အဆုံးမဲ့ နာကျင်မှုတွေက အောင်မြင်မှုဆီ ဦးဆောင်ခေါ်သွားတယ်
Vol. 1 Ch. 12
အခန်း (၁၂) : အဆုံးမဲ့ နာကျင်မှုတွေက အောင်မြင်မှုဆီ ဦးဆောင်ခေါ်သွားတယ်
ဝမ်ဝေ့က မျှော်နန်းဆောင်မှ တခြားတပည့်များနှင့်အတူ ထွက်လာသည်။ တစ်ယောက်ချင်းစီက ဒီစစ်ဆေးမှုအပြီး အကျိုးမြတ်များစွာ ရရှိခဲ့ကြသည်။
တကယ်တော့ ဒုတိယစစ်ဆေးမှု၏ နာမည်ကျော်က ဝမ်ဝေ့ မဟုတ်ပေ။ လီကျွင်း ဖြစ်၏။ ပင်မတပည့်အားလုံးက စတင် ကျင့်ကြံပြီးပြီ ဖြစ်သောကြောင့် အထီးကျန်မှု သဘောတရားကို အသားကျနေကြပြီ ဖြစ်၏။ သူတို့က တံခါးပိတ်လေ့ကျင့်စဉ် နှစ်ရာချီ မကြာမြင့်သော်လည်း ဆယ်စုနှစ်လောက်တော့ ကြာမြင့်တတ်သည်။ ထို့ကြောင့် ဒီစစ်ဆေးမှုက ဝမ်ဝေ့နှင့် လီကျွင်းကဲ့သို့ သေမျိုးများလောက် သူတို့အပေါ် သက်ရောက်မှု မရှိချေ။
လီကျွင်းတစ်ယောက် ဒီစစ်ဆေးမှုအတွင်း အတောက်ပဆုံး ဖြစ်ခဲ့ခြင်းမှာ သူက အထီးကျန်ခြင်းနှင့် အသားကျနေ၍ ဖြစ်သည်။
လီမိသားစုအတွင်း သူ့မိခင်မှလွဲ၍ မည်သူကမှ သူနှင့် မပတ်သက်ကြပေ။ သူ့ဖခင်ဖြစ်သူပင် ထမင်းစားပွဲ၌သာ မြင်ရလေ့ရှိ၏။ သို့သော် သူတို့ကြား စကားနည်းလွန်းလှသည်။
လီကျွင်းက ဘေးပတ်ဝန်းကျင်မှ အေးစက်စက် မထူးမခြားနား အကြည့်များနှင့် အသားကျနေပြီ ဖြစ်၍ အထီးကျန်ခြင်းမှာလည်း သူ့နေ့စဉ်ဘဝ၏ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေလေပြီ။
ထို့ကြောင့် ဒီစစ်ဆေးမှုအတွင်း ပတ်ဝန်းကျင်၌ နေသားကျဖို့ နှစ်အနည်းငယ် ကြိုးစားပြီးနောက် စိတ်ခံစားချက်ကို ထိန်းညှိကာ အချိန်အများစုကို ကောင်းကောင်းအသုံးချနိုင်ခဲ့သည်။
လီကျွင်းက သူ့အစ်ကိုကြီး သူတို့နှစ်ယောက်အတွက် ချမှတ်ထားသည့် အစီအစဉ်သည် သူ့ကံကြမ္မာကို ပြောင်းလဲပစ်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်း သိထားသည်။ သို့သော်လည်း ထိုအစီအစဉ်က ကြောက်ခမန်းလိလိ အရင်းအမြစ်များစွာ လိုအပ်ပေသည်။
သူ့အစ်ကိုကြီး၏ အဆင့်အတန်းဖြင့် ဂိုဏ်းအကြီးအကဲများက ဝမ်ဝေ့အပေါ် သုံးဖြုန်းဖို့ လိုလားကြလျှင်ပင် သူ့အပေါ်တော့ တူမည် မဟုတ်ပေ။ သူ့အစ်ကိုကြီးကသာ အကြီးအကဲများအား ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ၌ သူ့ကို ကူပေးမည့် စစ်သူကြီးလိုကြောင်း မရမက ပြောခဲ့သောကြောင့် အကြီးအကဲများက သူ့အပေါ် ရင်းနှီးမြှပ်နှံဖို့ သဘောတူလိုက်ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း လူများစွာက မကျေနပ်ကြပေ။ သူတို့က သူ့အစ်ကိုကြီးအား သွားမပြောနိုင်သောကြောင့် သူတို့မကျေနပ်ချက်အားလုံးကို သူ့အပေါ်သာ ပုံချကြသည်။ ဤသို့ဖြင့် လီကျွင်းက မျှော်နန်းဆောင် စစ်ဆေးမှုသည် ဂိုဏ်းအား သူ့အပေါ် ရင်းနှီးမြှပ်နှံထားသော အရင်းအမြစ်တို့အတွက် ထိုက်တန်ကြောင်း သက်သေပြရမည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ထို့ကြောင့် သူ့လုပ်ဆောင်ချက် ကောင်းလေလေ အနာဂတ်အတွက် ပိုမို သေချာလေလေ ဖြစ်၏။
……………....
ရက်ပိုင်းလောက် စိတ်အခြေအနေ ထိန်းညှိပြီးနောက် ဝမ်ဝေ့၊ လီကျွင်းနှင့် အခြားတပည့်များက မျှော်နန်းဆောင်ဆီ တတိယ စစ်ဆေးမှုအတွက် ပြန်ရောက်လာကြသည်။
တတိယ စစ်ဆေးမှုက မျှော်နန်းဆောင် စစ်ဆေးမှုအတွင်း အခက်ဆုံးထဲမှ တစ်ခု ဖြစ်သည်။ ဒီစစ်ဆေးမှု ရည်ရွယ်ချက်က ရိုးရှင်းကာ တည့်တိုးဆန်လှသည်။
နာကျင်မှု ဖြစ်၏။
ဒီစစ်ဆေးမှုအတွင်း စစ်ဆေးမှုခံယူသူများက နှိပ်စက်မှုအမျိုးမျိုးကို ခံစားရမည်။ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ နှစ်ခုလုံးဖြင့် တောင့်ခံထားရမည် ဖြစ်၏။
ဝမ်ဝေ့က အစပိုင်း ဒီစစ်ဆေးမှုကို မည်သို့ ပုံဖော်ရမလဲ ခေါင်းပူနေမိစဉ် အတိတ်ဘဝတုန်းက တရုတ်ပြည်၏ ငရဲ ၁၈ ထပ်အကြောင်း အမှတ်ရသွားသည်။
မျှော်နန်းဆောင်ထဲ ဝင်ရောက်ပြီးနောက် ဝမ်ဝေ့က နတ်ဆိုးအုပ်စု အဝိုင်းခံထားရပြီး ကြိုးတုပ်ခံထားရကြောင်း သိလိုက်ရသည်။ သူ့ခေါင်းထိပ်တွင် “ လျှာဖြတ် ငရဲခန်း” ဟူ၍ ကျောက်ပြားပေါ် စာလုံးကြီးများဖြင့် ရေးထွင်းထားသည်။
သိပ်မကြာခင် ဝမ်ဝေ့က ထိုစကားလုံးများသည် မည်သည်ကို ကိုယ်စားပြုကြောင်း ခက်ခက်ခဲခဲ သင်ယူခဲ့ရသည်။ ထိုနတ်ဆိုးများက နည်းလမ်းအမျိုးမျိုးဖြင့် ဝမ်ဝေ့၏ လျှာကို ဖြတ်ပစ်ကြသည်။
သူ့လျှာပေါ် ချိန်းကြိုးဆွဲ၍သော်လည်းကောင်း၊ ဓားဖြင့် ဖြတ်၍သော်လည်းကောင်း ဒါမှမဟုတ် စက်ပစ္စည်းဖြင့် လျှာကို မမှတ်မိတော့လောက်သည့်အထိ ဖြည်းဖြည်းချင်း လိမ်၍သော်လည်းကောင်း ဖြတ်ပစ်ကြသည်။ သူတို့က လျှာကို မီးရှို့သည့်အထိပါ လုပ်ကြသည်။
ဝမ်ဝေ့အား ဆိုးဆိုးရွားရွား ခံစားရစေဆုံးအပိုင်းမှာ ထိုနှိပ်စက်မှုက သူ့ကန့်သတ်ချက်ကို ဘယ်တော့မှ ကျော်လွန်မသွားခြင်း ဖြစ်၏။ သူ နာကျင်မှုကို မခံနိုင်တော့၍ သတိလွတ်သွားတော့မည်ဆိုလျှင် သူတို့က ရပ်လိုက်ကြသည်။ ထို့နောက် လျှာအသစ် ပေါက်လာကာ နာကျင်မှုက ဆက်တိုက် ဖြစ်နေသည်။
နာကျင်မှု ခံနိုင်ရည်စွမ်းကို တဖြည်းဖြည်း မြင့်သထက်မြင့်လာအောင် တွန်းအားပေးနေကြသည်။ ပို၍ ဆိုးသည်က ထိုနှိပ်စက်မှုတွင် စိတ်ပိုင်းဆိုင်ရာအထိ ပါလေသည်။
သူ့လျှာ တစစီဖြစ်သွားသည့်အချိန်တိုင်း ဝမ်ဝေ့က သူ့ဘာသာ အော်ဟစ်ဖော်ပြနိုင်စွမ်း ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ရုပ်ပိုင်းဆိုင်ရာတင် မကဘဲ သူ့အတွေးအခေါ်များကိုပါ ဖော်ပြဖို့ ဆုံးဖြတ်ချက် ပျောက်ဆုံးသွားသလိုမျိုး ဖြစ်၏။ ထိုအရာအားလုံးကို သူ့ဆီကနေ ဖြည်းဖြည်းချင်း ယူဆောင်သွားကြသည်။
ဤသို့ဖြင့် ဝမ်ဝေ့က စတင်တိုက်ခိုက်လိုက်သည်။ သူက အခွင့်အရေးရတိုင်း ထိုနတ်ဆိုးများကို ကျိန်ဆဲ၏။ သူ့လျှာမရှိတော့လျှင်ပင် ဆိုးဆိုးရွားရွား ကျိန်ဆဲနေဆဲ ဖြစ်သည်။ မည်သူမှ သူ့အသံကို လုယူမသွားနိုင်ပေ။
ဒုတိယထပ်ရှိ ကတ်ကြေးငရဲခန်းတွင် ဝမ်ဝေ့က သူ့လက်ချောင်းများ တစ်ချောင်းပြီး တစ်ချောင်း အဖြတ်ခံရသည့် နာကျင်မှုကို တွေ့ကြုံနေရသည်။ သူ့အစိတ်အပိုင်း တစ်ခု ပါသွားသလိုမျိုး ဘဝတွင် ရေရေရာရာ ဘာမှမဖြစ်နိုင်တော့ကြောင်း ခံစားနေရသည်။ သို့သော်လည်း သူက ဒီလိုအရာမျိုးကို ယုံဖို့ ငြင်းဆန်လေသည်။ သူကိုယ်တိုင်ကသာ သူ့ထိုက်တန်မှုကို ဆုံးဖြတ်နိုင်လေ၏။
တတိယထပ် သံမဏိထန်းပင် ငရဲခန်းတွင် ဝမ်ဝေ့က သံမဏိအပင်များတွင် တွဲလောင်းချိတ်ဆွဲခံထားရသည်။ ထိုအပင်များက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူတို့ထိတွေ့မိသမျှ အတွင်းအင်္ဂါများထဲ စိုက်ဝင်သွားသည်။ နာရီအတော်ကြာ သူ့အော်သံများက အဆက်မပြတ် ထွက်ပေါ်လာသည်။
လေးလွှာမြောက် ဝဋ်ကြေးမုံ ငရဲခန်းတွင် ဝမ်ဝေ့က ကြေးမုံထဲမှတဆင့် သူ့အစစ်အမှန်ကို မြင်လိုက်ရသည်။ ထိုကြေးမုံထဲ သူက အားကောင်းသည့် ဧကရာဇ် တစ်ယောက် ဖြစ်နေသော်လည်း ထိုပုလ္လင်ပေါ် ထိုင်ဖို့ အရာအားလုံးကို လုပ်ဖို့ ဆန္ဒရှိကြောင်း မြင်လိုက်ရသည်။ သူက လူသန်းပေါင်းများစွာကို သတ်ခဲ့၏။ သူက သူ့ကို ပြုစုပျိုးထောင်ပေးခဲ့သည့် ဂိုဏ်းကိုလည်း စတေးခဲ့သည်။ သူ့မိဘများပင် သူ့အာဏာလောဘအောက်မှ မလွတ်မြောက်ခဲ့ပေ။ ကမ္ဘာထောင်ချီ ဖျက်စီးခံရပြီး သူ့အာဏာဆာလောင်မှုကြောင့် မျိုးနွယ်များစွာလည်း ပျက်သုန်းသွားခဲ့ရသည်။
ငါးထပ်မြောက် ရေနွေးငွေ့ ငရဲခန်း၌ ဝမ်ဝေ့က ပေါင်းအိုးထဲ အရှင်လတ်လတ် အပေါင်းခံရသည်ကို တွေ့ကြုံခဲ့ရသည်။ သူ့အတွင်းပိုင်းက အပူချိန်ကြောင့် တဖြည်းဖြည်း ငွေ့ရည်ပျံလာသည်ကို ကြည့်နေရသည်။
ခြောက်ထပ်မြောက် ကြေးသံတိုင်တောအုပ် ငရဲခန်း၌ ဝမ်ဝေ့ကို သံတိုင်းပေါ် တင်ကာ အရှင်လတ်လတ် ကင်ပြီး သူ့အရည်ပြားများ လောင်ကျွမ်းသွားသည့် ခံစားချက်ကို ခံစားခိုင်းလေသည်။ ထိုအထပ်၌ သူက အကင်လွန်သွားသည့် လမ်းဘေး အသားကင်လိုမျိုး သူ့အသားတူးနံ့ပါ ရလာမိသည်။
ခုနှစ်ထပ်မြောက် ဓားတောင်ငရဲခန်း၌ ဝမ်ဝေ့က ချွန်ထက်နေသည့် ဓားထိပ်ဖျားပေါ်တွင် ခြေဗလာလျှောက်ခဲ့ရသည်။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း ခြေထောက်က ဖြူဖျော့ကာ သွေးများ အိုင်ထွန်းလာရသည်။ သူက အံကြိတ်ကာ တောင်ထိပ်အထိ ရောက်အောင် လျှောက်ခဲ့ရ၏။ ထို့နောက် သူက အစကနေ ပြန်စရသည်။ ထိုဖြစ်စဉ်က သူ မထွက်သွားနိုင်သရွေ့ တကျော့ပြန်နေဦးမည် ဖြစ်၏။
ရှစ်ထပ်မြောက် ရေခဲတောင် ငရဲခန်းတွင် ဝမ်ဝေ့က ရေခဲပြင်တွင် ကိုယ်လုံးတီး ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်က စတင် တုန်ယင်လာပြီး အသက်ရှုနှုန်းလည်း မမှန်တော့ပေ။ သူ့အရည်ပြားက နီတွတ်လာပြီး အသိစိတ်လည်း တဖြည်းဖြည်း လွှင့်ပြယ်လာသည်။ သူ့ခန္ဓာကိုယ် လုပ်ဆောင်ချက်က သာမာန်အခြေအနေအောက် ပြုတ်ကျသွားလေသည်။
သူက သန္ဓေလောင်း ပုံစံအတိုင်း ကွေးကွေးလေးနေကာ နွေးထွေးမှုကို ရှာဖွေနေသည်။ နွေးထွေးမှု မှတ်ဉာဏ်များပင် လွှင့်ပျောက်သွားပုံပေါ်၏။ ဤသို့ဖြင့် သူက ပျော်ရွှင်စရာ အတွေးများကိုသာ စတင် စဉ်းစားလိုက်သည်။ ဒီစစ်ဆေးမှုကို ကျော်လွှားဖို့ သူ့ချစ်ခင်ရသူတို့၏ ပျော်ရွင်ဖွယ် မှတ်ဉာဏ်များကိုသာ စဉ်းစားလိုက်သည်။
ကိုးထပ်မြောက် ဆီပူငရဲခန်း၌ ဝမ်ဝေ့သည် အသက်ရှင်လျက် ဆီပူကြော်ခံရသည့် အတွေ့အကြုံမျိုး ကြုံတွေ့ခဲ့သည်။ သူက ထိုအထပ်၌ စောင့်ကြပ်သည့် နတ်ဆိုးသည် ဆီပူထဲ အရသာမှုန့် ထပ်ထည့်နေသည်ကိုပင် မြင်ခဲ့ရသေးသည်။ ပို၍ ဆိုးသည်က ဒီဖြစ်စဉ်က တစ်ခါတည်း မဟုတ်ဘဲ ထပ်ခါထပ်ခါ ဖြစ်နေခြင်း ဖြစ်၏။
ဒီလိုမျိုး နှိပ်စက်မှုတစ်လျှောက် အခန်းထဲ ဝမ်ဝေ့၏ နာနာကျင်ကျင် အော်ငြီးသံသာ ထွက်ပေါ်နေသည်။ ကံဆိုးစွာဖြင့် သူက ငရဲ ၁၈ ထပ်အနက် တစ်ဝက်လောက်သာ ခံစားရသေးသည်။