အခန်း ၂၈၁
Vol. 28 Ch. 281
281 01
အပိုင်း (၂၈၁)
သူ၏အနောက်မှ အနက်ရောင်စုပ်ဝဲကြီးက လျှင်မြန်လွန်းစွာ လည်ထွက်သွားသည်။ မရေမတွက်နိုင်သော ရေဘဝဲလက်တံကဲ့သို့ လက်တံကြီးများက အတွင်းထဲမှ ထိုးထွက်လာပြီး လူတိုင်းထံသို့ အစွယ်များဖြင့် လက်သည်းများကို ဆန့်ထုတ်ရင်း လွဲယမ်း ရိုက်ကုတ်ဆွဲပစ်ရန် ကြိုးစားသည်။
“အား…”
အနက်ရောင် လက်တံတစ်ခုဖြင့် အချည်ခံရသော စွမ်းအားရှင်တစ်ယောက်က တစ်ခဏခန့်အတွင်းမှာတင် ခြောက်ကပ်သွားသည်အထိ အစုပ်ခံရသည်။
အစုပ်ခံရသော စွမ်းအားရှင်ကလည်း ဝမ်ကျန်းဖင် အနောက်ဖက် အနက်ရောင်တွင်းပေါက်ထဲသို့ ရောက်သွားပြီးနောက် ထိုလက်တံများက ပို၍ပင်တုတ်ခိုင်လာသည်။ အပေါ်တွင် ပို၍ပင်သေးငယ်သော စုပ်ခွက်လေးများ ပါလာသောကြောင့် သူ၏တိုက်ခိုက်နိုင်စွမ်းအားက ပို၍ပင် ပြင်းထန်သွားသည်။
ရှုရှင်း၏လက်ထဲမှ စုယွမ်က ကြာပွတ်တစ်လက်အသွင် ပြောင်းလဲသွားကာ သူ၏ ပတ်ပတ်လည်တွင် ဆက်တိုက်ယမ်းခါနေပြီး သူမကို တင်းတင်းကြပ်ကြပ်ကာကွယ် ပေးထားလေရာ မည်သည့် လက်တံကမှ သူမ၏ အနားသို့ မရောက်လာနိုင်ချေ။
ရှုရှင်းက ရေဘဝဲလက်တံများ၏တိုက်ကွက်ကို တွန်းလှန်နေရင်းမှ သူမ၏ စိတ်ထဲတွင်လည်း ယန်မော့၏ သူမအပေါ် လေ့ကျင့်ပေးချိန်အတောအတွင်း ရက်စက်စွာ တင်းကြပ်မှုအပေါ် ကျေးဇူးတင်မိသွားသည်။ သူမကသာ ပုံမှန်လေ့ကျင့်မှုများကို ဇွဲလုံလအပြည့်နှင့် ဆက်လက်ပြီးတောင့်ထိန်းကာ လေ့ကျင်ခဲ့ခြင်းမျိုး မရှိပါက ယခုကဲ့သို့ တုန်တုန်ယင်ယင်နှင့် တောင့်ခံနိုင်မည် မဟုတ်ပါပေ။
“အနက်ရောင်လက်တံတွေနဲ့ အထိခံရတဲ့သူတွေရဲ့ သဘာဝလွန်စွမ်းအားက အစုပ်ခံရလိမ့်မယ်။ အဲဒီလိုနဲ့ အဲဒီ အနက်ရောင် လက်တံတွေက အင်အားပိုကြီးသွားပြီး တိုက်ခိုက်စွမ်းအား ပိုမြင့်သွားမှာပဲ။ ငါတို့တွေ ဒီအတိုင်း ဆက်ဖြစ်နေစေလို့မရဘူး”
ပုရှန်းဝမ်က မျက်မှောင်ကို ကြုတ်ရင်း ထုတ်ပြောသည်။ သူသည်လည်း သူ၏လက်မှ သဘာဝလွန်စွမ်းအား ထုတ်သုံးမှုကို မရပ်တန့်ရဲချေ။
“ငါတို့ နည်းလမ်းရှာရမယ်”
ထိုအချိန်တွင် အားလုံးက အချင်းချင်း ကျောကပ်၍ ထိုလက်တံများကို ရင်ဆိုင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ပုရှန်းဝမ်၏အသံကို ရှင်းရှင်းလင်းလင်း ကြားရသည်။
“ငါ့မှာ ဖြေရှင်းချက် ရှိတယ်”
ရှောင်းလုံနှင့်ယဲ့ယီအန်းက တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ နှစ်ယောက်လုံးကလည်း တစ်ယောက်အတွေးကို တစ်ယောက်က နားလည်၏။ သူတို့၏ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးက ပေါ်ထွက်လာသည်။
“ဒါပေမဲ့ ငါတို့ နှစ်ယောက်တည်းရဲ့ အင်အားက မလုံလောက်ဘူး။ ငါတို့ ယန်မော့နဲ့ ရှုရှင်းတို့ အပြင် နင်တို့အားလုံးရဲ့ အကူအညီကို လိုအပ်တယ်။ နင်တို့တွေ အတတ်နိုင်ဆုံး ကြိုးစားပြီး အဲဒီ ရေဘဝဲလက်တံတွေကို တားထားပေး”
“ရတယ် ပြဿနာမရှိဘူး”
ရှုရှင်းကလည်း ယန်မော့ရှိရာဘက်သို့ ကြည့်ပြီး ခေါင်းကို ညိတ်ပြသည်။ ယန်မော့က သူမကို စိုးရိမ်တကြီးကြည့်သည်။
“မင်း ထိန်းနိုင်သေးလို့လား”
“မစိုးရိမ်ပါနဲ့ ပြဿနာမရှိဘူး”
ရှုရှင်းက ခေါင်းကို ခပ်ကြမ်းကြမ်း ညိတ်သည်။
“ငါ့ကို နင်ကိုယ်တိုင် လေ့ကျင့်ပေးထားတာပါ။ လက်ရှိအခြေအနေက ငါ့ရဲ့ အကန့်အသတ် မဟုတ်သေးဘူး”
“ဒါ့အပြင် ငါက ကြွားဝါရတာကို ကြိုက်တဲ့သူမျိုး မဟုတ်ဘူး။ ဒါကြောင့် မလုပ်နိုင်ဘူးဆိုရင် ငါ သဘောတူမှာမှ မဟုတ်တာ”
ယန်မော့ကလည်း သူမက ခေါင်းမာရန် ကြိုးစားနေခြင်း မဟုတ်ကြောင်း သေချာသွားအောင် လုပ်ပြီးမှသာ ဘာကိုမှ ဆက်မပြောတော့ပေ။
281 02
သူဟာ ရှိနေသေးသမျှ သူမဟာ ဘာကိုမှ ဖြစ်စရာ အကြောင်းမရှိပါပေ။
သူတို့ လေးယောက်အသင်းထဲမှ အချိန်မရွေးထွက်သွားရန် ကြံစည်လိုက်ကြပြီး အခြားသောသူများကလည်း သူတို့၏ နေရာတွင် ရအောင်ဖြည့်၍ ရေဘဝဲလက်တံများက အခွင့်ကောင်းယူချိန်မရှိအောင် တားပေးထားသည်။
“ငါတို့ အရည်ပုံစံမျိုးရှိတဲ့ စွမ်းအင်တစ်မျိုးစီးဆင်းနေတဲ့ ကျောက်ရိုင်းတုံးတစ်မျိုးကို မတော်တဆရှာတွေ့ထားတယ်။ ငါတို့ အဲဒါကို သီးသန့် လေ့လာလိုက်တော့ အဲဒီထဲမှာ ပါဝင်နေတဲ့ စွမ်းအားတွေက ဖော်ပြဖို့ ခက်ခဲလောက်အောင် သန်မာတာကို တွေ့ရတယ်။ လက်သီးဆုပ်လောက်ပဲ ရှိတဲ့ အဲဒီ စွမ်းအင်တုံးကတောင် အရေအတွက် ထောင်ကျော်ရှိတဲ့ ဇွန်ဘီအုပ်ကို သဲလွန်စတောင် မကျန်အောင် ဖျက်ဆီးပစ်နိုင်တယ်”
“ငါတို့ရဲ့ သုတေသန ရှာဖွေတွေ့ရှိချက်တွေ အရတော့ ဒီကျောက်ရိုင်းတုံးထဲမှာ အရမ်းကို ရှားပါးလွန်းတဲ့ ဖောက်ခွဲပစ်နိုင်တဲ့ စွမ်းအားမျိုးတွေ ပါဝင်နေတာပဲ”
“ဒီလို ကျောက်ရိုင်းမျိုးတွေက ဇွန်ဘီတွေအတွက် သေလောက်အောင် ခြိမ်းခြောက်နိုင်တယ်။ ဇွန်ဘီဗိုင်းရပ်ပိုးကိုလည်း ချုပ်ထိန်းပစ်နိုင်တဲ့ သက်ရောက်မှုမျိုးက ရှိနေသေးတယ်။ ဇွန်ဘီဘုရင်က ငါတို့ရဲ့ စွမ်းအားကို စုပ်ယူပြီး သူ့ကိုယ်သူ အားဖြည့်ချင်နေတာ မဟုတ်ဘူးလား။ ဘာလို့ သူ့ကို မစမ်းခိုင်းရမှာလဲ”
ထိုစကားကို ကြားသော် ရှုရှင်း၏ မျက်လုံးက တောက်ပသွားသည်။
“ကောင်းလိုက်တဲ့ ပစ္စည်း သေချာတာပေါ့”
တကယ်ကို ကံကြမ္မာရဲ့သားတော်၊ သမီးတော်တွေဆိုတဲ့အတိုင်းပဲ ။
ဝမ်ကျန်းဖင်က ဇွန်ဘီဘုရင်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် သူ၏ လူသားဆန်သော တွေးတောနိုင်စွမ်းရည်မျိုးကြောင့် ထိုကျောက်ရိုင်းတုံးကိုသာ ပစ်လိုက်မည်ဆိုလျှင် သေချာပေါက် စုပ်ယူလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည်လည်း သူတို့ကိုယ်သူတို့ ငါးစားအဖြစ်ခံပြီး ဇွန်ဘီဘုရင်ကို ဖြားယောင်းရန် ဆုံးဖြတ်လိုက်ကြသည်။
ရှောင်းလုံနှင့်ယဲ့ယီအန်းတို့က ယခင်က တိုက်ခိုက်နေချိန်အတောအတွင်းတွင် ဝမ်ကျန်းဖင်ကို သူတို့ကို အနီးကပ် သေချာအာရုံစိုက်လေ့ရှိကြောင်း သိထားပြီးသားဖြစ်သည်။ သူတို့ထဲမှ တစ်စုံတစ်ရာက သူ့ကို ဆွဲဆောင်နေခဲ့ပုံရသည်။
သူတို့နှစ်ယောက်အပြင် ဝမ်ကျန်းဖင်က ရှုရှင်းကို အထူးတလည် အာရုံမစိုက်သည့်တိုင်အောင် အခြားသော သူများနှင့် နှိုင်းယှဉ်လျှင်မူ သိသာသေးသည်။ အကြောင်းမူကာ ဒီကာလ အတောအတွင်းတွင် သူတို့သုံးယောက်နားသို့ အထူးတလည် ချဉ်းကပ်လာခြင်း မရှိသောကြောင့် ဖြစ်သည်။
သူတို့ယခင်က တိုက်ခိုက်နေသည့်တိုင်အောင် ရှုရှင်း၏သေရေးရှင်ရေးကိုလည်း တောက်လျှောက်ဆိုသလို အာရုံစိုက်နေတတ်သည်။
ထို့ကြောင့် သူတို့နှစ်ယောက်လုံးက ရှုရှင်းကိုပါ လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
ဝမ်ကျန်းဖင်က မည်သည့်အတွက်ကြောင့် သူတို့သုံးယောက်ကို စိတ်ဝင်စားနေမှန်း မသိသည့်တိုင်အောင် သူတို့ သုံးယောက်ကသာ ထွက်လာသမျှ သူ၏ အာရုံစို ဆွဲဆောင်နိုင်မည်မှာ ကိုးဆယ်ရာခိုင်နှုန်းနီးပါး သေချာသည်။
သူတို့က ဝမ်ကျန်းဖင်၏ အာရုံအများစုကို ဆွဲဆောင်ထားလိုက်မည်ဆိုလျှင် စိတ်စွမ်းအားရှင် ဖြစ်သော ယန်မော့ကလည်း အခြေအနေကို အခွင့်ကောင်းယူခြင်းအားဖြင့် တစ်ဖက်သူ၏အပေါက်ထဲသို့ ထိုကျောက်ရိုင်းတုံးကို ပစ်ထည့်ပစ်နိုင်သည်။ ဝမ်ကျန်းဖင်၏ကျောက်ရိုင်းတုံးထဲမှ စွမ်းအင်များကို စားသောက်ပြီးနောက် ပေါက်ကွဲသွားမည့် အချိန်က ရောက်ရှိလာပေလိမ့်မည်။
အရာအားလုံးက ချောမွေ့စွာ ဖြစ်ပျက်သွားသည်။ သူတို့လေးယောက်က သီးသန့် တည်ရှိနေချိန်တွင် ဝမ်ကျန်းဖင်၏ တိုက်ကွက်များက ပို၍ပင် ပြင်းထန်လာပြီး အခြားသော သူများအပေါ် တိုက်ကွက်များက အားနည်းသွားသည်။
“ဘာ…သေဖို့တောင် စိတ်မရှည်တော့လို့ သီးသန့် ခွဲထွက်လာတာလား”
ဝမ်ကျန်းဖင်၏ နှုတ်ခမ်းထောင့်က ကော့တက်သွားသည်။ တစ်စုံတစ်ယောက်ကသာ သူ၏ ရူးသွပ်မှုကို အာရုံစိုက်နေလျှင် ထိုလေးယောက်က လက်မြောက်ပြီး အသေခံတိုက်ကွက်ကို လုပ်နေသည်နှင့် တူသည်။
တစ်ဖက်မှ လေးယောက်လုံး၏ တိုက်ကွက်များက ဝမ်ကျန်းဖင်၏ ခေါင်းနှင့် နှလုံးသားကို တိုက်ရိုက်ရည်ရွယ်ထားသည်။ ထို့ကြောင့် ဝမ်ကျန်းဖင်ကလည်း သူ၏ အနက်ရောင်လက်တံများအား ထုတ်သုံး၍ သူတို့ကို ရင်ဆိုင်ရသည်။ သို့ရာတွင် သူသည်လည်း ထိုအနက်ရောင်လက်တံများက ထွက်သွားရန် ကြိုးစားသောအခါ အကျဉ်းသားပုရွက်ဆိတ်များ၏တိုက်ခိုက်မှုကြောင့် ခုတ်ဖြတ်ခံလိုက်ရကြောင်း မြင်လိုက်သည်။
ဆိုလိုသည်မှာ သူသည်လည်း ရှုရှင်းတို့ကို ရင်ဆိုင်ရန်အတွက်သက်သာ လာကာစ စွမ်းအင်ကိုသာ အသုံးပြုရတော့ပေမည်။ အခြားသော အရာများကို အာရုံစိုက်ချိန် မရှိတော့ပေ။
ထိုသို့ဖြင့် သူ၏တိုက်ခိုက်နိုင်စွမ်းအား အများစုကို ဆွဲဆောင်ထားရန်အလို့ငှာ ရှောင်းလုံနှင့် ယဲ့ယီအန်းတို့က ရှုရှင်း၏ထောက်ပံ့မှုကတဆင့် သူတို့၏လက်ကျန်ရှိသမျှသော သဘာဝလွန်စွမ်းအားများကို ထိန်ချန်ထားခြင်း မရှိတော့ဘဲ ထုတ်လွှတ်ကြရင်း အနောက်ဖက်မှ စွမ်းအားများကို စုစည်းနေသော ယန်မော့ကို ကာထားပေးကြသည်။
“နောက်ဆုံးတော့ ဟာကွက်က ပေါ်လာပြီ အခုပဲ…”
လေးယောက်လုံး၏ စိတ်ထဲတွင် အတွေးတစ်ခုက ဖြတ်ပြေးသွားသည်။
218 03
ယန်မော့က ဝမ်ကျန်းဖင်၏အားနည်းသွားသည့် အချိန်ကို အခွင့်ကောင်းယူခြင်းအားဖြင့် သူ၏သဘာဝလွန်းစွမ်းအားများကို သုံးကာ တစ်ဖက်သူ၏ဦးခေါင်းကို တိုက်ခိုက်လိုက်သည်။ သူ၏တိုက်ကွက်က တိကျပြီး ကြမ်းတမ်းသည်။ ဝမ်ကျန်းဖင်၏ မျက်နှာက စိတ်ပိုင်းဆိုင်ရာ အများကြီး ထိခိုက်သွားသကဲ့သို့ တောင့်တင်းသွာသည်။ ထိုအချိန်တွင် ယန်မော့ကလည်း အသင့်ပြင်ထားပြီး ကျောက်ရိုင်းတုံးကို သူ၏ အနောက်ဖက်မှ အနက်ရောင်တွင်းပေါက်ထဲသို့ ခပ်မြန်မြန် ပစ်ထည့်လိုက်ပြီး တိုက်ခိုက်လိုစိတ် မရှိတော့သကဲ့သို့ ခပ်မြန်မြန် နောက်ဆုတ်သည်။
လူသားများက ဇွန်ဘီများ ဖြစ်လာပြီးနောက် သူတို့၏ သွေးကြောစနစ်ကလည်း ဇွန်ဘီဗိုင်းရပ်ပိုး၏ ခြစားဖျက်ဆီးခံထားရပြီးသား ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်သော ဇွန်ဘီဘုရင်နှင့် နှိုင်းယှဉ်ကြည့်သော် သူတို့၏ သဘာဝလွန်စွမ်းအားများက ပုံမှန်သက်ရောက်မှု၏ အပုံနှစ်ဆယ်ပုံလျှင် တစ်ပုံသာ ရှိတော့လေသည်။
ယခုလိုမျိုး ဝမ်ကျန်းဖင်ကို ငါးစက္ကန့်ခန့်အထိ တောင့်တင်းသွားအောင် လုပ်နိုင်ခြင်းကတင် သူ၏အကန့်အသတ် ဖြစ်နေသည်။ ကံကောင်းသည်မှာ အကန့်အသတ်က ပြည့်သွားသည်။
ဝမ်ကျန်းဖင်က တုံ့ပြန်လိုက်ချိန်တွင် အမည်မသိရသော အရည်တစ်မျိုး ပါဝင်သည့် စွမ်းအား ကျောက်တုံးတစ်တုံးက အနက်ရောင်တွင်းပေါက်ထဲသို့ ရောက်ရှိနေပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ အလွန်အမင်း ထူးဆန်းသော ခံစားချက်များကို ခံစားမိသည့်အခါ ဝမ်ကျန်းဖင်က ဒေါသတကြီး အော်ဟစ်သံကို ထုတ်လိုက်ပြီး ထိုစွမ်းအင်များကို ကိုယ်တွင်းမှ ဖွယ်ရှားပစ်ရန် ကြိုးစားသည်။ သို့ရာတွင် ထိုသို့မလုပ်နိုင်ရုံသာ မကသေးလေဘဲ သူ၏ကိုယ်တွင်းမှ စွမ်းအင်များ၏ ပျောက်ဆုံးမှုက မြန်ဆန်သွားကြောင်း သိလိုက်သည်။ သူ၏ အနောက်ဖက်မှ ရေဘဝဲလက်တံများက ချက်ချင်းဆိုသလို နောက်ဆုတ်သွားသည်။
“ဒီလိုဆိုမှတော့ အကုန်လုံး တူတူသေတာပေါ့”
အဝေးမှ ဇွန်ဘီ စစ်တပ်ကလည်း သိသိသာသာကို လျော့နည်းလာပြီး ပုံမှန်အရှိန်နှုန်းထက် နှစ်ဆခန့် မြန်ဆန်သည့်အရှိန်နှုန်းဖြင့် ပျောက်ကွယ်သွားကြသည်။ သိသာစွာပင် ဝမ်ကျန်းဖင်ကလည်း ရှိသမျှစွမ်းအားတိုင်းကို အရယူနေသည်။
သိသိသာသာ ကျယ်လာသော အနက်ရောင်တွင်းပေါက်နှင့် သိသိသာသာ ပျောက်ကွယ်ကုန်သော ဇွန်ဘီစစ်တပ်ကို မြင်ရသည့်အခါ ဝမ်ကျန်းဖင်သည် ထိုစွမ်းအားများအားလုံးကို သုံးပြီးသူ့ကိုယ်သူ အားဖြည့်ရန် ကြိုးစားနေကြောင်း သိနိုင်သည်။
အနက်ရောင်တွင်းပေါက်က ကျယ်သထက် ကျယ်လာသည်။ ကြီးမားသော ဆွဲစုပ်အားကြီးကလည်း ဖြာထွက်လာပြီး အရာအားလုံးကို ဆွဲစုပ်ယူရန် ကြိုးစားသည်။
လူတိုင်းက အနီးအနားရှိ ကိုင်လို့အရသမျှ အရာတိုင်းကို ဆွဲကိုင်ထားကြပြီး သဘာဝလွန်စွမ်းအားများကို သုံးကာ တွန်းလှန်ကြသည်။
“မြန်မြန် သူ့ရဲ့ ကိုယ်ထဲက အဲဒီ စွမ်းအင်ကျောက်ကို ဖောက်ခွဲပစ်လိုက်တော့ ငါ အများကြီး မထိန်းနိုင်တော့ဘူး”
ရှုရှင်း၏ထောက်ပံ့ကူညီမှုကတဆင့် ယန်မော့သည်လည်း ထိုကဲ့သို့ အားကို ယာယီအားဖြင့် တားထားနိုင်သည်။ ဒီနည်းအားဖြင့် သူတို့သည်လည်း ထိုကျောက်ရိုင်းတုံးကို ခပ်မြန်မြန် ဖောက်ခွဲနိုင်မည် ဖြစ်သည်။
ရှောင်းလုံနှင့် ယဲ့ယီအန်းတို့က ဆုံးဖြတ်ချက် ပြတ်သားသူများ ဖြစ်ကြသည်။ ယခု အရေးကြီးဆုံးအချက်က ထိုဇွန်ဘီကို သတ်ဖြတ်ရန် ဖြစ်ကြောင်း နားလည်နေကြသည်။ သူတို့အနေဖြင့် ကျေးဇူးတင်စိတ်ကို ဖော်ပြရန်အတွက် အချိန်ဖြုန်းနေအုံးမည် မဟုတ်ပေ။ သူတို့ နှစ်ယောက်လုံးကလည်း ဆုံးဖြတ်ချက် ပြတ်သားမှုအပြည့်ဖြင့် လှုပ်ရှားလိုက်ကြပြီး သူတို့၏ လက်ထဲမှ အထူးကြားခံ ပစ္စည်းတစ်မျိုးကို သုံး၍ ဇွန်ဘီ ဘုရင်၏ ကိုယ်ထဲမှ ထိုကျောက်ရိုင်းတုံးကို ဖောက်ခွဲရန် အသုံးပြုလိုက်ကြသည်။
ဝမ်ကျန်းဖင်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ၏ အပြောင်းလဲကိုလည်း ခံစားမိလိုက်သည်။
သူသည် သားကောင်၏သတ်ဖြတ်မှုကို ခံမည့်အစား ကိုယ့်ကိုယ်ကိုယ်သာ သတ်သေးလိုက်မည် ဖြစ်သည်။
ဝမ်ကျန်းဖင်က ယခုလေးတင် ရှိလာသမျှ စွမ်းအားများကို ကိုယ်အတွင်းသို့ စုပ်ယူလိုက်ပြီး နောက်တွင် ခန္ဓာကိုယ်ထဲမှ စွမ်းအင်ဆုံးရှုံးသွားသည့် ခံစားချက်ကို ဖိနှိပ်လိုက်ပြီး ကိုယ်ထဲတွင် ရှိသမျှ လက်ကျန်စွမ်းအားတိုင်းကို လွန်ကဲလွန်းသော အတိုင်းအတာအထိ မြန်ဆန်သော အရှိန်နှုန်းဖြင့် ထုတ်သုံးပစ်လိုက်ကာ ထုတ်လွှတ်လိုက်သည်။
ရှောင်းလုံနှင့် ယဲ့ယီအန်းတို့ကလည်း ဖောက်ခွဲရန်ကြိုးစားနေမှုကို အတတ်နိုင်ဆုံး မြန်အောင်လုပ်နေကြသည်။ လူတိုင်း၏အသက်က သူတို့၏ လက်ထဲတွင် ဖြစ်သည်။ ယခုအခါ အရှိန်နှုန်း၏ ယှဉ်ပြိုင်မှု ဖြစ်လာသည်။
“ဟားဟား အတူ မြုပ်ခံကြတာပေါ့”
******