အခန်း (၄)
Vol. 32-Extra Ch. Extra-4
အရောင်းဝန်ထမ်း မိန်းကလေးသည် သူတို့ဘာသာစကားကို နားမလည်သော်လည်း ဘာဖြစ်နေကြသည်ကို ခန့်မှန်းမိပုံရ၏။ သူမ ခရင်မ်ရောင် အပေါက်ပါသော အပေါ်ခြုံအင်္ကျီ လေးတစ်ခုကို ထုတ်ယူကာ ရေကူးဝတ်စုံ၏ အပေါ်ကနေ ထပ်ပြီး ဝတ်ဆင်လို့ရကြောင်း အမူအရာဖြင့် ပြသလိုက်သည်။
ထိုအပေါ်ခြုံအင်္ကျီလေးသည် အတော်လေး လှပပြီး အလွန်အမင်း ပွင့်လင်းလွန်းခြင်းလည်း မရှိချေ။ ဟွာကျွင်း အတော်လေး သဘောကျ နှစ်သက်သွားသည်။
လုမင်လီလည်း သဘောတူလိုက်ပြီးနောက် ထပ်လောင်းပြော၏။
“ဒါပေမဲ့ မင်း ဘောင်းဘီတော့ ဆက်ပြီး ဝတ်ထားရဦးမယ်နော်”
မော့ချွမ်းတစ်ယောက် စိတ်မရှည်နိုင်တော့ချေ။
“အစ်ကိုတို့ အစ်မတို့ရေ ကျွန်တော် ဂိမ်းနှစ်ပွဲတောင် ဆော့ပြီးသွားပြီ။ ခင်ဗျားတို့နှစ်ယောက် နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချပြီးသွားကြပြီလား။ ကျွန်တော့်အထင်တော့ ခင်ဗျားတို့ နာရီဝက်အတွင်းမှာတင် အဆောက်အအုံတစ်ခုလုံးကို ဝယ်ယူနိုင်လောက်တယ်”
ဟွာကျွင်း အလျှော့ပေးလိုက်ရ၏။ “ကဲပါ... ကဲပါ။ ကျွန်မ ဂျင်းဘောင်းဘီတစ်ထည် သွားပြီး ဝယ်လိုက်ပါ့မယ်”
ထို့နောက် သူမ ဟွာရှန့် လက်ခံနိုင်မည့် ရေကူးဝတ်စုံတစ်ခုကိုပါ ရွေးချယ်ပေးလိုက်သည်။ မော့ချွမ်းကမူ ရေကူးဘောင်းဘီတိုကို လုံးဝ မဝယ်ယူဘဲ ဇွတ်ငြင်းဆန်နေသဖြင့် ဟွာကျွင်းလည်း သူ့ကို ဂရုမစိုက်တော့ချေ။
လုမင်လီ ဘေးနားတွင် မတ်မတ်ရပ်လျက် နံရံပေါ်တွင် ချိတ်ဆွဲထားသော အနက်ရောင် လက်ရှည် ခြေရှည် တစ်ဆက်တည်းဖြစ်သော ရေလှိုင်းစီးဝတ်စုံ ကို လှမ်းကြည့်လိုက်မိ၏။ သူ စိတ်ဝင်စားစွာ မေးလိုက်သည်။ “ဒီလို အဝတ်အစားမျိုးရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ဘာသာပြန်ဆော့ဖ်ဝဲလ်၏ ကူညီမှုကြောင့် သူသည် ထိုအဝတ်အစား၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားပြီး အရောင်းဝန်ထမ်း မိန်းကလေး၏ ကူညီမှုဖြင့် ရေလှိုင်းစီးကလပ် တစ်ခုကိုပါ ချက်ချင်း ကြိုတင်စာရင်းသွင်းလိုက်တော့သည်။
“မော့ချွမ်း မင်းရော တစ်စုံလောက် လိုချင်လား”
လုမင်လီ ရေလှိုင်းစီးဝတ်စုံတစ်ထည်နှင့် ရေလှိုင်းစီးဘုတ်ပြား တစ်ခုကို ဝယ်ယူလိုက်ပြီးနောက် မော့ချွမ်းကို လှမ်းမေးလိုက်သည်။
မော့ချွမ်း ခဏတာမျှ ဝေခွဲမရဖြစ်သွားသော်လည်း ခေါင်းခါယမ်းကာ ငြင်းဆိုပြန်၏။
ထို့နောက် သူ ဟွာကျွင်းနှင့် ဟွာရှန့်တို့ကို လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦးလုံးကလည်း ခေါင်းကို တရစပ် ခါယမ်းလိုက်ကြရင်း ပြောသည်။
“ကျွန်မတို့တွေ ရေတောင် ကောင်းကောင်းမကူးတတ်တာ ဘယ်လိုလပ် ရေလှိုင်းစီးလို့ရမှာလဲ”
၎င်းကို ကြားသိရပြီးနောက် လုမင်လီသည် ဟွာကျွင်းအတွက် ရေလှိုင်းစီးဝတ်စုံအပိုတစ်ထည်ကိုပါ ဝယ်ယူလိုက်၏။
သူတို့လေးဦး ကမ်းခြေပေါ်တွင် ခဏတာမျှ လမ်းလျှောက်ခဲ့ကြ၏။ လုမင်လီသည် ဟွာကျွင်းနှင့် ဟွာရှန့်တို့၏အနားတွင် အဖော်ပြုပေးရင်း ရေလှိုင်းလေးများနှင့် ဆော့ကစားကြကာ ဓာတ်ပုံပေါင်း တစ်ရာကျော်ခန့်အထိ ရိုက်ကူးပေးခဲ့သည်။ ထို့နောက်တွင် သူ ကြိုတင်စာရင်းသွင်းထားသော ရေလှိုင်းစီးကလပ်က နည်းပြ ရောက်ရှိလာခဲ့တော့သည်။
ဟွာကျွင်း: “အဆင်ပြေတာပဲ။ ကျွန်မတို့တွေနှစ်ယောက်လုံးလည်း ပင်ပန်းနေပြီ။ ရှင် သွားပြီး ဆော့တော့”
မော့ချွမ်းကတော့ အနားယူရန်အတွက် ထိုင်ခုံရှည် တစ်ခုကို ရှာထား၏။ ဟွာကျွင်းနှင့် ဟွာရှန့်တို့လည်း သူ့ဘေးနားရှိ ထိုင်ခုံရှည်များပေါ်သို့ အသီးသီး လှဲချလိုက်ကြတော့သည်။
“စစ်သူကြီးလုက တကယ့်ကို ဇွဲရှိလွန်းတယ်”
မော့ချွမ်း ပြောလိုက်သည်။
“အပြင်ထွက်ပြီး ဆော့ကစားရတာထက်စာရင် ဖုန်းဆော့ရတာက ပိုပြီးတော့ ပျော်စရာကောင်းသေးတယ်လို့ ကျွန်တော် ခံစားရတယ်”
နည်းပြ လုမင်လီကို ဆယ်မိနစ်ခန့် သင်ကြားပေးခဲ့ပြီးနောက် သူ အခြေခံအချက်အလက်မှန်သမျှကို ကျွမ်းကျင်စွာ တတ်မြောက်သွားတော့၏။ သူသည် ရေနက်ပိုင်းဆီသို့ ဘုတ်ပြားကို လက်ဖြင့်ယက်ကာ လှော်ခတ်သွားပြီး နည်းပြအနေဖြင့် သူ့ဘေးနားကနေ လိုက်ပါပေးရုံနှင့် သူ၏ လှုပ်ရှားမှုအချို့ကို ရံဖန်ရံခါ ပြင်ဆင်ပေးရုံမျှသာ လိုအပ်တော့သည်။
မကြာမီမှာပင် တစ်နာရီခန့် အချိန်ကုန်ဆုံးသွားပြီး နည်းပြဖြစ်သူ ထပ်မံသင်ကြားပေးစရာ ဘာမှမရှိတော့ဟု ခံစားလိုက်ရသဖြင့် ကိုယ်တိုင် ပို၍ လေ့ကျင့်ရန်ပြောကြားကာ ထွက်ခွာသွားတော့၏။
လုမင်လီ ဟွာကျွင်းအတွက် ဝယ်ယူထားသော ရေလှိုင်းစီးဝတ်စုံကို ယူဆောင်လာပြီး ဟွာကျွင်းထံ ကမ်းပေးလိုက်ရင်း ပြော၏။
“ကိုယ် နည်းစနစ်တွေကို ကျွမ်းကျင်သွားပြီ။ မင်းလည်း လာပြီး ဆော့ကြည့်လေ”
“မရဘူး။ ကျွန်မ ရေကြောက်တယ်” ဟွာကျွင်း စိုးရိမ်ထိတ်လန့်သွားပြီး ထိုင်ခုံနောက်သို့ ဆုတ်ကာ လုံးဝ မလှုပ်မယှက် နေနေသည်။
“မစိုးရိမ်နဲ့။ ကိုယ်တို့တွေ ရေတိမ်တဲ့ နေရာလေးမှာတင် ဆော့ကြမှာပါ”
သူမကို အဝတ်လဲခန်းသို့ သွားရောက်ကာ ရေလှိုင်းစီးဝတ်စုံကို လဲလှယ်ဝတ်ဆင်ရန်အတွက် သူ ချော့မော့ခေါ်ဆောင်သွား၏။
ဟွာကျွင်း သတ္တိမနည်းချေ။ သူမသည် မြင်းစီးခြင်းကိုပင် သင်ယူဖူးသူ ဖြစ်သည်။ သူမအနေဖြင့် ရေနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးရုံမျှသာ ဖြစ်၏။ သူမ အဝတ်အစား လဲလှယ်ပြီးစီးသွားသည့်အခါ လုမင်လီ ဘယ်ကနေ ရသည်မသိသော အသက်ကယ်အင်္ကျီတစ်ထည်ကို သူမအား ဝတ်ဆင်ပေးလိုက်ပြီးနောက် ဒူးထောက်ထိုင်ချလိုက်ရင်း ခြေချင်းဝတ်ကြိုးကို သူမအတွက် သေသေချာချာ ချည်နှောင်ပေးသည်။
သူတို့ ကမ်းစပ်နှင့် မလှမ်းမကမ်းရှိနေရာတစ်ခုသို့ ရောက်သွားကြ၏။ ဟွာကျွင်း ရေလှိုင်းစီးဘုတ်ပြားပေါ်တွင် မှောက်လျက် လှဲနေပြီး ခန္ဓာကိုယ်လေးသည် စိုးရိမ်စိတ်ကြောင့် တုန်လှုပ်နေခဲ့ကာ လုမင်လီကို ညွှန်ကြားနေ၏။
“ရှင် ဘုတ်ပြားကို သေသေချာချာ ထိန်းထားပေးရမယ်။ လက်ကို လုံးဝ မလွှတ်လိုက်နဲ့ဦး”
“အွန်း”
ရေလှိုင်းလေးများကတစ်ခုပြီးတစ်ခု လိမ့်တက်လာပြီး ရေလှိုင်းစီးဘုတ်ပြားလေးမှာလည်း ရေမျက်နှာပြင်ပေါ်တွင် အထက်အောက် လှုပ်ရှားနေခဲ့ရာ ဟွာကျွင်း ဖြည်းဖြည်းချင်း စိတ်လျှော့နိုင်သွားသည်။
“ဒါ တကယ်တော့ အတော်လေး ပျော်စရာကောင်းတာပဲနော်”
“မင်း မကြောက်တော့ဘူးလား”
လုမင်လီ နူးညံ့စွာ မေးမြန်းလိုက်သည်။
“အစကလောက် မကြောက်တော့ပါဘူး”
“နောက်ထပ် ရေလှိုင်းတစ်ခု လာတဲ့အခါကျရင် မတ်မတ်ရပ်နိုင်အောင် ကြိုးစားကြည့်”
လုမင်လီ ပြောလိုက်သည်။
သူ၏ စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသမှုအောက်တွင် ဟွာကျွင်း ရေလှိုင်းကို စီးနင်းလျက် ကမ်းစပ်သို့ အောင်မြင်စွာ ရောက်သွားတော့၏။
“အရမ်းကို ပျော်စရာကောင်းလွန်းတယ်”
ဟွာကျွင်း ဘုတ်ပြားကို ပွေ့ပိုက်လိုက်ရင်း ပင်လယ်ပြင်အတွင်းသို့ ပြန်ဝင်သွား၏။
“နောက်တစ်ကြိမ် ထပ်လုပ်ကြရအောင်”
လုမင်လီ သူမကို ခေါ်ဆောင်ကာ တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်တိုက် ကစားတော့တော့သည်။
“ကျွန်မတို့တွေ ပိုပြီးတော့ နက်တဲ့နေရာကို သွားကြရအောင်”
ဟွာကျွင်း စိတ်လှုပ်ရှားစွာ ပြော၏။
“မရပါဘူး”
လုမင်လီ ဟွာကျွင်းကို အနောက်သို့ ဆွဲခေါ်လိုက်ရင်း ပြော၏။
“မင်း ရေကောင်းကောင်းကူး တတ်သွားတဲ့ အချိန်အထိ စောင့်ဦး”
“ကောင်းပြီ။ ကျွန်မ ပြန်ရောက်ရင် ရေကူး သေသေချာချာ သင်မယ်”
ခဏတာမျှ ဆော့ကစားပြီးနောက် ဟွာကျွင်း အားကုန်ဆုံးသွားသည်။ လုမင်လီ သူမကို ကမ်းစပ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး သူကိုယ်တိုင်ကမူ ပင်လယ်ပြင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ ခဏတာမျှ ထပ်မံဆော့ကစားနေခဲ့၏။
ထိုအချိန်တွင် ပင်လယ်ပြင်အတွင်း၌ ရေလှိုင်းစီးနေကြသော လူအချို့လည်း ရှိနေသည်။ ရုတ်တရက်ဆိုသလို ကြီးမားသော ရေလှိုင်းကြီးတစ်ခု လိမ့်တက်လာခဲ့ပြီး ဟွာကျွင်း ထိတ်လန့်တကြား အော်ဟစ်သံတစ်ခုကိုသာ ကြားလိုက်ရတော့၏။ ကြည့်ရတာ မိန်းကလေးတစ်ဦး ရေလှိုင်းဒဏ်ကြောင့် ရေလှိုင်းစီးဘုတ်ပြားပေါ်ကနေ လွင့်စင်ပြုတ်ကျသွားခြင်း ဖြစ်ပုံရသည်။
ကြီးမားသော ရေလှိုင်းကြီး ဖြတ်ကျော်သွားပြီးသော်လည်း သူမသည် ဘုတ်ပြားပေါ်သို့ အချိန်အတော်ကြာအောင် ပြန်တက်မလာနိုင်ချေ။
လုမင်လီ သူမနှင့် အနီးကပ်ဆုံး နေရာတွင် ရှိနေသူဖြစ်၏။ သူ ဘုတ်ပြားပေါ်တွင် မှောက်လျက် လက်ဖြင့် ယပ်ကာ အမြန်ဆုံး လှော်ခတ်သွားပြီ ထိုမိန်းကလေး၏ ရေလှိုင်းစီးဘုတ်ပြားကို ရှာဖွေတွေ့ရှိသွားသည်။
ကံကောင်းထောက်မစွာ ခြေချင်းဝတ်ကြိုးသည် ပြုတ်ထွက်သွားခြင်း မရှိသေးချေ။ သူ ထိုကြိုးလမ်းကြောင်းအတိုင်း လိုက်ရှာဖွေရာ မိန်းကလေးကို တွေ့ရှိသွားပြီး သူမ လက်မောင်းကို ဆွဲကိုင်လျက် သူမ ကိုယ်ပိုင်ဘုတ်ပြားပေါ်သို့ ဆွဲတင်ပေးလိုက်တော့သည်။
ထိုမိန်းကလေးသည် သတိမလစ်သွားသော်လည်း ခွန်အား ကုန်ဆုံးသွား၏။ သူမသည် ဘုတ်ပြားပေါ်တွင် မှောက်လျက် ခဏတာမျှ အမောဖြေနေသည်။ ထိုအချိန်တွင် ကမ်းခြေစောင့် ‘ရှောင်ဟေး’ ရောက်ရှိလာပြီး သူမကို ကမ်းစပ်သို့ ကူညီတွဲခေါ်သွားတော့သည်။
လုမင်လီသည် သူ့ရေလှိုင်းစီးဘုတ်ပြားပေါ်တွင် ဆက်လက်၍ မတ်မတ်ရပ်နေ၏။
ထိုမိန်းကလေးကို သူမ သူငယ်ချင်းက ထိုင်ခုံရှည်တစ်ခုဆီသို့ ကူညီတွဲခေါ်သွားသည်။ ထိုအခါမှသာ ဟွာကျွင်းသည် သူမက ရွှေဝါရောင်ဆံပင်နှင့် ပြာလဲ့သော မျက်ဝန်းများရှိသည့် နိုင်ငံခြားသူ အလှပဂေးလေးတစ်ဦး ဖြစ်ကြောင်း မြင်တွေ့လိုက်ရတော့၏။
သူမသည် ဆယ်မိနစ်ခန့် အနားယူလိုက်ပြီးနောက် အဆင်ပြေသွားပုံရပြီး သူမ သူငယ်ချင်းနှင့်အတူ ရယ်မောကာ စကားအချို့ ပြောဆိုနေသည်။
ဟွာကျွင်း သက်ပြင်းချလိုက်ရင်း ပြော၏။
“နိုင်ငံခြားသားတွေရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက တကယ့်ကို ပိုပြီးတော့ ကောင်းမွန်တာပဲနော်”
သူမ ဟွာရှန့်ကို လှည့်ပြောလိုက်သည်။
“ညီမလေး စာအုပ်တွေကိုပဲ ဆက်တိုက် ဖတ်နေလို့မရဘူး။ ကိုယ်လက်လှုပ်ရှားမှုတွေကိုပါ ပိုပြီးတော့ လုပ်ရမယ်”
စစ်သူကြီးလု နောက်ဆုံးတွင် ပျော်ပျော်ပါးပါး ဆော့ကစားပြီးစီးသွား၏။ သူသည် ဘုတ်ပြားကို ညာဘက်လက်မောင်းအောက်တွင် ညှပ်လျက် ရေလှိုင်းလေးများကို ဖြတ်ကျော်ကာ ဟွာကျွင်းထံ လျှောက်လာသည်။ သူ့ဆံပင်များမှာ ရေစိုနေပြီး မျက်နှာပေါ်တွင် ကပ်ညှပ်နေခဲ့သဖြင့် ရှေးခေတ်ကာလနှင့် မတူညီသော ပုံစံအသစ်တစ်ခုကို ပေးနေတော့သည်။
သူ ထိုင်ခုံရှည်နားသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် နိုင်ငံခြားသူမိန်းမလှလေးက သူ့ကို အပြေးအလွှား လာရောက် မေးတော့သည်။ “ကျွန်မ တကယ်ကို ကျေးဇူးတင်ပါတယ်။ အဆင်ပြေမယ်ဆိုရင် ရှင် ဒီနေ့ညနေခင်း အချိန်ရမလား”
ဟွာကျွင်း ဤစကားစုကို အပြည့်အဝ နားလည်လိုက်သည်။ ၎င်းမှာ သူ့ကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ညနေခင်းတွင် အချိန်ရမလားဟု ချိန်းဆိုလိုက်ခြင်း ဖြစ်၏။
သူမ လုမင်လီ ဘာသာပြန်ရန်အတွက် ဖုန်းကို ထပ်မံထုတ်ယူလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း မထင်ထားစွာ လုမင်လီက ဟွာကျွင်းဘက်သို့ ကြည့်ရင်း ရိုးရှင်းစွာ ပြန်ဖြေကြားလိုက်သည်။ “အားနာပါတယ်။ ကျွန်တော့်မှာ အချိန်မရှိပါဘူး”
နိုင်ငံခြားသူအလှလေးသည် အံ့အားသင့်သွားပုံရပြီး ထို့နောက် ဟွာကျွင်းကို အားနာစရာကောင်းစွာ တောင်းပန်စကား ဆိုလာသည်။
“တောင်းပန်ပါတယ်။ ကျွန်မ ဒါကို မသိလိုက်လို့ပါ”
ဟွာကျွင်း ပြုံးလိုက်မိရင်း ပြော၏။ “ကိစ္စမရှိပါဘူး”
ထိုမိန်းကလေး ထွက်ခွာသွားပြီးနောက် ဟွာကျွင်း ခါးတောင် မဆန့်နိုင်တော့ဘဲ တခစ်ခစ် ရယ်မောနေတော့သည်။ သူမ ရယ်မောခြင်း ပြီးဆုံးသွားသည့်အခါ မျက်ရည်များကို သုတ်လိုက်ရင်း သက်ပြင်းချလိုက်မိ၏။
“အို... ရှင်ကတော့ တကယ်ကို ဆွဲဆောင်မှု ရှိတယ်။ အချိန်တိုလေးအတွင်းမှာတင် အချစ်ဇာတ်လမ်းတစ်ခုကို ဖန်တီးမိလုနီးပါး ဖြစ်သွားပြီ”
လုမင်လီ သူမကို စိုက်ကြည့်လိုက်ရင်း ပြော၏။
“လျှောက်မပြောနဲ့။ ဘာအချစ်ဇာတ်လမ်းလဲ၊၊ ဒါ တကယ်ကို နားလည်မှုလွဲရုံ သပ်သပ်ပဲ”
ထိုညနေခင်းတွင် သူတို့ လုမင်လီ ကြိုတင်မှာယူထားသော ကမ်းပါးဘေးရှိ စားသောက်ဆိုင်၌ ညစာ စားသုံးခဲ့ကြသည်။ ဟွာကျွင်းနှင့် ဟွာရှန့်တို့ ပေါ့ပါးလှပသော ဂါဝန်အရှည်ကြီးများကို လဲလှယ်ဝတ်ဆင်ခဲ့ကြ၏။
သူတို့ အပေါ်ထပ်သို့ တက်ရောက်လိုက်သည့်အခါ လုမင်လီသည် စားသောက်ဆိုင်တစ်ခုလုံးကို ကြိုတင်မှာယူထားခြင်း ဖြစ်ကြောင်း သိလိုက်ရတော့၏။ ထိုအချိန်တွင် စားသောက်ဆိုင် ဝန်ထမ်းများကလွဲလျှင် အတွင်း၌ တယောထိုးသမား တစ်ဦးသာ ရှိနေသည်။
သူတို့ စားသောက်ဆိုင်၏ ဒုတိယထပ် လေသာဆောင် တွင် ထိုင်နေကြခြင်း ဖြစ်သည်။ အပြင်ဘက်တွင် ပင်လယ်ပြင်ကြီးနှင့် နေဝင်ဆည်းဆာ ရှုခင်းကြီး ရှိနေခဲ့၏။ ကောင်းကင်ယံထက်၌ ပြာလဲ့သော အလင်းတန်းလေးများ ယှဥ်သန်းနေပြီး ညနေခင်း၏ ဆည်းဆာအလင်းရောင်က လူတိုင်းနှင့် အရာအားလုံးကို ရွှေရောင်အဆင်းဖြင့် လှပစွာ ခြယ်မှုန်းပေးထား၏။ စားသောက်ဆိုင်၏ မီးရောင်စုံများသည် ဖြည်းဖြည်းချင်း လင်းထိန်လာခဲ့ပြီး တယောသံစဉ်လေးကား လွင့်ပျံလာခဲ့သည်။ ဤအခိုက်အတန့်လေးသည် စိတ်ကူးယဉ်ဖွယ် ချိုမြိန်ဖွယ်ကောင်း၏။
ဟွာကျွင်း မော့ချွမ်းနှင့် ဟွာရှန့်တို့ကို အတူတူ ခေါ်ဆောင်လာခဲ့မိခြင်းအတွက် စိတ်ထဲကနေ အနည်းငယ် နောင်တရမိသွားသည်။
သူမ လုမင်လီကို လှမ်းကြည့်လိုက်မိ၏။ လုမင်လီသည် သူမ အတွေးများကို နားမလည်ဘဲ သူမကို ပြုံးပြရင်း မေးသည်။ “လှရဲ့လား”
“လှပါတယ်။ ပြီးတော့ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
ဟွာကျွင်း: “ကျွန်မကိုယ်တိုင် ခရီးသွားအစီအစဉ်တွေကို ရှာစရာမလိုဘဲ စီမံကွပ်ကဲစရာ မလိုတာ ဒီလောက်ထိ ကောင်းမွန်လိမ့်မယ်လို့ မျှော်လင့်မထားဘူး”
ပို၍ အံ့ဩစရာ ကောင်းသည်မှာ အရာအားလုံးကို လက်လွှတ်လိုက်ပြီးနောက် ဤခရီးစဉ်လမ်းကြောင်းသည် သူမ မျှော်လင့်ချက်များနှင့် ကွက်တိ ကိုက်ညီနေခဲ့ခြင်း ဖြစ်ပေသည်။
လုမင်လီ သူမအတွက် ပုစွန်တစ်ကောင်ကို အခွံခွာပေးလိုက်ပြီး ပုစွန်သားကို သူမ ပန်းကန်လုံးအတွင်းသို့ ထည့်ပေးလိုက်ရင်း ပြော၏။
“ဒါက ဘာများ ခက်ခဲလို့လဲ။ မင်း ဒါတွေကို မလုပ်ချင်ဘူးဆိုရင် အနာဂတ်မှာ ခရီးသွားတဲ့အခါ အရာအားလုံးကို ကိုယ့်ဆီကို လွှဲထားလိုက်”
ဟွာကျွင်း ပုစွန်တစ်ကောင်လုံးကို ပါးစပ်အတွင်းသို့ ထည့်သွင်းလိုက်ရင်း ပြော၏။
“ရှင် ဓာတ်ပုံရိုက်တာနဲ့ ဓာတ်ပုံပြင်တာ ကိုပါ ထပ်ပြီးတော့ လေ့လာဖို့ လိုအပ်သေးတယ်။ ကျွန်မ ဓာတ်ပုံလှလှလေးတွေကို လိုချင်တယ်”
“လုံးဝ ပြဿနာမရှိပါဘူးဗျာ”
“ပြီးတော့ ရှင် နေရာအနှံ့က အရသာရှိတဲ့ အစားအစာတွေကိုလည်း ရှာဖွေတတ်ရမယ်။ ကျွန်မ လမ်းကြားလေးတွေထဲမှာ ပုန်းကွယ်နေတတ်တဲ့ ဒေသခံတွေပဲ လာစားသုံးတတ်ကြတဲ့ အစားအစာမျိုးတွေကို သဘောကျတာ”
“ကိုယ့်ဆီကိုပဲ လွှဲထားလိုက်ပါ”