← Chapters

အဆုံးမဲ့ နာကျင်မှုတွေက အောင်မြင်မှုဆီ ဦးဆောင်ခေါ်သွားတယ်

Vol. 1 Ch. 13

အဆုံးမဲ့ နာကျင်မှုတွေက အောင်မြင်မှုဆီ ဦးဆောင်ခေါ်သွားတယ်

Vol. 1 Ch. 13

အခန်း (၁၃)  :  အဆုံးမဲ့ နာကျင်မှုတွေက အောင်မြင်မှုဆီ ဦးဆောင်ခေါ်သွားတယ်

မျှော်နန်းဆောင် အပြင်ဘက်၌ တတိယ စစ်ဆေးမှုကို စောင့်ကြည့်နေသည့် တပည့်များစွာက တုန်လှုပ်နေကြသည်။ သူတို့အတွက် ဤသည်မှာ နှိပ်စက်မှုသပ်သပ် ဖြစ်ပေသည်။

တပည့်တစ်ယောက်ချင်းစီက ဆိုးဆိုးရွားရွား နှိပ်စက်မှုမျိုးကို ခံစားနေရသည်။ အများစုက အထပ်ာအနည်းငယ်အပြီးတွင် လက်လျော့လိုက်ကြ၏။

တကယ်တော့ ဝမ်ဝေ့ ဒီစစ်ဆေးမှုကို ပုံစံဆွဲစဉ်အခါက ရည်ရွယ်ချက် ရှင်းလင်းလေသည်။ အဆင့်မြင့် နယ်ပယ်အဆင့်ဆီ တက်လှမ်းနိုင်ဖို့အတွက် ကောင်းကင်စမ်းသပ်ချက်ကို ဖြတ်ကျော်ရမည်။ သဘာဝလွန် နယ်ပယ်အဆင့်မှစ၍ ကျင့်ကြံသူများက အဆင့်ကြီးတစ်ဆင့် တက်တိုင်း ကောင်းကင်စမ်းသပ်ချက် ဖြတ်ကျော်ကြရမည်။

ကျင့်ကြံသူများစွာ ကောင်းကင်စမ်းသပ်ချက် ဖြတ်ကျော်ရင်း ကျရှုံးရသည့် အကြောင်းအရင်းတစ်ခုမှာ သူတို့က မိုးကြိုးချက် သို့မဟုတ် ကောင်းကင်မီးတောက် ဒဏ်ကို မခံနိုင်ကြ၍ ဖြစ်သည်။ ဤသို့ဖြင့် သူတို့က လက်လျော့ကာ သေခြင်းတရားနှင့် အဆုံးသတ်သွားကြသည်။

ထို့အပြင် ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းက နာကျင်မှုအမျိုးမျိုးကို ခံယူဖို့ လိုအပ်လေသည်။ အကယ်၍ နာကျင်မှုကို တောင့်ခံနိုင်စွမ်း မရှိလျှင် ဒီလမ်းကြောင်း၌ အောင်မြင်မှု ရနိုင်မည် မဟုတ်ပေ။

ဝမ်ဝေ့က သူ့အနာဂတ် ကျင့်ကြံရေးအတွက် အစီအစဉ်များ ချမှတ်ထားပြီးပြီ ဖြစ်၏။ အကယ်၍ ထိုအစီအစဉ်များသာ ကောင်းကောင်းအလုပ်ဖြစ်လျှင် သူက ကောင်းကင်စမ်းသပ်ချက်ကို သဘာဝလွန်နယ်ပယ်အဆင့် မရောက်ခင် ခံယူနိုင်ဖွယ် ရှိသည်။ ထို့အပြင် သူက ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းကြောင်းပေါ် လျှောက်လှမ်းမည် ဖြစ်၏။

ဝမ်ဝေ့က တတိယ စစ်ဆေးမှု ပုံကြမ်းဆွဲခဲ့ခြင်းမှာ သူ့အနာဂတ်အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်၏။

မျှော်နန်းဆောင်အတွင်း ဝမ်ဝေ့က ဆယ်ထပ်မြောက် နွားနောက် ငရဲခန်းထဲ ရောက်သွားလေပြီ။

ထိုအထပ်၌ ဝမ်ဝေ့က တိရစ္ဆာန်အမျိုးမျိုး၏ ညှင်းပမ်းနှိပ်စက်မှုကို ခံရသည်။ တချို့က သူတို့ဦးချိုများဖြင့် ထိုးဖောက်ကြပြီး တချို့က သူ့ကို အသားပြားဖြစ်သွားသည့်အထိ တက်နင်းကြသည်။ တချို့တိရစ္ဆာန်များက သူ့အသားကို ဖြည်းဖြည်းချင်း စားကာ သူ့အတွင်းကလီစာများကို နတ်သဒ္ဒါသဖွယ် မြည်းစမ်းနေကြသည်။ တချို့တိရစ္ဆာန်သေးသေးလေးများက သူ့နားမှတဆင့် ဦးနှောက်ထဲဝင်ကာ စားသုံးကြသည်။ တချို့မူ အဆိပ်ဖြင့် သူ့အာရုံကြောစနစ်အား ဖြည်းညှင်းစွာ ဖျက်စီးပစ်ကြသည်။

၁၁ ထပ်မြောက် ကျောက်တုံး ငရဲခန်း၌ ဝမ်ဝေ့က အင်အား မပြတ်လပ်သွားခင်အထိ သူ့ဦးခေါင်းအထက် ကျောက်တုံးအကြီးကြီးကို သယ်ထားရသည်။ ထို့နောက် သူက အညစ်အကြေးရေထဲ ပြုတ်ကျသွားလိမ့်မည်။ ထိုရေက စိတ်ကူးမကြည့်နိုင်သော အညစ်အကြေးများဖြင့် ပြုလုပ်ထားပြီး ရေတစ်စက်ကပင် ဝိညာဉ်ကို ညစ်နွမ်းသွားစေနိုင်သည်။

၁၂ ထပ်မြောက် ကျည်ပွေ့နှင့် အင်္ဂတေငရဲခန်း၌ နတ်ဆိုးများက ဝမ်ဝေ့အား ချော်ပူရည်အား အတင်းမျိုချခိုင်းကြသည်။ သူက လျှာလောင်ကျွမ်းပြီး အစာပြွန် အရည်ပျော်ကျသွားသည်ကို ခံစားခဲ့ရသည်။ ထို့နောက် သူ့အစာအိမ်နှင့် အခြားအတွင်းကလီစာများလည်း တစ်ခုပြီး တစ်ခု အရည်ပျော်ကျလာသည်။

၁၃ ထပ်မြောက် သွေးကန် ငရဲခန်း၌ ဝမ်ဝေ့၏ ခန္ဓာကိုယ်အနှံ့ ထိုးစိုက်ခံရသည်။ ထိုထိုးစိုက်ချက်များက မသေစေနိုင်သော်လည်း သွေးများပန်းထွက်လာအောင်အထိ လုံလောက်ပေသည်။ ထို့နောက် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်မှ သွေးများထွက်လာလေလေ အသက်ဓာတ် လျော့ပါးလာလေလေ ဖြစ်နေသည်ကိုသာ ထိုင်ကြည့်နေရသည်။ ထိုနှိပ်စက်မှုက အနာကျင်ဆုံး မဟုတ်သော်လည်း အဆိုးရွားဆုံး ဖြစ်ပေသည်။ သူ့အသက်ဓာတ် လျော့ပါးသွားသည်ကို ကြည့်နေရသော်လည်း သွေးကန်ထဲ စိတ်ပျက်လက်ပျက်ဖြင့်သာ လဲလျောင်းနေရသည်။

ထိုအထပ်၌ ဝမ်ဝေ့က ဒီလိုမျိုး ကူကယ်ရာမဲ့ကာ စိတ်ပျက်မှုမျိုးကို ဘယ်တော့မှ မခံစားရစေရန် ကျိန်ဆိုလိုက်သည်။ တာအိုကို သက်သေပြပြီး ဧကရာဇ် ဖြစ်လိုစိတ်များလည်း ပြင်းထန်လာရသည်။ သူက သေခြင်းရှင်ခြင်းကို ကျော်လွန်ရမည်။

၁၄ ထပ်မြောက် သတ်သေခြင်း ငရဲခန်း၌ ဝမ်ဝေ့က ကြာပွတ်တစ်ချောင်းဖြင့် ဆက်တိုက် ရိုက်နှက်ခံရသည်။ သို့သော်လည်း ဤသည်မှာ ကြာပွတ်ရိုက်ရုံလောက် မရိုးရှင်းပေ။ သူ့ဝိညာဉ်အထိပါ လာသက်ရောက်မှု ရှိ၏။ ဝိညာဉ်က ပုံရိပ်ယောင်မျှ ဖြစ်သော်လည်း ကျင့်ကြံရေးလောက၌ အစစ်အမှန် ဖြစ်လေသည်။ ဝိညာဉ်သည် ခန္ဓာကိုယ်ထက် အဆရာပေါင်းများစွာ ပိုကျိုးကြေလွယ်သည်။ ဝိညာဉ်နာကျင်မှုက ခန္ဓာကိုယ်နာကျင်မှုထက် အဆထောင်ချီ ပိုပေသည်။

၁၅ ထပ်မြောက် အစိတ်စိတ်အမြွာမြွာ ပိုင်းဖြတ်ခြင်း ငရဲခန်း၌ ဝမ်ဝေ့က အစိတ်အပိုင်းများစွာအဖြစ် ပိုင်းဖြတ်ခံရသည်။

ခေါင်းက ခန္ဓာကိုယ်ကနေ ခွဲထွက်သွားတာ ဘယ်လိုခံစားရလဲ သိချင်ဖူးလား … ရင်ဘတ်ပိုင်းသပ်သပ် ဖြစ်နေတာဆိုရင်ရော … လက်လေးဖက်လုံး ကွဲထွက်နေတာလား … အဲဒါကို ကိုယ်တိုင်ကြည့်နေရင်ရော …

နောက်ဆုံးတွင် ဝမ်ဝေ့က ထိုမေးခွန်းများ၏ အဖြေကို သိသွားလေသည်။

ထိုစစ်ဆေးမှု၌ ဝမ်ဝေ့က နာကျင်မှု ခံနိုင်ရည်စွမ်းမြင့်မြင့် လိုအပ်လေသည်။ လတ်တလော သူက နာကျင်မှု လျော့ချဖို့ လှည့်ကွက်တစ်ခု သင်ယူခဲ့သည်။ သူက ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ နာကျင်မှု ဖြတ်တောက်လိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု မခံစားနိုင်တော့သည့်အထိ ရောက်လာစေခဲ့သည်။ သို့သော်လည်း ထိုလှည့်ကွက်က ရုပ်ပိုင်းဆိုင်ရာအတွက်သာ ဖြစ်ပြီး ဝိညာဉ်ပိုင်းနှင့် စိတ်ဝိညာဉ်ပိုင်း နာကျင်မှုနှင့် မသက်ဆိုင်ပေ။

သို့သော်လည်း ဝမ်ဝေ့က အသေးစား သက်တောင့်သက်သာ မဖြစ်တာလေးကြောင့် စိတ်ဓာတ်ကျမသွားပေ။ သူက ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာလိုက်သည်။ နာကျင်မှုကို တွေ့ကြုံခံစားနေရမည့်အစား သူက နာကျင်မှု သဘောတရားကို စဉ်းစားလိုက်သည်။ သူက သဘာဝလွန် နယ်ပယ်အဆင့်တွင် နာကျင်မှုနှင့် သက်ဆိုင်သည့် ပင်ကိုယ်စွမ်းရည် နိုးထလာစေဖို့အတွက် ယခု နာကျင်မှုတာအိုကို ဉာဏ်အလင်းပွင့်ဖို့ မျှော်လင့်နေမိသည်။

တစ်ရက်ကျ သူ့ရန်သူများကို ဒီစစ်ဆေးမှုအတွင်း သူ ကြုံတွေ့ခံစားခဲ့ရသည့် နာကျင်မှုထက် အဆရာပေါင်းများစွာ ခံစားအောင် လုပ်ပစ်မည်။

၁၆ ထပ်မြောက် မီးတောင်ငရဲခန်း၌ ဝမ်ဝေ့က မီးတောင်အတွင်းပေါက်ထဲ ရောက်နေသည်။ ထို့နောက် တောင်ထဲ ချော်ပူရည်များဖြင့် တဖြည်းဖြည်း ပြည့်လာလိမ့်မည်။ ထိုအထပ်၌ ကြောက်စရာအကောင်းဆုံးက ထိုချော်ပူရည်သည် သူ့အသားကို လောင်ကျွမ်ကာ တိုက်ရိုက်သတ်ပစ်ခြင်း မဟုတ်ဘဲ ဖြည်းဖြည်းချင်း ချက်ပြုတ်ကာ ဝမ်ဝေ့ ခန္ဓာကိုယ်ထဲ ချော်ပူရည်များက အေးခဲသွားသည့်အချိန် အသက်ရှုကြပ်ခြင်းကြောင့် သေဆုံးစေခြင်း ဖြစ်သည်။

ဝမ်ဝေ့က အသက်ရှုမဝသည့် နာကျင်မှုကို ကြုံတွေ့ခံစားရသည်။ သူ့အဆုတ်က အပါးလွှားဆုံး အောက်ဆီဂျင်ကို ရှုဖို့ ကြိုးစားနေရသည်။ အောက်ဆီဂျင် မလုံလောက်ပါက သူ့နှလုံးခုန်ရပ်သွားမည် ဖြစ်ကာ နောက်ဆက်တွဲအနေနှင့် တခြားသော အတွင်းအင်္ဂါများလည်း တစ်ခုပြီး တစ်ခု လုပ်ဆောင်ချက် ကျရှုံးသွားမည်။

ပုံမှန်အားဖြင့် ဒီလိုကြုံတွေ့ရပါက လူတစ်ယောက်သည် မိနစ်အနည်းငယ်အကြာတွင် သေဆုံးသွားမည် ဖြစ်၏။ သို့သော် ဤစစ်ဆေးမှုအတွင်း ဝမ်ဝေ့က ဒီလိုအခြေအနေအတိုင်း နာရီများစွာ နေခဲ့ရသည်။ သူ အော်ဟစ်လိုလျှင်ပင် မတတ်နိုင်ပေ။

၁၇ ထပ်မြောက် ကျောက်ခွဲစက် ခြံဝန်း၌ ဝမ်ဝေ့ကို ကျောက်ခွဲစက်ပေါ် တင်ထားပြီးနောက် သူ သွေးသံရဲရဲ ဖျော်ရည်ဖြစ်သည့်အထိ ကြိတ်ချေခံရမည်။ သူ့အရည်ပြား၊ အရိုး၊ အတွင်းအင်္ဂါများနှင့် ကြွက်သားများလည်း အရည်ဖြစ်ကုန်သည်။ ထိုဖြစ်စဉ်က ထပ်ခါထပ်ခါ ဖြစ်နေသည်။

၁၈ ထပ် နောက်ဆုံးသော လွှသွားငရဲခန်း၌ ဝမ်ဝေ့က လွှဖြင့် နည်းလမ်းအမျိုးမျိုး လှီးဖြတ်ခံရသည်။ ဒေါင်လိုက်ဖြစ်စေ၊ အလျားလိုက်ဖြစ် နောက်ဆုံးသော ရလဒ်က နှစ်ပိုင်းပြတ်သွားခြင်း ဖြစ်သည်။ ဝမ်ဝေ့က သူ့ဝိညာဉ်ပင် နှစ်ပိုင်းမက ကွဲထွက်သွားသလို နာကျင်ခံစားနေရသည်။

သို့သော်လည်း အစပိုင်းနှင့် မတူသည်က ဝမ်ဝေ့က မချိတင်ကဲ မအော်တော့ပေ။ တကယ်တော့ သူက လုံးလုံး မအော်ပေ။ သူက အံကြိတ်လျက် နာကျင်မှုကို တောင့်ခံနေသည်။

နောက်ဆုံးအထပ်အပြီးတွင်  ဝမ်ဝေ့နှင့် အခြားပါဝင်စစ်ဆေးခံသူများသည် မျှော်နန်းဆောင်အပြင်ဘက်သို့ ပြန်ပို့ခံလိုက်ရသည်။ ပါဝင်စစ်ဆေးခံသူများသည် စစ်ဆေးမှုအတွင်း တစ်လကျော် ကြာမြင့်ခဲ့သည်။ သို့သော် အပြင်ဘက်ရှိ အပြင်ဘက်ရှိ အစီအရင် ပိတ်ကားချပ်ကို ကြည့်နေကြသည့် လူများက ခြေတစ်လှမ်းပင် မရွေ့ကြပေ။ ထိုကျင့်ကြံသူများအတွက် တစ်လတာက အချိန်တိုမျှသာ ဖြစ်၏။

ဝမ်ဝေ့တို့ အပြင်ရောက်လာသည့်အခါ တခြားတပည့်များဆီမှ ချီးကျူးသံများကို လက်ခံရရှိလိုက်ကြသည်။ အထူးသဖြင့် ဝမ်ဝေ့နှင့် လီကျွင်း ဖြစ်၏။ ဤတစ်ကြိမ် အပြိုင်အမွေခံသားတော်အားလုံး စစ်ဆေးမှု အောင်မြင်သွားကြသော်လည်း လူများစွာက ဝမ်ဝေ့နှင့် လီကျွင်းအပေါ် အာရုံစိုက်နေသည့် အကြောင်းအရင်းမှာ သူတို့က ငယ်ရွယ်ကြ၍ ဖြစ်သည်။

ဂိုဏ်းအတွင်း တခြားမိသားစုများမှ အသက်တူ ကလေးများကို ပါဝင်စစ်ဆေးခွင့် ပြုခဲ့သော်လည်း လီကျွင်းနှင့် ဝမ်ဝေ့သာ အောင်မြင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ချီးကျူးခံရဆုံး ဖြစ်နေသည်။

လေဟာနယ် တစ်နေရာ၌ …

ဂိုဏ်းအကြီးအကဲများစွာက လေထဲ ရပ်ကာ စကားပြောနေကြသည်။

လူသစ်စုဆောင်းရေး ခန်းမ၏ မဟာအကြီးအကဲက ပြောလိုက်သည်  “ ဂိုဏ်းချုပ် … ကျုပ်တို့  အခုကစပြီး တပည့်တွေ ရွေးချယ်လက်ခံတဲ့နေရာမှာ ဒီမျှော်နန်းဆောင်ကို အသုံးပြုဖို့ လိုတယ်လို့ ထင်တယ်”

“အဲဒါ အကြံကောင်းပဲ။ တပည့်တွေ လက်ခံရုံတင် မကဘူး။ အပြင်တပည့်ကနေ အတွင်းတပည့်၊ ပင်မတပည့်တွေ ဖြစ်လာဖို့ စစ်ဆေးတဲ့အခါမှာလည်း သုံးလို့ရတယ်။ ငါတို့ အဆင့်တစ်ခုစီအတွက် အခြေအနေတွေ ပြန်သတ်မှတ်ကြတာပေါ့ ”

“ ဒီမျှော်နန်းဆောင်က ကျုပ်တို့ဂိုဏ်း အုတ်မြစ်ကို တိုးပွားလာစေမဲ့ မှော်ရတနာပဲ။ ဒီလိုမျိုး အလကားသုံးခွင့်ပြုတာ အဆင်ပြေရဲ့လား ”

“ အဲဆို တပည့်သစ်တွေ လက်ခံတဲ့နေရာမှာပဲ အလကား လုပ်ကြမယ်။ ကျန်တပည့်တွေက မျှော်နန်းဆောင်ထဲ ဝင်ဖို့ သူတို့ဂိုဏ်းအမှတ်တွေနဲ့ လဲလှယ်ရမယ်။ အပြိုင်အမွေခံသားတော်တွေကတော့ အလကား ဝင်နိုင်တယ် ” ဂိုဏ်းချုပ်ဝမ်ထျန်းက ပြောလိုက်သည်။

ထို့နောက် အကြီးအကဲအားလုံးကလည်း သဘောတူကာ တပည့်အားလုံး မျှော်နန်းဆောင်ကို အသုံးပြုဖို့ လိုအပ်ချက် အခြေအနေနှင့် အမှတ်များကို စတင်ဆွေးနွေးကြတော့သည်။

ဝမ်ဝေ့ ဖန်တီးလိုက်သည့် ဖန်တီးမှုအသစ်ဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် အခြေခံအုတ်မြစ် တိုးပွားကာ သာယာစည်ကားလာတော့သည်။ ဤသို့ဖြင့် ဂိုဏ်းသည် ဖြည်းဖြည်းချင်း အားကောင်းသည့် အလားအလာတစ်ခုသို့ ဦးတည်နေလေပြီ။

All Chapters