အခန်း ၂၈၃
Vol. 29 Ch. 283
အခန်း (၂၈၃) ဝတ်ရုံလုပွဲ - ၂၅
အနည်းငယ် ပြန်စဉ်းစားကြည့်ရလျှင်…
သျှီဝ သူ၏ ပထမဆုံး RPG ဖြင့် အချိန်ကိုက် ပစ်ခတ်လိုက်သည့် ထိုခဏ၌ လေထဲတွင် ရှိနေသော ဖုန်းပုကြွယ်သည် တော့ဒ်က လင်းနို့လက်နက်ပုန်းကို အသုံးပြု၍ သူ့အား ကာကွယ်ပေးလိမ့်မည်ဟု လုံးဝမတွေးထားမိချေ။ ထိုစက္ကန့်ပိုင်းမျှသော အချိန်အတွင်း ဖုန်းပုကြွယ်၏ ရှုထောင့်မှကြည့်လျှင် ဤတိုက်ခိုက်မှုသည် သေချာပေါက် သေစေနိုင်ပေသည်။
ထို့ကြောင့် ဖုန်းပုကြွယ်သည် ပြတ်သားစွာဖြင်ြ သံချပ်ကာဝတ်စုံ၏ ဦးထုပ်နှင့် ကျောအကာကို ဖွင့်လိုက်ပြီး ၎င်းထဲမှနေ၍ လျင်မြန်စွာ ရုန်းထွက်လိုက်ရသည်။
သူ့အစီအစဉ်မှာ ထိုတိုက်ခိုက်မှုကို သံချပ်ကာဝတ်စုံ၏ အတွင်းထဲမှ မဟုတ်ဘဲ နောက်ကျောမှနေ၍ ခံယူရန် ဖြစ်သည်။ ဤနည်းဖြင့် သံချပ်ကာဝတ်စုံပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် သူသည် ဒိုင်းဖဲချပ်၏ သက်ရောက်မှုကို ချက်ချင်း အသက်သွင်းနိုင်မည် ဖြစ်သည်။ သံချပ်ကာဝတ်စုံနှင့် သူ့စကေးတို့က နှစ်ထပ်ကွမ်း ကာကွယ်ပေးနိုင်မည်ဖြစ်သဖြင့် ထိခိုက်ပျက်စီးမှုကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်မည်ဖြစ်ပြီး ပေါက်ကွဲမှု၏ တွန်းကန်အားကို အသုံးပြု၍ ဗဟိုချက်မှ ဝေးရာသို့ ပျံသန်းသွားနိုင်မည် ဖြစ်သည်။
ဤနည်းဗျူဟာမှာ ကောင်းမွန်လှသော်လည်း ထင်မှတ်မထားဘဲ တော့ဒ်က ပထမဆုံးရော့ကတ်ကို လင်းနို့လက်နက်ပုန်းဖြင့် ကြားဖြတ်ဖျက်ဆီးခဲ့သည်။
ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အလင်းရောင်နှင့် မီးခိုးတန်းများသည် သျှီဝ၏ အမြင်အာရုံကို ယာယီအားဖြင့် ကွယ်ပျောက်စေခဲ့ပြီး တော့ဒ်၏ အာရုံကလည်း အခြားတစ်နေရာသို့ ရောက်ရှိနေခဲ့သည်။ ထို့ပြင် ညအချိန် ဖြစ်နေသဖြင့် လမ်းမများက ကောင်းကင်ထက် ပိုမိုလင်းထိန်နေပေသည်။ ထို့ကြောင့် သွေးအေးချပ်ဝတ်၏ အတွင်းထဲတွင် လူမရှိတော့ဘဲ ဖုန်းပုကြွယ်တစ်ယောက် ယင်းနောက်ကွယ်၌ ပုန်းအောင်းလိုက်သည်ကို ဘယ်သူမှ သတိမထားမိလိုက်ကြချေ။
…
လက်ရှိအချိန်သို့ ပြန်သွားရသော်…
ဂေါ့ဒ်နက်အဖွဲ့မှ ဟီးရိုးများသည် ပြဿနာရှာရန် ရောက်လာကြသော်လည်း သျှီဝကို အချိန်အကြာကြီး မနှောင့်နှေးစေခဲ့ချေ။ ပြောင်းပြန်အနေဖြင့် သူတို့သည် သျှီဝအား မကြောက်တတ်သည့်ကောင်မလေးကို ရောင်းစားလိုက်ခြင်းအားဖြင့် လက်ဆောင်ကြီးတစ်ခုပင် ပေးခဲ့ကြသေးသည်။ သို့သော်လည်း သူမ သေဆုံးသွားရခြင်းမှာ လုံးဝ မတရားသည်တော့ မဟုတ်ချေ။ အကယ်၍ သူမအနေဖြင့် လူသတ်ခဲလှသော DC စကြဝဠာထဲက ထိုဟီးရိုးများနှင့် မဆုံတွေ့ဘဲ အခြားဇာတ်လမ်းတစ်ခုခုထဲက NPC အင်အားစုများ၏ လိုက်လံဖမ်းဆီးခံခဲ့ရလျှင် ထိုနေရာတင် သေဆုံးသွားနိုင်ခြေရှိရာ အသက်ရှင်လျက် ကျန်ရစ်ရန်ဆိုသည်မှာ မေးခွန်းထုတ်စရာပင် ရှိတော့မည် မဟုတ်ချေ။
သို့သော် ထိုတိုတောင်းသောဖြစ်ရပ်လေးကြောင့် ဆွဲငင်အားမဲ့ထိတွေ့မှု၏ ကြာမြင့်ချိန်မှာ ကုန်ဆုံးသွားခဲ့လေသည်။ မည်သည့်အရာကိုမျှ ဖမ်းဆွဲထားရန် နေရာမရှိဘဲ သံချပ်ကာဝတ်စုံနှင့်အတူ လွင့်မျောနေရုံသာ တတ်နိုင်သော ဖုန်းပုကြွယ်သည် ယခုတွင် ကမ္ဘာမြေ၏ ဆွဲငင်အားရင်ခွင်ထဲသို့ ပြန်လည်ကျရောက်သွားပြီး သံချပ်ကာဝတ်စုံနှင့်အတူ အောက်သို့ ပြုတ်ကျလာနေပေသည်။ ကွက်တိဆိုသလိုပင် သျှီဝ၏ တတိယမြောက်ရော့ကတ်သည် ကောင်းကင်ယံကို ဖြတ်သန်း၍ ပစ်ခတ်လိုက်ပြီ ဖြစ်၏။
မျက်တောင်တစ်ခတ်အတွင်း အနီရောင်ပုံရိပ်တစ်ခုသည် သံချပ်ကာဝတ်စုံပေါ်သို့ ခြေနင်း၍ ခုန်ကူးလိုက်ပြီး လေးလံသော သံချပ်ကာဝတ်စုံကို ရော့ကတ်ရှိရာဘက်သို့ တွန်းလွှတ်လိုက်ကာ သူကိုယ်တိုင်မူ မြားတစ်စင်းကဲ့သို့ အပြင်သို့ ပျံထွက်သွားလေသည်။
နားကွဲလုမတတ် မြည်ဟည်းသံကြီးနှင့်အတူ မီးတောက်များ ပေါက်ကွဲထွက်လာတော့သည်။
သွေးအေးချပ်ဝတ်နှင့် ရေခဲသေနတ်တို့သည် လေထဲတွင် ပျက်စီးသွားခဲ့ပြီး တောက်လောင်နေသော အပိုင်းအစများက မြေပြင်ပေါ်သို့ ပြန့်ကြဲကျရောက်သွား၏။ ပေါက်ကွဲမှု၏ တုန်ခါလှိုင်းမှာ ပြင်းထန်လှသော်လည်း ဖုန်းပုကြွယ်ကတော့ ထိခိုက်မှုမရှိဘဲ မီတာဆယ်ဂဏန်းကျော်အကွာရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
သူ၏ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ် ကျဆင်းသွားခြင်း၊ အောက်သို့ပြုတ်ကျသည့် ထိခိုက်မှုနှင့် တော့ဒ်၊ သျှီဝတို့နှင့် အစောပိုင်းတိုက်ပွဲများအတွင်း လျော့ပါးသွားရသော အသက်အမှတ်များကြောင့် သူသည် အသက်အမှတ်ပြန်လည်ဖြည့်တင်းဆေး တစ်ပုလင်းကို မဖြစ်မနေ သောက်သုံးလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤဆေးရည်သည် ဂိမ်းထဲသို့ ဝင်ရောက်ကတည်းက သူ၏ ပထမဆုံး သောက်သုံးခြင်း ဖြစ်သဖြင့် ၅၀ ရာခိုင်နှုန်း သက်ရောက်မှုကို အပြည့်အဝ အသုံးချနိုင်ခဲ့ကာ အသက်အမှတ်ကို ၈၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည်ဖြည့်တင်းပေးနိုင်ခဲ့သည်။ သို့သော်လည်း…
သျှီဝသည် ဖုန်းပုကြွယ် သံချပ်ကာဝတ်စုံထဲမှ ခုန်ထွက်သွားသည့် လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သလို ဂိမ်းမီနူးတွင်လည်း သူ အသက်ရှင်နေဆဲဖြစ်ကြောင်း ပြသနေလေသည်။
ထို့ကြောင့် သျှီဝ၏ လိုက်လံတိုက်ခိုက်မှုမှာ ပြီးဆုံးရန် ဝေးကွာနေဆဲ ဖြစ်သည်…။ သူသည် RPG ကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် သုံးထပ်မြောက်အဆောက်အအုံ၏ အမြင့်အထိ ခုန်တက်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် လမ်းဘေးအဆောက်အအုံတစ်ခု၏ ပြင်ပနံရံပေါ်မှ ရေပိုက်လိုင်းကို ဖမ်းဆွဲကာ ခြေထောက်များဖြင့် နံရံကို ကန်ကျောက်ရင်း အားယူ၍ အပေါ်သို့ တွားတက်လိုက်ရာ စက္ကန့်အနည်းငယ်အကြာတွင် ခြောက်ထပ်မြောက်ခေါင်မိုးပေါ်သို့ ရောက်ရှိသွားတော့သည်။
ထိုမြင့်မားလှသော အထက်စီးနေရာမှ လှမ်းကြည့်လိုက်ချိန်တွင် ဖုန်းပုကြွယ်သည် သူ့အမြင်အာရုံအတွင်း ရှိနေဆဲ ဖြစ်သည်။
သျှီဝက အေးစက်စွာပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ ပြေးထွက်သွားတော့သည်။ သူသည် မြို့တော်၏ ခေါင်မိုးများပေါ်တွင် မြေပြင်ညီပေါ် လမ်းလျှောက်နေသကဲ့သို့ လွှားခနဲ လွှားခနဲ ခုန်ကူး၍ ဂျွမ်းပစ်လှုပ်ရှားနေပြီး ကောင်းကင်ဘုံသဲနာရီကိုပါ အသုံးပြုလျက် သူ့နောက်ကျောကို အကာအကွယ်ပေးထားလိုက်သည်။ ကျောက်ပြားဝိုင်းများ၏ ပစ်ခတ်မှု အကာအကွယ်အောက်တွင် ခေါင်မိုးပေါ်သို့ လိုက်ပါလာကြသည့် စူပါဟီးရိုးများလည်း မကြာမှ အဝေးတွင် ကျန်ရစ်ခဲ့လေသည်။
“မင်း ဘယ်သွားဖို့ စဉ်းစားနေတာလဲ၊ ဟမ်”
သျှီဝက တစ်ခါမှမရှိဖူးသေးသည့် စိတ်လှုပ်ရှားမှုမျိုးကို ပြသရင်း ဟိန်းဟောက်လိုက်မိသည်။ ဤတိုက်ပွဲအတွင်း သူသည် ကာလအတန်ကြာ တောင့်တခဲ့ရသော အရာတစ်ခုကို မြည်းစမ်းခွင့်ရလိုက်ပြီ ဖြစ်၏။ ၎င်းမှာ တိုက်ခိုက်ခြင်း၏ ပျော်ရွှင်မှုပင် ဖြစ်တော့သည်။
သျှီဝသည် အချိန်အတော်ကြာကတည်းက ထိပ်တန်းကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်ကတည်းက ဤလောကထဲသို့ ဝင်ရောက်ခဲ့ကာ ပရော်ဖက်ရှင်နယ်လောကတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်နေခဲ့သူ ဖြစ်သည်။ ဤကမ္ဘာတွင် အရည်အချင်းသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားပြီးနောက် တိုက်ခိုက်ခြင်း၏ ပျော်ရွှင်မှုသည်လည်း အလားတူ လျော့နည်းသွားတတ်ပေသည်။
ပထမအချက်မှာ သူ့ပြိုင်ဘက်များသည် ပုံသေလူစုတစ်စုသာ ဖြစ်နေတတ်ခြင်းကြောင့်ပင်။ ထိပ်တန်းကစားသမားများအသိုင်းအဝိုင်းသည် ထိုမျှကျဉ်းမြောင်းလှပေရာ ဥပမာအားဖြင့် Warcraft 3 အပြင်းအထန် ခေတ်စားခဲ့စဉ်က အမျိုးမျိုးသော ပြိုင်ပွဲများတွင် ထိပ်တန်း ၁၆ ယောက်အဆင့်သို့ ရောက်ရှိသွားချိန်၌ ရင်းနှီးသော သူငယ်ချင်းတစ်စုကိုသာ တွေ့ရှိရတတ်သည်။ သူတို့သည် အမျိုးမျိုးသော အခြေအနေများအောက်တွင် အချင်းချင်း အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးကြပြီး အချို့မှာ ကလပ်တစ်ခုတည်းက အသင်းဖော်များပင် ဖြစ်ကြသေးသည်။
ဒုတိယအချက်မှာ ကျွမ်းကျင်သော ကစားသမားများသည် တိုက်ပွဲမစတင်မီကတည်းက ရလဒ်ကို တိကျစွာ ခန့်မှန်းနိုင်ခြင်းကြောင့် ဖြစ်သည်။ အဆင့်အတန်း (class) ခွဲခြားထားသည့် PvP ဂိမ်းများတွင် ကစားသမားနှစ်ဦးသည် ပထမဆုံးဆုံတွေ့ချိန်၌ပင် အချင်းချင်း၏ လူမျိုး၊ အဆင့်အတန်း၊ ပါရမီနှင့် ပစ္စည်းကိရိယာများကို စောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာရုံဖြင့် အသာစီးရမှုကို ချက်ချင်း ဆုံးဖြတ်နိုင်ကြသည်။ ဤသို့သောအခြေအနေတွင် အကယ်၍ ပြိုင်ဘက်က ရင်းနှီးနေသော ရန်သူတစ်ယောက် ဖြစ်နေပါက ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်မနေပေဘူးလား။
သျှီဝနှင့် ဝူစစ်ချန်ရွှမ်တို့၏ တိုက်ပွဲကို ဥပမာအဖြစ် ကြည့်ရလျှင် ၎င်းသည် အမှန်တကယ် စိတ်လှုပ်ရှားစရာ မရှိချေ။ သူတို့နှစ်ဦးလုံးသည် အခြားအာရုံကြောချိတ်ဆက်မှုဂိမ်းများတွင် အချင်းချင်း အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးသည့် ပရော်ဖက်ရှင်နယ် ကစားသမားများ ဖြစ်ကြသည်။ သူတို့သည် အချင်းချင်း၏ တိုက်ခိုက်ရေးစုံနှင့် စကေးအဆင့်ကို အတော်အတန် ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်ထားပြီး ဖြစ်၏။ ထိပ်တန်းကစားသမားများအနေဖြင့် သူတို့သည် သဘာဝအတိုင်း “ကံကောင်းခြင်း၊ တိုက်ဆိုင်ခြင်း သို့မဟုတ် မတော်တဆ အမှားအယွင်းများ” ကဲ့သို့သော စိတ်ကူးယဉ်ဆန်သည့် အချက်များအပေါ် အားမကိုးတတ်ကြချေ။ “ငါ့ဇာတ်ကောင်က အကြိမ်တိုင်း Critical Hit တွေ ထိမှန်ပြီး ပြိုင်ဘက်ကတော့ ကီးဘုတ်ပေါ်ကို ခေါက်ဆွဲပြုတ်ရည်တွေ မတော်တဆ မှောက်ကျသွားပါစေ” ဟူသည့် စိတ်ဓာတ်မျိုးမှာ သာမန်ကစားသမားများသာ ခံစားနိုင်သည့် ဇိမ်ခံမှုမျိုး ဖြစ်သည်။ အကယ်၍ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးသည် ဤအတွေးမျိုးကို အမြဲတမ်း တွေးတောနေမည်ဆိုပါက သူတို့သည် ပျက်စီးခြင်းသို့ရောက်ရန် မဝေးတော့ပါချေ။
ထို့ကြောင့် တိုက်ပွဲပြီးဆုံးသွားပြီးနောက် ဝူစစ်ချန်ရွှမ်အနေဖြင့် အနည်းငယ် မကျေမနပ် ဖြစ်နေလင့်ကစား စိတ်ထဲတွင်မူ ရလဒ်ကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ မမျှော်လင့်ထားမိသည်က… သူနှင့် သျှီဝကြားက ကွာဟချက်သည် ဤသည်းထိတ်ရင်ဖိုသုခဘုံဂိမ်းထဲတွင် ပိုမိုကျယ်ပြန့်သွားခဲ့ခြင်းပင် ဖြစ်သည်။
သျှီဝကမူ အနိုင်ရရှိခြင်းက သူတို့ခွန်အားကြောင့် ဖြစ်လာမည့် မျှော်လင့်ထားပြီးသား ရလဒ်ဖြစ်သဖြင့် အလွန်အမင်း ဝမ်းသာအားရဖြစ်မှုမျိုးကို မပြသခဲ့ချေ။ ထိပ်တန်းကစားသမားတစ်ဦးက ဆန်ခါတင်အဆင့်တွင် ပဉ္စမမြောက်အဆင့်ကစားသမားကို အနိုင်ယူလိုက်သည့် တင်းနစ်ပွဲစဉ်တစ်ခုကဲ့သို့ပင် သူသည် ယင်းနောက်ပိုင်း၌ အလွန်အမင်း ဝမ်းသာနေမည် မဟုတ်ချေ။ သျှီဝ၏ စိတ်နေစိတ်ထားကလည်း အကြမ်းဖျင်းအားဖြင့် ထိုအတိုင်းပင် ဖြစ်သည်။ တိုက်ပွဲအတွင်း သူပေးဆပ်ခဲ့ရသော တန်ဖိုးမှာ သူ့မျှော်လင့်ချက်ထက် အနည်းငယ် ကျော်လွန်နေလင့်ကစား သူတောင့်ခံနိုင်သည့် အတိုင်းအတာအတွင်း၌ ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ထိုဖုန်းဟု အမည်ရသည့် အမည်မသိငချွတ်လေးကမူ သျှီဝအား ကာလအတော်ကြာ ပျောက်ဆုံးနေခဲ့သော ဆန်းသစ်မှုခံစားချက်ကို ပေးစွမ်းလိုက်ပေသည်။ အကြောင်းမူကား ဤကောင်လေးနှင့် ဆင်နွှဲရသည့်တိုက်ပွဲအတွင်း နောက်ထပ် ဘာဖြစ်လာမည်ဆိုသည်ကို သူ လုံးဝ ခန့်မှန်းမရနိုင်သောကြောင့်ပင်…။
“သူက သိသိသာသာကို အားနည်းလွန်းတယ်၊ တကယ်ကို အားနည်းတာ… သူ့အဆင့်က နိမ့်ရုံတင်မကဘူး သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေနဲ့ ပစ္စည်းကိရိယာတွေကလည်း ပျမ်းမျှအဆင့်ပဲ ရှိတာ၊ ပြီးတော့ စကေးတွေကလည်း သာမန်ပဲမို့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်ဖို့က ဝေးလွန်းသေးတယ်၊ သူအခုအချိန်ထိ စကေးနှစ်ခုပဲ သုံးရသေးတယ်၊ တစ်ခုက ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကို မြှင့်တင်ပေးတဲ့ ဆက်တိုက်သုံးစကေးပဲ၊ အဲဒါက စွမ်းအင်အတော်များများ ကုန်ဆုံးစေပုံရလို့ သူက ခဏပဲသုံးပြီး ချက်ချင်း ရပ်ပစ်တာ၊ နောက်တစ်ခုကတော့ တော့ဒ်ရဲ့ လက်မောင်းကို ထိုးခဲ့တဲ့လက်သီးချက်ပဲ၊ အဲဒါကလည်း သိပ်စွမ်းအားမပြင်းလှဘူး… ပြီးတော့ သူက ကိုယ့်ကိုယ်ကိုယ် ဗုံးတွေတောင် ပတ်ထားသေးတာ၊ တကယ်လို့ မစ္စတာဖရိဇ်ရဲ့ သံချပ်ကာဝတ်စုံသာ မရှိရင် သူ အစောကြီးကတည်းက သေနေလောက်ပြီ…”
သျှီဝက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
“ဒါပေမဲ့… ဘာဖြစ်လို့… ဘာဖြစ်လို့ ဒီလောက်အထိ…”
“သျှီဝက ငါ့ကို ပြောနေတယ်… သူခွင့်အရေး ရှိနေသေးတယ်လို့”
တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသော သျှီဝသည် ခေတ္တမျှ စောင့်ကြည့်လေ့လာပြီးနောက် ဖုန်းပုကြွယ်ကို အတော်အတန် အကဲခတ်မိသွားသော်လည်း ဤအချက်က သူ့သံသယကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
“ငါအစွမ်းကုန် ကြိုးစားပြီး ဗုံးပေါက်သွားရင်တောင် ဂရုမစိုက်ဘူးဆိုတဲ့ သဘောထားမျိုးနဲ့ တိုက်ခိုက်တာတောင်မှ နည်းနည်းလေးမှ အသာစီးရတာကို မမြင်မိသေးဘူး… ငါ့ရဲ့ အားသာချက်က သိသိသာသာ ထင်ရှားနေတာပဲလေ၊ တကယ်လို့ ငါသာ သူ့နေရာမှာဆိုရင် ဒီအဆင့်အထိ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး…”
သူ စိတ်ထဲမှ တွေးမိသည်။
“ဟမ့်၊ ငါ အခု နားလည်သွားပြီ ထင်တယ်၊ ကြည့်ရတာ ကျောက်ရင်းဝမ်က တကယ်ပဲ ဒီကောင်လေးရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားတာပဲ”
ဝှစ်။
ရုတ်တရက် ရှေ့တည့်တည့်မှ အဖြူရောင်အလင်းတန်းတစ်ခု ပစ်ခတ်လာပြီး သူ့မျက်နှာဆီသို့ တိုက်ရိုက်ဦးတည်လာနေ၏။ သျှီဝက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ရှောင်တိမ်းရန် ခေါင်းကို စောင်းလိုက်သည်။ သူ့အရှိန်က လျော့နည်းမသွားချေ။
“အိုး… တစ်လက် မကဘူးပဲ…”
သူသည် သူ့ဘယ်ဘက်ပါးကို ထိတွေ့လိုက်သည်။ အလင်းတန်း ဖြတ်သန်းသွားသည့် အရေပြားပေါ်တွင် ရေခဲအမှတ်အသားတစ်ခု ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
ဖုန်းပုကြွယ်တွင် ရေခဲသေနတ်တစ်လက်တည်း ရှိနေခြင်း လုံးဝမဟုတ်ပါချေ။ သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲတွင် ပိုသေးသော သေနတ်တစ်လက်လည်း ရှိနေသေးသည်။ ဤအရာမှာ ပစ္စတိုသေနတ်တစ်လက် အရွယ်မျှသာရှိပြီး ၎င်း၏ ဒီဇိုင်းကလည်း အတော်လေး ကာတွန်းဆန်လှသည်။
အမည် - ရေခဲစွမ်းအင်သုံး သေနတ် (စွမ်းအားနိမ့်)
အမျိုးအစား - လက်နက်
အရည်အသွေး - ထူးကဲ
တိုက်ခိုက်ရေးစွမ်းအား - မရှိပါ
ဂုဏ်သတ္တိ - ရေခဲ
အထူးသက်ရောက်မှု - ပစ်မှတ်ကို ခဲသွားစေသည်
ကိရိယာလိုအပ်ချက် - ပစ်ခတ်ရေးကျွမ်းကျင်မှု အဆင့် E
ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်ခြင်း - မရ
မှတ်ချက် - ပစ်ခတ်သည့်အခါ ဘတ်စကက်ဘောလုံး အရွယ်အစားရှိသော အရာဝတ္ထုများကိုသာ ခဲစေနိုင်သည်။ ဆက်တိုက်ပစ်ခတ်သည့်အခါ ရေခဲမှုသက်ရောက်မှုသည် ထိမှန်သည့်နေရာမှနေ၍ ပြင်ပသို့ ကူးစက်ပြန့်နှံ့သွားမည် ဖြစ်သည်။ စွမ်းအင်ကုန်ဆုံးသွားပါက ပြန်လည်အားသွင်းရန် လိုအပ်သည်။
မစ္စတာဖရိဇ်ထံမှ ရရှိခဲ့သော လက်နက်များ၊ ပစ္စည်းကိရိယာများနှင့် တစ်ခါသုံးပစ္စည်းများအားလုံးကို ဇာတ်လမ်းအပြင်ဘက်သို့ ယူဆောင်သွားခွင့် ပိတ်ပင်ထားပေသည်။ ဖုန်းပုကြွယ်သည် တူးဖေ့စ်ထံမှ ရရှိခဲ့သော အရာအချို့ကို စမ်းသပ်ကြည့်ခဲ့သော်လည်း သေနတ်၊ ဆေးဝါး သို့မဟုတ် အဝတ်အစား ဖြစ်ပါစေ မည်သည့်အရာကိုမှ ယူဆောင်သွား၍ မရနိုင်ချေ။ မထွက်ခွာမီက သူသည် တူးဖေ့စ်အား “မင်း အမြဲတမ်းလှန်နေတဲ့ အဲဒီဒင်္ဂါးပြားလေးကို အမှတ်တရအနေနဲ့ ငါ့ကို ပေးလို့ရမလား” ဟု မေးမြန်းခဲ့သေးသည်။ ထိုအကြိမ်တွင်မူ တစ်ဖက်လူက ဒင်္ဂါးပြားလှန်နေရန် မလိုအပ်တော့ဘဲ စက်သေနတ်တစ်လက်ကို ထုတ်ယူကာ သူ့ထံသို့ ကျည်ဆန်များဖြင့်သာ ပက်ဖြန်းပေးခဲ့လေသည်။
အတိုချုပ်ပြောရလျှင် ဖုန်းပုကြွယ်သည် ဤဇာတ်လမ်းအတွင်းရှိ မည်သည့်အဓိကဇာတ်ကောင်ထံမှမဆို ရရှိထားသော သို့မဟုတ် ၎င်းတို့နှင့် သက်ဆိုင်သော မည်သည့်အိုင်တမ်ကိုမှ လော့ဂ်အင်နေရာသို့ ပြန်လည်ယူဆောင်သွား၍ မရနိုင်ကြောင်း ကောက်ချက်ချလိုက်ရသည်။
စဉ်းစားကြည့်လျှင်တော့ ယင်းက အဓိပ္ပာယ်ရှိလှသည်။ ဈေးဆိုင်အတွင်းရှိ ဘက်မန်းဝတ်စုံတစ်ခု၏ တန်ဖိုးမှာ နှစ်သန်း ဖြစ်သည်။ အကယ်၍ သူတို့က ဤဇာတ်လမ်းထဲကနေ မည်သည့်အရာကိုမဆို ယူဆောင်သွားနိုင်မည်ဆိုပါက ကစားသမား ခြောက်ယောက်စလုံး တိုက်ခိုက်မနေတော့ဘဲ လင်းနို့ဂူကိုသာ စီးနင်းတိုက်ခိုက်ပြီး ဂိမ်းထဲက အတူတကွ ထွက်သွားကြရုံသာ ရှိပေလိမ့်မည်။
“ငါ့ကို အတင်းမဖိအားပေးနဲ့ကွ၊ ငါ့ကိုယ်ပေါ်မှာ ပတ်ထားတာက ဗုံးအစစ်ကြီးနော်”
အခြားကစားသမားတစ်ဦး ကပ်ပါလာသည်ကို မြင်ရချိန်တွင် ဖုန်းပုကြွယ် ပြာယာခတ်သွားရသည်။ သူသည် ယခုအချိန်တွင် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ် အခြေအနေတွင် ရောက်ရှိနေခြင်းဖြစ်ရာ အကယ်၍ ဤအခြေအနေအတွင်း ခွန်အားကွာဟချက်ကို မဖန်တီးနိုင်ပါက တိုက်ပွဲ ပြီးဆုံးသွားမည် ဖြစ်သည်။
“မင်းက အခုအချိန်မှာ ငါအဲဒါကို ဂရုစိုက်နေမယ်လို့ ထင်နေတာလား”
သျှီဝက ရယ်မောလိုက်သည်။
“မင်း နိုင်ပါတယ်…”
ဖုန်းပုကြွယ် သက်ပြင်းချလိုက်ပြီး ပြေးလွှားရင်းဖြင့် ဗုံးကို ဖြုတ်ပစ်ရန် တစ်ပြိုင်နက်တည်း ကြိုးစားလိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့် သူ ဝတ်ဆင်ထားသည်မှာ ဗုံးဝတ်စုံမဟုတ်ဘဲ (ထိုအဝတ်အစားကို ချွတ်မရနိုင်သလို သူပြန်ဝတ်ချင်ရင်တောင် ဝတ်လို့မရပါ)၊ ဗုံးကိုမူ သူ့ခါးပတ်ဖြင့် အဓိကတွဲထားခြင်း ဖြစ်သဖြင့် ဖြုတ်ပစ်ရန်မှာ အတော်လေး မြန်ဆန်ပေသည်။ ဖုန်းပုကြွယ်သည် ဖောက်ခွဲရေးခလုတ်ကို အိတ်ထဲမှ ထုတ်မထားမိသဖြင့် ဗုံးကိုပါ သူ့အိတ်ထဲသို့ အတင်းအကျပ် ထည့်သွင်းလိုက်ရသည်။
“ဟွန်း… ကြည့်ရတာ အတူတူသေရမှာကို တကယ်ကြောက်နေတဲ့သူက… မင်း ဖြစ်နေတာပဲ မဟုတ်လား”
သျှီဝ၏ မျက်ဝန်းများက ထက်ရှသွား၏။
“လူအများစုက ဒီဇာတ်လမ်းထဲကို ဝင်လာပြီး ငါ၊ ဝူစစ်ချန်ရွှမ်နဲ့ ခုနှစ်ထွေသတ်ဖြတ်ခြင်းတို့လို နာမည်တွေကို တွေ့ရချိန်မှာ သူတို့ရဲ့ အနိုင်ရနိုင်ခြေက နည်းတယ်လို့ ယူဆကြလိမ့်မယ်”
သူ ခဏရပ်လိုက်သည်။
“ဒါပေမဲ့ မင်းကတော့… အစကတည်းက ‘ရှုံးနိမ့်မှု’ ဆိုတာကို လုံးဝ မစဉ်းစားခဲ့ဘူး… မင်းက ငါတို့လို ထိပ်သီးပုဂ္ဂိုလ်တွေကို ‘မကြောက်’ ခဲ့ဘူး၊ မင်းက ခွန်အားပိုင်းမှာ ကိုယ့်ရဲ့ အားနည်းချက်ကို သိထားပေမဲ့ စိတ်ဓာတ်ပိုင်းမှာတော့ မင်းကိုယ်မင်း ငါတို့နဲ့ အမြဲတမ်း တန်းတူအဆင့်မှာ ထားခဲ့ပြီး… အနိုင်ရဖို့ ကြိုးစားခဲ့တာပဲ”
သူ စကားပြောနေစဉ်အတွင်း သူတို့နှစ်ဦးကြား အကွာအဝေးမှာ ၁၅ မီတာခန့်အထိ ကျုံ့ဝင်သွားပြီ ဖြစ်သည်။
“အဲဒါကို မဟာဗျူဟာမြောက် ရန်သူကို မထေမဲ့မြင်ပြုပြီး နည်းဗျူဟာမြောက် ရန်သူကို လေးစားတယ်လို့ ခေါ်တယ်ကွ”
ဖုန်းပုကြွယ်က ပြောရင်း နောက်သို့လှည့်ကာ နောက်ထပ်နှစ်ချက် ပြန်လည်ပစ်ခတ်လိုက်သည်။
အကွာအဝေး ပိုမိုနီးကပ်သွားခြင်းကြောင့် သျှီဝ၏ တုံ့ပြန်မှုနေရာနှင့် အချိန်တို့မှာလည်း အလားတူ လျော့နည်းသွားရပြီး ဤပစ်ခတ်မှုနှစ်ချက်က သူ့ကို မီတာငါးမီတာခန့်အထိ နောက်သို့ ပြန်ဆုတ်သွားစေရန် အောင်မြင်စွာ ဖိအားပေးလိုက်နိုင်သည်။
“ဟမ့်… အကျိုးမရှိတဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာတွေပဲ၊ မင်းရဲ့ ဆက်တိုက်သုံးစကေးက ဘယ်လောက်အထိ ခံနိုင်မှာလဲ၊ ငါးမိနစ်လား၊ ဆယ်မိနစ်လား”
သျှီဝက ဆိုသည်။
“ငါ့ဆီမှာတော့ သက်လုံအမှတ်တွေ အများကြီးကျန်နေသေးတယ်…”
ဖုန်းပုကြွယ် မီနူးကို လှမ်းကြည့်လိုက်သည်။ သူသည် အမှန်တကယ်ပင် အချိန်အကြာကြီး မတောင့်ခံနိုင်တော့ပါချေ။ သူ ပြေးလွှားနေခဲ့သည်မှာ နှစ်မိနစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ၏ သက်လုံအမှတ်မှာ ငါးစက္ကန့်လျှင် ၂ ရာခိုင်နှုန်းနှုန်းဖြင့် လျော့နည်းနေလေသည်။ သူ၏ အသက်အမှတ်မှာ ၃၀ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် တစ်မိနစ်အတွင်း ဂဏန်းတစ်လုံးတည်းအထိ ကျဆင်းသွားမည် ဖြစ်သည်။ ထိုအခြေအနေထိ ရောက်ရှိလာပါက သူသည် ခြေချော်၍ သေဆုံးသွားနိုင်ခြေရှိပေသည်။
“ဟက်၊ ရယ်စရာပဲကွ…”
ဖုန်းပုကြွယ်က အရှက်မရှိဘဲ ကြွားလုံးထုတ်လိုက်ပြီး ယုံကြည်ချက်ရှိစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“ဒီအခြေအနေမျိုးနဲ့ဆိုရင် ငါ မာရသွန်ပွဲတစ်ခုလုံးကိုတောင် အေးအေးဆေးဆေး ပြေးနိုင်သေးတယ်ကွ၊ ဟားဟားဟား”
သူသည် အရူးတစ်ယောက်အလား ရယ်မောလိုက်သည်။
“ငါက အလက်စကာက ခွေးဆွဲစွတ်ဖားပြိုင်ပွဲကိုတောင် ခြေလျင်ပြေးနိုင်သေးတယ်၊ ယုံချင်ယုံ မယုံချင်နေ၊ ကီလိုမီတာ ၁,၆၀၀ ဆိုတာ ငါ့အတွက် အိပ်ခန်းထဲကနေ အိမ်သာသွားတဲ့ အကွာအဝေးလောက်ပဲဟေ့”