အခန်း (၃)
Vol. 32-Extra Ch. Extra-3
“ဘာ”
မော့ချွမ်းတစ်ယောက် ကိုယ့်နားကိုယ် မယုံကြည်နိုင်ဖြစ်သွား၏။ သူ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပြီး အော်ဟစ်တော့သည်။
“ခင်ဗျားတို့က တစ်ပတ်တောင် အပြင်သွားမလို့လား။ ကျွန်တော် ကန့်ကွက်တယ်”
လုမင်လီ ဆိုဖာပေါ်တွင် ထိုင်ကာ စာဖတ်နေခဲ့ခြင်း ဖြစ်၏။ သူ မော့ချွမ်းကို မော့ကြည့်လိုက်ရာ မော့ချွမ်း၏ မာန်မာနများမှာ ချက်ချင်းပင် လျှောကျသွားပြီး လေသံပြောင်းသွားသည်။
“ကျွန်တော် ဆိုလိုတာက အချိန်က အရမ်းကြာလွန်းတယ်၊၊ ကျွန်တော့်အရည်အချင်းက အကန့်အသတ် ရှိတာမို့လို့ အဲ့လောက် အရေးကြီးတဲ့ အလုပ်တွေကို ဘယ်လိုနည်းနဲ့မှ အဆင်ပြေပြေ မကိုင်တွယ်နိုင်ပါဘူး”
လုမင်လီ မျက်မှောင်ကြုတ်လိုက်ရင်း ပြော၏။
“မင်း ဘာဖြစ်လို့ မကိုင်တွယ်နိုင်ရမှာလဲ။ ဟွာကျွင်းက မုန့်ဆိုင်ရဲ့ အလုပ်မှန်သမျှကို အစီအစဉ်တကျ ပြင်ဆင်ပေးထားပြီးသားကို။ တကယ်လို့ မင်း ဆုံးဖြတ်ရခက်တာတစ်ခုခု ရှိလာရင်လည်း ဟွာကျွင်းဆီကို ဖုန်းဆက်မေးလို့ ရတာပဲ။ လုပ်ရမှာက အဆင့်တိုင်းကို စနစ်တကျ လိုက်နာဖို့ပဲ။ ဒါ ဘာများ ခက်ခဲလို့လဲ။ မင်း ဒီလောက်လေးကိုတောင် မလုပ်နိုင်ဘူးဆိုရင် မုန့်ဆိုင်မှာ ဆက်ပြီးနေဖို့ ဘာအခွင့်အရေး ရှိတော့မှာလဲ”
“ဒါဆိုရင်လည်း... ဒါဆိုရင်လည်း ကောင်းပါပြီ”
မော့ချွမ်းတစ်ယောက် ညှိုးနွမ်းသွားသော ခရမ်းသီးတစ်လုံးကဲ့သို့ ဆိုဖာပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး မကျေမနပ်ဖြင့် တီးတိုးရေရွတ်၏။
“ကျွန်တော် ဒီကို ရောက်လာတာ ကြာတာတောင် တစ်ခါမှ အပြင်ထွက်ပြီး မလည်ပတ်ရသေးဘူး။ နေ့တိုင်း အလုပ်တွေကို ကြိုးကြိုးစားစား လုပ်နေခဲ့တာကို။ နောက်ဆုံးကျတော့ အခွင့်အရေးမရှိဘူးလို့ ပြောခံရတယ်ပေါ့”
သူ့အသံမှာ မကျယ်လှသော်လည်း လုမင်လီ သေသေချာချာ ကြားလိုက်ရ၏။ သူ့တွင်လည်း မကျေနပ်ချက် ရှိနေခဲ့သည်။ အားလပ်ရက် အစီအစဉ်သည် မူလက ဟွာကျွင်းကို အဖော်ပြုပေးရန်အတွက် သီးသန့်ပြင်ဆင်ထားခြင်း ဖြစ်ပြီး မော့ချွမ်း အဘယ်ကြောင့် ကြားထဲကနေ ဝင်ရောက်ပတ်သက်နေရသနည်း။ ၎င်းအပြင် လူကြီးတန်မဲ့ ရှက်ရွံ့ခြင်းမရှိ ကိုယ့်ပုံရိပ်ကိုတောင် ဂရုမစိုက်စွာ သနားစရာကောင်းဟန်ဆောင်နေ၏။
မော့ချွမ်း ဟွာရှန့်ကို လက်ညှိုးထိုးပြလိုက်ရင်း ပြော၏။ “ပြီးတော့ ဟွာရှန့်ကလည်း နေ့တိုင်း စာတွေကို အသည်းအသန် လေ့လာနေရတာ အပြင်ထွက်ပြီး မလည်ပတ်ရသေးဘူး။ ကျွန်တော်တို့နှစ်ယောက်က တကယ်ကို ဒုက္ခသည်ချင်း တူနေကြတာပဲ”
ဟွာရှန့် သနားစရာကောင်းသော မျက်လုံးများဖြင့် ဟွာကျွင်းကို ကြည့်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်းပင် ဟွာကျွင်း ဤအခြေအနေကို မြင်တွေ့ရသည့်အခါ စိတ်မကောင်းဖြစ်သွားပြီး မကြည့်ရက်တော့သဖြင့် ပြောတော့သည်။
“ဒါဆိုရင် ကျွန်မတို့တွေအားလုံး အတူတူ သွားကြရင်ရော၊၊ ဟွာရှန့်ရဲ့ ကျောင်းပိတ်ရက်နဲ့လည်း ကွက်တိဖြစ်သွားတာဆိုတော့ အားလုံးအတူတူ ပျော်ပျော်ပါးပါး သွားကြတာပေါ့”
အခြေအနေက ဤသို့ ဖြစ်သွားသဖြင့် လုမင်လီအနေဖြင့် ဘာမှ ထပ်ပြီး မပြောနိုင်တော့ချေ။
“ကောင်းပါပြီ။ အားလုံးပဲ ပစ္စည်းတွေကို အမြန်ဆုံး သိမ်းဆည်းကြပါ။ ကိုယ်တို့တွေ မနက်ဖြန် သွားကြမယ်”
“ရေး”
ဧည့်ခန်းအတွင်း၌ ပျော်ရွှင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
လုမင်လီ ခေါင်းခါယမ်းလိုက်မိပြီး စာအုပ်ကိုသာ ဆက်လက်ဖတ်ရှုနေလိုက်၏။
နှစ်ယောက်တည်း သာယာလှပမည့် ကမ္ဘာလေးသည် ရုတ်တရက်ဆိုသလို ကပ်ပါးရပ်ပါး အလကားလိုက်မည့်လူ နှစ်ယောက် ထပ်တိုးလာတော့၏။ ကံကောင်းထောက်မစွာ မော့ချွမ်းက ခွန်အားဗလ သန်မာသူ ဖြစ်ပေသည်။ လုမင်လီ သူ့အား ခရီးဆောင်အိတ်မှန်သမျှကို ကားနောက်ဖုံးအတွင်းသို့ ထည့်ခိုင်းလိုက်ပြီးနောက် လေဆိပ်သို့ ဦးတည်မောင်းနှင်ခဲ့တော့သည်။
ဘယ်နေရာသို့ သွားမည်ကို လုံးဝ မသိသေးသဖြင့် ဟွာကျွင်း အလွန်ပင် စိတ်လှုပ်ရှားနေပြီး လမ်းခရီးတစ်လျှောက်လုံး လုမင်လီကို မေးခွန်းများ ဆက်တိုက် မေးမြန်းနေခဲ့၏။
“ကျွန်မတို့တွေ မနက်ခင်းလက်ဖက်ရည်နဲ့ ဟော့ပေါ့ စားဖို့အတွက် ကွမ်ဖူကို သွားကြမှာလား”
“ဒါမှမဟုတ် စကိတ် စီးပြီး ဒယ်အိုးစတူးစားဖို့အတွက် ဟာဘင်ကို သွားကြမှာလား”
“ဒါမှမဟုတ် သဲကန္တာရကိုလား၊၊ မြက်ခင်းပြင်ကြီးကိုလား၊၊ ကျွန်မတို့တွေ တကယ်ပဲ ဘယ်ကို သွားကြမှာလဲဟင်။ ပြောပြပါဦးနော်။ တကယ်ကို သိချင်လွန်းလို့ပါ”
လုမင်လီ ခေါင်းခါပြလိုက်ရင် ပြော၏။
“မကြာခင် ရောက်တော့မှာ။ ခဏလောက်ပဲ ထပ်ပြီး အောင့်ထားလိုက်ပါဦး”
မျှော်လင့်မထားဘဲ ကားသည် လေဆိပ်သို့ တန်းတန်းမတ်မတ် မောင်းနှင်သွားသည်။ လေယာဉ်ပေါ်တက်မည့် ဂိတ်ဝရှေ့တွင် ရပ်လိုက်သည့် အခါမှသာ ဟွာကျွင်း နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့၏။ “ကျွန်မတို့တွေ ပြည်ပကို သွားကြမှာလား”
လုမင်လီ:
“အရင်တုန်းက အဲဒီနေရာ ပင်လယ်ပြင်ကြီးက လှလွန်းလို့။ ကိုယ် အမှတ်မထင် မြင်တွေ့ခဲ့ရတာ။ မင်းတို့အားလုံးကို လိုက်ပြချင်လို့”
မော့ချွမ်း သံသယဝင်စွာ မေးလိုက်သည်။
“အဲဒီနေရာမှာ နိုင်ငံခြားဘာသာစကားကို ပြောကြတာလား။ ဟွာကျွင်း ကျွန်တော်တို့တော့ ခင်ဗျားကိုပဲ အားကိုးရတော့မယ်နော်”
သူ ဟွာကျွင်းကို လှမ်းကြည့်လိုက်ရာ ဟွာကျွင်း ပြောလိုက်သည်။
“ကျွန်မ အင်္ဂလိပ်စကားပြောက ညံ့တယ်။ ဟွာရှန့် သိလိမ့်မယ်။ သူ နေ့တိုင်း နိုင်ငံခြားဘာသာစကား အတန်းတွေ တက်နေတာလေ”
ဟွာရှန့် ခေါင်းကို တရစပ် ခါယမ်းလိုက်ရင်း ပြော၏။
“သမီး မတတ်ပါဘူး၊ မတတ်ပါဘူး၊ သမီး လေ့လာတာတောင် မကြာသေးဘူးပေါ့”
ထို့နောက် ဟွာကျွင်း လုမင်လီကို လှမ်းကြည့်လိုက်ရင်း မေး၏။
“ရှင်နိုင်ငံခြားဘာသာစကား ပြောတတ်တယ်လို့တော့ ကျွန်မကို မပြောနဲ့ဦးနော်။ အဲဒါ တကယ့်ကို မဖြစ်နိုင်ဘူး။ ရှင်ဒီကို ရောက်လာတာ ဘယ်လောက်ပဲ ရှိသေးလို့လဲ”
လုမင်လီ ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။
“ကိုယ် မပြောတတ်ပါဘူး”
မော့ချွမ်းတစ်ယောက် အော်ဟစ်ညည်းတွားလိုက်ရတော့၏။ “သွားပါပြီ၊ ကျွန်တော်တို့တွေ အစားအစာတောင် စားရတော့မှာ မဟုတ်ဘူး”
လေယာဉ်ပေါ်က ဆင်းပြီးနောက်တွင်မူ လုမင်လီသည် တည်ငြိမ်ရင့်ကျက်စွာ လူစုကို ဦးဆောင်လျက် လေဆိပ်အတွင်းမှတစ်ဆင့် ကားငှားရမ်းသည့် ကောင်တာ ဆီသို့ သွားသည်။ သူသည် ဖုန်းထဲက ဘာသာပြန်ဆော့ဖ်ဝဲလ်ကို ဖွင့်လိုက်ပြီး ၎င်းအတွင်းသို့ စကားပြော၏။ “ကျွန်တော် မနေ့က ကားတစ်စီး ငှားရမ်းထားခဲ့ပါတယ်။ ကျေးဇူးပြုပြီး အော်ဒါကို စစ်ဆေးပေးပါဦးဗျ”
ဆော့ဖ်ဝဲလ်က ၎င်းကို ဒေသန္တရဘာသာစကားသို့ ချက်ချင်းပင် ပြန်ဆိုပေးလိုက်သည်။ လုမင်လီသည် ပရင့်ထုတ်ထားသော စာရွက်နှင့် သူ၏ဖုန်းကို ဝန်ထမ်းထံသို့ ကမ်းပေးလိုက်ရာ ဆယ်မိနစ်ပင်မပြည့်မီ အချိန်အတွင်းမှာပင် ကားသော့ကို အဆင်ပြေပြေ လက်ခံရရှိခဲ့တော့သည်။
“ တကယ့်ကို အံ့သြစရာ ကောင်းလွန်းတယ်”
မော့ချွမ်း ပြောလိုက်၏။
“စစ်သူကြီးလု ခင်ဗျားက ကျွန်တော့်ရဲ့ အိုင်ဒေါပဲ။ ကျွန်တော် နောက်နောင်ကျရင် ခင်ဗျားနောက်ကိုပဲ တကောက်ကောက် လိုက်ပါတော့မယ်”
ကျွန်းပေါ်ရှိ အပူချိန်မှာ အတော်လေး မြင့်မားလွန်းလှသဖြင့် အားလုံးသည် လေဆိပ်သန့်စင်ခန်းအတွင်း၌ နွေရာသီဝတ်စုံများကို လဲလှယ်ဝတ်ဆင်ခဲ့ကြပြီးနောက် လုမင်လီက သူတို့ကို ဟိုတယ်သို့ မောင်းနှင်ခေါ်ဆောင်ခဲ့တော့သည်။
လမ်းခရီးတစ်လျှောက်တွင် ရှုခင်းများ လှပလွန်းလှသည်သာမက ကွဲပြားခြားနားသော အိမ်ဒီဇိုင်းပုံစံမျိုးစုံ၊ အရောင်အသွေးစုံလင်သော တက္ကစီကားများနှင့် တစ်ခါမှ မမြင်တွေ့ဖူးသော အပူပိုင်းဒေသ အပင်မျိုးစုံတို့က သူတို့စိတ်နှလုံးကို အပြည့်အဝ ဆွဲဆောင်ဖမ်းစားထားသည်။
ပင်လယ်ကမ်းခြေသို့ ပိုမိုနီးကပ်လာခဲ့သည့် အခါတွင်မူ လမ်းမပေါ်တွင် ခန္ဓာကိုယ်အလှအပ ဖော်ပြထားသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည့် နိုင်ငံခြားသူ အလှပဂေးအမြောက်အမြား ထွက်ပေါ်လာကြ၏၊ သူတို့မှာ မော့ချွမ်း နွေရာသီတုန်းက မြင်တွေ့ခဲ့ဖူးသည်ထက်ပင် ပိုမို၍ ပွင့်လင်းလွန်းလှပေ၏။
“ဘုရားရေ... ဘုရားရေ၊ သူတို့တွေ အတွင်းခံဘောင်းဘီလေးတွေပဲ ဝတ်ပြီး အပြင်ကို ဘယ်လိုလုပ် ထွက်လာရဲကြတာလဲ။ ကျွန်တော့်မျက်လုံးတွေတော့ သွားပါပြီ” မော့ချွမ်း ပြတင်းပေါက်အပြင်ဘက်သို့ လုံးဝ မကြည့်ရဲတော့ချေ။ ဟွာရှန့်၏ မျက်နှာလေးလည်း ရှက်သွေးဖြန်းကာ ခရမ်းချဉ်သီးလေးလို နီရဲသွား၏။
ဟွာကျွင်းကမူ အလွန်ပင် သဘောကျ နှစ်သက်နေခဲ့သည်။
“ရှင် ဘာသိလို့လဲ။ အဲဒါကို ဘီကီနီလို့ ခေါ်တာ”
သူမက မော့ချွမ်း၏ ဆံပင်ကို ဆွဲကိုင်လိုက်ရင်း သူ၏ မျက်နှာကို ထိုင်ခုံအပေါ်သို့ ဆွဲတင်လိုက်သည်။
“သူတို့ရဲ့ ရင်ဘတ်ကြွက်သားတွေကို ကြည့်စမ်းပါဦး။ သူတို့ရဲ့ V-lineတွေကို ကြည့်ဦး။ န္ဓာကိုယ်အချိုးအစားက တကယ့်ကို မိုက်လွန်းတယ်”
မော့ချွမ်း ရုန်းကန်လိုက်ရင်း ပြောတော့၏။
“စစ်သူကြီးလု... ခင်ဗျား သူ့ကို နည်းနည်းလောက် ထိန်းကျောင်းပေးဖို့ မပြင်ဘူးလား”
လုမင်လီကမူ အရှေ့တည့်တည့်ကိုသာ စိုက်ကြည့်ရင်း အေးအေးလူလူပင် ပြောလိုက်သည်။
“အဆင်မပြေတာ ဘာမှမရှိပါဘူး။ မင်းရဲ့ အတွေးအမြင်က မရိုးမသား မဖြစ်နေရင်တော့ တစ်မျိုးပေါ့”
ဟွာကျွင်း မျက်ခုံးပင့်ရင်း ပြောလိုက်၏။
“မော့ချွမ်း သူ ဘယ်လောက်တောင် အမြင်ကျယ်လဲဆိုတာ ကြည့်စမ်းပါဦး”
လုမင်လီ ကြိုတင်မှာယူထားသော ဟိုတယ်သည် ပင်လယ်ပြင်နှင့် ကပ်လျက်ရှိပြီး ကိုယ်ပိုင်သီးသန့် ကမ်းခြေ ရှိကာ ခရီးသွားနည်းပါးသော ရာသီ ဖြစ်သဖြင့် ကမ်းခြေပေါ်တွင် လူသူ ရှင်းလင်းနေသည်။
သူ အပေါ်ဆုံးထပ်ရှိ ထိပ်တန်းအခန်း သုံးခန်းကိုမှာယူထားပြီး တစ်ခန်းကို ဟွာကျွင်းညီအစ်မနှစ်ယောက်အတွက် ဖြစ်ကာ ကျန်နှစ်ခန်းကိုမူ သူနှင့် မော့ချွမ်းတို့ တစ်ယောက်တစ်ခန်းစီ နေထိုင်ကြခြင်း ဖြစ်သည်။
ဟွာကျွင်းနှင့် ဟွာရှန့်တို့ကို အခန်းထဲသို့ လိုက်လံပို့ဆောင်ပေးပြီးနောက် လုမင်လီ ညွှန်ကြားလိုက်၏။
“မင်းတို့နှစ်ယောက် ခဏလောက် အနားယူလိုက်ဦး။နောက်ပြီး နာရီဝက်ကြာရင် ကိုယ်တို့တွေ ကမ်းခြေပေါ်မှာ အတူတူ လမ်းလျှောက်ထွက်ကြမယ်”
ဟွာကျွင်း တံခါးပိတ်လိုက်ပြီးနောက် ခရီးဆောင်အိတ်ကို အမြန်ဆုံး ဖွင့်လှစ်လိုက်ကာ အတွင်းရှိ အဝတ်အစားအားလုံးကို အပြင်သို့ ထုတ်ယူလိုက်တော့၏။ သူမ ရှာဖွေတွေ့ရှိသမျှမှာ ဆွယ်တာအင်္ကျီများနှင့် ဂျင်းဘောင်းဘီများသာ ဖြစ်ကြပြီး အနွေးထည်အထူကြီးတစ်ထည်ပင် ပါဝင်နေသေးသည်။
သူမသည် စိတ်ပျက်လက်ပျက်ဖြင့် ကုတင်ပေါ်သို့ လှဲချလိုက်ရင်း ညည်းတွားတော့၏။
“စစ်သူကြီးလုက ငါတို့တွေ ပင်လယ်ကမ်းခြေကို လာကြမှာကို ကြိုတင်ပြီးတော့တောင် မပြောပြဘူး။ ငါ့ကို လိုက်ဖက်တဲ့ အဝတ်အစားတွေ လုံးဝ မပြင်ဆင်ခဲ့မိအောင် လုပ်လိုက်တာပဲ။ ရေကူးဝတ်စုံကိုတောင် တစ်ထည်မှ ယူမလာခဲ့မိဘူး”
“သမီးရဲ့ ဒီဝတ်စုံဆိုရင်တော့ အဆင်ပြေလောက်ပါတယ်”
ဟွာရှန့်က လက်တို တီရှပ်အင်္ကျီတစ်ထည်နှင့် စကတ်တစ်ထည်ကို ကိုင်ဆောင်လျက် ပြောသည်။
ဟွာကျွင်း ခေါင်းကိုတောင် မမော့ဘဲ ပြောလိုက်၏။
“မရပါဘူး၊ မရပါဘူး”
သူမသည် ဟွာရှန့်၏ ခရီးဆောင်အိတ်ကို ကိုယ်တိုင် ပြင်ဆင်ပေးခြင်း ဖြစ်သဖြင့် အတွင်း၌ သူမလိုပင် ဆောင်းဦးနှင့် ဆောင်းရာသီ ဝတ်စုံများသာ ပြည့်နှက်နေသည်ကို သေသေချာချာ သိရှိနေဖြစ်သည်။
“ငါတို့တွေ အဝတ်အစား သွားဝယ်ကြရအောင်”
သူမ ချက်ချင်းပင် ထိုင်ရာက ထလိုက်ပြီး ဟွာရှန့်ကို ဆွဲခေါ်ကာ အပြင်သို့ ထွက်ခဲ့တော့၏။
“ပြီးတော့ သူတို့တွေရော အဝတ်အစား ဝယ်ချင်ကြသေးလားဆိုတာ သွားမေးရဦးမယ်”
လုမင်လီသည် လက်တို တီရှပ်နှင့် ဘောင်းဘီတိုကို လဲလှယ်ဝတ်ဆင်ထားသည်။ သူ တံခါးပိတ်လိုက်ရင်း ပြော၏။
“ကောင်းပါပြီ။ ကိုယ် မင်းတို့နဲ့အတူ လိုက်ခဲ့မယ်။ ပြီးတော့ ကိုယ်နဲ့ လိုက်ဖက်မဲ့ အဝတ်အစားမျိုး ရှိမလားဆိုတာ တစ်ခါတည်း ကြည့်ရတာပေါ့နော်”
မော့ချွမ်း: “ကျွန်တော်ကတော့ မလိုဘူး၊၊ ကျွန်တော့်မှာ ဝတ်စရာ အဝတ်အစားတွေ ရှိတယ်”
ဟွာကျွင်း သူ့အဝတ်အစားများကို မနှစ်မြို့စွာ လက်ညှိုးထိုးပြလိုက်ရင်း ပြော၏။
“ရှင် ဒါကို ဝတ်စရာအဝတ်အစား ရှိတယ်လို့ ခေါ်တာလာ။ ရာသီဥတုက ဒီလောက်အထိ ပူပြင်းတာကို ရှင်က ဘောင်းဘီအရှည်ကြီး ဝတ်ထားသေးတယ်။ ရှင်အပူလောင်ပြီး အနီစက်တွေ ထွက်လာမှာကိုပဲ စိုးရိမ်မိတယ်။ မြန်မြန်လေး အပြင်ထွက်ခဲ့စမ်းပါ”
မော့ချွမ်းသည် သူ့ဖုန်းနှင့် အားသွင်းတုံးကို ကိုင်ဆောင်လျက် မပျော်မရွှင်ဖြင့် သူတို့နောက်သို့ လိုက်ပါလာတော့သည်။
ကျွန်းပေါ်ရှိ ကုန်တိုက်ကြီးများသည် အတော်လေး သာမန်မျှသာ ဖြစ်သော်လည်း ကံကောင်းထောက်မစွာ ရေကူးဝတ်စုံ ဒီဇိုင်းမျိုးစုံ အမြောက်အမြား ရှိနေ၏။ ဟွာကျွင်း တောက်ပသော အနီရောင်ကြိုးသိုင်းဘီကီနီ တစ်ထည်ကို ချက်ချင်းပင် သဘောကျသွားသည်။
“ကျွန်မ အဲဒီတစ်ထည်ကို လိုချင်တယ်။ ကျွန်မရဲ့ ဓာတ်အာရုံက မီးဓာတ် နဲ့ ကိုက်ညီတယ်။ ဒီအနီရောင်က ကျွန်မကို တကယ့်ကို ဆွဲဆောင်နေတယ်။ ဟွာရှန့် ညီမလေးရော ဘယ်လိုအရောင်မျိုးကို သဘောကျလဲ”
လုမင်လီသည် သူမ လက်ညှိုးထိုးပြရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ပြီးနောက် အရောင်းဝန်ထမ်း မိန်းကလေးကို မေးမြန်းလိုက်သည်။
“ဒီအရောင်နဲ့ပဲ အခြား ဒီဇိုင်းပုံစံမျိုး ရေကူးဝတ်စုံတွေ ရှိသေးလား”
မော့ချွမ်း ရယ်မောတော့သည်။
“ခုနကတင် အဆင်ပြေပြေ လိုက်ပါရမယ် ဆိုတာ ဘယ်ရောက်သွားပြီလဲ၊၊ အမြင်ကျယ်ပါတယ်ဆိုတာရော ဘယ်ပျောက်ကွယ်သွားပြီလဲ”
ဟွာရှန့် လုမင်လီကို တောင်းပန်တိုးလျှိုးလိုက်၏။ “အစ်ကိုလု သမီး ဒီလို အဝတ်အစားမျိုးကို မဝတ်ချင်ပါဘူး”
လုမင်လီ: “ညီမလေး မဝတ်ချင်ရင် မဝတ်နဲ့။ ညီမလေး သဘောကျတဲ့ ဟာကို စိတ်ကြိုက်ရွေးချယ်”
အရောင်းဝန်ထမ်း မိန်းကလေးသည် အနီရောင် ရေကူးဝတ်စုံ ဒီဇိုင်းမတူညီသော နှစ်ထည်ကို ယူဆောင်လာသည်။ လုမင်လီ စကတ်ဒီဇိုင်းပါသော တစ်ထည်ကို လက်ညှိုးထိုးပြလိုက်ရင်း ပြော၏။
“ဒီတစ်ထည်ပဲ”
ဟွာကျွင်း အရောင်းဝန်ထမ်း မိန်းကလေး၏ လက်ကို ချက်ချင်းပင် ဖိချလိုက်ရင်း ပြောသည်။
“ကျွန်မ ဒါကို မဝတ်ချင်ပါဘူး၊၊ ဒါက အရမ်းရိုးအိလွန်းတယ်။ ကြည့်ဦး။ လမ်းပေါ်က ဘယ်သူကများ စကတ်ပါတဲ့ ရေကူးဝတ်စုံကို ဝတ်ဆင်နေလို့လဲ”
လုမင်လီ အလွန်ပင် စိတ်ရှည်လက်ရှည်ဖြင့် ပြောလိုက်၏။
“အခြားလူတွေက အခြားလူတွေပေါ့။ မင်းက မင်းပဲလေ။ မင်း ဒါကို ဝတ်ရင်လည်း သေချာပေါက် လှပနေမှာပါ”
“ မဖြစ်နိုင်ဘူး”
သူတို့နှစ်ဦး ဆိုင်အတွင်း၌ အတော်လေး ကြာမြင့်စွာအထိ ငြင်းခုံနေကြ၏။ နောက်ဆုံးတွင် ဟွာကျွင်း အခြားတစ်ထည်ကို လက်ညှိုးထိုးပြလိုက်ရင်း ပြောလိုက်သည်။
“ကျွန်မတို့တွေ တစ်ယောက်တစ်ဝက်စီ လျှော့ကြရအောင်။ ဒီတစ်ထည်ပဲ”
၎င်းသည် သပ်ရပ်လှပသော အနီရောင် ပြိုင်ပွဲဝင် ရေကူးဝတ်စုံ တစ်ထည် ဖြစ်သော်လည်း လုမင်လီကတော့ အခုထိ လက်မခံနိုင်သေးချေ။
“ဒါဆိုရင် ကျွန်မ ဆွယ်တာအင်္ကျီကြီး ဝတ်ပြီးတော့ပဲ ရေထဲကို ဆင်းလိုက်တော့မယ်။ ပြီးမှ ရှင် ပင်လယ်ရေနက်ပိုင်းထဲကနေ ကျွန်မကို လာဆယ်လိုက်တော့နော်”