အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း ၅၇- ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်။
နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ဝေ့မိသားစု၏ အဆင့် ၉ နှင့်အထက် ကျင့်ကြံသူအားလုံး စုဝေးရောက်ရှိလာကြသည်။
ဘိုးဘေး ဝေ့ချွမ်ဟဲက အလယ်တွင် ထိုင်နေပြီး ဝေ့ကျင်းပေါ်က ဘေးတွင် ထိုင်နေသည်။
"ဒီနေ့ အစည်းအဝေးက မန်ရှင်းအဆင့် ဆေးလုံးအကြောင်း ပြောဖို့ပဲ။"
ဘိုးဘေးက စတင်ပြောကြားသည်။ မန်ရှင်းအဆင့် ဆေးလုံး ၅ လုံး ရရှိထားကြောင်း သိလိုက်ရသောအခါ အစည်းအဝေးခန်းထဲတွင် ရှိသူများမှာ အလွန်တရာ အံ့ဩသွားကြလေသည်။
ဝေ့ဝူ၏ ကြိုးပမ်းမှုဖြင့် ရရှိလာသော ဤဆေးလုံးများကို ဝေ့ဂျင်းပေါ် ၊ဝေ့ဇန်၊ ဝေ့ဒုံချန်၊ ဝေ့ကျွင်းချန်နှင့် ဝေ့ရှင်းယန်တို့ ၅ ဦးကို ဦးစားပေး ဝေငှရန် ဘိုးဘေးက ဆုံးဖြတ်လိုက်သည်။
ကျန်ရှိသူ ဝေ့ဆန်းနှင့် ဝေ့မင်ကျူတို့မှာ နောက်တစ်ကြိမ်တွင် ရရှိရန် စောင့်ဆိုင်းရမည်ဖြစ်သည်။
ထို့အပြင် ဝေ့ဝူ ပေးအပ်ထားသည့် နူးညံ့တောက်ပသော ဆေးလုံးကို မိသားစုခေါင်းဆောင် ဝေ့ကျင်းပေါ်အား ပေးအပ်ကာ ၎င်းဆေးလုံးသည် ရွှေရောင်နန်းတော် ကို ဖွင့်လှစ်နိုင်ရန် အကူအညီပေးနိုင်ကြောင်း ဘိုးဘေးက ရှင်းပြသည်။
အဖွဲ့ဝင်များအားလုံးမှာ ဘိုးဘေး၏ ဆုံးဖြတ်ချက်ကို လေးစားစွာ လက်ခံလိုက်ကြသည်။
"ဒုတိယအချက်ကတော့... ကိုးရက်မြောက်နေ့ဟာ ငါတို့ဘိုးဘေးတွေ မိသားစုကို စတင်တည်ထောင်ခဲ့တဲ့နေ့ပဲ။ အဲဒီနေ့မှာ မျိုးရိုးဗဇကျမ်းကို ပြန်လည်ရေးသားမှာဖြစ်လို့ အားလုံး အဆင်သင့်ဖြစ်နေဖို့ လိုတယ်။"
ဘိုးဘေးက ဆက်လက်မှာကြားသည်။ အစည်းအဝေးပြီးဆုံးချိန်တွင် ဝေ့ချွမ်
ဟဲ ၊ဝေ့ကျင်းပေါ်နှင့် ဝေ့ဝူတို့သည် ဝိညာဉ်စမ်းချောင်းသို့ ပျံသန်းသွားကြသည်။
လမ်းခရီးတွင် ဝေ့ကျင်းပေါ်က ဝေ့ဝူ၏ နန်းတော်အရည်အသွေးကို မေးမြန်းရာ ဝေ့ဝူက ကျောက်စိမ်းနန်းတော်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးနှင့် ဖခင်ဖြစ်သူမှာ ကောင်းကင်ယံတွင်ပင် ရပ်တန့်သွားကြတော့သည်။
"ကျောက်စိမ်းနန်းတော် ဒါကတော့ မျိုးဆက်သစ်တွေထဲမှာ ရှားပါးတဲ့ အရည်အချင်းပဲ။"
သူတို့က အံ့ဩတကြီး ပြောဆိုကြသည်။
သို့သော်လည်း ဝေ့ဝူတွင် ဝိညာဉ်အပေါက် နှစ်ခုသာ ရှိခြင်းမှာ အတားအဆီးတစ်ခု ဖြစ်နေသည်။
ဘိုးဘေးက ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်အကြောင်းကို ရှင်းပြသည်။ ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိသူများသည် မိမိ၏ ဝိညာဉ်ကို လူပုံသဏ္ဌာန်၊ တိရစ္ဆာန်ပုံသဏ္ဌာန် သို့မဟုတ် သဘာဝအရာဝတ္ထုပုံစံမျိုးစုံသို့ ပြောင်းလဲနိုင်ပြီး အလွန်အမင်း အစွမ်းထက်သော အခြေအနေမျိုးဖြစ်သည်။
ချူပြည်နယ်တစ်ခုလုံးတွင်ပင် ထိုအဆင့်သို့ ရောက်ရှိသူမှာ လက်ချိုးရေတွက်ရလောက်အောင်ပင် နည်းပါးလှသည်။
"ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ဆိုတာ တကယ်ကို ဝေးကွာလွန်းပါတယ်။"
ဝေ့ဝူ က စိတ်ပျက်စွာရေရွတ်လိုက်လေသည်။ သူတို့သည် ထိုအဆင့်၏ ဖိအားကို ခံစားမိပြီး ခဏတာ အငြိမ်သက်သွားသည်။
"အရမ်းကြီး ဖိအားများမနေပါနဲ့။ တစ်လှမ်းချင်းစီပဲ အကောင်းဆုံး ကြိုးစားသွားကြတာပေါ့။ တစ်နေ့ကျရင် ငါတို့ ဝေ့မိသားစုက ပြည်နယ်တစ်ခုလုံးကို အုပ်ချုပ်နိုင်တဲ့ အင်အားကြီး မိသားစု ဖြစ်လာမှာပါ။"
ဝေ့ကျင်းပေါ်ကအားပေးစကား ဆိုသည်။
ဝေ့ဝူသည် ဤကမ္ဘာလောက၏ ကြမ်းတမ်းမှုကို ကောင်းစွာသိရှိသည်။ ထူးချွန်သော ပါရမီရှင်များစွာပင် ကျင့်ကြံခြင်း လမ်းကြောင်းတွင် အသက်ပျောက်ခဲ့ကြရသည်။
ဝေ့ဝူမှာ တာအိုကျမ်းနှင့် အခြားသော လျှို့ဝှက်စွမ်းအားများ ပိုင်ဆိုင်ထားသော်လည်း သူ၏ လမ်းခရီးမှာ အဆုံးမရှိသော စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေဦးမည် ဖြစ်သည်။
သို့သော်လည်း သူတို့သည် နောက်ပြန်မလှည့်ဘဲ ဝိညာဉ်စမ်းချောင်းဘက်သို့ တက်လှမ်းသွားကြသည်။
ဝေ့မိသားစု၏ ရွှေခေတ်ကို တည်ဆောက်ရန်အတွက် ဝေ့ဝူ၏ ခရီးစဉ်မှာ ယခုမှ စတင်တော့မည် ဖြစ်သည်။
အခန်း ၅၈- ပုံရိပ်များ၏ အစွမ်းသတ္တိ။
ဝိညာဉ်စမ်းချောင်းသို့ ရောက်ရှိချိန်တွင် ဝေ့မိသားစု၏ အဆင့် ၉ ကျင့်ကြံသူများသည် အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။
ဝေ့ဝူသည် သူ၏ အိတ်ကပ်ထဲမှ ကန်စွန်းဥများကို ထုတ်ယူကာ တစ်ဦးစီကို တစ်လုံးစီ ပေးအပ်လိုက်သည်။
၎င်းကန်စွန်းဥများ၏ ဝိညာဉ်စွမ်းအင်မှာ ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ခန့်နှင့် ညီမျှသဖြင့် သူတို့၏ အဆင့်တက်လမ်းကြောင်းတွင် အလွန်ပင် အထောက်အကူ ဖြစ်စေလိမ့်မည်ဖြစ်သည်။
စမ်းချောင်းအလယ်ရှိ စင်မြင့်ပေါ်တွင် ငါးဦးစလုံးသည် အာရုံစိုက်ကာ ဆေးလုံးများကို သုံးစွဲပြီး ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားကြသည်။
ဝေ့ဝူနှင့် ဘိုးဘေး ဝေ့ချွမ်ဟဲတို့မှာမူ အနီးအနားရှိ သစ်ပင်ကြီးပေါ်တွင် တက်၍ လုံခြုံရေးအတွက် စောင့်ကြပ်နေကြသည်။
စောင့်ကြပ်နေစဉ်အတွင်း ဝေ့ဝူသည် ကူယွန်းတောင်တန်းတွင် ထူးဆန်းသော လွတ်လပ်သော ကျင့်ကြံသူများပေါက်လာသည့်အကြောင်းကို မေးမြန်းသည်။
ဘိုးဘေးကလည်း အရှေ့ဘက်မှ ရောက်ရှိလာသူများဖြစ်ကြောင်းနှင့် သူတို့၏ အခြေအနေမှာ ပိုမိုရှုပ်ထွေးလာကြောင်း ပြောပြသည်။
ဤအရာမှာ ချင်းလုံဂိုဏ်း နှင့် ဟူထောင် တောင်တို့ကြား ဖြစ်ပွားနေသည့် စစ်ပွဲ၏ သက်ရောက်မှု ဖြစ်နိုင်ကြောင်း သူ ရိပ်မိလိုက်သည်။
ထို့နောက် ဝေ့ဝူသည် သိုလှောင်ရေးပေးခန်းမတွင် သူချထားပေးသော အမြင်အာရုံဆိုင်ရာ ပုံရိပ်များနှင့် ပတ်သက်၍ မေးမြန်းလိုက်သည်။
ဘိုးဘေးက ဝေ့ယွမ်ဆိုသူသည် ထိုပုံရိပ်များကို ကြည့်ရှုရင်း ရွှမ်းမင်နတ်ဘုရားလက်ဝါးဟုခေါ်သော အဆင့်မြင့် ယန္တရားတစ်ခုကို ရရှိသွားကြောင်း ပြောပြသည်။
ထိုယန္တရားမှာ ဝေ့မိသားစုအတွက် အကောင်းဆုံးသော လက်နက်တစ်ခု ဖြစ်လာသည်။
အရေးကြီးဆုံးမှာ ထိုပုံရိပ်များသည် ကျင့်ကြံသူ၏ စိတ်နေသဘောထားကိုပါ ထက်မြက်အောင် ပြုလုပ်ပေးနိုင်ခြင်းဖြစ်သည်။
ဝိညာဉ်အဆင့်သို့ ရောက်ရှိလာပါက ကိုယ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်ကိုပါ စစ်ဆေးခံရသည့် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် စိတ်နေသဘောထား ခိုင်မာရန်မှာ မရှိမဖြစ်လိုအပ်သည်။ ဤအမြင်အာရုံ ပုံရိပ်များသည် ဝေ့မိသားစု၏ အနာဂတ်အတွက် အလွန်တရာ အဖိုးတန်သော ရတနာများ ဖြစ်လာတော့မည်ဖြစ်သည်။
စမ်းချောင်းအနီးသို့ မည်သူမျှ မချဉ်းကပ်
နိုင်စေရန် ဝေ့ချွမ်ဟဲက ဝိညာဉ်ဖုံးကွယ်
ခြင်း ယန္တရားကို တပ်ဆင်လိုက်သည်။
အချိန်ကား ကုန်ဆုံးလာသည်။ ပထမရက်၊ ဒုတိယရက်များတွင် အဆင့်တက်နေသူ ငါးဦးစလုံးမှာ ချွေးများပြန်ကာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။
တတိယရက်သို့ ရောက်သောအခါ ရုတ်တရက် ဝိညာဉ်စွမ်းအင်တိုင်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။
ထိုအရာမှာ ဝေ့ကျင်းပေါ်၏ နန်းတော်ဖွင့်အဆင့်အောင်မြင်ခြင်း၏ နိမိတ်ပင် ဖြစ်တော့သည်။