အခန်း ၉၁၆
Vol. 62 Ch. 916
အခန်း (၉၁၆) ဓားသွားဝိညာဉ်၏ အထွတ်အထိပ်။ မိစ္ဆာသားရဲတစ်ကောင် မွေးဖွားလာခြင်း။ (၅)
ပြိုင်ဘက်ကင်း နတ်ဘုရားဓားသိုင်းနှင့် ဓားသွားဝိညာဉ်တို့ ပေါင်းစပ်လိုက်သောအခါ ကျီးရွှယ်ရှောင်း၏ ဓားချက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။
"ချွမ်း"
သို့သော် ဓားက ချင်းမေ့ရှန်၏ လည်ပင်းကို ထိမှန်သွားသောအခါ သတ္တုချင်း ထိခတ်သံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ချင်းမေ့ရှန်၏ လည်ပင်းတွင် သိပ်သည်းလှသော အနက်ရောင် အကြေးခွံများ ပေါ်လာသည်။ ဓားချက်မှာ သူ့ကို ဒဏ်ရာပင် မရစေနိုင်ဘဲ ပြင်းထန်သော ဓားစွမ်းအင်များက လမ်းဘေးရှိ အဆောက်အဦးများကိုသာ ထက်ပိုင်းပြတ်တောက်သွားစေကာ အေးစက်သော လေထုနှင့်အတူ ခဲသွားစေတော့သည်။
"ပြီးပြည့်စုံတဲ့ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည်အဆင့် ဓားသိုင်းပဲ... မဆိုးပါဘူး။ ဒါပေမဲ့ ငါ့ကို ဒဏ်ရာရအောင်လုပ်ဖို့တော့ အဝေးကြီး လိုသေးတယ်" ချင်းမေ့ရှန်က လှောင်ပြုံး ပြုံးလိုက်သည်။
မိစ္ဆာသားရဲများသည် သူတို့၏ သန်မာလှသော ရုပ်ခန္ဓာနှင့် မသေနိုင်သော ခန္ဓာကိုယ်ကြောင့် လူသိများသည်။ ချင်းမေ့ရှန်၏ ခန္ဓာကိုယ်မှာ မိစ္ဆာအသိုက်ထဲတွင် ပြုစုပျိုးထောင်ထားသဖြင့် တတိယကောင်းကင်ဘုံ သိုင်းဝိဇ္ဇာသူတော်စင်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထားသော သိုင်းဝိဇ္ဇာသူတော်စင်များနှင့်ပင် တန်းတူဖြစ်သည်။ ကျီးရွှယ်ရှောင်း၏ ဓားချက်မှာ မည်မျှပင် ပြင်းထန်ပါစေ သူ့ကို အစင်းရာလေးပင် မထင်စေနိုင်ပါ။
"သေလိုက်တော့"
ချင်းမေ့ရှန်က အရူးအမူး ရယ်မောရင်း ဘယ်လက်သီးဖြင့် ထပ်မံ ထိုးလိုက်သည်။ ဤလက်သီးမှာ ယခင်ကထက် ပိုမို ကြောက်စရာကောင်းပြီး လက်သီးပေါ်တွင် အနက်ရောင် မိစ္ဆာမီးတောက်များ တောက်လောင်နေသည်။ ၎င်းမှာ ရုပ်ခန္ဓာတင်မက ဝိညာဉ်ကိုပါ လောင်ကျွမ်းစေနိုင်သည်။
သို့သော် ချင်းမေ့ရှန်၏ လက်သီးမှာ ပစ်မှတ်ကို မထိမှန်ခဲ့ပေ။ ရေခဲပုံဆောင်ခဲများ လေထဲတွင် လွင့်စင်လာပြီး ဧရာမ ရေခဲနဂါး၏ အမြီးက ချင်းမေ့ရှန်ကို ရိုက်ခတ်လိုက်သဖြင့် သူ ခေတ္တ တန့်သွားသည်။ ထိုအချိန်တွင် ကျီးရွှယ်ရှောင်းက ရှောင်တိမ်းလိုက်သည်။
"ဘုန်း"
လက်သီး၏ အရှိန်က မြေပြင်ကို အက်ကွဲစေပြီး ရူးသွပ်နေသော သားရဲတစ်ကောင်အလား အဝေးသို့ ပြေးဝင်သွားကာ လမ်းမများနှင့် အဆောက်အဦးများကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ အဖြူရောင်ညလင်းမြို့တော်၏ မြေပြင်ပေါ်တွင် ၇ မိုင်၊ ၈ မိုင်ခန့် ရှည်လျားသော ဧရာမ ချောက်ကြီးတစ်ခု ပေါ်လာတော့သည်။
'မြို့ထဲမှာ တိုက်ရင် ပျက်စီးမှုတွေက များလွန်းတယ်။ ကောင်းကင်ပေါ်ကို ပြောင်းရမယ်' ကျီးရွှယ်ရှောင်းက သာမန်လူများကို မထိခိုက်စေရန် စဉ်းစားကာ ဆုံးဖြတ်လိုက်သည်။
နဂါးဟိန်းသံနှင့်အတူ ကျီးရွှယ်ရှောင်းသည် နတ်ဘုရားမျိုးစေ့၏ စွမ်းအားကို အသုံးပြုလိုက်ရာ ပေတစ်ရာရှည်သော ရေခဲနဂါးကြီး ပေါ်လာသည်။ သူသည် နဂါးခေါင်းပေါ်တွင် ရပ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
"ဟားဟားဟား…ထွက်ပြေးမလို့လား" ချင်းမေ့ရှန်၏ ရယ်သံကြီးက ဟိန်းထွက်နေလျက် နောက်ကနေ အနီးကပ် လိုက်လာသည်။
အဖြူရောင်ညမြို့တော်ရှိ လူအားလုံးမှာ ကောင်းကင်ပေါ်မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေကြသည်။ တောက်ပနေသော ရေခဲနဂါးကြီးနှင့် နေဝန်းနက်ကြီးအလား လက်သီးချက်များဖြင့် တိုက်ခိုက်နေသော မိစ္ဆာနတ်ဘုရားတစ်ပါး၏ တိုက်ပွဲမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ရေခဲနဂါးမှာ ပျက်စီးသွားလိုက်၊ ပြန်လည်ကောင်းမွန်လာလိုက် ဖြစ်နေသော်လည်း မိစ္ဆာရုပ်သွင်ကသာ အသာစီး ရနေသည်မှာ ထင်ရှားလှသည်။
"ဒါက... မိစ္ဆာသားရဲအစစ်လား။ အစ်မရွှယ်ရှောင်းက သိုင်းဝိဇ္ဇာသူတောင်စင်အဆင့်ကို ရောက်နေတာတောင် သူ့ကို အစင်းရာလေးတောင် မထင်စေနိုင်ဘူး" မြေပြင်ပေါ်မှ ဖုချင်းစစ်မှာ အလွန်ပင် စိုးရိမ်နေမိသည်။
ချင်းမေ့ရှန်၏ စွမ်းအားမှာ သိုင်းဝိဇ္ဇာသူတော်စင် ဝင်ခါစ ပထမကောင်းကင်ဘုံအဆင့်နှင့် ယှဉ်၍ပင်မရနိုင်ပေ။
"သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး... ငါ့ရဲ့ ဓားသိုင်းက နတ်ဘုရားစွမ်းရည်အဆင့်ကို ရောက်နေတာတောင် သူ့အရေပြားကိုတောင် မခွဲနိုင်ဘူးလား။" တိုက်ခိုက်နေရင်း ကျီးရွှယ်ရှောင်း၏ ရင်ထဲတွင် ထိတ်လန့်မှုများ ပိုမို တိုးလာသည်။ သူက အစွမ်းကုန် တိုက်ခိုက်နေသော်လည်း ချင်းမေ့ရှန်ကတော့ အတည်ပေါက် တိုက်ခိုက်နေတာ မဟုတ်ဘဲ ကြောင်က ကြွက်ကို ကစားနေသလိုပင်။
ချင်းမေ့ရှန် တွေးနေမိသည်။ 'အဖြူရောင်ညမြို့တော်ရဲ့ သိုင်းဝိဇ္ဇာသူတောင်စင်က ထွက်မလာသေးဘူးလား။ ငါ့ကို ကြောက်ပြီး ပုန်းနေတာ ထင်တယ်' အဖြူရောင်ညနိုင်ငံသည် အောက်အဆင့်နိုင်ငံဖြစ်ရာ နိုင်ငံ၏ သိုင်းဝိဇ္ဇာသူတော်စင်များမှာလည်း အားနည်းလှသဖြင့် ချင်းမေ့ရှန်ကို ရင်ဆိုင်ရဲပုံ မရပေ။
"ဒီမိစ္ဆာသားရဲက အရမ်းအားကောင်းလွန်းတယ်။ အကြီးအကဲတာ့ ရောက်လာရင်တောင် တားနိုင်ပါ့မလား မသိဘူး။" ဖုချင်းစစ်မှာ အစိုးရိမ်လွန်နေသည်။ သူ သိသမျှတွင် တာ့ဝူဖုန်းမှာ အားအကောင်းဆုံးဖြစ်သော်လည်း ယခု ချင်းမေ့ရှန်၏ စွမ်းအားမှာ လူသားတို့ နားလည်နိုင်သော အဆင့်ထက် ကျော်လွန်နေပုံရသည်။
"ပျင်းလာပြီ... သူ့ကို အရင်သတ်မယ်။ ပြီးရင် ဒီမြို့ထဲက လူတစ်သန်းလုံးကို စားပွဲတော် တည်ရမယ်။" ချင်းမေ့ရှန်က ဆက်ကစားချင်စိတ် မရှိတော့ပေ။
"မိစ္ဆာမိုးကြိုး"
ချင်းမေ့ရှန်က ပြုံးလိုက်ပြီး သူ၏ ညာလက်ကို ဆုပ်လိုက်ရာ အနက်ရောင် မိုးကြိုးတန်းများ သူ၏ လက်ဝါးထဲတွင် စုစည်းလာသည်။ ၎င်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ဖျက်ဆီးခြင်း အရှိန်အဝါများ ပြည့်နှက်သွားတော့သည်။ အဖြူရောင်ညမြို့တော်ရှိ သာမန်လူအများအပြားမှာ ကောင်းကင်ပေါ်မှ ကမ္ဘာပျက်မည့်အလား မြင်ကွင်းကို ကြည့်ကာ နေရာမှာတင် မူးလဲသွားကြတော့သည်။