← Chapters

အခန်း (၁)

Vol. 32-Extra Ch. Extra-1

အခန်း (၁)

Vol. 32-Extra Ch. Extra-1

[ ဘာသာပြန်သူ၏ အမှာစာ ၁+၂+၃+၄က လုမင်လီ+ဟွာကျွင်းပါ

၅+၆+၇+၈က မော့ချွမ်း+ အန်နာဂူပါ။ သူတို့ဇာတ်ကြောင်းက စိတ်ဝင်စားဖို့ကောင်းနေတာ။ မထင်ထားဘူး။ မပျင်းဘဲ သေချာဖတ်ကြည့်ပါ]

မနက်ခင်း (၆) နာရီခွဲအချိန်တွင် ကောင်းကင်ယံ၌ လင်းအားဖျော့ဖျော့လေး သန်းလာပြီး လမ်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

လုမင်လီ မနက်စောစောကတည်းက နိုးထခဲ့ပြီး (၈) ကီလိုမီတာခန့် အပြေးလေ့ကျင့်ခန်း လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ယခုဆိုလျှင် သူ သန့်စင်ခန်းသုံး၊ ကိစ္စဝိစ္စရပ်များကို အပြီးသတ်ပြီးနောက် ဟွာရှန့်၏ အခန်းတံခါးကို ခေါက်လိုက်ရင်း အသာအယာမေးလိုက်၏။

“ဟွာရှန့်... နိုးပြီလား”

ဟွာရှန့်သည် သူမ မျက်လုံးများကို ပွတ်သပ်ရင်း တံခါးဖွင့်ပေးလိုက်ကာ ပြန်ပြောသည်။

“စစ်သူကြီးလု... သမီး နိုးပါပြီ”

“အဲဒီ ရာထူးအဟောင်းကြီးကို နောက်ခါမသုံးနဲ့တော့နော်”

သူ အောက်ထပ်သို့ ဆင်းရန် လှည့်လိုက်ရင်း သတိပေးလိုက်၏။ “ကဲ... အောက်ထပ်ကို ဆင်းပြီး မနက်စာ စားလို့ရပြီ”

“အော်... ဟုတ်ကဲ့ပါ”

ဟွာရှန့် ပြန်လည်ထူးလိုက်ရင်း အိပ်ချင်ပြေသွားစေရန် ပါးပြင်ကို အသာအယာ ပုတ်လိုက်မိသည်။ သူမ အခန်းထဲသို့ ပြန်ဝင်ကာ ကျောင်းဝတ်စုံအကျီနှင့် ကျောပိုးအိတ်ကို ကောက်ယူပြီး အောက်ထပ်သို့ ခုန်ဆွခုန်ဆွဖြင့် ပြေးဆင်းလာတော့သည်။

လုမင်လီ မီးဖိုချောင်ထဲကနေ ပန်းကန်တစ်ခုကို ကိုင်ဆောင်လျက် ထွက်လာချိန်နှင့် ကွက်တိဖြစ်သွား၏။ ဟွာရှန့်သည် သူမ ကျောပိုးအိတ်နှင့် အင်္ကျီကို ကုလားထိုင်ပေါ်တွင် တင်ထားခဲ့ပြီး ကူညီပေးရန်အတွက် အမြန်လှမ်းလာ၏။

“မလိုပါဘူး၊၊ ညီမလေးအရင်စားနှင့်လိုက်။ ဒီနေ့ ငါးမိနစ်လောက် နောက်ကျနေပြီ။ ထပ်ပြီး အချိန်ဆွဲနေရင် တကယ်ကို နောက်ကျသွားလိမ့်မယ်”

လုမင်လီ ဘေးနားသို့ ဖယ်ပေးလိုက်ရင်း ပြော၏။

“ညီမလေးရဲ့ မနက်စာကို စားပွဲပေါ်မှာ ပြင်ဆင်ထားပြီးသားပါ”

မနက်စာမှာ ရိုးရှင်းလှသော်လည်း အာဟာရဓာတ် မျှတလှပေသည်။ ဂျုံကြမ်းပေါင်မုန့် (၂) ချပ်၊ ကြက်ဥပြုတ် (၁) လုံး၊ နို့ (၁) ခွက်နှင့် ပန်းသီး (၁) လုံး တို့ ဖြစ်ကြသည်။

ဟွာရှန့်သည် ဂျုံကြမ်းပေါင်မုန့်၏ အသားကို အလွန်ပင် မနှစ်သက်ချေ။ သူမ ပေါင်မုန့်ကို အစိတ်အပိုင်းအသေးလေးများအဖြစ် ဖဲ့လိုက်ပြီး နို့ခွက်ထဲသို့ တိုက်ရိုက် ထည့်သွင်းစိမ်လိုက်တော့သည်။ ပေါင်မုန့်များ နို့ရည်စိမ့်ဝင်သွားမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်အတွင်း သူမသည် ကြက်ဥခွံကို စတင်ခွာ၏။

သူမ မော့ကြည့်လိုက်သည့်အခါ လုမင်လီသည် သူ၏ မွမွကြွပ်ကြွပ် ကင်ထားသော ပေါင်မုန့်ပေါ်တွင် မြေပဲထောပတ်ကို ယဉ်ကျေးသိမ်မွေ့စွာ သုတ်လိမ်းနေသည်ကို လှမ်းမြင်တွေ့လိုက်ရသဖြင့် နှုတ်ခမ်းစူလိုက်မိ၏။ စစ်သူကြီးဟောင်း ဤနေရာသို့ ရောက်ရှိလာခဲ့သည်မှာ တစ်လကျော်ခန့်သာ ရှိသေးသော်လည်း သူမ ထက်ပင် ခေတ်သစ်လူနေမှုဘဝအတွင်းသို့ ပိုမို၍ အသားကျနေပုံရသည်။

လုမင်လီ မနက်စာ စားသုံးပြီးနောက် ပန်းကန်များကို မီးဖိုချောင်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီး တံခါးဝဆီသို့ လှမ်းထွက်၏။ သူ အဝင်ဝကနေ ကားသော့ကို ကောက်ယူလိုက်ရင်း ဟွာရှန့်ကို ပြောလိုက်၏။

“အစ်ကို ကားထဲမှာ စောင့်နေမယ်နော်”

ဟွာရှန့်လည်း အချိန်မဆွဲရဲတော့ချေ။ သူမ မနက်စာကို အမြန်ဆုံး အပြီးသတ်စားသုံးလိုက်ပြီး ပစ္စည်းများကို ကောက်ယူကာ သူ့နောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။

ဟွာကျွင်းနှင့် မော့ချွမ်းတို့နှစ်ဦးလုံး မနက်စောစော ထလေ့ရှိသူများ မဟုတ်ကြချေ။ ထို့ကြောင့် စက်တင်ဘာလတွင် ဟွာရှန့် ကျောင်းစတင်တက်ရောက်ရသည့် အခါ၌ သူမကို ကျောင်းကြိုကျောင်းပို့ လုပ်ဆောင်ရမည့် တာဝန်မှာ တက်ကြွလှုပ်ရှားလှသော စစ်သူကြီးလုထံသို့ သဘာဝကျကျပင် ရောက်ရှိသွားတော့သည်။

သူ့ကို အဘယ်ကြောင့် တက်ကြွလှုပ်ရှားသူဟု ခေါ်ဆိုရသနည်း။

သူ နေ့ရက်တိုင်းတွင် မနက် (၅) နာရီခွဲအချိန်၌ လုံးဝ ပျက်ကွက်ခြင်းမရှိဘဲ နိုးထလေ့ရှိပြီး တစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ကာ ပြန်လာသည့်အခါ မနက်စာကို ကိုယ်တိုင်ပြင်ဆင် စားသုံးပြီးနောက် ပညာရေးသင်တန်းကျောင်းသို့ သွားရောက်ကာ( ၃) နာရီခန့် ထိရောက်စွာ လေ့လာသင်ယူပြီးမှ မွန်းတည့်ချိန်တွင် ပြန်လည်ရောက်ရှိလာတတ်သောကြောင့် ဖြစ်သည်။

မွန်းလွဲပိုင်းတွင်မူ သူ စာကြည့်တိုက်သို့ သွားရောက်ကာ စာဖတ်လေ့ရှိပြီး ညစာစားပြီးသည့် အခါ၌လည်း တီဗီ ကို ကြည့်ရှုရင်း ခေတ်ရေစီးကြောင်း ယဉ်ကျေးမှုဓလေ့စရိုက်မျိုးစုံကို လေ့လာတတ်သဖြင့် ကျန်ရှိနေသော လူသုံးဦးကို အထင်ကြီး လေးစားသွားစေ၏။

လုမင်လီ စံနှုန်းအလွန် မြင့်မားစွာ သတ်မှတ်ထားသူ ဖြစ်သည်။ မော့ချွမ်း၏ ရောင့်ရဲတင်းတိမ်နေမှုမျိုးနှင့် မတူစွာ သူသည် ရေစုပ်ဖော့ကဲ့သို့ပင် ဤကမ္ဘာကြီး၏ အသိပညာ ဗဟုသုတမှန်သမျှကို စဉ်ဆက်မပြတ် စုပ်ယူလေ့လာနေသည်။

လုမင်လီ၏ ကားအတွင်း၌ ပုံမှန်အတိုင်းပင် မနက်ခင်းသတင်းများ ထုတ်လွှင့်နေ၏။ စီးပွားရေးကနေ နိုင်ငံရေးအထိ ဖျော်ဖြေရေးကနေ ပြည်သူတို့၏ လူနေမှုဘဝအထိ သူ သတင်းမျိုးစုံကို အာရုံစိုက်ကာ နားထောင်နေတတ်သည်။

သတင်းကြော်ငြာ လာနေသည့် အချိန်အတွင်း သူ အသံပမာဏကို လျှော့ချလိုက်ရင်း မေးလိုက်၏။

“ဝမ်ဆရာမ ပြောတယ်။ ညီမလေး ပြီးခဲ့တဲ့အပတ်က ရှေးဟောင်းဘာသာစကား စာမေးပွဲမှာ အဆင့်အနောက်ဆုံးကနေ အောင်တယ်ဆို”

ဟွာရှန့် ထိတ်လန့်သွားပြီး အလျင်အမြန်မေးတော့၏။

“စစ်သူကြီးလု အစ်ကို ဒါကို သမီးအစ်မကို မပြောပြနဲ့နော်”

ကျောင်းဖွင့်လှစ်သည့် ပထမဆုံးရက်တွင် လုမင်လီ ဟွာရှန့်ကို ကျောင်းသို့ လိုက်လံပို့ဆောင်ပေးစဉ် မိဘကော်မတီ၏ ဆွဲဆောင်မှုကြောင့် အတန်းပိုင် Group ထဲသို့ ထည့်သွင်းခြင်း ခံခဲ့ရသဖြင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမမှန်သမျှမှာ သူနှင့် ဆက်သွယ်မှု ရှိနေကြသည်။

“အစ်ကို ဒါကို ပြောဖို့အတွက် အချိန်မရသေးပါဘူး”

“ကျေးဇူးပြုပြီးတော့..ကျေးဇူးပြုပြီး သမီး အစ်မကို မပြောပါနဲ့၊ သူ သမီးကို ဆူလို့ သေသွားလိမ့်မယ်။ အမှတ်နည်းစရာ ဘာသာရပ်တွေ အများကြီးရှိတဲ့ထဲကမှ... ရှေးဟောင်းဘာသာစကားကို သွားပြီး နည်းရတယ်လို့... အား”

လုမင်လီ သေသေချာချာ စဉ်းစားကြည့်ပြီး သဘော ပေါက်သွား၏။

“ဒါ တကယ့်ကို မကောင်းဘူးပဲ”

ဟွာရှန့်တစ်ယောက် စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားပြီး ပြောတော့သည်။

“ဒါက အရမ်း ခက်ခဲလွန်းလို့ပါ၊ ရှေးဟောင်းတရုတ်စာရဲ့ ဝိဘတ်တွေ၊ အနက်အဓိပ္ပာယ်တွေ၊ ရှေးဟောင်းစာပေ အနုပညာခံစားချက်တွေ ပြီးတော့ အားလုံးက နားလည်ရခက်တဲ့ စာပုဒ်တွေချည်းပဲ။ ဒါတွေကို သမီး ဘယ်လိုလုပ်ပြီး သိမှာလဲ”

“ညီမလေး လေ့လာတာ နောက်ကျခဲ့လို့ ခက်ခဲတယ်လို့ ခံစားရတာက ပုံမှန်ပါပဲ”

ဟွာရှန့် နောက်ခန်းထိုင်ခုံပေါ်ကနေ ခေါင်းကို တရစပ် ငြိမ့်ပြလိုက်ရင်း ပြော၏။

“စစ်သူကြီးလု... ကျေးဇူးပြုပြီးတော့... ကျေးဇူးပြုပြီး သမီးဘက်ကနေ ဝင်ပြောပေးပါဦး”

လုမင်လီ ဆက်လက်၍ ပြော၏။

“ဒါပေမဲ့ အဲဒီလို ဖြစ်နေလို့ပဲ ညီမလေးအနေနဲ့ ပိုပြီးတော့ ကြိုးစားအားထုတ်ရမှာ။ ညီမလေး ဒီလို အခွင့်အရေးကို ခဲခဲယဉ်ယဉ်း ရထားလို့ အဲ့တာကို အလဟဿ ဖြုန်းတီးပစ်လိုက်ရင် နှမြောစရာ မကောင်းဘူးလား”

“သမီး သိပါတယ်…”

ဟွာရှန့် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“သမီးက တကယ့်ကို အူတူတူနိုင်လွန်းလို့ပါ။ တစ်လအတွင်းမှာတင် များကြီးကို တတ်မြောက်သွားတဲ့ စစ်သူကြီးလုလိုမျိုး မထက်မြက်ပါဘူး။ သမီး အမြဲတမ်း ကောင်းကောင်းမွန်မွန် မလေ့လာနိုင်ဘူး။ သမီး... သမီးလည်း စိတ်မကောင်းဖြစ်မိပါတယ်”

“ညီမလေးက မတုံးပါဘူး” လုမင်လီ ပြောလိုက်သည်။ “ညီမလေး လေ့လာသင်ယူတဲ့ နည်းလမ်းကို သေသေချာချာ မတတ်မြောက်သေးတာပဲ ရှိတာပါ။ ဒီနေ့ကစပြီး... ညနေခင်းတိုင်းမှာ အစ်ကို ညီမလေးရဲ့ စာသင်ကြားမှု တိုးတက်မှုကို စစ်ဆေးပေးဖို့အတွက် နာရီဝက်ခန့် အချိန်ပေးပါ့မယ်”

“ဟုတ်ကဲ့ပါ…”

သူတို့ စကားပြောနေကြစဉ်အတွင်း ကားမှာ ကျောင်းဂိတ်ဝသို့ ဆိုက်ရောက်သွားခဲ့သည်။ ဟွာရှန့် ကားပေါ်က ဆင်းလိုက်ပြီးနောက် လှည့်၍ ယဉ်ကျေးစွာ ပြော၏။

“ကျေးဇူးတင်ပါတယ် အစ်ကိုလု”

ဟွာရှန့် ကျောင်းဂိတ်ဝအတွင်းသို့ လှမ်းဝင်သွားသည်ကို မြင်တွေ့ရသည့် အခါမှ လုမင်လီသည် လီဗာကို နင်းကာ မောင်းနှင်ထွက်ခွာသွားတော့သည်။

ပုံမှန်အတိုင်းပင် သူ မြို့လယ်ခေါင်ရှိ အဆင့်မြင့် ရုံးအဆောက်အအုံကြီးဆီသို့ မောင်းနှင်သွား၏။ သူ ဓာတ်လှေကားဖြင့် (၁၅) ထပ်သို့ တက်ရောက်ခဲ့ပြီး ‘နယူးအိုရီယမ်တယ် ပညာရေးနည်းပညာအဖွဲ့’ အတွင်းသို့ ဝင်သွားသည်။

ကျယ်ဝန်းလှသော ရုံးခန်းအတွင်း၌ လူအချို့ သူ့ကို စောင့်ဆိုင်းနေကြ၏။ သူ အတွင်းသို့ လှမ်းဝင်လာသည်ကို မြင်တွေ့ရသည့်အခါ သူ့ကို အပြေးအလွှား လာရောက်နှုတ်ဆက်ကြပြီး ဦးညွှတ်လျက် ပြောကြသည်။

“မင်္ဂလာမနက်ခင်းပါ မစ္စတာလု”

သူ အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သပ်ရပ်သည့် ကော်လာက အနည်းငယ် ပွင့်ဟနေသည်။ သူ့အင်္ကျီလက်ကို ပေါ့ပေါ့ပါးပါး နှစ်ခေါက်ခန့် ခေါက်တင်ထားသဖြင့် သန်မာလှသော လက်မောင်းများနှင့် အဖိုးတန်နာရီတစ်လုံးကို မြင်တွေ့နေရသည်။ ထိုနာရီ၏ မျက်နှာပြင်မှာ ရှုပ်ထွေးသော ဒီဇိုင်းများ မရှိဘဲ အလွန်ပင် ရိုးရှင်း၏။

မီးခိုးရောင်ရင့်ရင့် ဝတ်စုံဘောင်းဘီသည် သူ၏ ဖြောင့်စင်းသော ခြေတံရှည်ကြီးများကို ဖုံးအုပ်ထားပြီး အချိုးအစားက အလွန်ပင် တိကျကာ ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေသော်လည်း ကျပ်ထုတ်မနေချေ။ အဝတ်အထည် အသားမှာ အိစက်ညက်ညောသော်လည်း တောင့်တင်းပြီး တွန့်ရာမရှိပေ။

လုမင်လီ ယဉ်ကျေးစွာ မင်္ဂလာပါဟု ပြန်နှုတ်ဆက်လိုက်ပြီးနောက် အတွင်းသို့ ဝင်လိုက်၏။

လူအချို့ သူ့နောက်ကနေ အပြေးအလွှား လိုက်ပါလာကြပြီး တစ်ဦးပြီးတစ်ဦး မေးခွန်းများ ဆက်တိုက် မေးမြန်းကြ၏။

“မစ္စတာလု... ဒီနေ့လည်း အိုက်စ်အမေရိကန်နို ပဲ သောက်ဦးမလားဟင်”

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်”

“မစ္စတာလု... တို့တွေ ဒီနေ့ ပညာသင်ကြားရေး အစီအစဉ်ရဲ့ ပဉ္စမမြောက် ဗားရှင်း အတိုင်း ဆက်လုပ်ကြမှာလား”

လုမင်လီ ခေါင်းငြိမ့်ပြလိုက်ရင်း ပြောသည်။

“ဟုတ်ကဲ့ပါ၊ လောလောဆယ်တော့ ဘာမှ ပြောင်းလဲစရာ မလိုသေးပါဘူး”

All Chapters