ရှန်စူပါ ဆိုင်ယန်ထျန်း
Vol. 11-16 Ch. 155
အခန်း (၁၅၅) : ရှန်စူပါ ဆိုင်ယန်ထျန်း
ဖြစ်ရပ်တစ်ခုလုံးကို နားထောင်ပြီးနောက် ဂိုဏ်းချုပ်က မြူခိုးမြို့တော်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ကောင်းကင်အရှိန်အဝါ နည်းနည်းတုန်ခါသွားကာ ညာဘက်လက် ဆန့်ထုတ်ရင်း မြူခိုးတချို့ကို ဖမ်းဆုပ်ယူလိုက်သည်။
ဂိုဏ်းချုပ်က ခဏတာ စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ဒါက ပုံရိပ်ယောင် အမျိုးအစား ဓမ္မအစီအရင်ပဲ။ ဒီအစီအရင်ကို ခင်းကျင်းထားတဲ့သူရဲ့ ကျင့်ကြံဆင့်က သူတော်စင်နယ်ပယ်အဆင့် ဝင်လုနီးပါးလောက်ဆိုတော့ တော်တော်မြင့်တယ် ပြောရမယ်။ ဒီလူရဲ့ အင်အားက သာမန် အတိဒုက္ခလွန်အဆင့် ကျင့်ကြံသူတွေထက် အားမနည်းလောက်ဘူး ”
ကျန်းယွင်ရှီးက မေးလိုက်သည်
“ အဖေ … မောင်လေးရှန်က ပျောက်နေတုန်းဆိုတော့ ဒီမြူခိုးတွေ ဖယ်ရှားပစ်ဖို့ နည်းလမ်းရှိလားဟင် ”
ဂိုဏ်းချုပ်က အေးတိအေးစက် ပြန်ဖြေလိုက်သည် “ မြို့တော်အနားက မြူခိုးတွေကို ဖယ်ရှားဖို့က မခက်ပါဘူး ”
ထိုစကားအဆုံးတွင် ဂိုဏ်းချုပ်က လက်ဟန်တချို့ ထုတ်ဖော်လိုက်ပြီး ကောင်းကင်၌ အလင်းများဖြာထွက်နေသည့် မိုးကြိုးပေါ်လာကာ ထိုမြူခိုးဆီ ပစ်ချလိုက်သည်။ မိုးကြိုးကျရောက်သွားသည့်နေရာတိုင်း မြူခိုးများက အငွေ့ပျံသွားပြီး အပြည့်အဝ ရှင်းလင်းသွားတော့သည်။
အချိန်တိုလေးအတွင်း မြူခိုးမြို့တော်နှင့် မြူခိုးမြို့ငယ်လေးနားရှိ မြူခိုးများမှာ ကင်းရှင်းသွားလေပြီ။
ထိုစဉ် ကောင်းကင်ကြီးက ကြည်လင်လာကာ အမြင်အာရုံ အတားအဆီး မရှိတော့ပေ။
မြူခိုးမြို့တော်ရှိ အားလုံးက ကောင်းကင်ယံတွင် ရှိနေသော ဂိုဏ်းချုပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသောကြောင့် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။ ကျင့်ကြံရေးလောကတွင် အားကြီးသူများကို လေးစားကြလေသည်။ အထူးသဖြင့် အတိဒုက္ခလွန်အဆင့် ကျင့်ကြံသူများ ဖြစ်၏။ သူတို့ကို ဤလောကတွင် ထိပ်သီးပုဂ္ဂိုလ်အဖြစ် မှတ်ယူ၍ ရပေသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို စံပြပုဂ္ဂိုလ်ဟု ခေါ်ကြပြီး ကနဦး ဝိညာဉ်အဆင့်ကို အထွတ်အထိပ်ရှင်ဟု ခေါ်ဝေါ်ကြသည်။ ဝိညာဉ်အသွင်ပြောင်းအဆင့်ကိုတော့ ကောင်းကင်အသျှင်အဖြစ် မှတ်ယူကြ၏။ သို့သော်လည်း အတိဒုက္ခလွန် ဝိဇ္ဇာများအတွက် သူတို့အဆင့်အောက်ရှိ လူများမှာ အရေးမပါကြချေ။
ဝိဇ္ဇာများကို ဦးမညွှတ်ခြင်းက ပြစ်မှုအကြီးကြီးဖြစ်ကာ သေဆုံးသွားလျှင်ပင် မည်သူမှ မတရားမှုအဖြစ် အမည်တပ်ကြမည် မဟုတ်ပေ။
ချင်ယွင်တိနှင့် အခြားလူများက ဓားပျံများ စီးနင်းကာ ဂိုဏ်းချုပ်ဆီ သွားလိုက်ကြသည်။
“ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်ခင်ဗျ ”
အားလုံးက ဦးညွှတ်လိုက်ကြသည်။
ကွေ့ကုန်းကုန်း မျက်ဝန်း၌ စိုးရိမ်ပူပင်မှုအပြည့် ဖြစ်နေကာ ဒူးထောက်ကာ တောင်းဆိုလိုက်လေသည် “ ဂိုဏ်းချုပ် … ကျွန်တော်မျိုးရဲ့ အရှင့်သား ပျောက်နေတာ တော်တော်ကြာနေပါပြီ။ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါဦး ”
ဂိုဏ်းချုပ်က လက်ရွှေ့လျားလိုက်သည်နှင့် ခေါင်းနှင့်မြေကြီး အပြင်းအထန် မိတ်ဆက်နေသည့် ကွေ့ကုန်းကုန်းတစ်ယောက် တစ်ကိုယ်လုံး ပင့်မခံလိုက်ရသလို ရုတ်ချည်း ခံစားလိုက်ရသည်။ သူက ဆက်လက်၍ ဒူးမထောက်နိုင်တော့ပေ။
ဂိုဏ်းချုပ်က ခေါင်းညိတ်ကာ “ မင်းက သစ္စာရှိပြီးတော့ မင်းရဲ့ သခင်ကို ကယ်တင်ပေးချင်တယ်။ ထျန်းအာဆီမှာ မင်းလို နောက်လိုက်ရှိတာ တကယ် ကံကောင်းတာပဲ ”
ဘေးရှိ ကျန်းယွင်ရှီးကလည်း မေးလိုက်သည် “ ဖေဖေ … မောင်လေးရှန်ရဲ့ နေရာကို အာရုံခံလို့ရလားဟင် ”
ဂိုဏ်းချုပ်က ကျန်းယွင်ရှီးတစ်ယောက် မည်မျှ ပူပင်နေကြောင်း မြင်တွေ့လိုက်ရသောကြောင့် သူ့ခန္ဓာကိုယ်အနားရှိ အရှိန်အဝါတွေက အနည်းငယ် တုန်ခါသွားလေသည်။
“ ကောင်းတယ် … ဂိုဏ်းတူအတွင်းမှာ မင်းရဲ့ အစ်ကိုတွေ၊ မောင်လေးတွေကို ဒီလိုမျိုး ဂရုစိုက်ရမယ်လေ။ ဘာမှစိတ်ပူမနေပါနဲ့ … ထျန်းအာဆီမှာ အန္တရာယ်မရှိပါဘူး ”
ဂိုဏ်းချုပ်က ဂိုဏ်းချုပ် အမှတ်အသားပြားကို ထုတ်လိုက်ပြီး မျက်လုံးမှိတ်ထားကာ အာရုံခံလိုက်သည်။ အချိန်အတော်ကြာပြီးနောက် မျက်လုံးပြန်ဖွင့်လာကာ သူ့ကောင်းကင်အရှိန်အဝါတို့လည်း အနည်းငယ် တုန်ခါသွားလေ၏။
“ ထင်ထားသလိုပဲ … သူတော်စင် အမှတ်အသားပြားက မြူခိုးဟင်းလင်းပြင်ထဲ ရောက်နေတော့ အာရုံခံလို့ မရတော့ဘူး။ သူက မြူခိုးဟင်းလင်းပြင် အနက်ပိုင်းထဲ ရောက်နေတာ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့ … ငါ ဒီမှာ ရှိနေမှတော့ ထျန်းအာကို ဘယ်သူကမှ ထိခိုက်အောင် မလုပ်နိုင်ပါဘူး ”
ဂိုဏ်းချုပ် ပြောလိုက်သည့် စကားတိုင်းက အားလုံးကို စိတ်သက်သာရာရသွားစေသည်။ ကွေ့ကုန်းကုန်းလည်း မျက်ရည်ဝဲလာသည့်အထိ စိတ်လှုပ်ရှားလာမိ၏။ သူက ရှန်ထျန်းနှင့်အတူတူ ဤအခြေအနေမရောက်ခင်အထိ အခက်အခဲ မှန်သမျှ ကျော်ဖြတ်လာရသူ ဖြစ်လေရာ မိသားစုဝင်သဖွယ် ဖြစ်နေလေပြီ။
ကွေ့ကုန်းကုန်းက ရှန်ထျန်း ပျောက်ဆုံးသွားမှုကြောင့် တစ်ချိန်လုံး စိတ်သောကရောက်နေခဲ့ရသည်။ ယခု ဂိုဏ်းချုပ် ပေါ်ထွက်လာပြီး အရှင့်သား၏ ဘေးကင်းမှုကို အာမခံပေးနေလေရာ ယခုမှ ကွေ့ကုန်းကုန်းတစ်ယောက် စိတ်သက်သာရာ ရသွားရှာတော့သည်။
ဂိုဏ်းချုပ်က အရှင့်သားကို အတော်လေး ဂရုစိုက်ပေးရှာ၏။
အရှင်မသာ သိရင် ပျော်နေတော့မှာပဲ …
ကျန်းယွင်ရှီးက ပြောလိုက်သည် “ ဖေဖေ … အခု မြူခိုးဟင်းလင်းပြင်ထဲ နတ်ဘုရားအသိစိတ်ကို တားဆီးထားတဲ့ မြူခိုးတွေနဲ့ ပြည့်နှက်နေတာဆိုတော့ ဝင်လို့ ရပါ့မလား ”
ဂိုဏ်းချုပ်က ခေါင်းခါကာ
“ အဲဒီလူက မြူခိုးဟင်းလင်းပြင်ကို သူ့ကိုယ်ပိုင်နယ်မြေအဖြစ် ပြောင်းပစ်လိုက်ပြီ။ တကယ်လို့ ငါတို့ သူတို့နယ်မြေထဲ ဝင်ပြီး လူကယ်မယ်ဆိုရင် အရင်ဆုံး ဖျက်စီးပစ်လိုက်ဖို့ လိုတယ်။ တကယ်လို့ ထျန်းအာသာ မြူခိုးဟင်းလင်းပြင်ထဲ မရောက်နေရင် ပြဿနာ မဟုတ်ဘူး။ ချက်ချင်း ဖျက်စီးပစ်လိုက်လို့ ရတယ်။ ဒါပေမဲ့ အခုလက်ရှိ ထျန်းအာက မြူခိုးဟင်းလင်းပြင်ထဲမှာဆိုတော့ ထျန်းအာကို ဒဏ်ရာရသွားနိုင်တော့ အလောတကြီး ကြမ်းကြမ်းတမ်းတမ်း လုပ်လို့ မဖြစ်ဘူး ”
အလံများမှ မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့ ထွက်ပေါ်လာကာ အဝေးတစ်နေရာမှ မြူခိုးဟင်းလင်းပြင် ပတ်လည်ရှိ မြေကြီးထဲ စိမ့်ဝင်သွားလေသည်။
ထို့နောက် ဂိုဏ်းချုပ်က ပြောလိုက်သည်
“ အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးဧကရာဇ် အလံတွေနဲ့ အံ့ဖွယ်မိုးကောင်းကင် သန့်စင်ပြုပြင်ရေး အစီအရင်ကို ခင်းကျင်းလိုက်မယ်။ ပြီးရင် မြူခိုးဟင်းလင်းပြင်မှာ ရှိနေတဲ့ မြူခိုးအားလုံးကို သန့်စင်ပစ်လိုက်မယ်။ အဲဆိုရင် ငါတို့ နတ်ဘုရားအသိစိတ်ပေါ် သက်ရောက်မှု မရှိတော့ဘူးဆိုတော့ ထျန်းအာကို မြန်မြန် ကယ်လို့ ရပြီ ”
ဂိုဏ်းချုပ်၏ စကားများက အားလုံးကို အံ့ဩသွားစေသည်။
မြူခိုးဟင်းလင်းပြင်မှာ ရှိနေတဲ့ မြူခိုးအားလုံးကို သန့်စင်ပစ်ဖို့က တကယ် ဖြစ်နိုင်ရဲ့လား …
မြူခိုးဟင်းလင်းပြင်တွင် မြူခိုးများ တည်ရှိနေသည်မှာ နှစ်ထောင်ချီနေလေပြီ ဖြစ်၏။
ကျန်းယွင်ရှီးက စိုးရိမ်စွာဖြင့် “ ဖေဖေ … မြူခိုးတွေကို ဖယ်ရှားပစ်တာက မောင်လေးရှန်ကိုတော့ မထိခိုက်စေဘူးမလားဟင် ”
ဂိုဏ်းချုပ်က ခေါင်းခါကာ
“ အစီအရင်ကို သေချာထိန်းချုပ်ထားမှာဆိုတော့ ထျန်းအာကို ဘာမှမဖြစ်စေရပါဘူး။ သုံးစွဲရမဲ့ ဓမ္မစွမ်းအား ပမာဏက များပြားတော့ ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေမဲ့ သူ့ဆရာအနေနဲ့ သူ့အတွက် အဖေတစ်ယောက်လိုပဲလေ။
သူက ငါ့တပည့်ဖြစ်နေတော့ အစွမ်းကုန်သုံးပြီး ကာကွယ်ပေးရမှာပေါ့။ အကောင်းဆုံး ကြိုးစားပြီးတော့ ထျန်းအာကို ကယ်ပေးမယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို ထျန်းအာဆီ ပြန်မပေါက်ကြားစေနဲ့ … ”
ဂိုဏ်းချုပ်အား မိုးကြိုးနှင့် ကောင်းကင်အရှိန်အဝါတို့က လွှမ်းခြုံသွားလေသည်။ သူ့ကြည့်ရသည်မှာ မြင့်မြတ်အားကြီးဟန်ပေါ်ကာ သူ့စကားတိုင်းများက အကြောက်တရား ကင်းမဲ့ကာ သူရဲကောင်းဆန်လှသည်။
ထိုစဉ် လျိူထိုက်ယီ၊ စုန့်ဖူကွေ့၊ ကွေ့ကုန်းကုန်း၊ ချင်ကောင်းတို့နှင့် အခြားလူများလည်း ဂိုဏ်းချုပ် စကားနားထောင်ပြီးနောက် သူတို့အသွေးအသားထဲမှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေအပေါ် ခံစားချက်များ တိုးမြင့်လာကြသည်။
ဂိုဏ်းချုပ်က သူ့တပည့်ဖြစ်သူအတွက် ဒဏ်ရာရလျှင်ပင် မမှုကြောင်း ပြောနေလေသည်။ ထို့အပြင် အကျိုးမြတ် ပြန်ရဖို့ရာလည်း ဘာမှမမျှော်လင့်ထားချေ။ သူက ကိုယ်ကျိုးပင် မငဲ့ပေ။
ကြွေကျပြီးသွားတဲ့ ပွင့်ချပ်လေးတွေက နွေဦးမှာ ပန်းဝေလာဖို့အတွက် မြေဩဇာအဖြစ် ပြောင်းလဲသွားကြတယ် …
[ ကျီဟိုင် ခံစားချက် ကဗျာလေးမှ ကောက်နုတ်ချက် ]
သစ်ရွက်တွေ လှုပ်ရှားယိမ်းယွဲ့နေတဲ့နေရာမှာ မီးလျှံကို တွေ့နိုင်လိမ့်မယ် … မီးတောက်က ရွာကို အလင်းပေးထားပြီးတော့ သစ်ရွက်တွေကို အပွင့်အဖူးအသစ် ဖြစ်လာစေလိမ့်မယ် …
[ နာရူတိုထဲမှာ ခိုနိုဟရွာက နင်ဂျာတိုင်းမှာ မီးလျှံစိတ်ဓာတ် ရှိတဲ့အကြောင်း ပြောထားပြီးတော့ အဲလိုစိတ်ဓာတ်ရှိတဲ့သူတိုင်းက ရွာသားတိုင်းကို မိသားစုသဖွယ် သတ်မှတ်ထားပြီးတော့ ကာကွယ်ပေးလိမ့်မယ်]
ဒါက ငါတို့ အထွတ်အမြတ်မြေရဲ့ စိတ်ဓာတ်လား … အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတယ် …
တပည့်အများစုက ဂိုဏ်းချုပ်စကားကို ကြားလိုက်ရသည့်အခါ မျက်ရည်ဝဲလုမတတ် စိတ်လှုပ်ရှားသွားကြသော်လည်း ဘေးရှိ တာအိုကိုယ်တော်ကြီးက မျက်လုံးစွေကြည့်လိုက်သည်။
အရှက်မရှိဘူး … ဂိုဏ်းချုပ်က တကယ်ကြီး အရှက်မရှိဘူး …
အံ့ဖွယ်မိုးကောင်းကင် သန့်စင်ပြုပြင်ရေး အစီအရင်က ဒဏ်ရာအပြင်းအထန် ရစေနိုင်တယ်တဲ့လား … မင်းက ဒီခေတ်အချိန်ကာလရဲ့ အားအကောင်းဆုံး ဝိဇ္ဇာတစ်ပါးထဲက တစ်ယောက်လေ … ပြီးတော့ မင်းဆီမှာ မိုးကြိုးဧကရာဇ် အလံတွေတောင် ရှိနေသေးတယ် …
ဒီမြူခိုးလေး ဖယ်ရုံနဲ့ ဒဏ်ရာအပြင်းအထန် ရသွားမယ်ပေါ့လေ … အရှက်ကို မရှိဘူး …
ရှန်ထျန်းကို ကယ်ဖို့ ဒီမြူခိုးတွေ ဖယ်ဖို့ အကောင်းဆုံးကြိုးစားမယ်တဲ့လား။ သူ ဘေးကင်းကင်း ပြန်ရောက်လာပြီးတဲ့အခါ ဒီအကြောင်းတွေကို ပြန်ပြောခွင့် မပြုဘူးပေါ့လေ။
လီယွင်ဖုန်း တစ်ယောက်လုံး ရှိနေတာ ဒီဟာက လျို့ဝှက်ချက် ဖြစ်နေသေးရင် ဟာသကြီးတောင် ဖြစ်သွားဦးမယ် …
လီယွင်ဖုန်းသာ နည်းနည်းပါးပါး သိသွားသရွေ အထွတ်အမြတ်မြေတစ်ခုလုံး သိသွားသည်နှင့် အတူတူသာ ဖြစ်၏။
အပေါ်ယံ ခံစားချက် မရှိချင်ယောင်ဆောင်ပြီး အတွင်းစိတ် နွေးထွေးတဲ့ပုံဖမ်းပြီးတော့ ရှန်ထျန်း မတော်တဆ သိသွားအောင်လို့လား … အဲဒီအခါ သူက စိတ်လှုပ်ရှားလွန်းသွားပြီးတော့ ငိုချရအောင်လား ….
ကျစ် .. ဉာဏ်များလိုက်တာ … ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ တကယ်ကို ဉာဏ်များလွန်းတယ်
သူက အရှက်မရှိသော်လည်း မည်သူမှ မသိကြပေ။ အချုပ်အားဖြင့် အားလုံးက သူ့ကို တော်ဝင်မြင့်မြတ် ကိုယ်ကျိုးစွန့်သူလို တွေးထင်နေကြသေးသည်။
ထိုစဉ် ကြာပြာကောင်းကင်အသျှင်က အလွန်အားကျလာမိသည်။ သူလည်း စာများများဖတ်ရမလား စတင် စဉ်းစားလာမိသည်။ သူ စာအုပ်များများ ဖတ်လေလေ ဤသို့အရှက်မရှိအရာများ လုပ်ရာ၌ အားနည်းချက်မရှိတော့ဘဲ ကောင်းကောင်း ပိုလုပ်လာနိုင်မည် မဟုတ်ပါလော။
အရမ်းအားကျတယ် …
………….
ဂိုဏ်းချုပ်က အံ့ဖွယ်မိုးကောင်းကင် သန့်စင်ပြုပြင်ရေး အစီအရင်ကို ခင်းကျင်းနေစဉ် တောင်ကြားထဲ ရောက်နေသော ရှန်ထျန်းက မျက်လုံးပြန်ဖွင့်လာလေ၏။
သူ့ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်မိုးကြိုးများက ရေများသဖွယ် လှုပ်ရှားနေပြီးနောက် မျက်ခုံးကြား ပြန်လည်စုစည်းသွားသည်။
ဓာတ်နှော မိုးကြိုးစမ်းသပ်ချက်အောက်တွင် ထောင်မတ်နေသော သူ့ဆံပင်များလည်း မိုးကြိုးချက်ကြောင့် ရွှေရောင် ဖြစ်လာသည်။ သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မိုးကြိုးများ စုပ်ယူပြီးနောက် အလွန်အားကောင်းလာကြောင်း ခံစားမိလာသည်။
တစ်ချိန်တည်းတွင် ရှန်ထျန်းက သူ့မျက်ခုံးစပ်ရှိ ဓာတ်နှော နတ်မိုးကြိုးသည် ပို၍ နာခံလာကြောင်း ခံစားမိလိုက်၏။ သူက အချိန်မရွေး ထုတ်သုံးနိုင်ပေတော့မည်။ သူက ဓာတ်နှော နတ်မိုးကြိုးကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို အဆုံးအစွန်အထိ တိုးတက်လာအောင် လှုံ့ဆော်နိုင်ကြောင်း ရှာဖွေတွေ့ရှိသွားသေး၏။
ရှန်ထျန်း၏ သွင်ပြင်မှာ ဒဏ္ဍာရီလာ စူပါဆိုင်ယန်လိုမျိုး ဖြစ်နေလေသည်။
( Dragon ball မှ super saiyan)
သူ့အမြန်နှုန်းနှင့် အင်အားမှာ သိသိသာသာ တိုးတက်လာရုံသာမက သူ့တိုက်ခိုက်မှုထဲ၌ ထုံထိုင်းစေသည့် အာနိသင်ပါ အပိုရလာသေး၏။
လက်ရှိ ရှန်ထျန်းက သူ့ကိုယ်သူ ပြိုင်ဖက်ကင်းအဖြစ် ခံစားလာရသည်။