← Chapters

အထီးကျန်ခြင်း လမ်းစဉ်က ရှောင်လွဲလို့ မရဘူး

Vol. 1 Ch. 11

အထီးကျန်ခြင်း လမ်းစဉ်က ရှောင်လွဲလို့ မရဘူး

Vol. 1 Ch. 11

အခန်း (၁၁) :  အထီးကျန်ခြင်း လမ်းစဉ်က ရှောင်လွဲလို့ မရဘူး

သိပ်မကြာခင် ဝမ်ဝေ့နှင့် လီကျွင်းတို့က မျှော်နန်းဆောင်ရှေ့ ပေါ်လာကြသည်။ ထိုနေရာတွင် ဒုတိယ စစ်ဆေးမှုခံယူရန် တပည့်များစွာ ရောက်နေကြလေပြီ။

ဝမ်ဝေ့က တုံ့ဆိုင်းမနေဘဲ ဝင်သွားလိုက်သည်။ လီကျွင်းနှင့် အခြားလူများလည်း နောက်မှ လိုက်ဝင်သွားကြ၏။

ဝမ်ဝေ့က အလွန်မှေးမှိန်ကာ မီးခိုးရောင် နေရာတစ်ခုအတွင်း ရှိနေကြောင်း တွေ့လိုက်ရသည်။ သူ့ခြေထောက်အောက်ရှိ မြေကြီးက အသက်ဓာတ် ကင်းမဲ့နေပြီး သူ ရှုရှိုက်နေသည့် လေထုက အောက်သိုးသိုး ဖြစ်လာသည်။

သူက တစ်ယောက်တည်း ရပ်နေလေသည်။ သူက စကားပြောဖို့ ကြိုးစားလိုက်၏။ သူက သူ့ပါးစပ်မှ ထွက်လာသံကို ကြားနိုင်သော်လည်း သူ့အသံက တစ်မီတာလောက်သာ ပျံ့သွားပြီး ဘေး၌ ဘာအသံမှ မရှိနေချေ။

နေရာတစ်ခုလုံးက အထီးကျန်ကာ လူသူကင်းမဲ့သည့် လေထုမျိုး ထုတ်လွှင့်နေသည်။ ဝမ်ဝေ့က ဤစစ်ဆေးမှုသည် လူတစ်ယောက်၏ အထီးကျန်နိုင်မှု ခံနိုင်ရည်ကို စစ်ဆေးကြောင်း သိလိုက်သည်။

ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီးနောက် ဝမ်ဝေ့က မြေပေါ် ထိုင်ချလိုက်ပြီး စတင် တရားထိုင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ကိုးရက်ကုန်ဆုံးသွားလေသည်။

ဝမ်ဝေ့က စတင်၍ ပြောင်းလဲလာသည်။ ယခင်ရက်ပိုင်းအတွင်း သူက တစ်ယောက်တည်း ဖြစ်ကာ ဒီလိုလူသူကင်းမဲ့ရာ နေရာ၌ စကားပြောဖို့ မရှိသလို မည်သူ့ကိုမှလည်း မမြင်ရပေ။

ခဏအကြာတွင် ဝမ်ဝေ့က ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်။ အဆုံးမဲ့ တိတ်ဆိတ်မှုအတွင်း သူက သူ့နှလုံးခုန်သံ၊ သူ့သွေးကြောများထဲ သွေးများ ဖြတ်စီးနေသံနှင့် ကြွက်သားများ ကျုံ့ချည်ဆန့်ချည် ဖြစ်သည့် အသံကိုသာ ကြားနေရသည်။ သူ့အရည်ပြားအောက် ကြွက်သားများ လှုပ်ရှားနေမှုကိုပါ ခံစားနိုင်သည်။

ထိုဖြစ်စဉ်များကို ကြားလိုက်ရပြီး ရူးသွပ်လုမတတ် ဖြစ်သွားပြီးနောက် ဝမ်ဝေ့က အချိန်ကုန်ဆုံးစေရန် သီချင်းအကျယ်ကြီး အော်ဆိုဖို့ ဆုံးဖြတ်လိုက်သည်။

သိပ်မကြာခင် ငါးနှစ် ကုန်ဆုံးသွားလေသည်။

ဝမ်ဝေ့က နေ့စဉ်နေ့တိုင်း အိပ်ယာမဝင်ခင် သီချင်းဆိုလေ့ရှိသည်။ ဒီလိုမျိုး သီးသန့်ဆန်သည့် နေရာမျိုး၌ အိပ်စက်ခြင်းကသာ နှစ်သိမ့်မှု ပေးနိုင်လေသည်။

ကံဆိုးလှစွာ အိပ်စက်ခြင်းကလည်း မကြာခင် ဝမ်ဝေ့အတွက် အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။ ယခင်ရက်ပိုင်းအတွင်း ဝမ်ဝေ့က အိပ်ရမှာ ကြောက်လာခဲ့သည်။ သူ အိပ်လိုက်သည်နှင့် ဘယ်တော့မှ မနိုးထလာတော့မည်ကို စိုးလာမိသည်။ သေခြင်းတရားက သူ အိပ်စက်နေစဉ်အတွင်း ဖြည်းဖြည်းချင်း လွှမ်းခြုံသွားလိမ့်မည်။

ထို့ကြောင့် သူက ဘယ်တော့မှ မအိပ်တော့ပေ။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ့အခြေအနေက စတင် ယိုယွင်းလာသည်။ သူ့အသံက အချိန်အတော်ကြာ မတရား အသုံးပြုထားသောကြောင့် ပျောက်သွားလေပြီ။ သူက ကြောက်လန့်မှုကြောင့် ဘယ်တော့မှ မအိပ်တော့ပေ။

နောက်ထပ် ဆယ်နှစ်တာ ကုန်ဆုံးသွားလေသည်။

ဝမ်ဝေ့က ရူးသွပ်လုနီးပါး ဖြစ်နေလေပြီ။  ဒီလိုနေရာတွင် ၁၅ နှစ် နေထိုင်နိုင်ခဲ့ခြင်းမှာ သူ့အတွက် လုံလောက်နေလေပြီ။

သူ့အဝတ်များကလည်း ပျက်စီးကာ ဆံပင်များလည်း ရှုပ်ပွနေသည်။ သူ့ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက်များစွာ ရှိလာသည်။ အထူးသဖြင့် လက်မောင်း ဖြစ်၏။

လွန်ခဲ့သည့် လပိုင်းလောက်က ဝမ်ဝေ့သည် သူ့တည်ရှိမှုကို ခံစားမိစေရန်၊ အသက်ရှင်မှုကို ခံစားမိစေရန်နှင့် တစ်စုံတစ်ခုကို ခံစားနိုင်ရန်အတွက် ကိုယ့်ဘာသာ ထိခိုက်အောင် လုပ်လာခဲ့သည်။ သူ အထီးကျန်ကာ စိတ်လွတ်သွားတော့မည့်အချိန်တိုင်း ဒါမှမဟုတ် ဒီဒုက္ခအားလုံး အဆုံးသတ်ပစ်ဖို့ ကိုယ့်ဘာသာ သတ်သေချင်သည့် အခါတိုင်း၌ သွေးများထွက်လာသည့်အထိ သူ့လက်သည်းများကို ခွာလေ့ရှိသည်။

သူက ဒီအရာမှာ ရေရှည်ဖြေရှင်းနည်း မဟုတ်ကြောင်း သိထားသော်လည်း ယခု သူ စဉ်းစားထွက်သည့် တစ်ခုတည်းသောအရာ ဖြစ်၏။

...............

မျှော်နန်းဆောင် အပြင်ဘက်၌မူ …

မျှော်နန်းဆောင်အတွင်း ၁၅ နှစ်တာ ကုန်ဆုံးသွားသော်လည်း အပြင်ဘက်၌ နာရီပိုင်းမျှသာ ကြာမြင့်သေးသည်။

အပြင်ဘက်ရှိ လူအားလုံးက စစ်ဆေးမှုခံယူသူများ တဖြည်းဖြည်း ရူးသွပ်သွားသည်ကို ကြည့်နေခဲ့ကြသည်။ လူများက ထိုစစ်ဆေးမှုများသည် အလွန်ရက်စက်ကြောင်း စတင် စဉ်းစားမိလာ၏။

မျှော်နန်းဆောင်အတွင်း နောက်ထပ် ငါးနှစ်တာ ကုန်ဆုံးသွားလေသည်။

ထိုစဉ် ဝမ်ဝေ့က မြေပြင်ပေါ် သေလုနီးပါး လဲကျနေသည်။ သူ ကောင်းကောင်း မအိပ်စက်ရသည်မှာ ၁၅ နှစ်လောက် ရှိသွားလေပြီ။ သူ့ခန္ဓာကိုယ် လုပ်ဆောင်ချက်များက ပြန်လည်မပြုပြင်နိုင်လောက်အောင်အထိ ယိုယွင်းလာခဲ့၏။ သူ အချိန်အတော်ကြာ ဆုပ်ကိုင်ထားခဲ့သော စိတ်ဓာတ်လည်း ဆုံးရှုံးသွားလေသည်။

ယခု သူ့မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း လွှင့်ပြယ်လာနေသည်။ သူ ဘယ်သူမှန်း စတင်မေ့လျော့လာသည်။ သူ ဘယ်ကရောက်လာတာလဲ။ သူ့ရည်မှန်းချက်က ဘာလဲ အကုန်မေ့သွားခဲ့သည်။ အတိတ်ဘဝနှင့် ယခုလက်ရှိ ဘဝ မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသော်လည်း တစ်ချိန်တည်းဆိုသလို အတူတူ လွှင့်ပြယ်သွားပြန်သည်။ သူက နှစ်ဘဝလုံးမှ သူ့မိဘများ၏ မျက်နှာကို မှတ်မိဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ ကံဆိုးစွာဖြင့် သူ မှတ်မိသည်က ဝေဝါးဝါး ပုံရိပ်များသာ ဖြစ်၏။

ယခု သူ သေဆုံးတော့မည် ဖြစ်ရာ ဒီအရာအားလုံး အရေးမပါတော့ပေ။

သူ မသေဆုံးခင် နောက်ဆုံးအချိန်လေး၌ ဝမ်ဝေ့က သူ့ဘာသာ မေးခွန်းပြန်ထုတ်မိသည်  “ငါက ဘာလို့ သေခြင်းတရားကို ကြောက်နေရတာလဲ။ ငါ ဧကရာဇ်လမ်းစဉ် လျှောက်လှမ်းဖို့ ဆုံးဖြတ်လိုက်ကတည်းက သေခြင်းတရားက ပုံမှန်အရာ ဖြစ်လာရမှာပဲ။ ငါ့ပြိုင်ဖက်တွေနဲ့ ရန်သူတွေအားလုံးရဲ့ သေခြင်းတရားကို အပ်နှင်းပေးရမယ်။

ပြီးတော့ အဲဒီလူတွေကလည်း ငါ့ဆီ သေခြင်းတရား ခေါ်ဆောင်လာကြမှာပဲ။ အဆုံးသတ်မှာ အနိုင်ရသူက သရဖူဆောင်းထားတဲ့ မဟာဧကရာဇ် ဖြစ်လာမယ်။ သံသရာစက်ဝန်းကနေ လွတ်မြောက်ပြီး ထာဝရရှင်သန်မှုကို ရရှိမယ်။ အရှုံးသမားကတော့ ထာဝရ အိပ်စက်သွားရလိမ့်မယ် ”

“ ဒီကမ္ဘာမှာ သေခြင်းတရားက နောက်ထပ် ခရီးစဉ်အစ တစ်ခုကလွဲပြီး ဘာမှမဟုတ်ဘူး။ ဒီလိုဆိုမှတော့ သေခြင်းတရားကို ကြောက်နေစရာ မလိုဘူး။ ရှင်သန်ရတာက ဒီလောက် နာကျင်နေရတာ သေခြင်းတရားက ဘယ်လောက်ပိုဆိုးနိုင်မှာလဲ ”

ဝမ်ဝေ့က အသိဉာဏ်ပွင့်သွားပြီးနောက် သူ့ခေါင်းအထက် စက်ဝန်းတစ်ခု ရုတ်ချည်း ပေါ်လာသည်။ ထိုစက်ဝန်းက အဖြူတစ်ဝက်၊ အမည်းတစ်ဝက် ဖြစ်၏။ ထိုစက်ဝန်းရှေ့ တွင် သူတို့၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးဖို့ စောင့်ဆိုင်းနေသည့် ဝိညာဉ်များစွာ ရပ်နေသည်ကို မြင်တွေ့နိုင်သည်။

ဤသည်မှာ သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်း ဖြစ်၏။ ထိုအရာ အလုံးအထည်အလိုက် ပေါ်လာပြီးနောက် စက်ဝန်းက ဝမ်ဝေ့ ခန္ဓာကိုယ်ထဲ ဝင်ကာ ဖြည်းဖြည်းချင်း ကုသပေးနေသည်။ ထို့နောက် ဝမ်ဝေ့က ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျသွားတော့၏။

ဝမ်ဝေ့က သုံးနှစ်ကြာအောင် အိပ်စက်ခဲ့သည်။ နိုးထလာပြီးနောက် ဝမ်ဝေ့က ငယ်ရွယ်ကာ အားတက်မှုအပြည့် ဖြစ်နေသလို ခံစားလိုက်ရသည်။ သူက အသစ်မွေးဖွားလာသည့်အလား လန်းဆန်းတက်ကြွနေ၏။

ဝမ်ဝေ့က အသိဉာဏ်ပွင့်လာကြောင်း သတိပြုမိကာ သေခြင်းရှင်ခြင်း တာအိုအကြောင်း အနည်းငယ် နားလည်စ ပြုလာသည်။ ဤအသိဉာဏ်ပွင့်မှုက ကျင့်ကြံရေးအစောပိုင်းအတွက် အကျိုးကျေးဇူးများစွာ မဖြစ်ထွန်းစေသော်လည်း နောက်ပိုင်းကျ အကျိုးမြတ်များစွာ ရရှိလာစေလိမ့်မည်။

အထူးသဖြင့် သူ အထွတ်အထိပ် နယ်ပယ်အဆင့် ရောက်သွားပြီး ပင်ကိုယ် သဘာဝလွန်စွမ်းအား လိုအပ်လာသည့်အခါတွင် ဖြစ်၏။ ထိုအခါ သေခြင်းရှင်ခြင်း တာအိုကို နားလည်ထားမှုက သူ့ကို တိုးတက်လာစေလိမ့်မည်။

တကယ်တော့ ဒုတိယစစ်ဆေးမှုသည် တပည့်များအား အထီးကျန်ဆန်မှု သဘောတရားကို နားလည်လာစေရန် ပုံစံတည်ထားခြင်း ဖြစ်၏။

ကျင့်ကြံရေးလမ်းကြောင်းက ရှည်လျားပြီး အထီးကျန်ဆန်လှသည်။ မိုးမြေစည်းမျဉ်းများကို နားလည်ဖို့အတွက် အားထုတ်ကျင့်ကြံနေရင်း တစ်ယောက်တည်း နှစ်ရာချီ၊ နှစ်ထောင်ချီ ကုန်ဆုံးသွားနိုင်သည်။

ထိုအချိန်အတွင်း အထီးကျန်မှုကို တောင့်မခံနိုင်သည့် လူအများက ကျင့်ကြံရေးလမ်းစဉ် တိုးတက်လာမည် မဟုတ်ပေ။

ထို့အပြင် ကျင့်ကြံရေးလမ်းစဉ်၏ အထီးကျန်မှုက ဒီထက် ပိုပေသည်။ အားကောင်းလာသည်နှင့်အမျှ သိကျွမ်းထားသူတို့ ၊ ချစ်မြတ်နိုးရသူတို တစ်ယောက်ပြီး တစ်ယောက် ထွက်သွားသည်ကိုသာ ကြည့်နေရလိမ့်မည်။ သူတို့ အသတ်ခံရ၍ ဖြစ်စေ ဒါမှမဟုတ် နောက်တစ်ဆင့် မတက်လှမ်းခင် သူတို့သက်တမ်း ကုန်ဆုံးသွား၍ ဖြစ်စေ ခွဲခွာကြရလိမ့်မည်။

ကျင့်ကြံသူတစ်ယောက်အနေနှင့် ဂူပိတ်လေ့ကျင့်လိုက်ပြီး နှစ်တစ်ထောင်ကြာမှ နိုးထလာသည့်အခါ မိတ်ဆွေအားလုံး၊ မိသားစုဝင်များနှင့် ချစ်မြတ်နိုးရသူတို့က သက်တမ်းကုန်ဆုံး၍ သေဆုံးသွားကြသည်ကို သတိပြုမိသွားလိမ့်မည်။

နိုးထလာသည့် တစ်ရက် တစ်ယောက်တည်း ဖြစ်နေကြောင်း ရှာတွေ့သွားလိမ့်မည်။ ယခင် သိထားသမျှ အရာအားလုံးနှင့် လူအားလုံးတို့ ပျောက်ကွယ်သွားလိမ့်မည်။ ကမ္ဘာပေါ် မင်းတစ်ယောက်တည်းသာ ကျန်ရှိခဲ့လိမ့်မည်။

ထို့ကြောင့် ကျင့်ကြံသူများက သေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်း သိပ်မဖွဲ့ခြင်း ဖြစ်၏။ နှစ်တစ်ရာ ကျင့်ကြံသူတစ်ယောက်အတွက် အချိန်တိုလေး ဖြစ်သော်လည်း‌ သေမျိုးများအတွက် တစ်ဘဝစာ ဖြစ်ပေသည်။

သေမျိုးတစ်ယောက်နှင့် မိတ်ဆွေ ဖြစ်နေကြောင်း တွေးကြည့်လိုက်ပါလေ …

တစ်ရက် မင်း ရာစုနှစ်တချို့ကြာအောင် ဂူပိတ်လေ့ကျင့်သွားခဲ့ပြီး ပြန်ထွက်လာသည့်အခါ မိတ်ဆွေက အသက်အရွယ်ရနေလောက်ပြီ ဖြစ်သော်ငြား မင်းက နဂိုအတိုင်း နုပျိုနေဆဲ ဖြစ်လိမ့်မည်။ မင်း လုပ်နိုင်သည်က မင်း မိတ်ဆွေ သေဆုံးသွားသည်ကို ကြည့်နေရုံသာ ဖြစ်၏။

ထို့ကြောင့် ကျင့်ကြံသူအများစုက သေမျိုးများနှင့် မပတ်သက်ကြဘဲ အေးစက်စက်သာ နေကြသည်။

ကျင့်ကြံရေးလောကရှိ အထီးကျန်ခြင်း နောက်ထပ် နမူနာတစ်ခုမှာ ရင်းနှီးသည့် လူများက နာကျင်ရှည်လျားသည့် ဖြစ်စဉ်ကို တောင့်မခံနိုင်သောကြောင့် ကျင့်ကြံဖို့ လက်လျော့သွားသည့်အခါ ဖြစ်၏။ မင်းက မင်း လမ်းစဉ်အတိုင်း ဖြည်းဖြည်းချင်း သွားနေစဉ် မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးများက လက်လျော့လိုက်ကြသည်။ ယခု မင်း တစ်ယောက်တည်းသာ လျှောက်လှမ်းရတော့မည်။

ဝမ်ဝေ့ အချိန်အတော်ကြာ အိပ်စက်ကာ နိုးထလာပြီးနောက် စစ်ဆေးမှု၏ ရည်ရွယ်ချက် အစစ်အမှန်ကို သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက ညတိုင်း တရားထိုင်ကာ အိပ်စက်မှုအစား တရားထိုင်ခြင်းဖြင့် အစားထိုးဖို့ ကြိုးစားလိုက်သည်။ မနက်ပိုင်း၌ သူက ယခင်သင်ယူဖူးသည့် ဗဟုသုတအားလုံးကို ပြန်လည်စဉ်းစားကြည့်သည်။ ထို့နောက် ဝိညာဉ်ခရီးလမ်းအပြီးတွင် သူ စီစဉ်ထားသည့် အနာဂတ် အစီအစဉ်တို့ကိုလည်း တွေးလိုက်သည်။

မျှော်နန်းဆောင် ဒုတိယစစ်ဆေးမှုက ပုံရိပ်ယောင်ရော အချိန်ပိုင်နက်ပါ ပါဝင်လေသည်။ သူက ဒီအရာကို အခွင့်ကောင်းအဖြစ် အသုံးပြုချင်၏။

မျှော်နန်းဆောင်အတွင်း နှစ်ရာချီ ကုန်ဆုံးသွားပြီးနောက် စစ်ဆေးမှု အဆုံးသတ်ကာ ကျန်ရှိနေသော လူများ အပြင်သို့ ပို့ဆောင်ခံရသည်။

All Chapters