← Chapters

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း ၉၂၇

Vol. 62 Ch. 927

အခန်း (၉၂၇) ဓားသွားဝိညာဉ်၏ အဆုံးစွန်သော စွမ်းအား။ ပင်မခန္ဓာကိုယ် ပေါ်ထွက်လာခြင်း။ (၃)

ခြောက်လကျော်အတွင်း ချင်းမေ့ရှန်၏ ပင်မခန္ဓာကိုယ်မှာ တတိယအဆင့် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးနှင့် ရင်ဆိုင်နိုင်စွမ်းရှိသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် တာ့ဝူဖုန်း၏ တိုးတက်မှုနှုန်းမှာလည်း သူ့ထက် မနှိမ့်ကျပေ။ နှစ်ဦးစလုံးမှာ လွန်ခဲ့သော နှစ်ဝက်လောက်ကမှ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ခဲ့ကြသော်လည်း တာ့ဝူဖုန်းမှာမူ သူပြုစုပျိုးထောင်ထားသော မိစ္ဆာကိုယ်ပွားများကို ဟင်းသီးဟင်းရွက် လှီးသလို တစ်ကောင်လျှင် ဓားတစ်ချက်နှုန်းဖြင့် သတ်ဖြတ်နေသည်။

“သူ့ကို သတ်ရမယ်။ သူ့ကိုသတ်မှရမယ်။ သူက နောင်တစ်ချိန်မှာ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မယ်။”

သိုင်းဝိဇ္ဇာသူတော်စင်၏ စိတ်ထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ စူးချန်ခုန်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို သူ ကောင်းစွာ ခံစားမိသည်။ ဤကဲ့သို့ တိုးတက်မှုနှုန်းမှာ ကျိုးကြောင်းဆီလျော်မှု မရှိလှပေ။ အကယ်၍ ယနေ့ သူ့ကို မသတ်နိုင်ခဲ့လျှင် အနာဂတ်တွင် အဆုံးမရှိသော ဒုက္ခများ ကြုံရပေလိမ့်မည်။

သို့သော် သိုင်းဝိဇ္ဇာသူတော်စင် တုံ့ဆိုင်းနေမိသည်။ ဤကိုယ်ပွားများ သေဆုံးခြင်းမှာ ဆုံးရှုံးမှုကြီးမားသော်လည်း သူ ခံနိုင်ရည်ရှိသေးသည်။ သို့သော် အသေအချာ ပြုစုထားသော သူ၏ ပင်မခန္ဓာကိုယ်သာ သေဆုံးသွားခဲ့လျှင် ဆုံးရှုံးမှုမှာ အစားထိုးမရနိုင်အောင် ကြီးမားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်တော်သော ခန္ဓာကိုယ်တစ်ခု ရရှိရန်မှာ မလွယ်ကူသောကြောင့် ဖြစ်သည်။

ချင်းမေ့ရှန် တုံ့ဆိုင်းနေစဉ်မှာပင် နောက်ထပ် မိစ္ဆာကိုယ်ပွားတစ်ခုမှာ စူးချန်ခုန်း၏ ဓားချက်အောက်တွင် ကျဆုံးသွားပြန်သည်။ ဤမြင်ကွင်းက ချင်းမေ့ရှန်၏ မျက်လုံးများကို သွေးရောင်လွှမ်းသွားစေကာ “သတ်ပစ်မယ်။ သူ့ကို သတ်ကို သတ်ရမယ်” ဟု အော်ဟစ်နေတော့သည်။

သူ၏ ပင်မခန္ဓာကိုယ်ကို အသုံးပြုပါက စူးချန်ခုန်းကို သတ်ရန်မှာ ပြဿနာမရှိနိုင်ဟု သူယုံကြည်သည်။ အကယ်၍ အန္တရာယ်ကြုံလာလျှင်ပင် ပရမ်းပတာ ဟင်းလင်းပြင်ထဲသို့ သူ အချိန်မီ ပြန်ဝင်နိုင်သည်။ ယခင်က တတိယကောင်းကင်ဘုံအဆင့်ရှိသော ရှန်းကျန်းတောက်ရှစ်နှင့် ကောင်းကင်နတ်ဘုရားဇိုးတို့ပင်လျှင် သူ့ကို မတားဆီးနိုင်ခဲ့ပေ။

ဤသို့တွေးကာ ချင်းမေ့ရှန်သည် ပရမ်းပတာ ဟင်းလင်းပြင်ထဲမှ ထွက်ခွာလိုက်သည်။

“ဂျိန်း... ဂျိန်း”

ဟင်းလင်းပြင်ထဲတွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေသော လက်နှစ်ဖက်က ထိုအက်ကြောင်းကို ဆွဲဖြဲကာ ပိုမိုကျယ်ပြန့်အောင် လုပ်လိုက်သည်။ ကောင်းကင်ကြီးမှာ နှစ်ခြမ်းကွဲသွားသကဲ့သို့ ဖြစ်နေပြီး နက်မှောင်သော ပရမ်းပတာ ဟင်းလင်းပြင်ကြီး ပေါ်ထွက်လာသည်။

ပေတစ်ရာကျော် မြင့်မားသော မိစ္ဆာခန္ဓာကိုယ်နှင့်အတူ ချင်းမေ့ရှန်သည် ပရမ်းပတာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ ဦးခေါင်းမှာ လူသားပုံစံ ဖြစ်သော်လည်း ကိုယ်ခန္ဓာမှာ အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေကာ သူ၏ ပတ်ဝန်းကျင်တွင် လည်ပတ်နေသော မိစ္ဆာစွမ်းအင်များမှာ ဟိန်းဟောက်နေသည့် ဆင်ရိုင်းကြီးများအလားပင်။

“ဂျိန်း... ဝုန်း”

ကောင်းကင်နှင့် မြေကြီးအနှံ့ လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများဖြင့် ကြောက်မက်ဖွယ် မိစ္ဆာအရှိန်အဝါများ ပျံ့နှံ့သွားတော့သည်။

“တာ့ဝူဖုန်း…. ငါမင်းကို နုတ်နုတ်စင်းပစ်မယ်။”

မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သော အော်ဟစ်သံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ချင်းမေ့ရှန်သည် ပရမ်းပတာ ဟင်းလင်းပြင်မှ ဆင်းသက်လာရာ ပရမ်းပတာ ကာလမှ ပေါ်ထွက်လာသော မိစ္ဆာနတ်ဘုရားတစ်ပါးနှင့်ပင် တူလှသည်။

“သူ... သူ တကယ် ပေါ်လာပြီ”

ဖုချင်းစစ်သည် ပေတစ်ရာကျော် မြင့်မားသော ထိုကြောက်မက်ဖွယ် မိစ္ဆာကြီးကို ကြည့်ကာ ကြောက်ရွံ့ခြင်းနှင့် နာကျည်းခြင်းများ တစ်ပြိုင်နက် ခံစားလိုက်ရသည်။ ဤချင်းမေ့ရှန်က ကျီးရွှယ်ရှောင်းကို သတ်ခဲ့သူ ဖြစ်သည်။

“ဂျိန်း”

ဖုချင်းစစ်က တုံ့ဆိုင်းမနေဘဲ လက်ထဲရှိ ကျောက်စိမ်းပြားကို ခွဲလိုက်ပြီး ရှန်းကျန်းတောက်ရှစ်ထံသို့ အချက်ပေးလိုက်သည်။

“မောင်ရင်တာ့က အဲဒီ မိစ္ဆာကောင်ကို သူ့အသိုက်ထဲကနေ တကယ်ပဲ မျှားထုတ်နိုင်ခဲ့တာလား။”

မိုင်တစ်ထောင်အကွာရှိ မြို့ငယ်လေးတစ်မြို့တွင် ရှိနေသော ရှန်းကျန်းတောက်ရှစ်မှာ စိတ်ဓာတ်များ တက်ကြွသွားလေ၏။

“သွားကြစို့”

ရှန်းကျန်းတောက်ရှစ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ လူသားကိုးနိုင်ငံတော်မှ ထိပ်တန်း သိုင်းဝိဇ္ဇာသူတော်စင်များဖြစ်သည့် ကောင်းကင်နတ်ဘုရားဇိုးနှင့် ရှယန်လုံတို့အား ဦးဆောင်ကာ နီးသယောင်ဝေးဆဲ နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ တာ့ယွီမြို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်လိုက်ကြသည်။

ရှန်းကျန်းတောက်ရှစ်က အချည်းနှီး စောင့်နေခဲ့တာ မဟုတ်ပေ။ တိုက်ပွဲမှာ တာ့ယွီမြို့တွင် ဖြစ်ပွားမည်ကို သိသဖြင့် ချင်းမေ့ရှန် မရိပ်မိနိုင်သော မိုင်တစ်ထောင်အကွာ၌ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအကွာအဝေးမှာ တိုက်ပွဲမြေပြင်သို့ အလျင်အမြန် ရောက်ရှိနိုင်သော အကွာအဝေးလည်း ဖြစ်သည်။

“တောင့်ခံထားဦး”

တစ်ချိန်တည်းမှာပင် ရှန်းကျန်းတောက်ရှစ်နှင့် အဖွဲ့သားများမှာ စိတ်ထဲမှ ဆုတောင်းနေကြသည်။ ထိုနတ်ဘုရားစွမ်းရည်ဖြင့် မိုင်တစ်ထောင်ကို ဖြတ်ကျော်ရန်မှာ ခက်ခဲသော အလုပ်မဟုတ်သော်လည်း အချိန်အနည်းငယ်တော့ ယူရပေမည်။ အကယ်၍ ထိုအချိန်အတွင်း စူးချန်ခုန်းမှာ ချင်းမေ့ရှန်၏ လက်ချက်ဖြင့် ကျဆုံးသွားပါက ချင်းမေ့ရှန်မှာ သူ၏ အသိုက်ထဲသို့ ချက်ချင်း ပြန်ဝင်သွားပေလိမ့်မည်။ ထို့ကြောင့် သူတို့ ရောက်ရှိမလာမီအထိ စူးချန်ခုန်းအနေဖြင့် ကြံ့ကြံ့ခံထားရန် လိုအပ်ပေသည်။

ချင်းမေ့ရှန်၏ ပေတစ်ရာမြင့်သော မိစ္ဆာခန္ဓာကိုယ်မှာ မည်သည့်အရာကမျှ မဖောက်ထွင်းနိုင်သကဲ့သို့ ရှိနေပြီး အလွန်အမင်း ဖိနှိပ်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တတိယကောင်းကင်ဘုံအဆင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ အခိုင်အမာ ရောက်ရှိနေပြီဖြစ်ရာ လူသားကိုးနိုင်ငံမှ မည်သည့် သိုင်းဝိဇ္ဇာသူတော်စင်မျှ တစ်ဦးချင်း တိုက်ခိုက်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

“ငါ့ကို ဒီလောက်အထိ ဖိအားပေးနိုင်တယ်ပေါ့...” ချင်းမေ့ရှန်က သွားကို တင်းတင်းကြိတ်ကာ သူ၏ စိမ်းဖန့်ဖန့် မျက်လုံးများဖြင့် ရက်စက်စွာ ကြည့်လိုက်သည်။

“နောက်ဆုံးတော့ သူ ထွက်လာပြီပဲ”

သို့သော် စူးချန်ခုန်း၏ သတ်ဖြတ်လိုစိတ်မှာလည်း အဆုံးစွန်ထိ မြင့်တက်နေသည်။ ချင်းမေ့ရှန်က စူးချန်ခုန်းအပေါ် အငြိုးထားသကဲ့သို့ စူးချန်ခုန်းကလည်း ချင်းမေ့ရှန်ကို အလွန်ပင် မုန်းတီးလှသည်။ ချင်းမေ့ရှန်သည် သူ့ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး အရိပ်ထဲမှနေ၍ ပြဿနာများ ဖန်တီးခဲ့သူဖြစ်ရာ ယခုအခါ သူတို့နှစ်ဦးမှာ ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ကြရခြင်း ဖြစ်သည်။

“သူ့ရဲ့ ကိုယ်ပေါ်မှာ စစ်သူကြီးဟုန်ရဲ့ အငွေ့အသက် အစအနတောင် မကျန်တော့ဘူး။ စစ်သူကြီးဟုန်... သေသွားပြီပဲ။”

တစ်ချိန်တည်းမှာပင် စူးချန်ခုန်းသည် ဟုန်ကျန်းရှန့်၏ ခန္ဓာကိုယ်ကို အသုံးပြုထားသော ချင်းမေ့ရှန်၏ ကိုယ်တွင်း၌ ဟုန်ကျန်းရှန့်၏ ဝိညာဉ်တုန်ခါမှု အနည်းငယ်မျှပင် မရှိတော့သည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ချင်းမေ့ရှန်က ဟုန်ကျန်းရှန့်၏ ဝိညာဉ်ကို လုံးဝ ချေမှုန်းပစ်လိုက်ပြီဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤသို့ ဖြစ်လာမည်ကို ကြိုတင် သိထားသော်လည်း စူးချန်ခုန်းမှာ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းနှင့် သတ်ဖြတ်လိုစိတ်များ ရောပြွန်းနေမိသည်။

“သေစမ်း”

စကားအပိုများ မပြောတော့ဘဲ ချင်းမေ့ရှန်သည် မိစ္ဆာအသိုက်မှ ထွက်လာခြင်းမှာ အန္တရာယ်ရှိကြောင်း သိသဖြင့် စူးချန်ခုန်းကို အမြန်ဆုံး သတ်ရန် ကြိုးစားလိုက်သည်။ သူ၏ ပေတစ်ရာမြင့်သော မိစ္ဆာဆင်ရိုင်း စစ်ခန္ဓာကို အသက်သွင်းကာ ကောင်းကင်ယံမှ ဧရာမ လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားမှာ အောက်ဘက်ရှိ တောင်ကုန်းငယ်များကို ပေါက်ကွဲသွားစေပြီး သစ်ပင်များကိုလည်း အမှုန့်ဖြစ်သွားစေသည်။

ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုကို စူးချန်ခုန်းက ထိပ်တိုက် မရင်ဆိုင်ပေ။ သူသည် နတ်သမင်ကောင်းကင်ခြေလှမ်းကို အသုံးပြုကာ ရှောင်တိမ်းလိုက်ရာ သူချန်ရစ်ခဲ့သော ပုံရိပ်ယောင်မှာ ထိုတိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ ထိုအချိန်မှာပင် စူးချန်ခုန်းသည် ချင်းမေ့ရှန်၏ လည်ဂုတ်နောက်သို့ ရောက်ရှိသွားပြီး လက်ထဲမှ ဓားဖြင့် ချင်းမီရှန်း၏ ဂုတ်ကို ခုတ်ချလိုက်သည်။

“ချလွမ်း”

ဓားသွားဝိညာဉ်၏ စွမ်းအားများ ကိန်းအောင်းနေသော ထိုဓားချက်မှာ မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်သော်လည်း ချင်းမေ့ရှန်၏ လည်ဂုတ်ပေါ်သို့ ကျရောက်သောအခါ သံခြင်းထိခိုက်သကဲ့သို့ မီးပွားများသာ ထွက်ပေါ်လာပြီး သူ၏ ထူထပ်လှသော အကြေးခွံများပေါ်တွင် သေးငယ်သော အမှတ်အသားတစ်ခုသာ ကျန်ရစ်ခဲ့သည်။

ချင်းမေ့ရှန်၏ မိစ္ဆာခန္ဓာကိုယ်မှာ သူ၏ ပင်မပုံသဏ္ဍာန်ဖြစ်ရာ အခြားသော ကိုယ်ပွားများထက် များစွာ သန်မာလှသည်။ ထို့အပြင် မိစ္ဆာဆင်ရိုင်း စစ်ခန္ဓာကို တတ်မြောက်ထားသဖြင့် ရှန်းကျန်းတောက်ရှစ်နှင့် ကောင်းကင်နတ်ဘုရားဇိုးတို့ပင်လျှင် သူ့ကို ဒဏ်ရာရအောင် လုပ်ရန် ခက်ခဲလှသည်။

“မိစ္ဆာမိုးကြိုး”

ချင်းမေ့ရှန်က လှည့်မကြည့်ဘဲ မိစ္ဆာအတတ်ကို အသုံးပြုလိုက်ရာ ဟင်းလင်းပြင်ထဲ၌ မိုးကြိုးများသည် မြွေဟောက်ကြီးများအလား ကခုန်လျက် စူးချန်ခုန်းဆီသို့ ပြင်းထန်စွာ ပစ်ချလာသည်။

“ဂျိန်း... ဂျိန်း”

စူးချန်ခုန်း၏ ခန္ဓာကိုယ်ကို သူ၏ ရွှေအမြုတေ ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ဆန်းကြယ်လိပ်ရွှေချပ်ဝတ်က လွှမ်းခြုံထားသည်။ ၎င်းမှာ လုံးဝလုံခြုံသော ကာကွယ်မှုဖြစ်သော်လည်း မိစ္ဆာမိုးကြိုး တစ်ချက်ချင်းစီ၏ စွမ်းအားမှာ စူးချန်ခုန်း၏ ခံစစ်.ကို ကျော်လွန်နေသည်။ မိုးကြိုးတစ်ချက်ချင်းစီ ပေါက်ကွဲတိုင်း ဆန်းကြယ်လိပ်ရွှေချပ်ဝတ်မှာ ပျက်စီးသွားပြီး စူးချန်ခုန်းမှာ နောက်သို့ လွင့်စင်သွားရကာ တစ်ကိုယ်လုံးတွင် ပြင်းထန်သော နာကျင်မှုနှင့် ထုံကျဉ်မှုများကို ခံစားလိုက်ရသည်။

ချင်းမေ့ရှန်၏ ပင်မခန္ဓာကိုယ်မှ ထုတ်လွှတ်သော မိစ္ဆာအတတ်မှာ ယခင် ကိုယ်ပွားများထက် များစွာ သာလွန်လှပေသည်။

“ဓားသွားဝိညာဉ်နဲ့ မြှင့်တင်ထားတဲ့ ဓားသိုင်းတစ်ခုတည်းနဲ့တော့ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး...”

“ဓားသွားဝိညာဉ်ကို တိုက်ရိုက်ထုတ်လွှတ်ရင်တောင် သူ့ကို သိပ်ပြီး ထိခိုက်မှာ မဟုတ်ဘူး။ ရွှေအမြုတေနဲ့ ဓားသွားဝိညာဉ် ပေါင်းစည်းမှပဲ ရတော့မယ်။”

နောက်သို့ လွင့်စင်သွားစဉ်မှာပင် စူးချန်ခုန်းသည် ကြိုးကြာဖြူတစ်ကောင်အလား တည်ငြိမ်စွာ ဆင်းသက်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်၌ လျှပ်စီးအကြွင်းအကျန်များ ရစ်ပတ်နေစဉ် စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။

စူးချန်ခုန်း၏ စွမ်းအားသိုလှောင်ရာအတွင်းရှိ ဆန်းကြယ်လိပ်ရွှေအမြုတေမှာ သူ၏ ခန္ဓာကိုယ်အတွင်း အလျင်အမြန် လှုပ်ရှားလာပြီး ဝိညာဉ်ပင်လယ်အတွင်းရှိ ဓားသွားဝိညာဉ်နှင့် ပေါင်းစည်းသွားတော့သည်။

ယခင်က ရှီကျင့်ထျန်းနှင့် ရင်ဆိုင်စဉ်က စူးချန်ခုန်းသည် ရွှေအမြုတေနှင့် ပေါင်းစပ်ထားသော ဓားသွားဝိညာဉ်ကို အသုံးပြု၍ သူ့ကို အလွယ်တကူ ခုတ်ပိုင်းနိုင်ခဲ့သည်။ ယခု ခြောက်လကျော်အကြာတွင် စူးချန်ခုန်း၏ ဓားသွားဝိညာဉ်မှာ ပြည့်စုံသွားပြီဖြစ်ရာ ဆန်းကြယ်လိပ်ရွှေအမြုတေနှင့် ပေါင်းစပ်လိုက်ပါက ၎င်း၏ စွမ်းအားမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာပေပြီ။

“သေလိုက်တော့”

မိစ္ဆာကိုယ်ပွားတစ်ခုမှာ စူးချန်ခုန်း မတည်ငြိမ်မီမှာပင် ရက်စက်စွာ ဝင်ရောက်တိုက်ခိုက်လာသည်။

ဝှူးရျ်

သို့သော် စူးချန်ခုန်း၏ နဖူးအလယ်မှ အလွန်ပါးလွှာသော အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။

“ဖျတ်”

ထိုမိစ္ဆာကိုယ်ပွား၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ ဦးခေါင်းမှာ အက်ကွဲသွားကာ နှစ်ခြမ်းကွဲ၍ ပြုတ်ကျသွားတော့သည်။

“ဒါ... ဓားသွားဝိညာဉ်လား။ သူက ဓားသွားဝိညာဉ်ကို ခန္ဓာကိုယ်ပြင်ပကို ထုတ်နိုင်တာလား။ သူ့ရဲ့ ဓားသွားဝိညာဉ်က... အဆုံးစွန်ထိ ပြည့်စုံသွားပြီပဲ။”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်းမေ့ရှန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဤအခိုက်အတန့်တွင် စူးချန်ခုန်း၏ ဓားမှာ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းနေပြီး သူ၏ မိစ္ဆာကိုယ်ပွားများကို အလွယ်တကူ သတ်နိုင်နေသည်ကို သူ နားလည်သွားသည်။ ၎င်းမှာ စူးချန်ခုန်း၏ ဓားသွားဝိညာဉ်မှာ အလွန်အင်အားကြီးမားနေပြီး ဝိညာဉ်နယ်ပယ်ကို ကျော်လွန်ရန် ခြေတစ်လှမ်းသာ လိုတော့သောကြောင့် ဖြစ်ပေသည်။

All Chapters