အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄) ဝတ်ရုံလုပွဲ - ၂၆
ဤကဲ့သို့သော စကားမျိုးမှာ ခြိမ်းခြောက်ပြောဆိုခြင်းအဆင့်ပင် မဝင်ပါချေ။ အမှန်တော့ ဖုန်းပုကြွယ်အနေဖြင့်လည်း အခြားတစ်ဖက်လူက သူ့စကားကို ယုံကြည်လိမ့်မည်ဟု မျှော်လင့်မထားဘဲ စိတ်ထဲရှိရာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။
သျှီဝသည် ထိုပေါက်ကရစကားများကို ဟာသတစ်ခုအဖြစ်သာ သဘောထား၍ လှောင်ရယ်လိုက်သည်။
“ဒီလိုမျိုး တင်းမာတဲ့ အခြေအနေကြားမှာတောင် မင်းက ဟာသဉာဏ်ကို ဖော်ပြဖို့ စိတ်ကူးရသေးတယ်ပေါ့… အဲဒါက မင်းရဲ့ အားသာချက်တွေထဲက တစ်ခုပဲ မဟုတ်လား”
“မဟုတ်ပါဘူး၊ စိတ်ပညာရှုထောင့်ကနေ ကြည့်ရင်တော့ ငါက စိတ်ပိုင်းဆိုင်ရာ အကာအကွယ်တစ်ခုကို တည်ဆောက်နေတာပါ”
ဖုန်းပုကြွယ်က ပြန်ဖြေရင်း နောက်သို့ နောက်ထပ်ရေခဲစွမ်းအင်လှိုင်းတစ်ချက်ကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ပြန်သည်။
“အဲဒီလိုလား… ငါတော့ ပထမဆုံး ကြားဖူးတာပဲ”
သျှီဝသည် အလွယ်တကူပင် ရှောင်တိမ်းလိုက်၏။
“ဘာဖြစ်လို့လဲဆိုတော့ ငါအခုမှ လုပ်ကြံဖန်တီးလိုက်တာမို့လို့လေ”
ဖုန်းပုကြွယ်က ဆက်လက်ပြောဆိုသည်။
“ ‘စိတ်ပညာ’ ဆိုတဲ့ စကားလုံးကို သုံးလိုက်တာနဲ့ အဲဒါက အဆင့်မြင့်ပြီး ဆန်းပြားတဲ့အရာတစ်ခုလို ခံစားရစေတယ် မဟုတ်လား”
“ဟမ့်… ဟာသတွေ ပြောမနေနဲ့တော့”
သျှီဝသည် စကားပြောနေရင်း သူ့မျက်ဝန်းများက ပွင့်ပွင့်လင်းလင်းပင် ပြောင်းလဲသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ဘုံကခုန်ခြင်း သဲနာရီ၏ ကျောက်ပြားဝိုင်း ခြောက်ချပ်သည် တစ်ချပ်ပြီးတစ်ချပ် ပေါ်ထွက်လာပြီး နောက်မှ လျင်မြန်စွာလိုက်ပါလာကာ ဖုန်းပုကြွယ်၏ ဘေးပတ်လည်တွင် ပြန့်ကြဲသွားပြီး သူနှင့် တူညီသော ဦးတည်ချက်အတိုင်း ရွေ့လျားသွားကြတော့သည်။
ဤစိတ်ဝိညာဉ်လက်နက်တွင် ဖုန်းပုကြွယ် သတိမထားမိသေးသော အခြားအားနည်းချက်တစ်ခု ရှိနေသေး၏။ ထိုကျောက်ပြားဝိုင်းများသည် အသုံးပြုသူ၏ မျက်ကွယ်နေရာသို့ ရောက်ရှိသွားချိန်၌ တုံ့ပြန်မှု နှေးကွေးသွားတတ်ခြင်း ဖြစ်သည်။ သျှီဝအနေဖြင့် လိုက်လံတိုက်ခိုက်နေစဉ်အတွင်း သူ့အာရုံကို ရှေ့တည့်တည့်သို့သာ အမြဲတမ်း အာရုံစိုက်ထားရသဖြင့် ထိုကျောက်ပြားဝိုင်းများသည် ယခုမှသာ အမီလိုက်နိုင်ခြင်း ဖြစ်သည်။
အနည်းငယ် နောက်ကျသွားလင့်ကစား အနည်းဆုံးတော့ အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ဤကျောက်ပြားဝိုင်းများ ပေါ်ထွက်လာခြင်းသည် အကြမ်းဖျင်းအားဖြင့် ဤလိုက်တမ်းပြေးတမ်း ကစားပွဲ၏ အဆုံးသတ်ကို အချက်ပြလိုက်ခြင်း ဖြစ်တော့သည်။
ဖုန်းပုကြွယ်သည် ဆက်လက်ပြေးလွှားနေခြင်းက အကျိုးမရှိတော့ကြောင်း နားလည်လိုက်သည်။ သူသည် ဤပျံသန်းနေသော အရာဝတ္ထုများကို ဘယ်လိုနည်းနဲ့မှ အမြန်နူန်းချင်း ယှဉ်နိုင်မည် မဟုတ်ချေ။ ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ အစွမ်းကုန် ကြိုးစားပြီး နောက်လှည့်ကာ ပြန်လည်တိုက်ခိုက်ရန်သာ ရှိတော့သည်။
သို့သော်လည်း သူသည် သူ၏ ကာကွယ်ရေးစနစ်များကို ဆုံးရှုံးထားရသလို သူ၏ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်မှာလည်း ရေရှည်အတွက် အဖြေတစ်ခု မဟုတ်ချေ။ သူသည် တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက်ဇယား၏ ဒုတိယနေရာတွင် ရှိနေသည့် ကစားသမားကို မည်သို့ ရင်ဆိုင်ရပါမည်နည်း။
သူ့တွင် ထိုအကြောင်းကို တွေးတောနေရန် အချိန်မရှိချေ။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးလှိုင်းအဖြစ် အလင်းတန်း တိုက်ခိုက်မှုများက ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ဒူးကိုကွေးကာ မြေပြင်ကို ဆောင့်ကန်ရင်း နောက်ဘက်သို့ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုတစ်ခုဖြင့် ခုန်ဝင်လိုက်တော့သည်။ သူသည် သျှီဝထံ ကျောပေးချဉ်းကပ်သွားပြီး ဝှစ်မြည်သံနှင့်အတူ တံတောင်ချက်တစ်ခုက လေထုကို ဖြတ်သန်းသွားခဲ့သည်။
ဖုန်းပုကြွယ်၏ လှုပ်ရှားမှုသည်လည်း ချောင်းမြောင်းတိုက်ခိုက်ခြင်း နည်းဗျူဟာကို လိုက်နာထားခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် ဤအခြေအနေမျိုးတွင် လိုက်ဖမ်းခံရသူသည် ဘေးဘက် သို့မဟုတ် ထောင့်ဖြတ်အတိုင်း ရှောင်တိမ်းလေ့ရှိကြသော်လည်း ဖုန်းပုကြွယ်ကမူ သူ့နောက်တည့်တည့်ဆီသို့ တိုက်ရိုက် ချောင်းမြောင်းတိုက်ခိုက်ရန် ရွေးချယ်ခဲ့ပြီး ခံစစ်ကို တိုက်စစ်အဖြစ် ပြောင်းလဲ၍ အသာစီးယူလိုက်ခြင်း ဖြစ်သည်။
သို့သော်ငြား သျှီဝက မည်သူနည်း။ သူသည် ရေခဲသေနတ်မှ ပစ်ခတ်လိုက်သော အလင်းတန်းများကိုပင် ရှောင်တိမ်းနိုင်သူ ဖြစ်သည်။ အနီးကပ် တိုက်ခိုက်မှုတစ်ခုကို သူမတုံ့ပြန်နိုင်ဘဲ နေပါ့မလား။
ခဏအကြာတွင် အက်ကွဲသံတစ်ခု ကြားလိုက်ရပြီး ဖုန်းပုကြွယ်၏ လက်မောင်းမှာ ကျိုးသွားရလေသည်။
သျှီဝသည် ပြိုင်ဘက်၏ တံတောင်ချက်ကို သူ့လက်သီးဖြင့် ကာကွယ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း သူကိုယ်တိုင် အံ့အားသင့်သွားရသည်မှာ သူ့လက်သီးမှာလည်း အလားတူ ကျိုးကြေသွားခဲ့ခြင်းကြောင့် ဖြစ်သည်။
“မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ငါထင်ထားသလောက် မညံ့ဘူးပဲ…”
သျှီဝသည် တည်ငြိမ်စွာဖြင့် သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကိုယ်ကိုဘေးဘက်လှည့်၍ ဝှေ့ယမ်းကန်ချက်တစ်ခုဖြင့် ဆက်တိုက် တိုက်ခိုက်လိုက်သည်။
တိုက်ခိုက်မှုခံလိုက်ရပြီးနောက် ရပ်တန့်သွားရသဖြင့် ဖုန်းပုကြွယ်၏ ခန္ဓာကိုယ်သည် လေထဲတွင် ရုတ်တရက် ငြိမ်သက်သွားသော်လည်း သူ၏ အစောပိုင်းလှုပ်ရှားမှုမှ ကျန်ရှိနေသော တွန်းအားကမူ လုံးဝ ကုန်ခမ်းမသွားသေးချေ။ သူသည် သျှီဝ၏ ဆက်တိုက်လှုပ်ရှားမှုကို မြင်တွေ့လိုက်ရချိန်တွင် ချက်ချင်းတုံ့ပြန်လိုက်ပြီး တစ်ဖက်လူက သူ့တံတောင်ချက်ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည့် လက်သီးချက်၏အရှိန်ကို အသုံးချလိုက်တော့သည်။ သူသည် လေထဲတွင် သူ့ခန္ဓာကိုယ်ကို အတင်းအကျပ် လှည့်ပတ်လိုက်ပြီး ကျန်ရှိနေသောအရှိန်ကို အသုံးပြုကာ ပြိုင်ဘက်ကန်ချက်၏ ဦးတည်ရာဘက်သို့ ကိုယ်ကို လိမ်လိုက်လေသည်။
သျှီဝအနေဖြင့် ဖုန်းပုကြွယ်က ဤလှုပ်ရှားမှုမျိုးကို ပြုလုပ်နိုင်လိမ့်မည်ဟု အမှန်တကယ် မမျှော်လင့်ထားမိချေ…။
အစ်ကိုကြွယ်သည် ဤအလွန်အမင်းထူးဆန်းလှသော ရှောင်တိမ်းမှုအတတ်ပညာကို အသုံးပြု၍ သျှီဝဘေးမှ ကပ်သီလေး ဖြတ်သန်းသွားပြီး ပြိုင်ဘက်နောက်ကျောသို့ ခြေချနိုင်ခဲ့သည်။
“တကယ်လို့ ငါသာ တစ်ယောက်ယောက် ဒီလိုလုပ်တာကို မမြင်ဖူးခဲ့ရင် ဝိုက်ကန်ချက်တစ်ခုကို ဒီနည်းလမ်းမျိုးနဲ့ ရှောင်နိုင်လိမ့်မယ်လို့ ငါတကယ် တွေးမိမှာမဟုတ်ဘူး”
သျှီဝက ရယ်မောလိုက်သည်။
“စိတ်ဝင်စားစရာပဲ၊ ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ…”
သျှီဝသည် ဖုန်းပုကြွယ်၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုက ထင်သလောက် မညံ့ဖျင်းကြောင်း ရုတ်တရက် သဘောပေါက်သွားရသည်။ ကြည့်ရသည်မှာ ထိုလူသည် အစောပိုင်းက တော့ဒ်နှင့် တိုက်ခိုက်စဉ်က ကိုယ်ပေါ်တွင် ဗုံးများပတ်ထားရသဖြင့် ၎င်းတို့ကို အသုံးမပြုနိုင်ခဲ့ခြင်း ဖြစ်ပုံရပေသည်။
တကယ်တမ်း… ဖုန်းပုကြွယ်ကိုယ်တိုင်ပင်လျှင် အစောပိုင်းက ထိုလှုပ်ရှားမှုကို သူမည်သို့ ပြုလုပ်လိုက်နိုင်သည်ကို မသိလိုက်ချေ။ ဤကဲ့သို့သော စိတ်ကူးဉာဏ် အလင်းပွင့်မှုမျိုး၊ တိုက်ဆိုင်စွာ အောင်မြင်မှုမျိုးမှာ နောက်တစ်ကြိမ် ထပ်မံကြိုးစားမည်ဆိုပါက သေချာပေါက် ကျရှုံးသွားမည် ဖြစ်သည်။
“စိတ်ဝင်စားဖို့ကောင်းတယ်ဆိုရင်လည်း ဆက်ကြတာပေါ့”
ဖုန်းပုကြွယ်က ပြောလိုက်ပြီး ခံစစ်စွမ်းရည် ပြန်လည်ပြည့်မြောက်သွားသည့် ထိုခဏ၌ သူ၏ တိုက်ခိုက်ရေးကျွမ်းကျင်မှုကို နောက်တစ်ကြိမ် ရွေးချယ်လိုက်တော့သည်။
သူတို့၏ အချိန်တိုရင်ဆိုင်မှုအပြီးတွင် ဖုန်းပုကြွယ်သည် သျှီဝ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မှာ သူခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို အသက်သွင်းထားသည့် အခြေအနေထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် ပိုမိုသန်မာကြောင်း ခန့်မှန်းမိလိုက်သည်…။ ဤမျှ ကွာဟချက် ရှိနေသည့်အပြင် သျှီဝ၏ အစွမ်းထက်လှသော စိတ်ဝိညာဉ်လက်နက်ကပါ အကာအကွယ်ပေးထားလေရာ သူ၏ စွမ်းရည်မြှင့်တင်မှုများကို ရုပ်သိမ်းလိုက်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် သူ့စကေးကို အရင်ဆုံး အသုံးပြုလိုက်ခြင်းဖြစ်ပြီး သျှီဝကို ယာယီအားဖြင့် ဖိနှိပ်ထားရန်အပြင် အနည်းဆုံး သူ့ကိုယ်သူ ကုသရန်နှင့် ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်ကို ဆက်ထိန်းထားရန်အတွက် အချိန်အနည်းငယ် ရရှိစေရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။
မှန်ပေသည် သျှီဝသည်လည်း ထိုရင်ဆိုင်မှုအတွင်း တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသည်။
ဖုန်းပုကြွယ်၏ ဘယ်ဘက်တံတောင်က ကျိုးကြေသွားပြီး သျှီဝ၏ ညာဘက်လက်သီးမှာလည်း အခြေအနေ မကောင်းလှချေ။ တံတောင်ရိုးမှာ လက်သီးရိုးထက် ပိုမိုထူထဲသဖြင့် ထိုရိုက်ခတ်မှုကြောင့် သျှီဝ၏ ညာလက်ချောင်းများ၊ လက်ကောက်ဝတ်နှင့် လက်ဖဝါးရိုးများတွင် ထိခိုက်ပျက်စီးမှုများအပြင် ကျိုးပဲ့သွားခြင်း သို့မဟုတ် အက်သွားခြင်းများ ဖြစ်ပေါ်သွားရသည်။
ဤသည်မှာ နာကျင်မှုခံစားချက်ကို လျှော့ချထားသည့် ဂိမ်းတစ်ခု ဖြစ်လင့်ကစား မိမိ၏ ကိုယ်ခန္ဓာကို ကာကွယ်လိုသည့် လူသားတို့၏ ဗီဇစိတ်ကိုမူ ကျော်လွှားရန် ခက်ခဲပေသည်။ ၎င်းသည် အရေပြားပေါ်တွင် အရည်ကြည်ဖုအကြီးကြီးတစ်ခု ပေါ်နေသကဲ့သို့ပင် ဖြစ်၏။ ၎င်းအား ဖောက်ထုတ်ပစ်ရမည်ကို လူတိုင်း သိထားကြသော်လည်း လက်တွေ့တွင်မူ ယင်းကို ပြတ်ပြတ်သားသားဖြင့် ထိရောက်စွာ ပြုလုပ်ရန် ခက်ခဲလှပေသည်။
သျှီဝတွင် မည်မျှပင် ပုံရိပ်ယောင်တိုက်ခိုက်ရေးအတွေ့အကြုံများ ရှိနေပါစေ သူသည် “ခံစားချက်မဲ့ပြီး ကြောက်ရွံ့မှုကင်းကာ၊ သေခြင်းရှင်ခြင်းတို့ကို ဂရုမစိုက်တော့ဘဲ၊ သရဲလည်းမဟုတ် နတ်ဘုရားလည်းမဟုတ်ဘဲ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည့်” အဆင့်သို့ မရောက်ရှိသေးချေ။ ထို့ကြောင့် ဗီဇစိတ်က သူ့ရွေးချယ်မှုကို ပြုလုပ်ပေးသွားခဲ့သည်။ သူသည် ပိုမိုအားနည်းသော သူ့ဘယ်လက်ကို အသုံးပြု၍ လက်သီးနှင့် လက်ဖဝါးချင်း ရင်ဆိုင်ရင်း ဖုန်းပုကြွယ်၏ တိုက်ခိုက်မှုကို လက်ခံလိုက်တော့သည်။
ထိုဖြတ်သန်းသွားသော စက္ကန့်ပိုင်းအချိန်အတွင်း သျှီဝတွင်လည်း အာရုံတစ်ခု ရလိုက်သဖြင့် သူ့လက်သီးပေါ်သို့ စကေးတစ်ခု လျှို့ဝှက်စွာ ထည့်သွင်းလိုက်သည်။ ထိုစကေးကိုယ်တိုင်မှာ အားနည်းလှပြီး သူအဆင့်နိမ့်စဉ်က ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို စကေးဘားတွင် အမြဲတမ်း သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး အသုံးပြုရန် တစ်ကြိမ်သာ ကျန်ရှိတော့သည်။ ၎င်း၏ သက်ရောက်မှုမှာ သူ့လက်သီးစွမ်းအားကို ၂၀ ရာခိုင်နှုန်း မြှင့်တင်ပေးရုံသာ ဖြစ်သည်။
အပေါ်ယံအားဖြင့် သူ ဤစကေးကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ အရေးမကြီးဟု ထင်ရသော်လည်း သျှီဝ၏ အသိစိတ်ကမူ ဖုန်းပုကြွယ်၏ လက်ဝါးရိုက်ချက်တွင် လျှို့ဝှက်ချက်တစ်ခု ရှိနေနိုင်ကြောင်း ပြောပြနေပေသည်။ အစောပိုင်းက တော့ဒ်သည်လည်း အလားတူအခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရပြီး မိမိကိုယ်ကိုယ် ခွန်အားပိုင်းတွင် အသာစီးရနေသည်ဟု ယူဆကာ သဘာဝအတိုင်း ခုခံရန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်တွင်မူ တိတ်တဆိတ်ဖြင့် ခံစားခဲ့ရသည်။
သျှီဝသည် ထိုအမှားမျိုးကို ထပ်မံမပြုလုပ်ချင်ပေ။ သူသည် ဖြစ်လာနိုင်ခြေရှိသည်များကို ကာကွယ်ရန်အတွက် ဤနေရာတွင် အရေးမပါဟု ထင်ရသော အားသာချက်လေးတစ်ခုကို ထည့်သွင်းရန် လိုလိုလားလား ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးနှင့် သာမန်ကျွမ်းကျင်သူတစ်ဦးကြားက ကွာဟချက်ပင် ဖြစ်၏။ ၎င်းသည် နယ်ပယ်အားလုံးနှင့် သက်ဆိုင်ပေသည်။ အသေးစိတ်အချက်အလက်များက အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ ရေတွက်မရနိုင်သော သေးငယ်သည့် အချက်အလက်များ စုစည်းမိသွားချိန်တွင် အရည်အသွေးပိုင်းဆိုင်ရာ ကွာဟချက်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာစေရန်အတွက် ပြစ်ချက်ကင်းနေရမည် ဖြစ်သည်။
ဘုန်း။
လက်သီးနှင့် လက်ဖဝါးတို့၏ ရင်ဆိုင်မှုကြောင့် သားရဲနှစ်ကောင် ဝင်တိုက်မိသကဲ့သို့ ခပ်အက်အက် အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
နှစ်စက္ကန့်အကြာတွင် ဆံပင်ရှည်များ တစ်ဝက်ခန့် ဖုံးနေသည့် သျှီဝ၏ အေးစက်တည်ကြည်သော မျက်နှာသည် တုန်လှုပ်ခြောက်ခြားမှုကြောင့် ဖြူဖျော့သွားရလေသည်။
သူသည် ပြင်းထန်သော စွမ်းအားတစ်ခုက သူ၏ ဘယ်ဘက်လက်ထဲသို့ တိုးဝင်လာပြီး သူ့အရိုးများအား တစ်ခုပြီးတစ်ခု ကြိတ်ခြေပစ်နေသည်ကို အထင်အရှား ခံစားလိုက်ရသည်…။ သူ ထည့်သွင်းလိုက်သော စကေးများသည် ဤဧရာမစွမ်းအားလှိုင်းလုံးကြီး၏ ရှေ့မှောက်တွင် လှေငယ်လေးတစ်စင်းကဲ့သို့ ဝါးမြိုခံလိုက်ရတော့သည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သျှီဝက အော်ဟစ်လိုက်မိသည်။
ဖုန်းပုကြွယ်က သူ့ကို ပြန်မဖြေနိုင်ချေ။အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် ၎င်းမှာ မည်သည့်စကေးမျိုး ဖြစ်ကြောင်း မသိရှိသောကြောင့်ပင်…။အကယ်၍ သူသာ သိရှိခဲ့မည်ဆိုပါက ယခုလိုအရေးကြီးသောအချိန်မျိုးတွင် အဆင့်မြင့်တက်ကြွစွမ်းရည်တစ်ခုကို တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့ခြင်းကြောင့် သူ၏ကံကောင်းမှုကို သေချာပေါက် အော်ဟစ်မိပေလိမ့်မည်။
“ဟားဟားဟား၊ ကြောက်သွားပြီ မဟုတ်လား”
ဖုန်းပုကြွယ်က မောက်မာစွာဖြင့် ဆိုလိုက်သည်။
“ဒါက လှိုင်းတံပိုးလက်ဝါးရဲ့ ဒုတိယမြောက်တိုက်ကွက်ဖြစ်တဲ့ ‘အတားအဆီးမဲ့ စွမ်းအား’ပဲ ကွ”
သူသည် ကြွားလုံးထုတ်ပြီး ပြောဆိုနေလင့်ကစား အတော်လေး ပါးနပ်သူဖြစ်သည်။ မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိရှိထားရန်မှာ အရေးကြီးလှသည်။ သူသည် ပြိုင်ဘက်၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ အကွာအဝေးတစ်ခု ဖန်တီးရန်အတွက် နောက်သို့ လွှားခနဲ ခုန်ဆုတ်လိုက်တော့သည်။
“ငါက နောက်ဆက်တွဲ တိုက်ကွက်တွေကိုလည်း သိသေးတယ်ကွ၊ ပင်လယ်ရေလွှမ်းခြင်း၊ ပြင်းထန်သော လှိုင်းတံပိုး၊ ရေအောက်စီးကြောင်း၊ မြစ်ချောင်းအားလုံး ပင်လယ်ထဲသို့ စီးဝင်ခြင်း၊ မြင့်မားသော လှိုင်းခေါင်းဖြူ၊ လှိုင်းလုံးကြီးများက သဲသောင်ပြင်ကို ဆေးကြောခြင်း၊ ရေငုပ်ဒီရေ၊ မြစ်ပြင်နှင့် ပင်လယ်ကို မှောက်လှန်ခြင်း၊ တောင်ဖြိုဆူနာမီလှိုင်း၊ ကောင်းကင်ဘုံအထိ ဟိန်းဟောက်သော လှိုင်းတံပိုးများ၊ တည်ငြိမ်သော လှိုင်းတံပိုး၊ ပင်လယ်ခန်းခြောက်ပြီး ကျောက်ဆောင်များ ကြေမွခြင်း၊ သွေးပင်လယ်နှင့် အချစ်ကောင်းကင်၊ ပင်လယ်နှင့် ကောင်းကင်ကို တစ်သားတည်းဖြစ်စေခြင်း…”
သူသည် တစ်ချက်လေးမှ မနားဘဲ အသက်တစ်ရှိုက်တည်းဖြင့် စကားအမြန်ပြောသည့် လူပြက်တစ်ဦးကဲ့သို့ အဆုံးသတ်လိုက်လေသည်။
“တကယ်လို့ ဒါက မင်းကို မသေစေနိုင်သေးဘူးဆိုရင် ငါ့မှာ ဝှက်ဖဲဖြစ်တဲ့ ‘နဂါးနိုင်လက်ဝါး ၁၈ ချက်’ ရှိသေးတယ်ကွ…”
“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ…”
သျှီဝသည် သုံးကြိမ်တိုင်တိုင် လျင်မြန်စွာ ထပ်မံပြောဆိုလိုက်ပြီး သွေးဖြည့်ဆေး(အကြီး) တစ်ပုလင်းကို အမြန်သောက်သုံးလိုက်သည် (ဤအိုင်တမ်မှာ ခြောက်ခြားပန်းခြံ စတိုးဆိုင်မှဖြစ်ပြီး တူညီသောအမည်ရှိသည့် ပိုကီမွန်အိုင်တမ်နှင့် သက်ရောက်မှုချင်း အတူတူပင် ဖြစ်သည်)။
“ပေါက်ကရစကားတွေ ပြောမနေနဲ့တော့၊ မင်းက ဒီလိုမျိုးတိုက်ခိုက်မှုကို တစ်ခါတစ်လေမှပဲ ထုတ်လွှတ်နိုင်တာ ဖြစ်ရင်တောင် မင်းငါ့ကို ဘယ်လိုနည်းနဲ့မှ မနိုင်နိုင်ဘူးဆိုတာကို မင်းနဲ့ငါ နှစ်ယောက်စလုံး သိကြတာပဲ”
သူက ခေတ္တမျှ စကားရပ်လိုက်သည်။
“ငါတို့ သဘောတူညီချက်တစ်ခု လုပ်ကြရအောင်၊ မင်း အခုချက်ချင်း လက်နက်ချလိုက်မယ်ဆိုရင် ငါ့အတွက် ဆေးဝါးတချို့ သက်သာစေလိမ့်မယ်၊ ဇာတ်လမ်းပြီးသွားတဲ့အခါကျရင် တကယ်လို့ မင်းက ငါ့ကို ဂုဏ်ပြုချင်စိတ် ရှိတယ်ဆိုရင် နတ်ဘုရားအဖွဲ့ရဲ့ အဓိကကစားသမားနေရာတစ်ခုကို မင်းအတွက် ချန်ထားပေးမယ်၊ ဘယ်လိုလဲ”
“ဘာ”
ဖုန်းပုကြွယ်၏ တုံ့ပြန်မှုမှာ မကျေမနပ် ဖြစ်သွားခြင်းပင်။ သူသည် သူ့အိတ်ထဲမှ စွမ်းအားနိမ့် ရေခဲသေနတ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး (သူ့ကို တံတောင်ဖြင့် မတိုက်ခိုက်မီက ၎င်းကို အိတ်ထဲသို့ ပြန်ထည့်ထားခဲ့ခြင်း ဖြစ်သည်) လက်တစ်ဖက်စီတွင် တစ်လက်စီ ကိုင်ဆောင်၍ အလျားလိုက် မြှောက်လိုက်လေသည်။
“ငါ့ပုံစံက အခြားလူတစ်ယောက်အောက်မှာ အညံ့ခံမယ့်လူမျိုးနဲ့ တူနေလို့လား”
“မင်း”
သျှီဝသည်လည်း ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်မိသည်။
“ဟုတ်တယ်၊ မင်းက ချူနီဗျော(ဆယ်ကျော်သက်စိတ်ကူးယဉ်ရောဂါသည်) တစ်ယောက်ပဲ”
ဖုန်းပုကြွယ်က လှောင်ပြုံးဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
သျှီဝသည် ထိုစကားကြောင့် အံ့အားသင့်သွားခဲ့ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
“ဟိုးလီးရှစ်… ‘ရောဂါ’ ဆိုတဲ့ စကားလုံးကို စနစ်က ဆင်ဆာဖြတ်ထားတာကို သူဘယ်လိုလုပ် သိနေတာလဲ…”
“ဟူး…”
သျှီဝသည် အသက်ပြင်းပြင်းတစ်ချက် ရှူ၍ လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ငါ မင်းကို ကြောက်နေတယ်လို့ မထင်လိုက်နဲ့…”
“မှန်တာပေါ့ မင်းငါ့ကို မကြောက်ပါဘူး၊ မင်းက အခြေအနေတွေက ပိုရှုပ်ထွေးလာတယ်လို့ ထင်နေရုံတင်ပါ”
ဖုန်းပုကြွယ်သည် သူ့ကို ဖြတ်မြင်မိသွားပြီ ဖြစ်သည်။
“တကယ်လို့ ဒါက ဆက်ဖြစ်နေမယ်ဆိုရင် မင်း ခုနှစ်ထွေသတ်ဖြတ်ခြင်းကို ရင်ဆိုင်ဖို့ ခွန်အားကျန်တော့မှာ မဟုတ်ဘူး၊ မင်း အဲဒါကို တွေးနေတာ မဟုတ်လား”
“ငါမင်းကို အကျိုးအကြောင်းမကျတာတွေကို ရပ်တန့်ဖို့ သတိပေးလိုက်မယ်…”
ရက် ဒက် ဒက် ဒက်၊ ရွှပ် ရွှပ်…။
သျှီဝ စကားမဆုံးသေးခင် ဖုန်းပုကြွယ်သည် သေနတ်နှစ်လက်စလုံးကို တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်လေသည်။
“ဟားဟားဟားဟား…”
ဖုန်းပုကြွယ်က အရူးတစ်ယောက်ကဲ့သို့ ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။
“မင်းပါးစပ်က ဟင့်အင်းလို့ ပြောနေပေမဲ့ မင်းခန္ဓာကိုယ်ကတော့ အမှန်အတိုင်း တုံ့ပြန်နေတာပါလား၊ ဟားဟားဟားဟားဟား”
“ဟိုးလီး ခရက်…”
သျှီဝသည် သေနတ်ကျည်များကို ရှောင်တိမ်းရန်နှင့် အကာအကွယ်ရှာရန်အတွက် မြေပြင်ပေါ်တွင် လှိမ့်ထွက်သွားရင်း အမှန်တကယ်ပင် အော်ဟစ်လိုက်မိတော့သည်။
“စနစ်က ဒီလိုညစ်ညမ်းတဲ့ စကားလုံးတွေကိုတောင် ဆင်ဆာမဖြတ်တော့ဘူးပဲ”