အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁) ဝတ်ရုံလုပွဲ - ၂၃
ဆယ်စက္ကန့်ပင် မပြည့်လိုက်ချေ။ သျှီဝသည် ထိုအလင်းတန်း၏ ဖမ်းမိခံလိုက်ရပြီး ချက်ချင်းဆိုသလို တစ်ကိုယ်လုံး ခဲသွားတော့သည်။ ထိုရေခဲတုံးသည် ခေါင်းမှ ခြေဖျားအထိ သျှီဝကို လွှမ်းခြုံထားပြီး ပုံသဏ္ဌာန်မှာ ခေါင်းတလားတစ်ခုကဲ့သို့ အလယ်အလတ်စား အရွယ်အစား ရှိနေချေသည်။
သို့သော်လည်း ယင်းက ဖုန်းပုကြွယ် အနိုင်ရရှိသွားပြီဟု မဆိုနိုင်ပါချေ…။
ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီ၏ ကျောက်ပြားဝိုင်းခုနစ်ချပ်သည် အုပ်စုနှစ်စုအဖြစ် ကွဲထွက်သွားပြီး သုံးချပ်မှာ ဖုန်းပုကြွယ်ဘေးတွင် ကျန်ရစ်ခဲ့ပြီး လေးချပ်မှာမူ သျှီဝဘေးနားသို့ ပျံသန်းသွားကြသည်။
ကျောက်ပြားဝိုင်း သုံးချပ်မှ ထွက်ပေါ်လာသော အလင်းတန်းကိုးခုသည် တူညီသော ထောင့်တစ်ခုမှ ဆက်တိုက်ပစ်ခတ်လိုက်ရာ ရေခဲသေနတ်၏ ပြောင်းဝပေါ်သို့ အားလုံး ကျရောက်သွားလေသည်။ ထိုရိုက်ခတ်မှုအရှိန်ကြောင့် သေနတ်ပြောင်းဝသည် ချက်ချင်းဘေးချော်သွားပြီး ဖုန်းပုကြွယ်အနေဖြင့် အလင်းတန်းလှိုင်းထုတ်လွှတ်နေခြင်းကို အတင်းအကျပ် ရပ်တန့်လိုက်ရတော့သည်။
အခြားကျောက်ပြားဝိုင်း လေးချပ်မှ ထွက်ပေါ်လာသော အလင်းတန်း ၁၂ ခုကမူ သျှီဝ၏ လက်နှင့် ခြေထောက်များကို ချုပ်နှောင်ထားသည့် ရေခဲများကို တိတိကျကျ ပစ်ခွဲပစ်လိုက်သည်။
သျှီဝအတွက်မူ သူ့ခြေလက်များ ပြန်လည်လှုပ်ရှားနိုင်သည်နှင့် အချုပ်အနှောင်မှ ရုန်းထွက်ရန်မှာ မခက်ခဲလှချေ။ သူသည် သူ့ပတ်ဝန်းကျင်ရှိ ရေခဲများကို လျင်မြန်စွာ ရိုက်ခွဲပစ်လိုက်ပြီး ထိုဧရိယာမှ ခုန်ထွက်ကာ လမ်းကြားလေးတစ်ခုထဲသို့ လစ်ခနဲဝင်ရောက်ပုန်းကွယ်သွားလေသည်။
“မင်းက ငါနဲ့ တော်တော်တူတာပဲ ဖုန်းပုကြွယ်”
သျှီဝက နံရံထောင့်ကွယ်တွင် ပုန်းအောင်းနေရင်း ပြောလိုက်သည်။
“မင်းက ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုတွေကို တစ်ချက်ကြည့်ရုံနဲ့ ဖြတ်မြင်နိုင်ပြီး ဘယ်လိုတိုက်ခိုက်မှုပုံစံက မင်းကို အနိုင်ရစေမလဲဆိုတာ ချက်ချင်း နားလည်သွားတတ်တာပဲ”
“တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ရဲ့ ဒုတိယနေရာမှာရှိနေတဲ့ ကစားသမားတစ်ယောက်က ငါ့ကို အခုလို ချီးမွမ်းစကားပြောတာက ဂုဏ်ယူစရာပဲ မဟုတ်ဘူးလား”
ဖုန်းပုကြွယ် ပြန်လည်တုန့်ပြန်က်ပြီး သွေးအေးသံချပ်ကာဝတ်စုံကြောင့် ခြေလှမ်းတိုင်းတွင် တထပ်ထပ်ဖြင့် ကျယ်လောင်စွာမြည်လျက် ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။
“ငါလိုလူမျိုးရဲ့ ချီးမွမ်းခံရတာဟာ ပျော်ရမယ့်အစား ပိုကြောက်သင့်တယ်နော်”
သျှီဝက ပြောလိုက်သည်။ သူ စကားပြောနေစဉ်အတွင်း ကျောက်ပြားဝိုင်း ခုနစ်ချပ်သည် သူပုန်းနေသည့် ထောင့်ဆီသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်သွားကြသဖြင့် ဖုန်းပုကြွယ်၏မြင်ကွင်းမှ ယာယီကွယ်ပျောက်သွားခဲ့သည်။
“ကြောက်ရမယ် ဟုတ်လား၊ ဟား… ဘာဖြစ်လို့လဲ”
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
“နားလည်ရ ခက်ခဲနေလို့လား”
သျှီဝက ဆိုသည်။
“ဒါဆိုရင် ပိုရှင်းရှင်းလင်းလင်း ပြောပြရတာပေါ့”
သူ ခဏရပ်လိုက်သည်။
“ထိပ်သီး ကျွမ်းကျင်သူတွေနဲ့ ယှဉ်နိုင်တဲ့ ပါရမီမျိုး ရှိနေတာက မကောင်းတဲ့အရာလည်း ဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့…”
သူက ထောင့်မှ ရုတ်တရက် ထွက်ပေါ်လာရာ သူ့နောက်ကျောတွင် လွင့်မျောနေသော ဧရာမသဲနာရီကြီးတစ်ခု ပါလာလေသည်။
“လမ်းကြောင်းတစ်ခုတည်းပေါ်မှာ အရှင်သခင်နှစ်ယောက် ရှိနေဖို့ မလိုအပ်လို့ပဲ”
ထိုခဏတွင် သဲနာရီပေါ်၌ အပြာရောင်အလင်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားပြီး ပြင်းထန်လှသော စွမ်းအားလှိုင်းတစ်ခုက ယင်းထံမှ ပေါက်ကွဲထွက်လာတော့သည်။
ယင်းကို မြင်သည်နှင့် ဖုန်းပုကြွယ်သည် ၎င်းမှာ ပြိုင်ဘက်၏ အသေတိုက်ကွက်တစ်ခု ဖြစ်မည်ဟု သိရှိထားသဖြင့် လုံးဝပေါ့ဆ၍ မရချေ။ သို့သော်လည်း သူသည် ယခုအချိန်တွင် လေးလံသော ချပ်ဝတ်ကို ဝတ်ဆင်ထားသောကြောင့် သူ့လှုပ်ရှားမှုများကို နှောင့်နှေးနေစေလေသည်။ ထို့ပြင် သူသည် လက်နှစ်ဖက်စလုံးဖြင့် သေနတ်ကို ကိုင်ထားရသဖြင့် သေမင်းဖဲချပ်ကို အသုံးပြု၍ ကာကွယ်ရန်လည်း မဖြစ်နိုင်ချေ။
ထို့ကြောင့် သူသည် ထိုတိုက်ခိုက်မှုကို ထပ်တိုက်ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်လေသည်…။
အနည်းဆုံးတော့ ရုပ်ပိုင်းဆိုင်ရာအရ သွေးအေးသံချပ်ကာဝတ်စုံ၏ ကာကွယ်ရေးစွမ်းရည်သည် သံသယဖြစ်ဖွယ်မရှိဘဲ ဒိုင်းဖဲချပ်ထက် သာလွန်လှပေသည်။ တစ်ဖက်လူက ရုပ်ပိုင်းဆိုင်ရာမဟုတ်သည့် ထူးဆန်းသောတိုက်ခိုက်မှုမျိုးကို အသုံးမပြုသရွေ့ ဖုန်းပုကြွယ်အနေဖြင့် ၎င်းကို တောင့်ခံနိုင်မည်ဟု ၇၀ ၊ ၈၀ ရာခိုင်နှုန်းခန့် ယုံကြည်မှု ရှိနေ၏။
သို့သော်လည်း သျှီဝ အသုံးပြုလိုက်သည်မှာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခု ဖြစ်ပေသည်…။
သူသည် သွေးအေးသံချပ်ကာဝတ်စုံ၏ ကာကွယ်ရေးစွမ်းရည်ကို မြင်တွေ့ခဲ့ပြီးသားဖြစ်သလို ဖုန်းပုကြွယ်ကိုယ်ပေါ်မှ ဗုံးများကိုလည်း သတိထားနေရသည်။ ဤအခြေအနေနှစ်ခုအောက်တွင် အတင်းအကျပ် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းက လုံးဝပညာမရှိရာ ရောက်ပေလိမ့်မည်။
ထို့ကြောင့် သူသည် ကောင်းကင်ဘုံကခုန်ခြင်းသဲနာရီ၏ “ရေ” အကျိုးသက်ရောက်မှုဖြစ်သော စင်ကြယ်ခြင်းကို အသုံးပြုလိုက်ခြင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာအကာအကွယ်ကို လျစ်လျူရှုနိုင်ပေသည်။ ၎င်းသည် ရန်သူ့အပေါ်သို့ စိတ်ပိုင်းဆိုင်ရာ တိုက်စားမှုလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်ပြီး ပစ်မှတ်အား စက္ကန့်သုံးဆယ်ကြာ စင်ကြယ်ခြင်းအခြေအနေသို့ ကျရောက်သွားစေသည်။ ပစ်မှတ်၏ တုံ့ပြန်မှုအချိန်သည် သူတို့၏ ကြောက်ရွံ့မှုအဆင့်ပေါ်တွင် မူတည်ခြင်းဖြစ်သည်။ သူတို့၏ အသက်အမှတ်သည် တစ်စက္ကန့်လျှင် သတ်မှတ်ထားသော ရာခိုင်နှုန်းအလိုက် လျော့နည်းသွားမည် ဖြစ်သည် (အနည်းဆုံး ၁ ရာခိုင်နှုန်းထက် မနည်းချေ)။ ထိုရေကျောက်ပြားသည် အသုံးပြုပြီးနောက် ပျက်စီးသွားမည် ဖြစ်သည်။ လော့ဂ်အင်နေရာသို့ ပြန်လည်ရောက်ရှိခြင်းကသာ ဂိမ်းအတွင်း ယင်းကို ပြန်လည်ရရှိစေမည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။
ကစားသမားတစ်ယောက်၏ ရှုထောင့်မှကြည့်လျှင် သျှီဝသည် ဗုံးအကြောင်းကို အပြည့်အဝ မဆုံးဖြတ်နိုင်သော်လည်း “သတိလစ်သွားပါက ဗုံးပေါက်ကွဲသွားမည်” မှာ လုံးဝ အလိမ်အညာတစ်ခု ဖြစ်ကြောင်း သေချာပေါက် သိရှိထားသည်။
ကစားသမားတစ်ယောက် သတိလစ်သွားခြင်းဟူသည် အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွားခြင်းကို ဆိုလိုပေသည်။ သူတို့ သယ်ဆောင်လာသော ပစ္စည်းများ (ဗုံးများ) သည်လည်း ဂိမ်းအတွင်းမှ ဖယ်ရှားခံရမည် ဖြစ်၏။ အကယ်၍ ထိုဗုံးများကို ဂိမ်းထဲမှ ဖယ်ရှားမရခဲ့လျှင် ဇာတ်လမ်းနှင့် မပတ်သက်သော တစ်ခါသုံးပစ္စည်းများအနေဖြင့် ၎င်းတို့သည် ချက်ချင်းပင် လုပ်ဆောင်ချက်ရပ်တန့်သွားမည်ဖြစ်ပြီး အခြားကစားသမားများ ကောက်ယူနိုင်ရန်အတွက် “မထိရသေးသော” အခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်ရာ ပေါက်ကွဲလိမ့်မည် မဟုတ်ချေ။
ဤသတ်မှတ်ချက်သည် မိမိတို့၏ အဆုံးသတ်ကို သိရှိထားသော ကစားသမားများက ဂိမ်းထဲကမထွက်ခွာမီ မလိုလားအပ်သော ထောင်ချောက်များကို မရိုးမသား ပြုလုပ်သွားခြင်းမှ ကာကွယ်ရန်ဖြစ်ပြီး နောက်ဆက်တွဲ တိုးတက်မှုများကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
စည်းမျဉ်းများကို ကျွမ်းကျင်သော သျှီဝသည် သဘာဝအတိုင်း ဤအသေးစိတ်အချက်အလက်များကို အပြည့်အဝ နားလည်ထားသဖြင့် မူလက ခုနှစ်ထွေသတ်ဖြတ်ခြင်းအတွက် ရည်ရွယ်ထားသည့် အဆုံးသတ်တိုက်ကွက်ကို ဖုန်းပုကြွယ်အပေါ် အသုံးပြုလိုက်ခြင်း ဖြစ်တော့သည်။
အကယ်၍ ဤစိတ်ဝိညာဉ်တိုက်ခိုက်မှုက ပြိုင်ဘက်ကို အောင်မြင်စွာဖယ်ရှားနိုင်ခဲ့လျှင် (သျှီဝအနေဖြင့် ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်ဟု ယူဆထားသည်) မစ္စတာဖရိဇ်၏ သံချပ်ကာဝတ်စုံနှင့် လက်နက်များကို သိမ်းပိုက်နိုင်ရုံတင်မကဘဲ စွမ်းအားပြင်း အပူစွမ်းအင်သုံးလေဟာနယ်ဗုံးကိုပါ ရရှိနိုင်ခြေ ရှိရာ စင်ကြယ်ခြင်းကို အသုံးပြုလိုက်ရခြင်းက ထိုက်တန်လှပေသည်။
“ဒါက တော်တော်လေး ထက်မြက်တဲ့ လှုပ်ရှားမှုပဲ…”
ဖုန်းပုကြွယ်က ထူးဆန်းသောလေသံဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် အစ်ကိုကြွယ်၏ မျက်စိရှေ့တွင် ဝေဝါးထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများ စုပြုံပေါ်ထွက်နေပြီး သူ့နားထဲတွင်လည်း ကျောချမ်းဖွယ်ကောင်းသော သရဲတစ္ဆေများ၏ အော်ဟစ်ငိုကြွေးသံများနှင့် အမျိုးမျိုးသော ကြက်သီးထဖွယ်အသံဗလံများ မြည်ဟည်းနေလေသည်။
စင်ကြယ်ခြင်း၏ သက်ရောက်မှုသည် စာခြောက်ရုပ် (Scarecrow) ၏ ကြောက်ရွံ့မှုဓာတ်ငွေ့နှင့် ဆင်တူသည်ဟု ထင်ရသော်လည်း တကယ်တော့ ၎င်းတို့မှာ ချဉ်းကပ်ပုံချင်းကွဲပြားသော နည်းလမ်းနှစ်ခုဖြစ်သည်။ စာခြောက်ရုပ် (Scarecrow) သည် လူတို့၏ အတွင်းစိတ်ထဲမှ အကြောက်တရားကို နှိုးဆွပေးခြင်းဖြစ်ပြီး စင်ကြယ်ခြင်းကမူ တိုက်ရိုက်အကျဆုံး “ထိတ်လန့်ခြောက်ခြားမှု” ဖြစ်ကာ ပြင်ပရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတစ်ခု ဖြစ်သည်။
ဥပမာအားဖြင့် ဖန်သားကို လက်သည်းဖြင့် ကုတ်ခြစ်သည့်သံကို ကြားရသောအခါ ကျွန်ုပ်တို့ ကြက်သီးထတတ်သောအကြောင်းရင်းမှာ ထိုအသံသည် ကြိမ်နှုန်းမြင့်ပြီး နားစည်ကို လှုံ့ဆော်ပေးလိုက်ခြင်းကြောင့် ဦးနှောက်ကလည်း အလားတူ ပြန်လည်တုံ့ပြန်ခြင်း ဖြစ်၏။
အာရုံကြော ချိတ်ဆက်မှုထဲတွင်မူ အာရုံငါးပါးထက် ကျော်လွန်သော လှုံ့ဆော်မှုများကိုပင် စနစ်မှ ပုံတူကူးယူပြီး ကူးစက်ပြန့်နှံ့စေနိုင်လေသည်…။
ဤတိုက်ကွက်ကို ခံလိုက်ရပြီးပါက မည်မျှတည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိသော လူတစ်ယောက် ဖြစ်ပါစေ သူတို့၏ ကြောက်ရွံ့မှုအဆင့်သည် ရုပ်ပိုင်းဆိုင်ရာ ဗီဇစိတ်ကြောင့် မြင့်တက်လာမည် ဖြစ်သည်။ စင်ကြယ်ခြင်း၏ လွှမ်းမိုးမှုအောက်တွင် လူအများစုမှာ ပြန်လည်ခုခံနိုင်စွမ်း မရှိကြတော့ချေ။ စက္ကန့်သုံးဆယ်ကို ထားဦးတော့ ကြောက်ရွံ့မှုအဆင့်က ၅၀ ရာခိုင်နှုန်းခန့်တွင် ဆယ်စက္ကန့်မျှ ရှိနေရုံမျှဖြင့် အသက်အမှတ်များ ကုန်ဆုံးသွားမည် ဖြစ်သည်။
“ဟမ့်… ပြီးသွားပြီ”
ဖုန်းပုကြွယ်တစ်ယောက် အူကြောင်ကြောင်ဖြင့် ရပ်နေသည်ကိုကြည့်ပြီး သျှီဝသည် အေးစက်စွာ နှာခေါင်းရှုံ့၍ အလွန်အမင်း ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်သည်။ သူသည် ဂိမ်းမီနူးကို ဖွင့်လှစ်ပြီး ပြိုင်ဘက်၏ အခြေအနေက “သေဆုံး” ဟု ပြောင်းလဲသွားမည့်အချိန်ကို မစောင့်နိုင်အောင် ဖြစ်နေရသည်။
ရလဒ်အနေဖြင့် သူသည် စက္ကန့်သုံးဆယ်အထိ စောင့်ဆိုင်းခဲ့ရခြင်းဖြစ်သည်…။
မိနစ်ဝက်အကြာတွင် ဖုန်းပုကြွယ်သည် ထိုနေရာ၌ ဘာဒဏ်ရာမှမရဘဲ မတ်တပ်ရပ်နေဆဲဖြစ်ပြီး ထပြောလိုက်သည်။
“ဒါပဲလား”
“ဟေး… ဟေး ဟေး ဟေး”
သျှီဝစိတ်ကူးထဲက ကမ္ဘာကြီးတစ်ခုလုံးမှာမူ အတွေးပေါင်းစုံဖြင့် ဒေါသတကြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။
“သူ မသေသေးဘူးလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီတိုက်ကွက်ကို ခံရတဲ့သူတွေက အသက်အမှတ်ပြန်ဖြည့်ဆေးသောက်ဖို့တောင် အချိန်ရမှာမဟုတ်ဘူးလေ…”
“အင်း… ငါက ဒီတိုက်ကွက်က ပိုအစွမ်းထက်မယ် ထင်နေတာ၊ ငါ့ရဲ့ အသက်အမှတ် ၃၀ ရာခိုင်နှုန်းပဲ လျှော့ချနိုင်ခဲ့တာပေါ့၊ ဒါတောင် စက္ကန့်သုံးဆယ်တိတိ ကြာခဲ့တာ၊ ဟား”
ဖုန်းပုကြွယ်က မထေမဲ့မြင်ဖြင့် မှတ်ချက်ပြုလိုက်သည်။
“အာရုံခံစားမှုအပေါ် သက်ရောက်မှုကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ငါက သံချပ်ကာဝတ်စုံ ဝတ်ထားတာလေ၊ ပြီးတော့ မင်းက အခြေအနေကို အခွင့်ကောင်းယူပြီး ချောင်းမြောင်းတိုက်ခိုက်တာမျိုးလည်း မလုပ်ခဲ့ဘူး၊ အဲဒီတော့ အဆုံးကျ အားလုံး အလကား ဖြစ်သွားတာပေါ့”
ယင်းကို ကြားလိုက်ရချိန်တွင် သျှီဝ၏ တုန်လှုပ်မှုအဆင့်သည်လည်း အနည်းငယ် မြင့်တက်သွားပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ဒါက ရယ်စရာကောင်းလိုက်တာ၊ အရင်က စင်ကြယ်ခြင်းအပြစ်ဒဏ်ကို ခံရပြီး ရှင်သန်နိုင်ခဲ့တဲ့သူ တစ်ယောက်မှ မရှိခဲ့ဖူးဘူး၊ မင်းက ၃၀ ရာခိုင်နှုန်းပဲ လျော့သွားတယ်လား၊ အဲဒါက သီအိုရီအရ အနည်းဆုံးပမာဏ မဟုတ်ဘူးလား၊ မင်းရဲ့ ကြောက်ရွံ့မှုအဆင့်က အမြဲတမ်း သုည ဖြစ်နေတာလား၊ မင်းက လူရော ဟုတ်သေးရဲ့လား’။
“ငါ တကယ် တောင်းပန်ပါတယ်၊ ဇာတ်လမ်းစကတည်းက အခုအချိန်ထိ ငါမင်းကို လုံးဝ လျှော့တွက်ခဲ့မိတယ်… ဒီကမ္ဘာပေါ်မှာ မင်းလိုလူမျိုး ရှိနေလိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူး…”
သျှီဝ၏ အကြည့်များက ပြောင်းလဲသွားပြီး ယခင်ကထက် ပိုမို လေးနက်လာတော့သည်။
“ဖုန်းပုကြွယ်၊ မင်းလို အရည်အချင်းရှိတဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရချိန်မှာတော့ ငါက တခြားသဘောထားမျိုး ထားရတော့မယ်”
“အိုး… ဘာများလဲ…”
ဖုန်းပုကြွယ် စကားမဆုံးသေးခင် သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ မျက်စိသူငယ်အိမ်များလည်း ခဏချင်း လျင်မြန်စွာ ပြူးကျယ်သွားခဲ့လေသည်။
အကြောင်းမူကား ထိုခဏတွင် သျှီဝသည် ရုတ်တရက် ရိပ်ခနဲ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလွန်ပြင်းထန်သော အရှိန်ဖြင့် ဖုန်းပုကြွယ်ဆီသို့ တည့်တည့်ပြေးဝင်လာပြီး သူ့မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသောကြောင့် ဖြစ်တော့သည်။
“မင်းနဲ့အတူတူ သေရမှာကိုလည်း ဂရုမစိုက်တော့တဲ့ သဘောထားမျိုးပေါ့ကွာ”