← Chapters

အခန်း (၆)

Vol. 32-Extra Ch. Extra-6

အခန်း (၆)

Vol. 32-Extra Ch. Extra-6

အချပ်ပို(၆)

သူသည် မြင်းကို အန်နာဂူအား ပေးအပ်လိုက်ပြီး နောက်လိုက်တစ်ဦးထံမှ မြင်းတစ်ကောင်ကို လုယူကာ ပြော၏။ “ခင်ဗျား ကိုယ့်ဘာကိုယ် နောက်ကနေ လိုက်ခဲ့”

ထို့နောက် သူ ဒုန်းစိုင်းမောင်းနှင်ထွက်ခွာသွားတော့သည်။

အန်နာဂူလည်း အနောက်ကနေ အလျင်အမြန် လိုက်ပါသွားပြီး အံကြိတ်ရင်း ညည်းသွားလိုက်၏။

“ရှင် ကျွန်မကို ဆေးထိုးလိမ့်မယ်ဆိုတာ ကျွန်မ ကြို သိနေသားပဲ”

သူတို့အဖွဲ့သည် စခန်းတစ်ခုသို့ ရောက်လာကြသည်။ အန်နာဂူ ခါးကျိုးမတတ် ပင်ပန်းနွမ်းနယ်နေသော်လည်း ပရော်ဖက်ရှင်နယ် အလေ့အထများအတိုင်း ထိုစခန်းချရာ နေရာကို အကဲဖြတ်နေ၏။

“မဆိုးပါဘူး။ ရေအရင်းအမြစ်လည်း ရှိသလို လေကွယ်တဲ့ နေရာလည်း ဖြစ်နေတယ်။ ရှင် နေရာရှာတာ တော်တော်လေး ကျွမ်းတယ်”

သူမ ပြောဆိုပြီးနောက် စခန်းအတွင်းမှ လူပေါင်း ဆယ်ဂဏန်းခန့် ထွက်ပေါ်လာပြီး မော့ချွမ်းအား တိရှိုးဘာသာစကားဖြင့် တစ်စုံတစ်ရာကို လှမ်း၍ အော်ဟစ်ပြောဆိုနေကြသည်။

“သူတို့တွေ ဘာပြောနေကြတာလဲ”

အန်နာဂူ မော့ချွမ်း၏ အနားသို့ လှမ်းလျှောက်သွားပြီး လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

မော့ချွမ်းကတော့ ပြန်မဖြေပါချေ။ သူ လူတစ်ဦးကို အန်နာဂူအတွက် တဲတစ်လုံး စီစဉ်ပေးခိုင်းလိုက်ပြီးနောက် သူ့ကိုယ်ပိုင်တဲအတွင်းသို့ လှမ်းဝင်သွားတော့သည်။

“တတိယမင်းသား အဲဒီအမျိုးသမီးရဲ့ နောက်ခံသမိုင်းကြောင်းက မရေမရာ ဖြစ်နေတာ။ မင်းသား ဘာဖြစ်လို့ သူ့ကို မသတ်ပစ်လိုက်ရတာလဲ”

မော့ချွမ်း: “သူ့အနားမှာ ထူးဆန်းတဲ့ အရာတွေ အများကြီးပဲ။ သူ့ကို ဘယ်သူ စေလွှတ်လိုက်တာလဲဆိုတာကို သိအောင် ငါသေသေချာချာ စောင့်ကြည့်ထားမယ်”

အန်နာဂူ ထူးဆန်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦး၏ နောက်သို့ လိုက်ပါကာ တဲတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်၏။ ထိုအခါမှ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်းကို သတိပြုမိသွားတော့သည်။

ခေတ်သစ်နည်းပညာ၏ အရိပ်အယောင်ဟူ၍ လုံးဝ ရှိမနေခဲ့ပေ။ တဲအတွင်း၌ ကြယ်နှင့် လပုံသဏ္ဍာန် ဒီဇိုင်းများဖြင့်သာ ပြည့်နှက်နေ၏။

“ထ့လာ လား” အန်နာဂူတစ်ယောက် ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိသည်။

“ကျွန်မ... ကျွန်မ ခေတ်ကူး သွားတာလား။ ဒါမှမဟုတ် အခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းသွားတာလား”

သူမ ရုတ်တရက် တစ်စုံတစ်ခုကို သတိရမိသွားပြီး တဲအပြင်သို့ အပြေးအလွှား ထွက်ကာ အော်တော့သည်။ “မော့ချွမ်း၊ မော့ချွမ်း ရှင် ဘယ်တဲထဲမှာ ရှိနေတာလဲ”

အပြင်တွင် လူအမြောက်အမြား ရှိနေကြပြီး လူတိုင်းက သူမကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

သူမ လူတစ်ဦးကို အမှတ်မထင် ဆွဲကိုင်လိုက်ရင်း မေး၏။

“ကျွန်မကို ပြောဦး။ မော့ချွမ်း ဘယ်မှာလဲ”

သူမ လှုပ်ခါပြီး မေးမြန်းနေသော်လည်း ထိုလူကတော့ လုံးဝ နှုတ်ဆိတ်နေသည်။

“ကျွန်တော် ဒီမှာပါ”

မော့ချွမ်း တဲတစ်ခု၏ ရှေ့တွင် ရပ်ရင်း သူမကို ပြော၏။

“ခင်ဗျား တကယ့်ကို ဆူညံတာပဲ”

အန်နာဂူ: “ကျွန်မ ရှင့်ကို အရေးတကြီး ပြောစရာ ကိစ္စတစ်ခု ရှိတယ်။ အရမ်းကို အရေးကြီးတဲ့ ကိစ္စမျိုး”

“ဝင်ခဲ့ပါ” မော့ချွမ်း တဲအတွင်းသို့ လှမ်းဝင်သွားသည်။

အန်နာဂူ သူမ ရှေ့တွင် ရှိနေသော လူကို သေသေချာချာ စစ်ဆေးကြည့်ရှုခွင့် ရရှိသွားတော့၏။ သူသည် သူမ သိရှိနေခဲ့သော မော့ချွမ်းနှင့် မတူညီပေ။ ပိုမို၍ ငယ်ရွယ်လှကာ ပိုမို၍ မာနထောင်လွှား၏။

“ရှင် ကျွန်မကို သိလား”

အန်နာဂူ မေးမြန်းလိုက်သည်။

မော့ချွမ်း ခေါင်းခါပြလိုက်ရင်း ပြော၏။

“မသိဘူး”

“ဒါက ထ့လာမျိုးနွယ်စုလား၊၊ ရှင်က မျိုးနွယ်စုရဲ့ ခေါင်းဆောင်လား”

အန်နာဂူ သူမ ခန့်မှန်းချက်များကို မေးမြန်းလိုက်သည်။

ဤအရာက လျှို့ဝှက်ချက်တစ်ခု မဟုတ်သဖြင့် မော့ချွမ်း အေးအေးလူလူပင် ခေါင်းငြိမ့်ပြလိုက်၏။

အကယ်၍ ထ့လာမျိုးနွယ်စုမှာ ယခုအချိန်အထိ မပျောက်ကွယ်သေးလျှင် ပျောက်ကွယ်သွားဖို့အတွက် အချိန်အများကြီး မလိုတော့ချေ။

“ဒါ အလယ်ပိုင်းလွင်ပြင် ရဲ့ အနောက်မြောက်ဘက် ဒေသလား”

“မဟုတ်ဘူး” မော့ချွမ်း၏ မျက်နှာထက်၌ မည်သည့် အမူအရာမျှ ရှိမနေဆဲပင်။

“ဒါ တောင်ဘက်ဒေသပဲ။ ဘာဖြစ်လို့လဲ”

အန်နာဂူ သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ရင်း ပြောသည်။ “ကျွန်မပြောတာကို သေသေချာချာ နားထောင်နော်။ ရှင် အနောက်မြောက်ဘက် ဒေသနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေရမယ်။ ကျွန်မပြောခဲ့တဲ့ စကားကို သေသေချာချာ မှတ်ထား။ အနောက်မြောက်ဘက် ဒေသနဲ့ ဝေးဝေးမှာ နေပါ။ မဟုတ်ရင် ဆိုးရွားတဲ့ အရာတစ်ခုခု ဖြစ်ပျက်လာလိမ့်မယ်”

အန်နာဂူ သေသေချာချာ မှတ်မိနေ၏။ ထ့လာမျိုးနွယ်စု၏ နောက်ဆုံး လက်ကျန်သည် အနောက်မြောက်ဘက် ဒေသ၌ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် မော့ချွမ်း၏ မျက်နှာထက်၌ အမူအရာအချို့ ထွက်ပေါ်လာပြီး တစ်စုံတစ်ရာကို ပြောကြားရန် ပြင်ဆင်လိုက်စဉ် လူတစ်ဦး တဲအပြင်ကနေ အပြေးအလွှား ဝင်ရောက်လာ၏။ သူ မော့ချွမ်း၏ အနားသို့ စကားအချို့ တိုးတိုးလေး ကပ်ပြောကြားလိုက်ရာ မော့ချွမ်း ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး အပြင်သို့ လှမ်းထွက်သွားတော့သည်။

“မော့ချွမ်း ရှင် ဘယ်ကို သွားမလို့လဲ။ ကျွန်မလည်း ရှင့်နောက်ကို လိုက်ခဲ့မယ်” အန်နာဂူ အနောက်ကနေ လိုက်ပါလာ၏။

မော့ချွမ်း သူမကို တားဆီးခြင်းမပြုသလို အခြားလူများကလည်း သူမကို အာရုံမစိုက်ကြချေ။ သူမသည် မြင်းကို စီးနင်လျက် အနောက်ကနေ အံကြိတ်လိုက်ပါသွားတော့၏။

ပို၍ ဝေးကွာလာသည်နှင့် သူမ အခြေအနေတစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ သူမ နှစ်ပေါင်းများစွာ ပြင်ပကွင်းဆင်း လေ့လာဖူးသော အတွေ့အကြုံများအရ ဤလမ်းကြောင်းက အနောက်မြောက်ဘက် အရပ်မျက်နှာ ဖြစ်နေခဲ့ခြင်းပင်။

သို့သော်လည်း သူမ မော့ချွမ်းကဲ့သို့ မလျင်မြန်သဖြင့် မြင်းစီးနေချိန် သူ့ကို စကားတစ်ခွန်း ပြောဆိုနိုင်ရန်ပင် အလွန်ပင် ခက်ခဲလွန်းသည်။ သူမ စိတ်ထဲကနေ မကျေမနပ်ဖြင့် တွေးတောလိုက်မိ၏။

‘ဒီလူက ငါပြောတဲ့ စကားတွေကို လုံးဝ ဂရုမစိုက်ဘူး’

ခဏအကြာတွင် သူမသည် အဝေးဆီက တဲအစုအဝေးကြီးကို လှမ်းမြင်တွေ့လိုက်ရသည်။ မော့ချွမ်း ရပ်တန့်လိုက်၏။ သူ အဝေးကို လှမ်းကြည့်လိုက်ရင်း အန်နာဂူကို ပြော၏။

“အလယ်ပိုင်းလွင်ပြင်က လူတွေကို ရှေ့ဆက်ပြီး သွားခွင့်မပြုဘူး။ ခင်ဗျား ဒီနေရာမှာပဲ စောင့်နေ”

မော့ချွမ်း၏ နောက်လိုက်တစ်ဦးက သူမကို အဝတ်ထုပ်တစ်ခု လှမ်းပစ်ပေးလိုက်ပြီး သူမ မြင်းကို ဆွဲခေါ်ထွက်ခွာသွားတော့သည်။

အန်နာဂူ မော့ချွမ်းတို့ ထွက်ခွာသွားသည်ကိုသာ စိုက်ကြည့်နေမိပြီးမှ အော်ဟစ်တော့သည်။ “ရှင် ပြန်လာမဲ့အချိန်ထိ ကျွန်မ ဒီမှာပဲ စောင့်နေမယ်”

အန်နာဂူ ထိုင်စရာ နေရာတစ်ခု ရှာလိုက်ပြီး ထိုအထုပ်ကို ဖွင့်လှစ်လိုက်၏။ အတွင်း၌ မုန့်အချို့နှင့် ရေဘူးတစ်ဘူး ပါဝင်ပေသည်။

သူမ အလွန်ပင် ဆာလောင်နေသဖြင့် အရသာ ရှိမရှိကို ဂရုမစိုက်နိုင်တော့ချေ။ သူမ မုန့်တစ်ခုကို ကောက်ယူကာ ဝါးလိုက်ရင်း ဗိုက်အရင် ဖြည့်ထားရန် ဆုံးဖြတ်လိုက်တော့သည်။

မှောင်ရီပျိုးလာသည့်အချိန်တွင် အရှေ့ဘက်မှ တိုက်ပွဲဖြစ်ပွားသံများ ဖြစ်ပေါ်လာပြီး အန်နာဂူ၏ နှလုံးသားလေး စိုးရိမ်ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားသော်လည်း သူမ အနားသို့ မချဉ်းကပ်ရဲချေ။

အကယ်၍ ဤသည်မှာ အတိတ်ကာလဖြစ်ခဲ့လျှင် မော့ချွမ်း သေချာပေါက် ဘေးကင်းပေလိမ့်မည်။

မကြာမီမှာပင် တိုက်ပွဲဖြစ်ပွားသံများ ပျောက်ကွယ်သွား၏။ တစ်စုံတစ်ဦး တဲများကို မီးရှို့လိုက်ပုံရပြီး မီးတောက်မီးလျှံများ တောက်လောက်ကျွမ်းလာသော်လည်း မော့ချွမ်းကတော့ ယခုအထိ ပြန်ရောက်မလာပေ။

“အခြေအနေ မကောင်းတော့ဘူး”

အန်နာဂူ၏ နှလုံးသားလေး အလွန်အမင်း တုန်လှုပ်သွားပြီး ရေရွတ်လိုက်၏။

“ငါ ဂရုမစိုက်နိုင်တော့ဘူး။ သွားကြည့်ရတော့မယ်”

သူမတွင် မြင်းမရှိသဖြင့် ခြေကျင်ဖြင့်သာ အပြေးအလွှား သွားတော့သည်။ သူမ ခြေထောက်များ အလွန်အမင်း နာကျင်ကိုက်ခဲနေသော်လည်း အရှိန်ကိုသာ မြှင့်လိုက်ရ၏။

သူမ တဲအစုအဝေးဆီသို့ ရောက်ရှိသွားသည့် အခါတွင် မြေပြင်တွင် ရုပ်အလောင်းများစွာ ပြည့်နှက်နေ၏။ သူမကို အစာအိတ်ပေးခဲ့သောလူငယ်လေးကို မှတ်မိလိုက်သည်။ သူသည် ယခုဆို အသက်ဝိညာဉ်ကင်းမဲ့နေပါတော့သည်။

“မော့ချွမ်း ရှင် ဘယ်မှာလဲ” အန်နာဂူ၏ လေသံ တုန်လှုပ်ခြောက်ခြားနေပြီး အော်ဟစ်ရှာဖွေနေ၏။

သူမ တဲတစ်ခုပြီးတစ်ခု သေသေချာချာ လိုက်လံရှာဖွေပြီးနောက် နောက်ဆုံးတွင် အကြီးမားဆုံးသော တဲကြီးတစ်ခုအတွင်း၌ မော့ချွမ်းကို ရှာတွေ့သွားတော့တော့သည်။

သူသည် မြေပြင်ပေါ်တွင် ထိုင်နေပြီး အမျိုးသမီးတစ်ဦးကို သူ့ရင်ခွင်အတွင်း၌ ခေါင်းငုံ့ကာ ပွေ့ပိုက်ထား၏။

အန်နာဂူ သတိကြီးစွာ အနားသို့ လှမ်းလျှောက်သွားသည်။ ထိုအခါ အမျိုးသမီး၏ ရင်ဘတ်အတွင်းသို့ ဓားမြှောင်တစ်စင်း စိုက်ဝင်နေသည်ကို မြင်တွေ့လိုက်ရ၏။

အန်နာဂူ မော့ချွမ်းကို အသာအယာ တို့လိုက်၏။ “မော့ချွမ်း”

“ခင်ဗျား စကားပြောတာ ဆူညံလွန်းတယ်”

မော့ချွမ်း စကားဆိုလာသည်။ အန်နာဂူ သက်ပြင်းချနိုင်သွား၏။

“ရှင် ဘာမှမဖြစ်လို့ တကယ့်ကို ကံကောင်းသွားတာပဲ”

ထိုအခါတွင် အနားရှိ သစ်သားအချို့ ဝုန်းခနဲ ပြိုကျလာသည်။

အန်နာဂူ: “ဒီနေရာက ပြိုကျတော့မယ်။ ကျွန်မတို့တွေ အမြန်ဆုံး ထွက်သွားကြရအောင်”

မော့ချွမ်း: “ခင်ဗျား ကိုယ့်ဘာသာ အသက်လွတ်အောင် ပြေးတော့။ ကျွန်တော်ကတော့ ကျွန်တော့်အမေနဲ့အတူ ဒီမှာပဲ နေခဲ့မယ်”

ထိုအခါမှသာ အန်နာဂူသည် သူ့ရင်ခွင်အတွင်းရှိ အမျိုးသမီးမှာ သူ့မိခင် ဖြစ်ကြောင်း သတိပြုမိသွားပြီး မော့ချွမ်းသည် ယခုအချိန်တွင် အသက်ရှင်သန်လိုစိတ် လုံးဝ ကင်းမဲ့နေတော့၏။

သူမ ချက်ချင်းပင် ပြောတော့သည်။

“ရှင် ဒီလိုမျိုး ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ။ အပြင်ဘက်က ရုပ်အလောင်းတွေကို မြင်တွေ့လိုက်ရလား။ အဲဒါတွေအားလုံး ရှင့်မျိုးနွယ်စုဝင်တွေချည်းပဲ။ ရှင် သူတို့ကို ဒီအတိုင်းပဲ အလဟဿ အသေခံခိုင်းလိုက်တော့မှာလား”

မော့ချွမ်း၏ လက်လေး လှုပ်ရှားသွားသော်လည်း သူ နေရာကနေ လုံးဝမရွေ့လျားပေ။

အန်နာဂူ ဘာမှမတတ်နိုင်တော့သဖြင့် စကားတစ်ခွန်းကို လွှတ်ခနဲ ပြောချလိုက်မိ၏။

“ဒါဆိုရင် ရှင့်အမေကရော သူ အလဟဿပဲ အနစ်နာခံသွားခဲ့ရတာလား။ ရှင် သူ့အတွက် ကလဲ့စား မချေပေးချင်ဘူးလား။ သူ့အနေနဲ့ ရှင့် ဒီလို စိတ်ဓာတ်ကျနေတာမျိုးကို လုံးဝ မြင်တွေ့ချင်မှာ မဟုတ်ဘူး”

မော့ချွမ်း တုန်လှုပ်သွားပြီး မျက်ရည်ပေါက် ကြီးငယ် ကျဆင်းလာကာ မိခင်၏ နဖူးပြင်ထက်သို့ ကျရောက်သွားသည်။

နောက်ဆုံးတွင် သူ လှုပ်ရှားလာခဲ့ပြီး သူ့မိခင်၏ ရုပ်အလောင်းကို ကျောပိုးလိုက်ကာ အန်နာဂူကို ဆွဲခေါ်လျက် အပြင်သို့ အပြေးအလွှား ထွက်တော့သည်။ နောက်ဆုံးတွင် တဲကြီး ပြိုမကျမီ အချိန်အတွင်း အပြင်သို့ အောင်မြင်စွာ ရောက်ရှိသွားကြတော့သည်။

မော့ချွမ်း မြင်းနှစ်ကောင်ကို ရှာပြီး သူ့မိခင်နှင့် အန်နာဂူတို့ကို တင်ဆောင်လျက် တစ်ရက်နှင့် တစ်ညတိုင်တိုင် တောင်ဘက်အရပ်မျက်နှာသို့ ဒုန်းစိုင်းမောင်းနှင်ခဲ့ကြပြီး နောက်ဆုံးတွင် ပန်းမာန်များ ဝေဆာစွာ ပွင့်လန်းနေသော နေရာတစ်ခုသို့ ဆိုက်ရောက်သွားကြတော့၏။

သူတို့ ကျင်းတစ်ခုတူးလိုက်ကြပြီး သူ့မိခင်ကို မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်ကြသည်။

အန်နာဂူ မြေပြင်ပေါ်သို့ ပုံလျက်လဲချလိုက်မိရင်း ပြော၏။

“မှတ်ထားဦးနော် ရှင် ကျွန်မကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ ”

မော့ချွမ်း အုတ်ဂူ၏ ရှေ့တွင် တိတ်ဆိတ်စွာ တစ်ညလုံး မတ်မတ်ရပ်နေခဲ့သည်။

အန်နာဂူကတော့ ကောင်းကင်ကြီးကို စောင်အဖြစ် သတ်မှတ်ပြီး မြေပြင်ကြီးကို ကုတင်အဖြစ် သတ်မှတ်ကာ အိပ်မောကျသွားတော့သည်။

သူမ နိုးထလာခဲ့သည့် အခါတွင် မော့ချွမ်း ဘေးနားတွင် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် လန့်ဖျပ်သွား၏။

“ခင်ဗျား ဘာဖြစ်လို့ ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာလဲ”

မော့ချွမ်း မေးမြန်းလိုက်သည်။

အန်နာဂူ ထိုင်လိုက်မိရင်း သူမ အဝတ်အစားများနှင့် ဆံပင်များကို သပ်ရပ်အောင် ပြင်ဆင်လိုက်ကာ ပြော၏။

“ရှင် ယုံချင်မှ ယုံလိမ့်မယ်ဆိုပေမဲ့ ကျွန်မတို့တွေ သူငယ်ချင်း ဖြစ်နေလို့ပဲ”

သူမ ခတာဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်ပြောသည်။

“အနည်းဆုံးတော့ ကျွန်မ ရှင့်ကို သူငယ်ချင်းတစ်ယောက်လို သတ်မှတ်ထားတာ။ သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခရောက်နေတာကို ဒီအတိုင်းပဲ ထိုင်ကြည့်မနေတတ်ကြဘူး”

မော့ချွမ်း တိတ်ဆိတ်နေသည်။ သူ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ အန်နာဂူ အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း မော့ချွမ်း ပြန်လည်ဖြေကြားခြင်း မရှိချေ။ အချိန်က အလွန်အမင်း ကြာမြင့်သဖြင့် သူမ မော့ချွမ်း အိပ်ပျော်သွားပြီဟုပင် ထင်မှတ်လိုက်မိသည်။

“ကမ္ဘာကြီးက ဒီလောက်အထိ ကျယ်ပြောတာ။ ကျွန်တော် ဘယ်သွားရမလဲဆိုတာ မသိတော့ဘူး”

အန်နာဂူ သတိကြီးစွာ မေးမြန်းလိုက်၏။

“ရှင် ကလဲ့စားချေဖို့အတွက် သွားမလို့လား”

မော့ချွမ်းက ရိုးရှင်းစွာ ဖြေသည်။ “မသွားပါဘူး”

“ဒါဆိုရင်” အန်နာဂူ ခဏတာမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ပြော၏။

“ဒါဆိုရင် တောင်ဘက်ဒေသကို သွားပြီးတော့ ဟွာကျွင်းကို ရှာပါ”

“ဟွာကျွင်း”

မော့ချွမ်း ဝေခွဲမရစွာ မေးလိုက်သည်။

“အဲဒါ ဘယ်သူလဲ”

အန်နာဂူ ခဏတာမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ပြော၏။

“သူက မိန်းကလေးတစ်ယောက်ပဲ။ သူ့မှာ ‘ဟွာကျွင်း မုန့်ဆိုင်’ လို့ ခေါ်တဲ့ ဆိုင်လေးတစ်ဆိုင် ရှိတယ်။ ရှင် သူနဲ့ ဘယ်အချိန်မှာ ဘယ်လိုမျိုး ဆုံတွေ့မလဲဆိုတာကိုတော့ ကျွန်မ မသိပေမဲ့ ရှင် သူ့ကို သေချာပေါက် သွားရှာလိမ့်မယ်။ ရှင် သေချာပေါက်လည်း ရှာတွေ့လိမ့်မယ်လို့ ကျွန်မ ပြောနိုင်ပါတယ်။ သမိုင်းကြောင်းက ပြောင်းလဲလို့မရဘူးဆိုရင်ပေါ့”

မော့ချွမ်း ယခင်က သူမ ပြောသော အနောက်မြောက်ဘက်ဒေသသို့ မသွားရောက်ရန် တားဆီးခဲ့သည့် စကားများကို ပြန်မှတ်မိသွားပြီး ခေါင်းငြိမ့်ပြလိုက်၏။

“ကောင်းပါပြီ။ ကျွန်တော် ဒီတစ်ကြိမ်တော့ သေသေချာချာ မှတ်သားထားပါ့မယ်”

All Chapters