွက်တစ်ခုကို ထုတ်ပြလိုက်သည်နှင့် သူတို့ကလည်း အခွင့်ရေးကို အရယူမည် ဖြစ်သည်။
******